ကတ္တီပါဖိနပ်စီး ရှေွထီးဆောင်း

၂၀၁၄၊စက်တင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၆)မှသုံးသပ်ချက်ဆောင်းပါး ဖြစ်ပါသည်။     

သန်းစိုးနိုင် ရေးသည်။

ဇူလိုင် ၃ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ဟာ အတော်ထူးခြားတယ်လို့ ဆိုရမှာ ပါပဲ။ ဘာကြောင့်လဲဆိုတော့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ဘယ်တုန်းကမှ တွဲမထွက်ခဲ့ဖူးတဲ့ သူရဦးရွှေမန်း၊ ဦးအောင်သောင်းနဲ့ ဦးဌေးဦးတို့သုံးဦးရဲ့ပူးတွဲ သတင်းစာရှင်းလင်းပွဲ ဖြစ်နေလို့ပါ။

သူရဦးရွှေမန်းဆိုတာ စစ်အစိုးရခေတ်မှာ တတိယ အာဏာအရှိဆုံး ဗိုလ်ချုပ်ကြီးဖြစ်ခဲ့ပေမယ့် ၂၀၁၀ အာဏာခွဲေ၀ ပွဲမှာ အမြင့်ဆုံးအုပ်ချုပ်ရေးအာဏာဖြစ်တဲ့ သမ္မတနေရာကို မရရှိခဲ့သူပါ။ အဲဒီအချိန်ကစပြီး သမ္မတအစိုးရအဖွဲ့နဲ့ လွှတ်တော်တို့ရဲ့ အာဏာအားပြိုင်ပွဲမှာ သူရဦးရွှေမန်းဟာ သမ္မတဦးသိန်းစိန်အပေါ် စိန်ခေါ်မှုများစွာနဲ့ ပြဿနာဖန်တီးခဲ့သူဆိုတာ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ပါ။ တစ်ချိန်တည်းမှာ သူရဦးရွှေမန်းဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသမား၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲလိုသူ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးနီးကပ်သူစတဲ့ ပုံရိပ်များစွာကို ဖန်တီးရပ်တည်ဖြတ်သန်းလာခဲ့သူဖြစ်ပါတယ်။ ဦးအောင်သောင်းဆိုတာကတော့ စစ်အစိုးရအာဏာပိုင်အဆက်ဆက်အပေါ် သစ္စာရှိ နာခံခဲ့တဲ့ သက်တော်ရှည်အမတ်ကြီးပါ။ ဒီနေ့အထိလည်း အာဏာအရှိဆုံး မင်းတရားကြီးအလိုဆန္ဒမှန်သမျှ ပုံဖော်ဖန်တီးပေးနေဆဲ ပုဂ္ဂိုလ်ကြီးအဖြစ်လည်း လူသိများဆဲပါ။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဆင်လိုသူ၊ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ(လုံးဝ) သမ္မတဖြစ်ခွင့်မပေးလိုသူအနေနဲ့လည်း ထင်ရှားပါ တယ်။ ဦးဌေးဦးဆိုတာကတော့ ပါတီဥက္ကဋ္ဌကနေ သမ္မတဖြစ်သွားတဲ့ ဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲမှာ ကျန်ရှိနေတဲ့ ကိုယ်ပွားပါ။ ဒါကြောင့်လည်း ဦးသိန်းစိန်ကို သမ္မတဒုတိယသက်တမ်း မှာ ဆက်လက်တာဝန်ထမ်းဆောင်စေလိုသူ၊ ဒေါ်အောင်ဆန်းစု ကြည်ကို သမ္မတမဖြစ်စေလိုသူ၊ ပုဒ်မ ၅၉(စ)ကို မပြင်စေလိုသူ အဖြစ် ထင်ရှားလူသိများပါတယ်။

