ကော့ကရိတ် – ၂၀၂၂ ဩဂုတ် ၁၅ (မော်ကွန်း) အာဏာသိမ်းစစ်တပ်လက်အောက်ခံကော့ကရိတ်မြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်အပြီးမှာ ကျေးရွာတွေဆီကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်နေပါတယ်။ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီး အလုံးရေ ၄၀ ဝန်းကျင်ပစ်ခတ်ထားပြီး ရပ်တန့်ခြင်းမရှိသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ နံနက် ကော့ကရိတ်ရဲစခန်းတိုက်ခိုက်ခံရမှုမှာ ကနဦးသတင်းရရှိချက်အရ အာဏာသိမ်းစစ်တပ်ဘက်က တစ်ဦးသေဆုံးပြီး လက်နက်ပါ ရရှိထားပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်၊ ပျက်စီး၊ ဒဏ်ရာရရှိမှုအခြေအနေတွေ မသိရသေးဘဲ နီးစပ်ရာ တိမ်းရှောင်ခိုလှုံနေကြရပါတယ်။ #Dailynews
ယင်းမာပင် – ၂၀၂၂ ဩဂုတ် ၁၅ (မော်ကွန်း) လေကြောင်းစီးနင်းတိုက်ခိုက်ကာ ရင်ပေါင်တိုင်ကျေးရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ် ရွာမှ ထွက်သွားပြီးနောက် မီးရှို့ခံထားရသော အသက် ခုနစ်နှစ်ဝန်းကျင်အရွယ် ကလေးအလောင်းအပါအဝင် ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း – ၃ ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော် အောက်စီဂျင်က ပြောသည်။ ရင်ပေါင်တိုင်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းရှေ့တွင် မီးရှို့ခံထားရသည့် ရုပ်အလောင်း ခုနစ်လောင်း၊ လေကြောင်းပစ်ခတ်မှုအတွင်း ထိမှန်သေဆုံးသည့် အမျိုးသမီးတစ်ဦး၊ လူငယ်အမျိုးသားတစ်ဦးအလောင်း၊ မီးရှို့ခံထားရသည့် ကလေးအလောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦး၏ အလောင်း စုစုပေါင်း ရုပ်အလောင်း ၁၂ လောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ရဲဘော်အောက်စီဂျင်က ဆိုသည်။ “သူတို့ ထွက်သွားပြီးတော့ မနေ့က ညနေက ရွာထဲဝင်တော့ ပုပ်စော်တွေ နံနေတာပဲ။ ကျွဲတွေ၊ နွားတွေ၊ […]
ကော့ကရိတ် – ၂၀၂၂ ဩဂုတ် ၁၅ (မော်ကွန်း) ဒီကနေ့ နံနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ ကော့ကရိတ်မြို့ပေါ်တက်ပြီး တိုက်ခိုက်ခဲ့လို့ သေဆုံးသူများစွာရှိခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ အခုသတင်းတင်တဲ့နောက်ဆုံးအချိန်ထိ ကျေးရွာတွေဆီကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။ နံနက်ပိုင်းကနေ အခုအချိန်ထိပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးအလုံးရေ အနည်းဆုံးတစ်ရာကျော်ရှိလာပြီး ညသန်းခေါင်အချိန်ထိပါပစ်ခတ်နေကာ မိုးသည်းထန်စွာရွာသွန်းချိန်လည်းဖြစ်ပါတယ်။ ပေါက်ကြားလာတဲ့ အာဏာသိမ်းစစ်တပ်ကြေးနန်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတင်းတွေအရ ခေတ္တမြို့နယ်ရဲမှူးတစ်ဦးအပါအဝင် ၇ ဦးအထက်သေဆုံးနိုင်ပြီး ဒဏ်ရာရသူတွေများပြားကာ လက်နက်တွေလည်း သိမ်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အာဏာသိမ်းစစ်တပ်ထောက်တိုင် မြို့နယ်ဥပဒေအရာရှိတစ်ဦးနဲ့ရုံးဝန်ထမ်းတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးအရေးယူခဲ့ပါတယ်။ #Dailynews
