ဘာသာရေးအသုံးပြု မဲဆွယ်မှုတွေကို ဘာကြောင့် အရေးမယူတာလဲ

ဘာသာရေးအသုံးပြု မဲဆွယ်မှုတွေကို ဘာကြောင့် အရေးမယူတာလဲ

နိုဝင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၉)မှ သတင်းသုံးသပ်ချက်ဆောင်းပါး ဖြစ်ပါသည်။

သန်းထိုက် ရေးသည်။ မောင်သင်တုန်း ပံ့ပိုးသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံရေးအလို့ငှာ ဘာသာ သာသနာ ကို အလွဲသုံးစားမပြုလုပ်ရန် ပါရှိသော်လည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများအတွင်း အမျိုးသားရေးဟူသော စကားလုံးကို တွင်တွင်သုံးကာ ဘာသာရေးကို အသုံးပြု၍ မဲဆွယ်စည်းရုံးလှုပ် ရှားမှုများ ရှိနေသည်ကို တွေ့ရသည်။

            ဘာသာရေးကို အခြေခံ၍ မဲဆွယ်စည်းရုံးသည့် ကိစ္စရပ် များကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် ရွေးကောက်ပွဲ ဥပဒေ ၆၅(က) တွင် ဖော်ပြထားပြီး ထောင်ဒဏ်တစ်နှစ်နှင့် ဒဏ် ငွေတစ်သိန်း ချမှတ်နိုင်သော်လည်း  ယနေ့ထိ တရားဝင်တိုင်ကြား မှုများ မရှိသေးသလို ရွေးကောက်ပွဲကော်မရှင်ကလည်း တစ်စုံ တစ်ရာသတိပေး အရေးယူမှုမျိုး မတွေ့ရသေးပါ။

            နိုင်ငံရေးပါတီအချို့က ဘာသာရေးကို မဲဆွယ်စည်းရုံးရာ မှာ အသုံးချမှုများ ရှိသလို ဘာသာရေးအဖွဲ့တချို့ကလည်း ၎င်းတို့ ကြိုက်နှစ်သက်သည့် ပါတီများအတွက် မဲဆွယ်စည်းရုံးမှုမျိုးများတွေ့လာရသည်။ အမျိုးသားရေးစကားလုံး တွင်တွင်သုံးကာ ”ဟို ပါတီကို မဲမပေးနဲ့၊ ဒီပါတီကို မဲပေးပါ”စသဖြင့် ပြောင်ပြောင်တင်း တင်း ပြောဆိုစည်းရုံးသည့်ပုံစံမျိုး ဟောပြောသည့်အဖွဲ့များတွင် လူသိရှင်ကြားအဖြစ်ဆုံးအဖွဲ့မှာ မဘသဟု လူသိများသည့် အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ပင် ဖြစ်သည်။

            ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများ စတင်ခွင့်ပြုပြီး တစ်ပတ်ခန့်အကြာမှာတော့ အမျိုးစောင့်ဥပဒေများဟု လူသိများ သည့် ဥပဒေလေးရပ် ပြဋ္ဌာန်းနိုင်သည့် အထိမ်းအမှတ်အဖြစ် အောင်ပွဲများကို မဘသအဖွဲ့က မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ် နှင့် တိုင်းဒေသကြီးအသီးသီးတို့တွင် ဆက်တိုက်ကျင်းပလျက်ရှိသည်။

            ထို့နောက် ယင်းအောင်ပွဲများသည် ရွေးကောက်ပွဲနှင့် အချိန်ကိုက်ပြီး ဘာသာရေးကိုအသုံးပြု၍ ၎င်းတို့ထောက်ခံသော ပါတီအတွက် မဲဆွယ်မှုများကို ပြုလုပ်နေကြသည်ဟူသော ဝေဖန် မှုများ ပေါ်ထွက်လာသည်။

