ကလေးမြို့ – ၂၀၂၂ ဩဂုတ် ၈ (မော်ကွန်း)
၈၈ လူထုအရေးတော်ပုံနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေနဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်ရဲ့ ဒီကနေ့ ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။
ကလေးမြို့ထဲမှာ အာဏာသိမ်းစစ်တပ်က စောင့်ကြည့်ဖမ်းဆီးမှုတွေ ဒီကနေ့ ပိုတင်းကြပ်နေပေမယ့် သပိတ်ကတော့ အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့ သပိတ်ခေါင်းဆောင်က မော်ကွန်းကိုပြောပါတယ်။
ပြည်သူတွေအနေနဲ့ ဒီကနေ့မှာ တက်တက်ကြွကြွပါဝင်ပေးဖို့လည်း သူက တိုက်တွန်းထားပါတယ်။
“သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး (၃၄) နှစ်ပြည့်အခါသမယမှာ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ (၈၈၈၈) အရေးတော်ပုံရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေကို ထုံမွှမ်းရယူ၊ လက်ဆင့်ကမ်း သယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ကနေ တွန်းလှန်လို့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ်ကို ပုံဖော်ထုဆစ်ကြဖို့၊ တော်လှန်ရေးမှာ ကဏ္ဍအသီးသီးကနေ အတူ ရုန်းကန် ဆောင်ရွက်ကြဖို့ အထူး တိုက်တွန်းနှိုးဆော်လိုပါတယ်”လို့ သပိတ်ခေါင်းဆောင်ကပြောပါတယ်။
ကလေးမြို့ပေါ်မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုတွေ ပင်မသပိတ်က နေ့စဉ်ပျက်ရက်မရှိလုပ်ဆောင်လာတာ ဒီကနေ့ဆို ၅၄၇ ရက်ရှိလာပြီး မြို့တောင်ပိုင်းမှာလည်း ဒေသခံတော်လှန်ရေးတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