ကလေး – ၂၀၂၂ ဩဂုတ် ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ပင်မသပိတ်ရဲ့ ၅၅၂ ရက်မြောက် ဒီကနေ့ဆန္ဒထုတ်ဖော်မှု ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ဝက်လက် – ၂၀၂၂ ဩဂုတ် ၁၃ (မော်ကွန်း) ဝက်လက်မြို့နယ်ထဲက ကမ်းဖြူရွာနဲ့ ရွာသာကျေးရွာကြားကို ကမ်းကပ်လာတဲ့ အာဏာသိမ်းစစ်တပ်စက်လှေဟာ ဒီကနေ့ မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့တယ်လို့ ဝက်လက်မြို့နယ်အရှေ့ခြမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်၊ အင်အား ၂၀ ယောက်က ကမ်းကပ်လာချ်ိန်မှာ ပကဖအဖွဲ့က အရင်ပစ်ခတ်နိုင်ခဲ့ပြီး စစ်သားလေးဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။ ” လေးယောက်က တခါတည်းသေတာ၊လက်နက်တော့ကောက်ချိန်မရလိုက်ဘူး၊သူတို့က စက်လှေကို အတင်းပြန်မောင်းသွားလို့၊ဒါတောင်တိုက်ပွဲ ဖြစ်တာမဟုတ်ဘူး၊ ကျည်က ရှစ်သိန်းဖိုးလောက်ကုန်တယ် ” လို့ ဝက်လက်မြို့နယ်အရှေ့ခြမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်ကျားကြီးကပြောပါတယ်။ စက်လှေပေါ်ပါ စစ်သားလေးဦးပွဲချင်းပြီးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ သုံးဦးလည်း ထုံးကြီးဆေးရုံမှာ ဒီကနေ့ညနေပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ဗိုလ်ကျားကြီးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပေမယ့် ပကဖအဖွဲ့က ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ပြောပါတယ်။ ဒီကနေ့ညနေပိုင်းမှာ ကျွန်းကြီးရွာက […]
ကလေး – ၂၀၂၂ ဩဂုတ် ၁၂ (မော်ကွန်း) ယခုလဆန်းပိုင်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး သာယာကုန်းကျေးရွာကိုမီးရှို့သွားခဲ့တဲ့နောက် မြင်ကွင်းတွေဖြစ်ပါတယ်။ နေအိမ် ၅၆ လုံးမီးလောင်ပျက်စီးခဲ့ကာ ရွာသားနှစ်ဦးကိုလည်း အာဏာသိမ်းစစ်တပ်က သတ်ဖြတ်သွားခဲ့ပါတယ်။ အင်တာနက်နဲ့လုံခြုံရေးအခြေအနေတွေကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ လူသတ်၊မီးရှို့၊ ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီး ခိုးယူမှု သတင်းတွေကို ဒေသခံတွေပေးပို့ဖို့ အခက်အခဲရှိနေပါတယ်။ လတ်တလော စစ်ဘေးရှောင်၊ မီးလောင်ဆုံးရှုံးရတဲ့ပြည်သူတွေအတွက် အကူအညီတွေလိုအပ်နေပါတယ်။ ဒေသတွင်းမှာ တိုက်ပွဲတွေအရှိန်မြင့်လာတဲ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ လူသတ်၊ မီးရှို့အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြည်သူတွေဟာ နီးစပ်ရာ လုံခြုံနိုင်တဲ့နေရာတွေမှာ ခိုလှုံနေရတာကြောင့် ပြည်တွင်းပြည်ပက ပြည်သူတွေအနေနဲ့ ကူညီကြဖို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့-ကလေးဒေသ တာဝန်ခံကိုဖီးနစ်ကပြောပါတယ်။ ပုံစာ – သာယာကုန်းရွာမီးရှို့ခံရမှုမြင်ကွင်းများ။ ဓာတ်ပုံ – CJ #Dailynews