            လွှတ်တော်သက်တမ်းငါးနှစ်ကာလအတွင်း ပြဋ္ဌာန်းလိုက် သည့် ဥပဒေများထဲတွင် နိုင်ငံတော်အတွက် အရေးကြီးသည့် ဥပဒေအများအပြားရှိသော်လည်း အောင်ပွဲမလုပ်ဘဲ မျိုးစောင့် ဥပဒေကျမှသာ သိန်းပေါင်းများစွာ အကုန်အကျခံ၍ ဘာကြောင့် အောင်ပွဲ လုပ်ရသနည်းဟူ၍ မိုးသု(မန္တလေး) ကလောင်အမည် ဖြင့် စာရေးသားလျက်ရှိသော ဆရာတော်အရှင်ခေမာနန္ဒက မေး ခွန်းထုတ်ပြီး သူ၏ထင်မြင်ချက်ကို ယခုလို ပြောပြသည်။

            ”တကယ်တမ်းကတော့ (ရွေးကောက်ပွဲအတွက်) အင်အား ပြတာပါကွာ”

            ထို့ပြင် ယင်းဥပဒေများသည် လင်ခန်းမယားခန်းများသာ ဖြစ်သဖြင့် တိုင်းပြည်အတွက် သိပ်အရေးကြီးသည့် ဥပဒေများ ထဲတွင် မပါဝင်ကြောင်း မိန့်သည်။

            မဘသ(ဗဟို) ဥက္ကဋ္ဌဖြစ်သည့် အင်းစိန်ရွာမ ပရိယတ္တိစာသင် တိုက်မှ ဆရာတော်ဦးတိလောကာဘိဝံသကတော့ မျိုးစောင့် အောင်ပွဲများကို ရွေးကောက်ပွဲနှင့် အချိန်ကိုက်လုပ်ဆောင်နေကြ သည်ဟူသော စွပ်စွဲချက်သည် မဟုတ်မမှန်ကြောင်းပြောပြီး လွှတ်တော်အတွင်း ကန့်ကွက်မှုများကြောင့် ကြန့်ကြာနေရခြင်းဖြစ်ပြီး ”ဥပဒေက ခုမှပြီးလို့ ခုမှလုပ်ရတာပေါ့”ဟု မိန့်သည်။

            ”ခုမျိုးစောင့်ဥပဒေပြီးခဲ့တာ တစ်လလောက်တောင် မရှိ ဘူး။ ထားပါတော့၊ သြဂုတ်လ တစ်လပဲရှိသေးတယ်။ အဲဒီတော့ ရွေးကောက်ပွဲနီးမှ လုပ်တယ်ဆိုတဲ့သဘော သက်ရောက်ပါ့ မလား”ဟု ဆရာတော်က မေးခွန်းထုတ်ရင်း ဖြေကြားသည်။

            ယခုချိန်မှ ဥပဒေ ရေးဆွဲပြီးစီးသောကြောင့် ယခုမှ ပွဲများ ကျင်းပရသည်ဆိုသော်လည်း မျိုးစောင့်အောင်ပွဲများတွင် မဘသ ဆရာတော်များက တိုင်းပြည်နှင့် လူမျိုးအတွက် အကောင်းဆုံး   ပြုပြင်ပြောင်းလဲပေးနိုင်မည့်သူများ၊ ပါတီများ မြောက်မြားစွာရှိ နေသောကြောင့် ခက်ခက်ခဲခဲကြိုးပမ်းထားခဲ့ရသည့် တိုင်းပြည် အတွက် အရေးကြီးသော မျိုးစောင့်ဥပဒေများကို ဖျက်ဆီးမည့်သူ များကို မဲမပေးရန် ပြောကြားထားခြင်းများ ပါဝင်သောကြောင့် ရွေးကောက်ပွဲနှင့် ချိန်ကိုက်လုပ်ဆောင်မှုများရှိသည်ဟု ကောက် ချက်ဆွဲကြခြင်းဖြစ်သည်။

            စက်တင်ဘာ ၂ဝ ရက်က ပုသိမ်မြို့တွင် ကျင်းပခဲ့သည့် မျိုး စောင့်အောင်ပွဲအခမ်းအနားတွင်တော့ မဘသ ဦးဆောင်ပုဂ္ဂိုလ် များက အစ္စလာမ်ဘာသာဝင်များ တည်ထောင်ထားသည့် ပါတီ များကို မဲမပေးရန်၊ မျိုးစောင့်ဥပဒေကို မထောက်ခံသူများကို မဲ မပေးရန်တို့ကို ပြောဆိုခဲ့သည်။