ဒီလို တစ်ဝမ်းတည်းက ဖွားလာခဲ့ကြပေမယ့် အသွင်မတူတဲ့ သားတွေ တစ်လှေတည်းစီးပြီး တစ်ခရီးတည်းသွားကြဖို့ အတူ လက်တွဲထွက်လာကြပြီဆိုတော့ ဇာတ်ကွက်အလှည့်အပြောင်း တွေ မြင်ရကြားရတော့မှာပေါ့။ ဒါလည်း မဆန်းလှပါဘူး။ ဒီပုဂ္ဂိုလ် ကြီးတွေအနေနဲ့ အသွင်အပြင်၊ အသွေးအရောင် မတူကြပေမယ့် သန္ဓေဗီဇ၊ အတွင်းသဘောက တူကြပါတယ်။ အကျိုးစီးပွားဆိုင်ရာ အခါရာသီအလိုက် ပုတ်သင်ညိုတွေလို အရောင်ပြောင်းကြ တာပဲရှိပါတယ်။ ဒီနေ့လို NLD ပါတီရဲ့  ပုဒ်မ ၄၃၆ ပြုပြင်ရေး  လှုပ်ရှားမှု ထောက်ခံတဲ့ ပြည်သူလူထုရဲ့ ပမာဏ ၃ ဒသမ ၃ သန်း ကျော်လာချိန်မှာတော့ “သူတော်စင် မဟာမိတ်”ဖွဲ့ကြပြီပေါ့။ ဒီလို မဟာမိတ်ဖွဲ့လာကြတာလည်း သိပ်ပြီး သဘောထားတူမျှ ချစ်ခင် ကြလို့ ဟုတ်ပုံမရဘူး။ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအပေါ် စိုးရိမ်သောက ပွားများနေရှာတဲ့ မင်းတရားကြီးရဲ့ လမ်းညွှန်မှုကြောင့် ဖြစ်ပုံရပါတယ်။ ဒါကြောင့်လည်း ဒီသတင်းစာရှင်းလင်းပွဲ မှာ သဘောထားနှစ်ရပ်ကို ခပ်ရှင်းရှင်းခပ်ပြတ်ပြတ်ပဲ တညီ တညွတ်တည်း ချမှတ်ပြောဆိုသွားခဲ့ကြပါတယ်။

(၁) NLD ပါတီက ဦးဆောင်လှုပ်ရှားနေတဲ့ ပုဒ်မ ၄၃၆ ပြုပြင်ရေး လူထုရဲ့ ထောက်ခံဆန္ဒမဲပေးမှုတွေဟာ လွှတ်တော်အပေါ်  ဘာမျှ သက်ရောက်မှု ရှိစေနိုင်မှာ မဟုတ်ဘူး။ တစ်နည်းပြောရရင် လူထု ရဲ့ ဆန္ဒပေးထောက်ခံမှု ဘယ်နှသန်းပဲရရ ဒါတွေကို လွှတ်တော်က ထည့်သွင်းစဉ်းစားမှာမဟုတ်ဘူး။

(၂) NLD နဲ့ တိုင်းရင်းသားပါတီအများစုကြီးက ဝိုင်းဝန်းကန့် ကွက်နေကြတဲ့ PR အချိုးကျကိုယ်စားပြုစနစ်ဟာ နိုင်ငံအတွက် အကျိုးရှိရင် အသုံးပြုရမယ်ဆိုတဲ့ သဘောထားနှစ်ရပ်ပါပဲ။ ဒီ သဘောထားနှစ်ရပ်ကို ခြုံကြည့်လိုက်ရင် လွှတ်တော်ပြင်ပမှာ ဘယ်လို လူထုလှုပ်ရှားမှုတွေပဲ လုပ်နေပါစေ၊ ၂၀၀၈ ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေကို လွှတ်တော်က ပြင်ခွင့်ပေးမှာ မဟုတ်ဘူး။ PR စနစ်ကို ဘယ်သူတွေ၊ ဘယ်ပါတီတွေက ကန့်ကွက်နေပါစေ၊ လိုအပ်သလို လွှတ်တော်က ကျင့်သုံးသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ ပဲ။ ဒီလိုသဘောထားတွေအကြောင်း အတိအလင်းအာဏာရ အင်အားစုက ထုတ်ဖော်ပြောကြားလာချိန်မှာ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်နိုင်ဖို့ ကြိုးပမ်းနေကြတဲ့ NLD ပါတီနဲ့ ဒီမို ကရေစီအင်အားစုတွေအနေနဲ့ ဘယ်လိုမဟာဗျူဟာနဲ့ တုံ့ပြန်ရင် ဆိုင်ကြမှာလဲ။

