၂၀၁၆-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃)မှ သုံးသပ်ချက်ဆောင်းပါး ဖြစ်ပါသည်။
သန်းစိုးနိုင် ရေးသည်။
၂ဝ၁၆၊ ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပခဲ့တဲ့ဒုတိယ သက်တမ်း ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပထမဆုံးတင်သွင်းခဲ့တဲ့အရေးကြီးအဆိုကတော့ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ရန် ဖြေရှင်း ပေးရေးအတွက် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့ အစည်းများကို တိုက်တွန်းကြောင်း အဆိုဖြစ်ပါ တယ်။ ဒီပဋိပက္ခကြောင့် ကျောင်းသူ၊ ကျောင်း သားများ၊ ဆရာ၊ ဆရာမများ အပါအဝင် ဒေသခံ ထောင်ချီပြီး နီးစပ်ရာဒေသများသို့ ထွက်ပြေး တိမ်းရှောင်နေခဲ့ကြရပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ တိုက်ပွဲများကြောင့် နေအိမ်က စွန့်ခွာထွက်ပြေးလာသူတွေ စီးနင်းလိုက်ပါတဲ့ ထော်လာဂျီတစ်စီး တိမ်းမှောက် ချောက်ထဲကျလို့ သံဃာတော်တစ်ပါးအပါအဝင် လေးဦးသေဆုံး ကာ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရသွားခဲ့ကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) (RCSS/SSA-S) နှင့် တအောန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေမှုကြောင့် စစ်ရှောင်ဒုက္ခသည် ၄,ဝဝဝ နီးပါးအတွက် စခန်းပေါင်း ၁၇ ခု တိုးချဲ့ ဖွင့်လှစ်ထားရပါတယ်။ ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခ သည်တွေထဲမှာ ရဟန်းသံဃာတော်များ၊ စာမေးပွဲဖြေခါနီး ကျောင်းသူ၊ ကျောင်းသားများ၊ မွေးခါနီး ကိုယ်ဝန်ဆောင်မိခင် များ၊ သားသည်အမေများ၊ သက်ကြီးရွယ်အိုများ စသဖြင့် ပါဝင် နေတဲ့အတွက် ဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ဒီလို အခြေအနေတွေနဲ့ပတ်သက်ပြီး ပါလီမန်က RCSS နဲ့ TNLA လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်း ပြီး နှစ်ဖက်တွေ့ဆုံညှိနှိုင်းအဖြေရှာကြဖို့ တောင်းဆိုလိုက်ပါ တယ်။ ဒါ့အပြင် အပြစ်မဲ့ပြည်သူများကို မတရားဖမ်းဆီးခြိမ်းခြောက် နှိပ်စက်ညှဉ်းပန်းနေသည့် လုပ်ရပ်များကို အပြင်းအထန် ရှုံ့ချလိုက်ပြီး ထိုလုပ်ရပ်များ အမြန်ဆုံးရပ်တန့်ပေးရန်၊ ရှမ်းပြည် နယ်ရှိ တိုင်းရင်းသားလူမျိုးများအချင်းချင်းကြား အပြန်အလှန် ယုံကြည်မှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ကို ထိခိုက်စေ သောလုပ်ရပ်များ အမြန်ဆုံး ရပ်တန့်ပေးရန်၊ အပြစ်မဲ့ ပြည်သူများ ၏ လူမှုဘဝဒုက္ခများကို စာနာထောက်ထားသောအားဖြင့် နှစ် ဖက်တပ်များ အမြန်တွေ့ဆုံညှိနှိုင်း အဖြေရှာရန် ထပ်မံတောင်းဆို လိုက်ကြပြန်ပါတယ်။