            ယင်းပွဲတွင် မဘသဗဟိုအဖွဲ့ဝင် မြတောင်ဆရာတော်က   ”အစ္စလာမ်ဘာသာကို ပံ့ပိုးထားတဲ့ ပါတီကိုရော မဲပေးလို့ ရမလား၊ မဲပေးမလား၊ မပေးဘူးလား”ဟုမေးမြန်းခဲ့ပြီး ပရိသတ်က ”မပေး ပါဘူး ဘုရား”ဟု ပြန်ဖြေရာ ”ဘယ်ပါတီလဲ” ဟု ပြန်လည် မေး ခွန်းထုတ်သောအခါ ပရိသတ်က ”NLD”ဟု ပြန်ဖြေသည်။ ဆရာတော်က ”အေး…ကိုယ့်ဘာသာသိ”ဟု ပြန်လည် မိန့်ကြား ခဲ့သည်။

            မဘသအဖွဲ့က NLD ပါတီကို အစ္စလာမ်ဘာသာဝင်များပံ့ပိုးထားသည့်ပါတီဟု စွပ်စွဲပြောဆိုသော်လည်း NLD ပါတီမှ တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများတွင် အစ္စလာမ်ဘာသာဝင်များ မပါရှိခြင်းကိုမူ ပြောဆိုခြင်းမရှိပေ။ NLD အမတ်လောင်းများတွင် မွတ်စလင်မပါဝင်သောကြောင့် နိုင်ငံရေးဝေဖန်သူများ၏ ဝေဖန်မှုအချို့ပင် ထွက်ခဲ့သေးသည်။

            အချို့ မဘသဟောပြောပွဲများတွင် NLD ကို တိုက်ခိုက် သော ထုတ်ပြန်ကြေညာချက်အတုများကို ဖြန့်ဝေပြောဆိုမှုများ လည်းရှိသည်။

            စက်တင်ဘာ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး မြောက် ဥက္ကလာပမြို့နယ် (က) ရပ်ကွက်တွင် ပြုလုပ်ခဲ့သော မျိုးစောင့် ဥပဒေအောင်ပွဲတွင် ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အစ္စလာမ်ဘာသာဝင်များသို့ နှုတ်ခွန်းဆက်စကား’ ဟူသည့် ခေါင်းစဉ်ပါသော ကြေညာချက်ကို MRTV-4 ဆရာတော်ဟု လူသိများသော ဦးကဉ္စနောဘာသက ဖတ်ပြခဲ့သည်။

            ၎င်းကြေညာချက်မှာ NLD မှထုတ်ပြန်ခြင်းမဟုတ်ဘဲ ကြေညာချက်အတုသာဖြစ်ကြောင်း စက်တင်ဘာနောက်ဆုံး ပတ်တွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က မီဒီယာသို့ ပြန်လည်ဖြေကြားခဲ့သည်။

            ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ NLD ဗဟိုအောင်နိုင်ရေး ရုံးတွင် စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်း လင်း ပွဲတွင် NLD ပါတီ၏ ဗဟိုအောင်နိုင်ရေးဥက္ကဋ္ဌ ဦးတင်ဦးက ၎င်းတို့၏မဲဆွယ်စည်းရုံးရေးကို ထိခိုက်စေနိုင်သည့် စာသားပါ စာရွက်စာတမ်းများကို မဘသက တိုင်းဒေသကြီးနှင့် ပြည်နယ် တချို့တွင် လိုက်လံဝေငှနေခြင်းဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး ကို လိုက်လံနှောက်ယှက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

            မဘသဥက္ကဋ္ဌ ဆရာတော်ကမူ မဘသဘုန်းတော်ကြီးများ နိုင်ငံရေးတွင် မပတ်သက်ရန် စာအကြိမ်ကြိမ် ထုတ်ထားသည်ဟု ပြောပြီး ယင်းသို့မျိုးစောင့်ပွဲများတွင် မဘသဘုန်းကြီးများ ပြော ဆိုမှုအချို့တို့သည် သက်ဆိုင်ရာပုဂ္ဂိုလ်ကိုသာ ကိုယ်စားပြုပြီး ၎င်းတို့အဖွဲ့ကို ကိုယ်စားပြုခြင်းမဟုတ်ကြောင်း မိန့်သည်။