ရွှေဂုံတိုင်အလွန်

မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဟာဗျူဟာရည်မှန်းချက်က ၂၀၀၈ ဖွဲ့ စည်းပုံပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီအင်အားစု အာဏာရရှိရေးပဲ ဖြစ်ပါလိမ့်မယ်။ ဒီမဟာဗျူဟာ ရည်မှန်းချက်အောင်မြင်ရေး အတွက် နည်းပရိယာယ်လုပ်ငန်းစဉ်အဖြစ် အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းနဲ့ လွှတ်တော်လမ်းကြောင်းနှစ်ရပ်ကို ရွေးချယ်ကျင့်သုံးခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၁၁ ခုနှစ်ကစပြီး “ရွှေဂုံတိုင်ကြေညာစာတမ်း”ပါ စိတ်ဓာတ်နဲ့ ဆုံးဖြတ်ချက်တွေကို  ကျောခိုင်းလျစ်လျူရှုခဲ့ပုံရပါတယ်။ တစ်ဆက်တည်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးစိတ်ဓာတ်ဖြင့် သမ္မတဦးသိန်းစိန်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင် ကြိုးပမ်းခဲ့ပါတယ်။ ဦးသိန်းစိန်ရဲ့ကောင်းမှုနဲ့ လွှတ်တော်ထဲ ရောက်ရှိသွားချိန်မှာတော့ သမ္မတရုံး အဖွဲ့နဲ့ လွှတ်တော်တို့ရဲ့ အာဏာအင်အားပြိုင်ဆိုင်မှုအတွင်းမှာ သူရဦးရွှေမန်းနဲ့ ပိုမိုသင့်မြတ်နီးစပ်သွားခဲ့ပါတယ်။ တစ်ချိန်တည်း မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ညှိနှိုင်းဆွေးနွေးခွင့်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးအပါအဝင် မြန်မာ ပြည်မှာ ဖြစ်ပွားနေတဲ့ ပြဿနာအရပ်ရပ်ကို အမျိုးသားပြန်လည် သင့်မြတ်ရေးစိတ်ဓာတ်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ လေးပွင့်ဆိုင်ဆွေး နွေးပွဲတစ်ရပ် ကျင်းပဖို့ သမ္မတဦးသိန်းစိန်ကို မေတ္တာရပ်ခံခဲ့ပါ သေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်ကို သမ္မတဦးသိန်းစိန်က မငြင်းဆန်ပေမယ့် လက်မခံခဲ့ပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လက်ခံစဉ်းစားတဲ့ နိမိတ် လက္ခဏာတောင် မပြခဲ့ပါဘူး။ ဒီတော့လည်း သဘောချင်းတိုက် ဆိုင်ညီမျှပုံရနေကြတဲ့ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နှစ်ပွင့်တစ်ခိုင် ဇာတ်လမ်းကိုပဲ စောင့်ကြည့်နေခဲ့ကြရပါတယ်။ နှစ်ယောက်စလုံး သမ္မတဖြစ်ချင်နေကြတဲ့ နှစ်ပွင့်တစ်ခိုင်ဇာတ် လမ်းကလည်း သူရဦးရွှေမန်းရဲ့ သုံးယောက်တွဲသတင်းစာရှင်း လင်းပွဲမှာပဲ ပြိုကွဲနွမ်းကြေခဲ့ရပါပြီ။ အကျိုးစီးပွားချင်းယှဉ်လာရင် သာမယ့်ဘက်ကို ကူးသွားတတ်ကြတာ နိုင်ငံရေးသာကူး အချောင်သမားတွေရဲ့ သဘာဝပါ။ မဗေဒါခမျာတော့ သာကူးတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရေစီးကြောင်းထဲမှာ တစ်ပင်တည်း အယက်အကန်ခံနေရရှာပါပြီ။ ပန်းပန်ဖို့ဆိုရင်တော့ တစ်ပင်တည်းလည်း အံခဲနေရမှာပါပဲ။ ဆိုရရင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ “လေးပွင့်ဆိုင်”စိတ်ကူးမိုးတိမ်ဟာ လေရူးမွှေနှောက်မှုတွေ အောက်မှာ လွင့်ပါးပျောက်ကွယ်သွားခဲ့ရပါပြီ။