RCSS နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားနေမှုနဲ့ စပ်လျဉ်းပြီး ဖေဖော်ဝါရီ ၁၁ ရက်မှာ RCSS က သဘောထားကြေ ညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ကြေညာချက် ထဲမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုကြောင့် နှစ်ဖက်တပ်ဖွဲ့ များ သေကျေထိခိုက်ဒဏ်ရာရနေကြပြီး ဌာနေတိုင်းရင်းသား ပြည်သူများ သေကျေထွက်ပြေးတိမ်းရှောင်နေကြရသည်ကို များ စွာ စိတ်မကောင်းဖြစ်မိကြောင်း၊ တိုက်ပွဲဖြစ်ရသည့်အကြောင်း ရင်းမှာ RCSS စစ်ဒေသ ၇ဝ၁ နမ့်ခမ်းမြို့နယ် အခြေစိုက်တပ်ဖွဲ့ဝင် များ၊ ဗဟိုဌာနချုပ်မှ NCA လုပ်ငန်းဆိုင်ရာ သင်တန်းတက် ရောက်ပြီးအပြန် မိုင်းဝီးဒေသတွင် TNLA မှ ချုံခိုတိုက်ခိုက်မှု ကြောင့် သေကျေဒဏ်ရာရသူ ၁၁ ဦး ရှိခဲ့ကြောင်း၊ TNLA ၏ လုပ်ရပ်များသည် လူမျိုးရေးပဋိပက္ခအသွင်ဆောင်လာမည်ကို အထူးစိုးရိမ်မိကြောင်း၊ နှစ်ဖက်ပဋိပက္ခတိုက်ပွဲများ ချုပ်ငြိမ်းရေး အတွက် TNLA တာဝန်ရှိသူများဘက်မှ ပြဿ နာအရင်းအမြစ် ကို ပြန်လည်သုံးသပ်ပေးရန် လိုအပ်ကြောင်း RCSS က ထုတ် ပြန်ကြေညာခဲ့ပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁၃ ရက်စွဲဖြင့် TNLA က သဘော ထားထုတ်ပြန်ရာမှာ ၂ဝဝ၉၊ ၂ဝ၁ဝ နောက်ပိုင်းမှာ နမ့်ခမ်းမြို့နယ် နှင့် ကျောက်မဲမြို့နယ်တို့တွင် RCSS အဖွဲ့ စတင်လှုပ်ရှားလာခဲ့ ကြောင်း၊TNLA အနေဖြင့် ၎င်းတို့ဒေသတွင် နယ်မြေချဲ့ထွင်ခြင်း မပြုရန် RCSS အား အကြိမ်ကြိမ်တားမြစ်ခဲ့ကြောင်း၊ သို့သော် RCSS တို့က နယ်မြေဆက်လက်တိုးချဲ့လှုပ်ရှားလာသဖြင့် မလို လားအပ်တဲ့ တိုက်ပွဲတွေ ဖြစ်လာရခြင်းဖြစ်ကြောင်း၊ နှစ်ဖက် တိုက်ပွဲများကြောင့် ပြည်သူများ စစ်ဘေးစစ်ဒဏ်ခံနေကြရသည် ကို စိတ်မကောင်းကြောင်း၊ ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေ သည့် တိုက်ပွဲများနှင့် စပ်လျဉ်း၍ RCSS နှင့် တွေ့ဆုံဆွေးနွေးရန် TNLA က အဆင်သင့်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ဖေဖော်ဝါရီ ၇ ရက်မှ ၁၁ ရက်အထိ တိုက်ပွဲ ဖြစ်စဉ်များကို ဖော်ပြရာမှာ တိုက်ပွဲတွေ အပြင်းအထန် နေ့စဉ် ဖြစ်ပွားခဲ့ရတဲ့ အဓိကအကြောင်းရင်းက တပ်မတော်တပ်ဖွဲ့တွေ ဟာ RCSS တွေ ဘက်ကနေ သဏ္ဌာန်အမျိုးမျိုးနဲ့ ပူးပေါင်းပါဝင် ကူညီတိုက်ခိုက်ပေးခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ ကောက်ချက်ချ ထားခဲ့ကြပါတယ်။