မိုးကုတ် – ၂၀၂၂ ဩဂုတ် ၁၁ (မော်ကွန်း) ဩဂုတ်လဆန်းက မိုးကုတ်မြို့၊ ပိန်းပြစ်ကျေးရွာသား ၈၀ ဝန်းကျင်ကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ဖမ်းဆီးသွားပြီး အမျိုးသားတချို့ကို တပ်သားအဖြစ်ခေါ်ယူထားကာ တချို့ကိုပြန်လွှတ်ပေးပေမယ့် အမျိုးသမီးတွေကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း လွတ်မြောက်လာသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ သြဂုတ်လ ၃ရက်နေ့ညနေပိုင်းမှာ TNLA ကအင်အား တစ်ရာကျော်နဲ့ ပိန်းပြစ်ကျေးရွာက ရွာသူရွာသားတွေကို တပ်သားစုဆောင်းဖို့ သေနတ်ပြ ဖမ်းခေါ်သွားခဲ့တာလို့ သူကပြောပါတယ်။ အမျိုးသားဦးရေ ၆၀ ဝန်းကျင်၊ အမျိုးသမီး ၂၁ ဦး၊ ကလေးနှစ်ဦးနဲ့ အသက်၅၀ အထက်ရှိသူတွေအပြင် ကိုယ်ဝန်ဆောင်နှစ်ဦးလည်း ပါဝင်ပါတယ်။ အမျိုးသား ၂၈ ဦးကို TNLA တပ်သားအဖြစ်ခေါ်ဆောင်ထားကာ ၃၀ ကျော်ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ အမျိုးသမီးအားလုံးကို ပြန်လွှတ်မပေးဘဲ အမျိုးသမီးတွေ ထားတဲ့အခန်းထဲကို […]
မန္တလေး – ၂၀၂၂ ဩဂုတ် ၁၁ (မော်ကွန်း) မန္တလေးမြို့ပေါ်က ပန့်ဓာတ်ဆီဆိုင်တွေမှာဒီကနေ့ ဓာတ်ဆီပြတ်လပ်နေတာကြောင့် ဓာတ်ဆီဝယ်ရဖို့ ခက်ခဲနေတယ်လို့ မြို့ခံတွေကပြောပါတယ်။ မနေ့ကတည်းက ဓာတ်ဆီပြတ်လပ်တာကြောင့် ဒီကနေ့မနက်အစောပိုင်းမှာ ဓာတ်ဆီရတဲ့ပန့်ဆိုင်အချို့မှာ တန်းစီထည့်ခဲ့ရတယ်လို့ မြို့တွင်းမှာ အိုးဝေမောင်းသူတစ်ဦးကပြောပါတယ်။ “မနက်ကတည်းက တန်းစီရတာပဲ ၊ ချွေးတွေလည်းထွက်လို့ ဆီရတဲ့ဆိုင်မှရတာဆိုတော့ တန်းစီတဲ့သူတွေကလည်းအများကြီး၊ရတော့လည်းဆီကအများကြီးမရဘူး၊တချို့ဆိုင်တွေဆို ဆီကုန်နေပါတယ်လို့အော်နေတာ”လို့ အိုးဝေမောင်းသူတစ်ဦးကပြောပါတယ်။ ဓာတ်ဆီပြတ်တာကြောင့် ရတဲ့ မြို့ပြင်က Denko ဆီဆိုင်မှာ နေ့ခင်းအထိ တန်းစီပြီးဓာတ်ဆီဝယ်နေကြတာကိုမြင်ခဲ့ရတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။ “အရမ်းအရေးကြီးတယ်ဆိုရင်တော့လမ်းဘေးမှာရပ်ထားတဲ့သုံးဘီးလေး ၊ဆီအိုးလေးနဲ့မှာတော့ ၀.၅ လီတာ(ရေသန့်ဘူးတစ်ဝက်)ကိုတစ်ထောင်တဲ့၊ဆီဈေးကလည်း ဖေ့စ်ဘွတ်မှာသာချနေတာအပြင်မှာဘယ်နားချနေလဲတော့မသိဘူး”လို့ မြို့ခံတစ်ဦးကပြောပါတယ်။ မန္တလေးမြို့ပေါ်က ပန့်ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီပြတ်လပ်နေတာကြောင့် ဓာတ်ဆီဈေးနှုန်းတွေကိုတောင်ဖော်ပြထားခြင်းမရှိတော့ဘဲတစ်လီတာကို ၂၀၀၀ ကျော်အထိပေးဝယ်နေရတယ်လို့ပြောပါတယ်။ ပုံစာ – မန္တလေးမြို့အတွင်းရှိဓာတ်ဆီဆိုင်တစ်ဆိုင် ဓာတ်ပုံ – CJ #Dailynews
ဖားကန့် – ၂၀၂၂ ဩဂုတ် ၁၁ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့ပြည်သူလူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ် ဆန္ဒထုတ်ဖော်မှု ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ကလေးမြို့ – ၂၀၂၂ ဩဂုတ် ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးပင်မသပိတ်ရဲ့ ၅၄၉ ရက်မြောက် ဒီကနေ့ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