၂၀၁၂ ခုနှစ်ကစပြီး လွှတ်တော်လမ်းကြောင်းကို ရွေးချယ် လျှောက်လှမ်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအနေ နဲ့ အခုအချိန်မှာ “ကြာကြာဝါးလေ ခါးမှန်းသိလေ”ဖြစ်နေလောက် ပြီ ထင်ပါတယ်။ စစ်ဘက် (၂၅ ရာခိုင်နှုန်း)နဲ့ ပြည်ခိုင်ဖြိုးက (၆၀ ရာခိုင်နှုန်း)ကျော် နေရာယူထားတဲ့ လွှတ်တော်အရပ်ရပ်ထဲမှာ သူတို့သဘောမတူတဲ့ ဥပဒေတစ်ရပ်ပြင်ဖို့၊ တင်ဖို့ဆိုတာ စိတ်ကူး ယဉ်မှုသက်သက်သာ ဖြစ်ပါလိမ့်မယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး အကြံပေးကော်မတီဆိုတာကြီးကို လွှတ်တော်က ဖွဲ့စည်းပေး လိုက်ပေမယ့် ကော်မတီရဲ့ သဘောထားကတော့ အရင်းခံအား ဖြင့် ပုဒ်မ ၄၃၆ မပြင်ရေး၊ ၅၉(စ) မပြင်ရေးချည်းပါပဲ။ တစ်ခုလုံး ခြုံကြည့်ရင် ပုဒ်မ ၄၃၆ မပြင်ရေးဆိုတာ အတွင်းသဘောအရ ၂၀၀၈ အခြေခံဥပဒေ မပြုပြင်ရေးပါပဲ။ အခုနောက်ဆုံး တင်လာ တဲ့ အချိုးကျကိုယ်စားပြုစနစ်ဆိုတာလည်း အနှစ်သာရအား ဖြင့် NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ အများစုနေရာ မရရေးအတွက် ဆင်ထားတဲ့ “နိုင်ငံရေးထောင်ချောက်”တစ်ခုပါ။ သူရဦးရွှေမန်း၊ ဦးအောင်သောင်းနဲ့ ဦးဌေးဦးတို့ရဲ့ သုံးဦးတွဲ သတင်းစာရှင်းလင်းပွဲက လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှု တွေကို အသိအမှတ်မပြုကြောင်းနဲ့ PR အချိုးကျကိုယ်စားလှယ် စနစ်ကို လိုအပ်သလိုအသုံးချသွားမည်ဖြစ်ကြောင်း အတိအလင်း ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အများစုနေရာရယူပြီး ယူနီဖောင်း ချွတ်များ အာဏာဆက်လက်ချုပ်ကိုင်ထားနိုင်ရေးအတွက်     မဟာဗျူဟာပြောင်းလဲလိုက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်နဲ့ NLD ပါတီရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လွှတ် တော်လမ်းကြောင်းဖြင့် အများစုနေရာရယူရေး ဦးတည်ချက်ကို စိန်ခေါ်ပွဲ ဖျက်လိုက်ခြင်းသာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု

နိုင်ငံရေးတိုက်ပွဲတွေမှာ “ဒိုင်းထူရင် လှံထက်၊ လှံထက်ရင် ဒိုင်းထူကြရတာ”ချည်းပါပဲ။ ပြိုင်ဘက်က သူ့အာဏာကို ပိုထူတဲ့ ဒိုင်းနဲ့ ခုခံကာကွယ်လာရင် ကိုယ်ကလည်း ပိုမိုစူးရှထက်မြက်တဲ့ လှံနဲ့ ထိုးရမှာပါပဲ။ လွှတ်တော်ထဲက ခုခံကာကွယ်ရင် လွှတ်တော် ပြင်ပက ဝန်းရံတိုက်ခိုက်ရမှာပါ။ စစ်တုရင်ကစားပွဲမှာလိုပဲ ပြိုင် ဘက်က ခံစစ်မဟာဗျူဟာ ပြောင်းလဲလာရင် ကိုယ့်ရဲ့ ထိုးစစ် မဟာဗျူဟာကိုလည်း အခင်းအကျင်းက စလို့ ရဲရဲတင်းတင်း ပြောင်းလဲပစ်ကြရပါလိမ့်မယ်။ ဒီနေရာမှာ စစ်ပြီးကာလ ၁၉၄၆ ခုနှစ်က လွတ်လပ်ရေးတိုက်ပွဲအတွင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ မဟာဗျူဟာအခင်းအကျင်း အလှည့်အပြောင်းဟာ စံနမူနာတင် လောက်အောင် ပြောင်မြောက်လှပါတယ်။ ဘုရင်ခံဒေါ်မန်စမစ်ရဲ့ စက္ကူဖြူစီမံကိန်းကို နေသူရိန်အစည်းအဝေးဆုံးဖြတ်ချက်နဲ့ တိုက်ဖျက်ခဲ့ပါတယ်။ ပိုမိုအင်အားကြီးမားတဲ့ ဘုရင်ခံကောင်စီကို  စက်တင်ဘာအထွေထွေသပိတ်ကြီးနဲ့ ရင်ဆိုင်ထိုးနှက်ခဲ့လို့ ဒေါ်မန်စမစ်ပြည်တော်ပြန်ပေးခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ ဘုရင်ခံ ဆာဟူးဘတ်ရန့်ကိုယ်တိုင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် တဲ့ ဖဆပလအဖွဲ့ချုပ်ကို အစိုးရအဖွဲ့ဖွဲ့ဖို့ ကမ်းလှမ်းခဲ့ရတော့တာ ပါပဲ။ တကယ်တော့ ဖဆပလဆိုတာ အဲဒီအချိန်က ပါတီမဟုတ်ပါဘူး။ ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ၊ တပ်မတော်တပ်မှူး ဟောင်းများ၊ ပညာတတ်မျိုးချစ်ပုဂ္ဂိုလ်များ၊ အမျိုးသားအရင်းရှင် များပါဝင်တဲ့ တပ်ပေါင်းစုကြီးပါ။ ဘကြီးဘဖေတို့လို နိုင်ငံရေး သမားဟောင်းကြီးတွေ၊ ဦးတင်ထွဋ်တို့လို ဗြိတိသျှပဋိညာဉ်ခံ အရာရှိဟောင်းတွေ၊ ဦးမြတို့လို သူဌေးကြီးတွေ စတဲ့ လူထုလူ တန်းစား အလွှာမျိုးစုံ ပါဝင်ပါတယ်။ ဒါကြောင့်လည်း “တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရမယ်”ဆိုတဲ့ ဖဆပလအဖွဲ့ချုပ်ကြီးရဲ့ တောင်းဆိုချက် အောင်မြင်ခဲ့တာပေါ့။

တကယ်တော့ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆို တာလည်း တစ်ပြည်လုံးမှာရှိတဲ့ ဒီမိုကရေစီအင်အားစုအသီးသီး ပူးပေါင်းပါဝင်တဲ့ ဖဆပလလို တပ်ပေါင်းစုအဖွဲ့ချုပ်ကြီး ဖြစ်သင့် ပါတယ်။ ဒါမှသာ အာဏာအင်အား၊ စီးပွားရေးအင်အားကြီးမား ပြီး စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အင်အားစုကို ထိပ် တိုက်ရင်ဆိုင် ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ လက်ရှိ ဒီမိုကရေစီ ပါတီနဲ့ အင်အားစုအတော်များများဟာ NLD ပါတီနဲ့ မပူးပေါင်း နိုင်ကြသေးတဲ့အပြင် တချို့ဆိုရင် အာဏာရအင်အားစုနဲ့တောင် မဟာမိတ်ဖွဲ့ချင်ပုံ ရနေပါသေးတယ်။ ခက်တာက မြန်မာ့နိုင်ငံရေး သမိုင်းတစ်လျှောက်မှာ တပ်ပေါင်းစုတွေ ဖွဲ့လိုက်၊ ပြိုကွဲလိုက် ဖြစ် ခဲ့ရတာ နိုင်ငံရေးအယူအဆမတူ ကွဲပြားကြတာထက် ပုဂ္ဂိုလ်ရေး အာဃာတ၊ အဖွဲ့အစည်းဂိုဏ်းဂဏနဲ့ ပါတီကြီးဝါဒတွေကို ဝေဖန် ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ကြလို့ပါ။

