မြိုင် – ၂၀၂၂ ဩဂုတ် ၁၀ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်က မြိုင်မြို့နယ်တောင်ပိုင်း၊ ကျေးရွာလေးရွာကို မနေ့ညနေက မီးရှို့ ခဲ့တာကြောင့် ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မြိုင်မြို့နယ်တောင်ပိုင်းက အိုရင်းရွာ၊သာစည်ရွာနဲ့ နှမ်းဆီကန်ကျေးရွာ၊သစ်ပုလွေကုန်းကျေးရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သစ်ပုလွေကုန်းကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။
“ရှို့ခံရတာတော့ လေးရွာပေါ့၊ သာစည်ရွာတစ်ရွာတည်းတင် တစ်ရာကျော်ရှို့ခံရတယ်၊ အကုန်လွတ်ရာပြေးနေရတော့တခြားရွာအခြေနေတွေတော့မသိရသေးဘူး”လို့ နှမ်းဆီကန်ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။
မြိုင်မြို့နယ်အတွင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်မီးရှို့နေတာကြောင့် ရွာသား ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအခက်အခဲတွေရှိနေတယ်လို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က နှမ်းဆီကန်ကျေးရွာက ဒေသခံ တစ်ရာကျော်ကို ဖောကားတစ်စီးအပြည့် နဲ့သြဂုတ်လ ၈ရက်နေ့က ဖမ်းဆီးသွားပြီး တွင်းမကျေးရွာမှာ ချုပ်နှောင်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။
မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့ တွေဟာ သြဂုတ်လ ၆ရက်နေ့က တိုက်ပွဲဖြစ်လို့ အာဏာသိမ်းစစ်တပ်က စစ်သား ၃၈ဦးသေဆုံးကာ ၂၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သြဂုတ်လ ၇ရက်နေ့မှာ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မြိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ကင်းပုန်းတွေဝပ်ထားတာကြောင့်ပြည်သူတွေအနေနဲ့ မြိုင် ပခုက္ကူကားလမ်းကို အသုံးမပြုဖို့ ဩဂုတ်၉ရက်မှာ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးစာထပ်မံထုတ်ပြန်ထားပါတယ်။
#Dailynews