            သာသနာရေးဦးစီးဌာနက ကောက်ခံထားသည့် ၂ဝ၁၄ ခုနှစ် ဝါဆိုသံဃာစာရင်းအရ မြန်မာနိုင်ငံတွင် သံဃာပေါင်း ငါး သိန်းကျော်ရှိနေပြီး မဘသဦးဆောင်ဆရာတော် ဦးဓမ္မပီယ၏အဆိုအရ မဘသအဖွဲ့ဝင် သံဃာ ငါးသောင်းကျော် ရှိနေသည်ဟု ဆိုခြင်းကြောင့် သံဃာဆယ်ပါးလျှင် မဘသ အဖွဲ့ဝင် သံဃာတစ် ပါးနှုန်း ပါဝင်သည့် သဘောပင်။

            ထို့ကြောင့် မဘသအဖွဲ့ဝင် သံဃာများ၏ပြောဆိုမှုများ သည် မြန်မာတစ်နိုင်ငံလုံးရှိ သံဃာများကို ကိုယ်စားပြုမှု မရှိ ကြောင်း ဆရာတော်ခေမာနန္ဒကလည်း ပြောသည်။

            ”မဘသကို သဘောမတူတဲ့ဘုန်းကြီးတွေရော၊ ကြားနေ ဘုန်းကြီးတွေရော အကုန်လုံးကတော့ မဘသ လုပ်ရပ်တွေကို စောင့်ကြည့်နေကြတာပဲ”ဟု မိန့်ကြားသည်။

            ”အတိတ်သမိုင်းနဲ့ ပစ္စုပ္ပန် အဖြစ်အပျက်တွေကို လေ့လာ သုံးသပ်ကြည့်မယ်ဆိုရင် ဘယ်ပါတီက အမျိုးဘာသာသာသနာ ကို ဖျက်ဆီးနေတဲ့ ပါတီလဲ၊ ဘယ်ပါတီက အမျိုးဘာသာသာ သနာကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်တဲ့ ပါတီလဲဆိုတာ ကွဲကွဲ ပြားပြားသိနိုင်တယ်”ဟု အရှင်ခေမာနန္ဒက မိန့်သည်။

ဘယ်သူတွေ ထောက်ပံ့လဲ

            မဘသအဖွဲ့က NLD ကို ပေါ်ပေတင်တင် ဦးတည်ဝေဖန် ခြင်းများရှိသော်လည်း အငြိမ်းစား တပ်မတော်အရာရှိများဖြင့် ဖွဲ့စည်းထားသော လက်ရှိအာဏာရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုး ပါတီကိုမူ ဝေဖန်ခြင်းများ မတွေ့ရသလို အမျိုးစောင့်အောင်ပွဲများ တွင် ၎င်းပါတီဝင်များနှင့် ဒေသဆိုင်ရာအာဏာပိုင်များက ကူညီ မှုများပင် ရှိသည်။

            ပုသိမ်မြို့တွင်ပြုလုပ်သော မျိုးစောင့်အောင်ပွဲတွင် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့က ကူညီ ပံ့ပိုးပေးခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းအတွင်းရေးမှူး ဦးအောင်တင် မြင့် တက်ရောက်ခဲ့သည်။

            အဆိုပါပွဲတွင် ဧရာဝတီတိုင်း မဘသဆရာတော်များက လည်း အမျိုးစောင့်ဥပဒေအောင်ပွဲအတွက် ကူညီပေးသည့် ဝန် ကြီးချုပ် ဦးသိန်းအောင်ကို ကျေးဇူးအထူးတင်ရှိကြောင်း အခမ်း အနားတွင် ထည့်သွင်းပြောဆိုခဲ့သည်။