တကယ်တော့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိနေတဲ့ နိုင်ငံရေးအဆင့်နေရာဟာ ဗိုလ်ချုပ်အောင်ဆန်း သူ့ခေတ်သူ့အခါက ရရှိခဲ့တဲ့ အနေအထားထက်တောင် ကြီးမားကျယ်ပြန့်တယ်လို့ ဆိုရမှာပါ။ မြန်မာတစ်ပြည်လုံးကသာမက နိုင်ငံတိုင်းက နိုင်ငံရေး ခေါင်းဆောင်မှန်သမျှရဲ့ လေးစားယုံကြည်မှုကို ခံယူနေရတဲ့ ပုဂ္ဂိုလ်ပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကသာ ဗိုလ်ချုပ် အောင်ဆန်းလို သဘောထားအမြော်အမြင်ကြီးမားကျယ်ပြန့် စွာ “ရွှေလက်ကမ်း”လိုက်မယ်ဆိုရင် အာဏာ၊ အကျိုးစီးပွားကို ဖက် တွယ်ထားသူတွေက လွဲလို့ ရိုးသားတဲ့ ဒီမိုကရေစီအင်အားစုမှန်သမျှ နောက်ကနေ ကောက်ကောက်ပါအောင် လိုက်လာကြမှာ အသေအချာပါပဲ။ နိုင်ငံရေးအရ အနိမ့်ဆုံး “တူတာတွဲလုပ်၊ မတူ တာ ခွဲလုပ်”ကြမယ်ဆိုတဲ့ သဘောထားမျိုး ထားနိုင်မယ်ဆိုရင်တောင် ကျယ်ပြန့်တဲ့ ဒီမိုကရေစီတပ်ပေါင်းစုကြီးတစ်ရပ်ကို ထူထောင်တည်ဆောက်နိုင်ခြေ ရှိနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လတ်တလော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် လူထုလှုံ့ဆော်စည်းရုံးရေးလှုပ်ရှားမှု အစည်းအဝေးစင် မြင့်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ ငြိမ်း/ပွင့် အဖွဲ့ဝင်တွေ ပူးတွဲဟောပြောနေတဲ့ မြင်ကွင်းဟာ မြန်မာ့ဒီမိုကရေ စီအနာဂတ်အရေးအတွက် အလွန်တက်ကြအားရစရာကောင်း ပြီး မင်္ဂလာအပေါင်း ခညောင်းနေပါတယ်။ ငြိမ်း/ပွင့်အဖွဲ့အစည်း ဟာ နိုင်ငံရေးပါတီတစ်ရပ်မဟုတ်ပေမယ့် NLD ပါတီပြီးရင် မြန်မာပြည်မှာရော ကမ္ဘာမှာပါ ပြည်သူလူထုယုံကြည်ကိုးစားမှု အခံရဆုံး လူသိများအထင်ရှားဆုံးအင်အားစု ဖြစ်ပါတယ်။ နှစ် ပေါင်းများစွာ ဖိနှိပ်မှုပြင်းထန်စွာ နိုင်ငံရေးသားကြောဖြတ်ခံခဲ့ရ လို့ ခေါင်းဆောင်မျိုးဆက် ပြတ်လုတည်းတည်းဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးလောကအတွက် ငြိမ်း/ပွင့်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေအတွင်းက ပြည်သူတွေ အားကိုးရတဲ့ နိုင်ငံရေးခေါင်းဆောင်ကောင်းတွေ ထွက်ပေါ်လာနိုင်ပါတယ်။ သူတို့တစ်တွေကတစ်ဆင့် ကျောင်း သားသမဂ္ဂလှုပ်ရှားမှုအတွင်းက နောက်ထပ်ခေါင်းဆောင်မျိုး ဆက်သစ်တွေလည်း ထပ်မံမွေးထုတ်ပေးပါလိမ့်မယ်။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးပါခဲ့တဲ့ နိုင်ငံရေးပါတီကြီး တွေမှန်သမျှ တိုင်းပြည်ရဲ့ လူဦးရေအများဆုံး၊ အရေးပါဆုံးလူတန်းစားနှစ်ရပ်ဖြစ်တဲ့ အလုပ်သမားနဲ့ တောင်သူလယ်သမားအစည်း အရုံးတွေ၊ သမဂ္ဂတွေ ဖွဲ့စည်းခဲ့ကြတာချည်းပါပဲ။ ဒီနေ့၊ ဒီအချိန်မှာ နိုင်ငံရေးပါတီတွေကို ဒီလိုအဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့် ပိတ်ပင် တားဆီးထားတဲ့အတွက် အလုပ်သမားနဲ့ လယ်သမားတွေရဲ့ အခွင့်အရေးတိုက်ပွဲဝင်တဲ့ သဏ္ဌာန်မျိုးစုံမှာ ခေါင်းဆောင်မှုမဲ့ သလို စည်းရုံးမှုလည်း မဲ့နေခဲ့ကြပါတယ်။ ဒီလိုဖြစ်နေတဲ့ အနေ အထားမှာ နိုင်ငံရေးပါတီတွေအနေနဲ့ သဏ္ဌာန်တစ်မျိုးမျိုးနဲ့စည်း ရုံးခေါင်းဆောင်မှုပေးသင့်ပါတယ်။ ဒီနေ့လုပ်နေကြသလို အလုပ်သမားကော်မတီ၊ လယ်သမားရေးရာအဖွဲ့ဆိုတာမျိုးနဲ့တော့ မလုံလောက်ပါဘူး။ ဒီလူတန်းစားတွေကိုယ်တိုင် သမဂ္ဂတွေ၊ အဖွဲ့အစည်းတွေ ဖွဲ့စည်းလှုပ်ရှားနိုင်အောင် စည်းရုံးလမ်းညွှန်မှုပေး ရင်း ခေါင်းဆောင်မှု ထူထောင်သင့်ပါတယ်။ ဒီလူတန်းစားတွေရဲ့ အကျိုးစီးပွားတွေကို ကိုယ်စားပြုအကာအကွယ်မပေးနိုင်တဲ့ အင်အားစုမှန်သမျှ ပြည်သူလူထုကို တကယ်တမ်းကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီမဖြစ်နိုင်ပါဘူး။