ဒီလို ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စစ်ဘေးစစ်ဒဏ်ခံနေရတဲ့ ပြည်သူတွေ အရေးကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီးမောင်မောင်ဦးက ”TNLA အဖွဲ့အနေနဲ့ အဓမ္မလူသစ်စုဆောင်းပြီး ပလောင်ကိုယ် ပိုင်အုပ်ချုပ်ရေးဒေသနဲ့ ဆက်စပ်နေတဲ့ ဒေသများကို နယ်မြေချဲ့ ထွင်လာခြင်း၊ RCSS အနေဖြင့် ၂ဝ၁၂၊ မေမှာ လက်မှတ်ရေးထိုး ခဲ့တဲ့ သဘောတူညီချက်ပါ သတ်မှတ်နယ်မြေထက် ကျော်လွန် လှုပ်ရှားလာခဲ့ခြင်း၊ ၂ဝ၁၅၊ အောက်တိုဘာ ၁၅ မှာ ချုပ်ဆိုခဲ့တဲ့ NCA သဘောတူညီချက်များကို ချိုးဖောက်ခြင်း၊ နှစ်ဖက်လေး စားလိုက်နာရမည့် အပစ်အခတ်ရပ်စဲရေး စည်းမျဉ်းစည်းကမ်း များ၊ စစ်ရေးဆိုင်ရာ ကျင့်ဝတ်များ (Military Code of Conduct) တို့ကို လိုက်နာဖို့ ပျက်ကွက်ခြင်းတို့ကြောင့် တိုက်ပွဲ များ ဖြစ်ပွားပြီး ပြည်သူတွေ ဒုက္ခရောက်စေခဲ့တယ်”လို့ ကောက် ချက်ချခဲ့ပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး မောင်မောင်ဦးရဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ ကောက်ချက်ဟာ ယေဘုယျကျကျ လုံးထွေးပြော သွားပေမယ့် အမှန်တရား တစ်စိတ်တစ်ပိုင်းတော့ ပါဝင်ပါတယ်။ TNLA က တပ်သားသစ်ကောက်တယ်။ ပလောင်နယ်မြေတိုးချဲ့ဖို့ ကြိုးစားတယ်ဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သမားရိုးကျ လုပ်ရိုးလုပ်စဉ်လုပ်ငန်းပါ။ သိပ်အပြစ်ပြောစရာ မလိုအပ်လှ ပါဘူး။ ဒါပေမဲ့ TNLA ကို RCSS က တိုက်ခိုက်ရာမှာ တပ်မတော်ကRCSS ဘက်က ပါဝင်ကူညီခဲ့တယ်ဆိုတဲ့ စွဲချက်ကို ရှောင်လွှဲသွားခဲ့ပါတယ်။ ဒီအချက်အလက်သာ မှန်ကန်မယ်ဆိုရင် တပ်မတော်က NCA လက်မှတ်မထိုးတဲ့ အဖွဲ့တွေကို NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းနှိမ်နင်းမှာကို စိုးရိမ်တယ်ဆို တဲ့ UNFC ခေါင်းဆောင်တချို့ရဲ့ မှန်းဆချက်ဟာ အဓိပ္ပာယ်ရှိ တယ်လို့ ဆိုရပါလိမ့်မယ်။
တကယ်တော့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်း ထန်ပြီး ပြည်သူတွေ စစ်ဘေးစစ်ဒဏ် ခံစားနေကြရတာ အရင်းခံ အားဖြင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူး ကြီး မောင်မောင်ဦးကောက်ချက်ချသလိုပဲ RCSS တပ်ဖွဲ့ရဲ့ NCA ကို အကာအကွယ်ယူ အသုံးချပြီး သြဇာခံနယ်မြေချဲ့ထွင်ဖို့ ကြိုးစားခဲ့လို့ပါပဲ။ SSA (တောင်ပိုင်း)လို့ နာမည်ခံခဲ့တဲ့ RCSS ရဲ့ နယ်မြေအဖြစ် NCA က အသိအမှတ်ပြုထားတာ၊ တောင်ကြီး၊ ကျိုင်းတုံကားလမ်းတောင်ဘက် ရှမ်းပြည်အလယ်ပိုင်းတိုင်းနယ် မြေပါပဲ။ ဒါပေမဲ့ ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေး-မူဆယ်ကားလမ်း မြောက်ဘက် ကျောက်မဲကနေ နမ့်ခမ်းအထိ အင်နဲ့အားနဲ့ ဝင် ရောက်လှုပ်ရှားလာနိုင်တာ အလွန်အံ့သြစရာကောင်းတဲ့ စစ်ရေး ခြေလှမ်းကြီး ဖြစ်သလို NCA စာချုပ်ကို အတိအလင်း ချိုး ဖောက်လိုက်တာလည်း ဖြစ်ပါတယ်။ RCSS အနေနဲ့ တခြားအင် အားစုတစ်ရပ်ရဲ့ ပံ့ပိုးကူညီမှုမရဘဲ ဒီလိုခြေလှမ်းမျိုးလှမ်းနိုင်ဖို့ အလွန်ခဲယဉ်းပါတယ်။ တပ်မတော်က SSA (မြောက်ပိုင်း) ဝမ် ဟိုင်းဌာနချုပ်ကို အပြင်းအထန် ထိုးစစ်ဆင်နေချိန်နဲ့ ချိန်ကိုက် လှုပ်ရှားခဲ့ပုံပါပဲ။ ဒါထက် ပိုးဆိုးတာကတော့ ပလောင်အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်နယ်မြေထဲအထိ RCSS က စစ်ရေးအရ ဝင်ရောက်လှုပ်ရှားလာခြင်းဟာ အမျိုး သားနယ်နိမိတ်စည်းကြောင်းကို ချိုးဖောက်ကျူးကျော်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့လည်း တအောန်းပလောင် (TNLA) အဖွဲ့ရဲ့ ခုခံတွန်းလှန်မှုနဲ့ အပြင်းအထန် ရင်ဆိုင်တိုက်ခိုက်ရတာ မဆန်းပါ ဘူး။ ဒီလို RCSS အဖွဲ့ရဲ့စစ်ရေးစည်းကမ်းမလိုက်နာမှု၊ စစ်ရေး ဆိုင်ရာ ကျင့်ဝတ်ပစ်ပယ်မှု၊ NCA သဘောတူညီချက် ချိုးဖောက် မှုတွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း တာဝန်ရှိတဲ့ အင်အား စုတွေက ဘာကြောင့် တားဆီးကန့်သတ်မှု တစ်စုံတစ်ရာ မလုပ်ဘဲ ထိုင်ကြည့်နေကြတာလဲ။ NCA လက်မှတ် မထိုးသေးတဲ့ အင်အားစုတွေ ချေမှုန်းရေး နည်းပရိယာယ်လား၊ အမျိုးသားရေး ပဋိ ပက္ခတွေ အုံကြွပေါက်ကွဲပြီး ပြည်တွင်းစစ်ပွဲ အဓွန့်ရှည် ရှင်သန် စေချင်လို့လား။ မေးစရာမေးခွန်းတွေ များလှသလို စဉ်းစားစရာ တွေကလည်း များလှပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအခြေ ဆိုက် လာတာ NCA မှာ အားလုံးပါဝင်ရေး၊ နိုင်ငံရေးစားပွဲဝိုင်းမှာ အားလုံးထိုင်နိုင်ရေး၊ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးအခြေခံတည် ဆောက်ရေးတို့အတွက် အလားအလာကောင်းတွေ မဟုတ်တာ တော့ သေချာပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တတိယ အကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံရာမှာ ထာဝရ ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါ တယ်။ အမှန်ပါပဲ။ ငြိမ်းချမ်းရေးမရရှိရင် တရားဥပဒေစိုးမိုးမှု အပြည့်အဝရှိမှာ မဟုတ်ပါဘူး။ ယခုအချိန်မှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့ ရှိတဲ့အနက် ရှစ်ဖွဲ့သာ NCA လက်မှတ်ထိုးနိုင်သေးလို့ အပစ်အခတ်ရပ်စဲရေးအဆင့်တောင် အပြည့် အဝ အကောင်အထည် မဖော်နိုင်သေးဘဲ သေနတ်သံတွေ ညံနေ ဆဲပါ။ အရင်ဆုံး တစ်ပြည်လုံး သေနတ်သံတွေ တိတ်သွားဖို့က NCA မှာ ဒေါ်အောင်ဆန်းစုကြည်တင်ပြခဲ့သလို အားလုံးပါဝင် နိုင်အောင် ကြိုးပမ်းကြရပါလိမ့်မယ်။