            မဘသ(ဗဟို)ဥက္ကဋ္ဌဆရာတော်ကလည်း ယင်းပွဲသို့ သဝဏ် လွှာရေးသားပေးပို့ခဲ့ပြီး ယင်းသဝဏ်လွှာတွင် အမျိုးစောင့်ဥပဒေ ဖျက်မည့်သူများ၊ ဘာသာခြား၊ လူမျိုးခြားအတွက် လုပ်ပေးနေ သူ ဒေါ်လာစားများ၊ တိုင်းပြည်နှင့် လူမျိုးဖျက်ဆီးရန် ဘာသာခြား လူမျိုးခြားများက ဘွဲ့ထူးဂုဏ်ထူးအပေးခံရသူများ၊ အာဏာမရမီ ကပင် ငမ်းငမ်းတက် အာဏာရှင်လုပ်ရပ် လုပ်နေသူများကို မဲ မပေးရန် ထည့်သွင်းရေးသားထားသည်။

            ယင်းသို့ပြောဆိုမှုများသည် အမျိုးသားရေးအတွက်သာ ဖြစ်ပြီး ၎င်းတို့အနေဖြင့် ပါတီနိုင်ငံရေးလုပ်ခြင်းမဟုတ်ဘဲ အမျိုး သားရေးကိုသာ လုပ်နေခြင်းဖြစ်ကြောင်း မဘသ(ဗဟို)ဥက္ကဋ္ဌ ဆရာတော်က ရှင်းပြသည်။

            ထို့ပြင် ဖွဲ့စည်းပုံအခြခံဥပဒေတွင်လည်း ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုရဟုသာ ပြောထားသဖြင့် တိုင်းပြည်အတွက် လိုအပ်ပါက အသုံးချသင့်သလောက် အသုံးချ ရမှာပဲဟု မိန့်ကြားသည်။

            ”အစ္စလာမ်ဘာသာဝင် နိုင်ငံမှန်သမျှက သူတို့ဘာသာရေး အတွက်ပဲ လုပ်နေတာလေ။ အဲဒါကျတော့ ဘာပြောလဲ”ဟု ဆက်၍ မိန့်သည်။

            အထက်ပါ ပုသိမ်မျိုးစောင့်ပွဲတွင်ပင် ‘တိုင်းဧရာသမိုင်း အစဉ်အလာကောင်းစေဖို့’ ဟူသည့် ဆောင်းပါးများ စုပေါင်းထား သည့် စာအုပ်များကို ဖြန့်ဝေခဲ့ပြီး ထိုဆောင်းပါးများထဲတွင် NLD ပါတီသည် ဘာသာဖျက်၊ သာသနာဖျက်ပါတီဖြစ်သဖြင့် ရှောင်ရှားကြရန် ပါရှိသည်။

            ၎င်းစာအုပ်ပါဆောင်းပါးများတွင် အစ္စလာမ်ဘာသာဝင် များသည် မွတ်စလင်ပြည်နယ်တောင်းဆိုခြင်း၊ အဆိုပါပြည်နယ် တွင် အစ္စလာမ်ဥပဒေ(Sharia Law) အသုံးပြုရန် တောင်းဆို ခြင်း စသည်တို့ကို ပြုလုပ်လျက်ရှိကြပြီး ယင်းကိစ္စများသည် ‘ရွေး ကောက်ပွဲမှာ NLD အနိုင်ရရင် တကယ်ဖြစ်လာမယ့် ကိစ္စတွေ ပါ’ဟု ရေးသားပါရှိသည်။

            မျိုးစောင့်ဥပဒေများကို လွှတ်တော်အတွင်း ဆွေးနွေးစဉ် က ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများ၏ ကိုယ်ပိုင်ဆင်ခြင်တုံ တရားရှိမှုကို လေးစားအသိအမှတ်မပြုခြင်းနှင့် နိုင်ငံတကာစံနှုန်း များနှင့် မကိုက်ညီဟုဆိုကာ အမျိုးသမီးအဖွဲ့အစည်းများနှင့်  အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ရာကျော်က ကန့်ကွက်ခဲ့သည်။

            NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်အချို့က ယင်း ဥပဒေများကို ကန့်ကွက်ဆွေးနွေးခဲ့ခြင်းများ ရှိခဲ့သောကြောင့် NLD ကို မဲမပေးရန် ဆော်သြနေခြင်းဖြစ်သည်ဟု သုံးသပ်မှုများ လည်း ရှိသည်။