၂၁ ရာစု ပင်လုံစိတ်ဓာတ်

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက NLD ကိုယ်စားလှယ်အဖွဲ့နဲ့ ငြိမ်း/ပွင့်အဖွဲ့ဝင်တွေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို သွားရောက်ပြီး “ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ(UNFC)”အဖွဲ့ဝင်တွေနဲ့ သွားရောက်တွေ့ဆုံပြီး ငြိမ်းချမ်းရေးပြဿနာတွေ ဆွေးနွေးပြောဆိုကြတယ်ဆိုတဲ့ မင်္ဂလာသတင်းတစ်ပုဒ် ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။ မြန်မာပြည်ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးအတွက် ဦးဆောင်ဦးရွက်ပြုနေတဲ့ NLD ပါတီအနေနဲ့ ဖက် ဒရယ်ဒီမိုကရေစီအခွင့်အရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင် နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ သီးခြားကင်းကွာမနေ သင့်ပါဘူး။ ဒီအဖွဲ့အစည်းတွေကိုယ်တိုင်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုဆွေးနွေး နေကြတာဖြစ်လို့ NLD ပါတီနဲ့ တစ်စုံတစ်ရာ တူညီတဲ့ အခြေခံ သဘောထားတွေ ရှိနိုင်ပါတယ်။ တူညီတဲ့အခြေခံအပေါ်မှာ ပူး ပေါင်း ဆောင်ရွက်နိုင်တာတွေ ပိုမို ပူးပေါင်းလုပ်ကြဖို့ အရေးကြီး နေတဲ့ အချိန်အခါဖြစ်ပါတယ်။