NCA မှာ ဘာကြောင့် အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင် ခြင်းမရှိတာလဲ။ အဓိကအားဖြင့် UNFC အဖွဲ့ဝင်ဖြစ်တဲ့ တအောန်းပလောင်အဖွဲ့၊ ရခိုင်တပ်မတော် (AA) နဲ့ ကိုးကန့်တပ် ဖွဲ့တို့ကို NCA မှာ ပါဝင်လက်မှတ်ရေးထိုးခွင့်ပေးဖို့ တပ်မတော်က သဘောမတူလို့ပါ။ သူတို့ ပါဝင်ခွင့်မရတဲ့အတွက် KIA ကလည်း NCA မှာ ပါဝင်လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပါဘူး။ တကယ် တော့ ကိုးကန့်တပ်ဖွဲ့က တစ်ဖက်သတ်အပစ်ရပ်ကြောင်း ကြေ ညာထားပြီးသားပါ။ ပလောင်အဖွဲ့ကလည်း သူတို့အနေနဲ့ စစ် ဆင်ရေးတွေ ရပ်ဆိုင်းထားပြီး အစိုးရဘက်က ထိုးစစ်ဆင်လာရင် ခုခံဖို့ ပြင်ဆင်ထားရုံပဲ ရှိတယ်။ ရခိုင်တပ်မတော်ကလည်း NCA မှာပါဝင်ခွင့်ပေးရင် ပါဝင်ဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ တပ်မတော် ဘက်က ကိုးကန့်အဖွဲ့ကို အပစ်ရပ်ဖို့ သဘောထားမရှိဘဲ အပြုတ် တိုက်ဖို့သာ ဆုံးဖြတ်ထားတယ်။ ပလောင်ဒေသထဲကို RCSS တပ်ဖွဲ့တွေ သွတ်သွင်းပြီး အချင်းချင်း တိုက်ပွဲတွေဖြစ်အောင် ခင်းကျင်းပေးထားတယ်။ ရခိုင်တပ်မတော်ကိုလည်း တပ်မတော် က အပြီးတိုင်ချေမှုန်းသွားမယ်လို့ သဘောထားထုတ်ပြန်ထားပါ တယ်။ ဒီတော့လည်း NCA မှာ အားလုံးပါဝင်ခွင့်မရတာ မဆန်းပါဘူး။
နှစ်ပေါင်း ၇ဝ နီးပါး ကြာညောင်းခဲ့တဲ့ ပြည်တွင်းစစ်သမိုင်း မှာ အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ ‘သောင်းကျန်းမှု အမြစ် ပြုတ်ချေမှုန်းရေး’မူဝါဒကြောင့် လက်နက်ကိုင်အင်အားစုတွေ ပြုတ်မသွားတဲ့အပြင် ပိုလို့တောင် တိုးပွားကြီးထွားလာခဲ့ပါတယ်။ အဓွန့်ရှည်တည်တံ့တဲ့ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ချင် ရင် ဒီ ‘သောင်းကျန်းသူ အမြစ်ဖြုတ်ချေမှုန်းရေး’ မူဝါဒကို ဖယ် ရှားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ဖြင့် ယုံကြည်မှု တည်ဆောက်ရပါလိမ့်မယ်။ စားပွဲဝိုင်းနိုင်ငံရေးနည်းနဲ့ ပြဿ နာ တွေ ဖြေရှင်းဖို့ NCA မှာ အားလုံးပါဝင်နိုင်အောင် ကြိုးပမ်းရမှာ ပါ။ နိုင်ငံရေးဆွေးနွေးပွဲကတစ်ဆင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည် ထောင်စုထူထောင်နိုင်မည့် အခြေခံတွေ တည်ဆောက်ရမှာ ဖြစ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးလို ‘သောင်းကျန်းမှု အမြစ်ပြုတ်ချေမှုန်းရေး’ မူဝါဒ မကျင့်သုံးဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးစိတ်ဓာတ်နဲ့ NCA မှာ အား လုံး ပါဝင်ရေးမူ ကျင့်သုံးလာအောင် ဆွေးနွေးစည်းရုံးနိုင်ရင်တော့ ငြိမ်းချမ်းရေးခရီးက မဝေးတော့ပါဘူး။ ။