            မဘသ သံဃာတော်အချို့က ပြည်ခိုင်ဖြိုးပါတီနှင့် အခြား သောအမျိုးသားရေး ဦးစားပေးပါတီများကို မဲပေးရန် ပြောကြား သကဲ့သို့ အချို့သောသံဃာများကလည်း NLD ကို ထောက်ခံ သည်ဟုဆိုကာ အတိအလင်းကြေညာခြင်းများလည်း ရှိသည်။

            မန္တလေးတိုင်းဒေသကြီး၊ မဟာဂန္ဓာရုံကျောင်းတိုက်မှ ဦးသူရိယဆိုလျှင်လည်း NLD ကိုထောက်ခံကြောင်း အောက် တိုဘာ ၁ ရက်က ကြေညာချက်ထုတ်ခဲ့သည်။

            ”မဘသပုဂ္ဂိုလ်အချို့၏ အမျိုးဘာသာအသံကောင်းဟစ်၍ ဟောပြောစည်းရုံးမဲဆွယ်နေမှုများကို ပြောတိုင်းမယုံ လက်မခံ ကြဘဲ မိမိတို့၏ ကိုယ်ပိုင်အသိဉာဏ်ကို အသုံးချကာ မိမိလူမျိုးနှင့် မိမိတိုင်းပြည်အတွက် အမှန်တကယ် အကျိုးပြု ပြောင်းလဲပေးနိုင် မည့် NLD ပါတီကိုသာ ယုံကြည်စိတ်ချစွာ ရွေးချယ်ကြဖို့ မိမိ အလေးအနက် တိုက်တွန်းလိုပါသည်” ဟု ၎င်းကြေညာချက်တွင် ပါရှိသည်။

Photo: Mg Thin Tone      အောက်တိုဘာလ ၄ရက်က ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သော အမျိုးစောင့်ဥပဒေ ဂုဏ်ပြုကြိုဆိုပွဲ

သံဃာနဲ့ မဲဆွယ်စည်းရုံးရေး

            နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန)အနေဖြင့် လည်း ‘သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများသည် ပါတီ နိုင်ငံရေးများ၌ ပါဝင်ဆောင်ရွက်ခြင်းမပြုလုပ်ရန်’ ၁၉၉၁ တွင် ညွှန်ကြားလွှာအမှတ် (၈၃) ကို ထုတ်ပြန်ခဲ့သည်။

            အဆိုပါကြေညာချက်နှင့်ပတ်သက်၍ မဟနအဖွဲ့ဝင် ဆရာ တော် ဘဒ္ဒ န္တဝိမလာစာရ(မြောင်းမြ) ထံသို့ လျှောက်ထားမေး မြန်းရာ ဆရာတော်က မဟနက ယင်းညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ခြင်းများမှာ လူမှုရေးနှင့် သာသနာရေး ရောထွေးမည် စိုးသောကြောင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းညွှန်ကြားချက်တို့ သည် ယနေ့တိုင် အသက်ဝင်လျက်ရှိကြောင်း မိန့်သည်။

            ”သံဃာအဖွဲ့အစည်းက သံဃာအလုပ်ကို လုပ်ပြီးတော့ ဂုဏ်သိက္ခာရှိရှိနဲ့ပဲ ရပ်တည်စေချင်ပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

            ”ဘီလူးစည်း၊ လူ့စည်း သိက္ခာရှိရှိနဲ့ နေနိုင်ထိုင် နိုင်အောင် ထုတ်ပြန်ကြတဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်”

            ယခုအချိန်တွင် ရွေးကောက်ပွဲအလွန်နီးကပ်နေပြီဖြစ် သဖြင့် နိုင်ငံရေးပါတီအချို့သည် မဟန ဆရာတော်များကို ပင့် ဖိတ်ကြသောကြောင့် ဆရာတော်ကြီးများ အချင်းချင်း စည်းဝေး တိုင်ပင်ပြီး ယင်းသို့ ပင့်ဖိတ်မှုမျိုးများကို မဟန ဆရာတော်ကြီး များအနေဖြင့် မသွားရောက်ရန်၊ ကိုယ့်စည်းကိုယ့်ကမ်းနှင့် ကိုယ့် ဂုဏ်သိက္ခာနှင့် ရပ်တည်ကြရန် မဟနဆရာတော်ကြီးများ အချင်းချင်း တိုင်ပင်ဆွေးနွေးပြီး လက်မှတ်ရေးထိုးထားကြောင်း မိန့်သည်။