မြိုင် – ၂၀၂၂ ဩဂုတ် ၁၀ (မော်ကွန်း) အာဏာသိမ်းစစ်တပ်က မြိုင်မြို့နယ်တောင်ပိုင်း၊ ကျေးရွာလေးရွာကို မနေ့ညနေက မီးရှို့ ခဲ့တာကြောင့် ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မြိုင်မြို့နယ်တောင်ပိုင်းက အိုရင်းရွာ၊သာစည်ရွာနဲ့ နှမ်းဆီကန်ကျေးရွာ၊သစ်ပုလွေကုန်းကျေးရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သစ်ပုလွေကုန်းကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။ “ရှို့ခံရတာတော့ လေးရွာပေါ့၊ သာစည်ရွာတစ်ရွာတည်းတင် တစ်ရာကျော်ရှို့ခံရတယ်၊ အကုန်လွတ်ရာပြေးနေရတော့တခြားရွာအခြေနေတွေတော့မသိရသေးဘူး”လို့ နှမ်းဆီကန်ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။ မြိုင်မြို့နယ်အတွင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်မီးရှို့နေတာကြောင့် ရွာသား ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအခက်အခဲတွေရှိနေတယ်လို့ သူကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က နှမ်းဆီကန်ကျေးရွာက ဒေသခံ တစ်ရာကျော်ကို ဖောကားတစ်စီးအပြည့် နဲ့သြဂုတ်လ ၈ရက်နေ့က ဖမ်းဆီးသွားပြီး တွင်းမကျေးရွာမှာ ချုပ်နှောင်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့ တွေဟာ သြဂုတ်လ ၆ရက်နေ့က တိုက်ပွဲဖြစ်လို့ အာဏာသိမ်းစစ်တပ်က စစ်သား ၃၈ဦးသေဆုံးကာ ၂၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ […]
ကလေးမြို့ – ၂၀၂၂ ဩဂုတ် ၈ (မော်ကွန်း) ၈၈ လူထုအရေးတော်ပုံနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေနဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်ရဲ့ ဒီကနေ့ ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ ကလေးမြို့ထဲမှာ အာဏာသိမ်းစစ်တပ်က စောင့်ကြည့်ဖမ်းဆီးမှုတွေ ဒီကနေ့ ပိုတင်းကြပ်နေပေမယ့် သပိတ်ကတော့ အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့ သပိတ်ခေါင်းဆောင်က မော်ကွန်းကိုပြောပါတယ်။ ပြည်သူတွေအနေနဲ့ ဒီကနေ့မှာ တက်တက်ကြွကြွပါဝင်ပေးဖို့လည်း သူက တိုက်တွန်းထားပါတယ်။ “သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး (၃၄) နှစ်ပြည့်အခါသမယမှာ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ (၈၈၈၈) အရေးတော်ပုံရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေကို ထုံမွှမ်းရယူ၊ လက်ဆင့်ကမ်း သယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ကနေ တွန်းလှန်လို့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ်ကို ပုံဖော်ထုဆစ်ကြဖို့၊ တော်လှန်ရေးမှာ ကဏ္ဍအသီးသီးကနေ အတူ ရုန်းကန် ဆောင်ရွက်ကြဖို့ အထူး တိုက်တွန်းနှိုးဆော်လိုပါတယ်”လို့ သပိတ်ခေါင်းဆောင်ကပြောပါတယ်။ ကလေးမြို့ပေါ်မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုတွေ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."