တကယ်တမ်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDကိုယ်စားလှယ်အဖွဲ့တွေ လွှတ်တော်ထဲရောက်ပြီးချိန်ကတည်းက NLD နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီအဖွဲ့အစည်းတွေကြားထဲ မှာ လေစိမ်းတွေတိုက်နေခဲ့ကြတာ ကြာပါပြီ။ ဒီလိုဖြစ်ရတာ ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်ကြလို့ မဟုတ်ပါဘူး။ အမျိုး သားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းဖြင့် မြန်မာ့ဒီမိုကရေစီ ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်လိမ့်မယ်လို့ မယုံ ကြည်ကြလို့ပါ။ ဒါကြောင့်လည်း တိုင်းရင်းသားနိုင်ငံရေးပါတီ တချို့ဟာ ကိုယ့်အမျိုးသားအခွင့်အရေးအတွက် ကိုယ့်အမျိုးသား အချင်းချင်း ပူးပေါင်းရေးအမြင်နဲ့ ပြည်နယ်အလိုက် တိုင်းရင်း သားပါတီချင်း ပူးပေါင်းရေးကို ပိုမိုထက်သန်စွာ အားထုတ်လာတဲ့ တိမ်းညွှတ်မှုတစ်ရပ်ကို သိသာထင်ရှားစွာ တွေ့မြင်လာခဲ့ရပါ တယ်။ တကယ်တော့ မြန်မာတစ်ပြည်လုံး စစ်မှန်တဲ့ဒီမိုကရေစီ မတည်ဆောက်နိုင်ရင် တိုင်းရင်းသားတွေလည်း အမျိုးသားဒီမိုကရေစီအခွင့်အရေးမရနိုင်ပါဘူး။ တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ တိုင်း ရင်းသားအားလုံးရဲ့ ကံကြမ္မာတစ်ထပ်တည်းကျနေချိန်မျိုးမှာ အမျိုးသားအသီးသီး တစ်သွေးတည်း တစ်သံတည်း ရပ်တည်ကြ ဖို့ အရေးကြီးပါတယ်။

၂၁ ရာစုပင်လုံညီလာခံကျင်းပရေး ကြေးကြော်ပြီး ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ခရီးစဉ်အဖြစ် မြစ်ကြီး နားမြို့ကို ရောက်ရှိလာစဉ်က KIA အဖွဲ့မှ လိုင်ဇာကို လာရောက် လည်ပတ်ဖို့ ဖိတ်ကြားခဲ့ဖူးပါတယ်။ လိုင်ဇာမြို့က ဒေါ်အောင်ဆန်း စုကြည်ကို လှိုက်လှိုက်လှဲလှဲဝမ်းသာစွာ ကြိုဆိုဖို့ ခမ်းနားကြီး ကျယ်စွာ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က လိုင်ဇာကို မဝင်ဘဲ ဗန်းမော်ကို ခရီးဆက်သွားတော့ ကချင်လူထုတွေ ခဲလေသမျှ သဲရေကျ ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။ လိုင်ဇာက ဒေါ်အောင်ဆန်းစုကြည်ကို ထာဝရကြိုဆိုလျက်ပါ။ မကြာခင် ဇူလိုင်လကုန်ပိုင်း လိုင်ဇာမှာ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီရဲ့ ထိပ်သီးအစည်းအဝေး ကျင်းပပါလိမ့်မယ်။ ဒီလို ထိပ်သီးအစည်းအဝေးမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်တက် ရောက်ပါဝင်နိုင်မယ်ဆိုရင်တော့ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်း ချမ်းရေးနဲ့ ဒီမိုကရေစီရေးတို့အတွက် ကြီးစွာအထောက်အကူပြု နိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ မြန်မာ့ နိုင်ငံရေးစစ်တုရင်ခုံပေါ်က မဟာဗျူဟာအရွေ့တွေကို ပိုပိုပြီးတွေ့ လာရပါလိမ့်မယ်။ ဒီနေရာမှာ သူ့ရွှေ့ကွက်အတိုင်း လိုက်ရွှေ့နေရတာမျိုး မဖြစ်အောင် မဟာဗျူဟာလက်ဦးမှု ရယူထားဖို့ လိုပါလိမ့်မယ်။ မဟာဗျူဟာလက်ဦးမှု ရယူထားနိုင်ဖို့ “ဘယ်အရပ်မှာ ဘယ်ဖိနပ်စီးမယ်၊ ဘယ်ခရီးမှာ ဘယ်ထီးဆောင်းမယ်”ဆိုတာကို ကြိုမြင်၊ ကြိုပြင်ထားဖို့ လိုပါတယ်။ မဟာဗျူဟာလက်ဦးမှု အရယူထားနိုင်ရင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ “ကတ္တီပါဖိနပ်စီးပြီး ရွှေထီးဆောင်း”နိုင်ပါလိမ့်မယ်။

[ ပြီးပါပြီ။ ]

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."