            ”နိုင်ငံရေးပါတီတွေက သူတို့ ဗန်းပြတာပဲလား၊ စည်းရုံး တာပဲလား၊ အသုံးချတာပဲလားတော့ မသိဘူး၊ အဲဒီလို ပင့်ဖိတ် တာကို ရှေ့တန်းက သွားပြတာတို့ ဗန်းပြတာ ဒီလိုဟာတွေ မဖြစ်ပေါ်အောင်တော့ အချင်းချင်း ထိန်းထားတဲ့သဘော ရှိပါ တယ်”ဟု မဟန၏ ရပ်တည်ချက်ကို ဘဒ္ဒ န္တဝိမလာစာရ(မြောင်း မြ) က ထုတ်ဖော်မိန့် ကြားသည်။

            မဘသဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူက တော့ ”ခင်ဗျားတို့ ဒီမိုကရေစီခေတ်မှာ ပါတီရုံးဖွင့်ပွဲတွေမှာ ဘုန်းကြီးတွေ ဆွမ်းစားမကြွရတော့ဘူးလား၊  ပရိတ်တရား၊ သြဝါဒတရား မဟောကြားရတော့ဘူးလား၊ ဖဲကြိုးဖြတ်တာ၊ ရုံး ဖွင့်တာတွေ မလုပ်ရတော့ဘူးလား၊ ဒီမိုကရေစီသမားတွေ ဖြေကြပါ”ဟု အောက်တိုဘာ ၈ ရက်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။

            သီတဂူဆရာတော်ကတော့ သံဃာတော်များအနေဖြင့် သာသနာရေးသာမက လူမှုရေးနှင့် ဘာသာသာသနာအရေးကို မျှတစွာလုပ်ဆောင်ရန် ရန်ကုန်မြို့ ၌ ကျင်းပသော မျိုးစောင့် ဥပဒေပေါ်ပေါက်လာခြင်းအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ၌ သံဃာတော်များကို ယခုလို လျှောက်တင်ခဲ့သည်။

            ”ပရိယတ် ပဋိပတ် တစ်ခုတည်းကိုချည်း တန်းပြီးတော့၊ စွတ်ပြီးတော့ လုပ်နေလို့ရှိရင်၊ လူမှုရေးကျန်နေခဲ့ရင် တပည့်တော် တို့ အမျိုးသား၊ အမျိုးသမီးတွေ ဆုံးရှုံးလိမ့်မယ်”

            လူမှုရေးနှင့် ဘာသာသာသနာအရေး ဆောင်ရွက်ရန် ပြောဆိုခဲ့သော်လည်း သံဃာတော်များ နိုင်ငံရေးနယ်ထဲသို့ ရောက်ရှိသွားကြောင်းကို ဆရာတော်က ယခုလို ဆက်လက် ထောက်ပြခဲ့သေးသည်။

            ”ဒီလို အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးလုပ်ကြ တော့ သံဃာတော် အရှင်မြတ်တွေက နိုင်ငံရေး လုပ်ကြသလား လို့ မေးခွန်းတွေ မေးစရာ။ တချို့သံဃာတော်အရှင်မြတ်တွေက လည်း နည်းနည်းနယ်ကျွံတယ်နဲ့ တူပါတယ်။ ကိုယ့်နယ်ထဲ ကိုယ် မနေဘဲနဲ့ သူတစ်ပါးနယ်ထဲ ရောက်ကုန်ကြတယ်”

            နိုင်ငံရေးတွင် ဘာသာရေးကို အသုံးချနေခြင်းကို လွန်ခဲ့ သည့်နှစ်နှစ်ခန့်ကပင် စတင်တွေ့နေရပြီး လက်ရှိ ရွေးကောက်ပွဲ ကာလတွင်တော့ ‘အခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်’ကာ မဲဆွယ်စည်းရုံးနေခြင်းများ တွေ့နေရသည်ဟု NLD ပါတီ ရန်ကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါ်ဇင်မာအောင်က ပြောရင်း ယခုလို မှတ်ချက် ပြုသည်။

            ”ဒါဟာ ဒီမိုကရေစီအတွက်ကတော့ ကောင်းတဲ့လက္ခဏာ တော့ မဟုတ်ဘူး”

            မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူ သည် လွန်ခဲ့သည့်နှစ်နှစ်ကျော်က ပြုလုပ်ခဲ့သည့် တရားပွဲတွင်  NLD ပါတီထဲတွင် မွတ်စလင်များ နေရာယူထား၍ ”ဘယ်မြို့မှာ ကြည့်ကြည့် ရုံးထိုင်နေရင် မုတ်ဆိတ်တွေ ချည်းပဲ” စသဖြင့် ပြော ဆိုခဲ့ပြီး ”ခွပ်ဒေါင်းဟာ ခွပ်ဒေါင်း မဟုတ်တော့ပါဘူး။ မွတ်ဒေါင်း ဖြစ်သွားပြီ”ဟု ဟောပြောခဲ့သည်။

            ထို့ပြင် မြို့တစ်မြို့တွင်ရှိသည့် NLDပါတီရုံးကို မွတ်စလင် များ ငှားရမ်းဖွင့်ထားသဖြင့် ယင်းရုံးတွင် အာဇာနည်နေ့ပင်လျှင် ဆွမ်းကပ်ခွင့်မရတော့ကြောင်း ဦးဝီရသူက ယခုကဲ့သို့ ထည့်သွင်း ဟောပြောခဲ့သည်။

            ” NLD ရုံးလေး အငှားဖွင့်တဲ့လူကတောင် ဒီဆွမ်းကပ်ခွင့် ကို ပိတ်ပင်ခဲ့ရင် ဒီပါတီဥက္ကဋ္ဌ ဖြစ်သွားခဲ့သော်၊ ဒီနိုင်ငံ့ခေါင်း ဆောင်ဖြစ်သွားသော်၊ လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော် အမတ်  ဖြစ်သွားခဲ့သော် စဉ်းစားကြည့်ပါ၊ မလွယ်ဘူး။ ဒီကိစ္စက အလေးအနက်တွေးလေ ကြောက်စရာကောင်းလေ”

            ရဟန်းများအနေဖြင့် ယင်းသို့ သံဃာ့အရေးများနှင့် လူမှု ရေးများ ရောထွေးနေခြင်းသည် သံဃာ့အဖွဲ့အစည်းများအား လူရိုသေရှင်ရိုသေအဖြစ်မှ လျော့ရဲပျက်ပြယ်သွားနိုင်ကြောင်း ဆရာတော် ဘဒ္ဒ န္တဝိမလာစာရ (မြောင်းမြ) က မိန့်သည်။

            ”ကိုယ့်စည်းကိုယ့်ကမ်းနဲ့ နေတာပဲ ကောင်းပါတယ်လို့ပဲ ဒီလိုခံယူပါတယ်”

            ထို့ပြင် လူမှုရေးနှင့် ဘာသာရေးကိစ္စမျိုး ရောထွေးသည့် သံဃာများကိုလည်း စောင့်ကြည့်နေကြောင်း အထက်ပါ ဆရာ တော်က မိန့်သည်။

            ”မဘသတို့ ဘာတို့က လူမှုရေးကိစ္စတွေနဲ့ ရောထွေးပြီး တော့ ဘလုံးရှုပ်ထွေး အပြုအမူမျိုးရှိတဲ့အတွက် နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့က တစ်နိုင်ငံလုံး၊ တစ်တိုင်းပြည်လုံးရဲ့ သံဃာ့ ဥသျှောင်အဖွဲ့ဂုဏ်ကို ဆောင်တဲ့အဖွဲ့ဖြစ်တဲ့အတွက် ကိုယ့်စည်း ကိုယ့်ကမ်းနဲ့ ခပ်လှမ်းလှမ်းကပဲ ထိန်းကျောင်းတဲ့သဘော ဒီလို ရှိပါတယ်။ ခပ်လှမ်းလှမ်းကပဲ နေပါတယ်” ။        Next_Page

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."