ရန်ကုန်-၂၀၂၄ ဇူလိုင် ၂၆ (မော်ကွန်း)
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့အနီးမှာ ဧရာဝတီမြစ်ရေမြင့်တက်လာလို့ ကျေးရွာ ၁၂ ရွာ ရေနစ်မြုပ်နေပြီး ဒီနေ့မနက်အထိ မြစ်ရေဆက်တက်နေတာကြောင့် အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လုပ်နေရတယ်လို့ ကယ်ဆယ်ရေးသမားတွေက မော်ကွန်းကို ပြောပါတယ်။
အဖျောက်မြို့နယ်ထဲမှာ လွန်ခဲ့တဲ့ငါးရက်ဝန်းကျင်ကတည်းက ဧရာဝတီမြစ်ရေဟာ နေ့စဉ်တိုးလာနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ တချို့ကျေးရွာတွေမှာ နေအိမ်တံစက်မြိတ်အထိကို ရေနစ်မြုပ်နေပြီလို့ လူမှုကူညီရေးအဖွဲ့(ရန်ကုန်)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ရေကတော့ ဒီမနက်အထိ တိုးတုန်းပါဗျ။ အဲဒီရွာတွေမှာ လွတ်တဲ့နှစ်ရွာရှိတယ်။ အဲဒီရွာတွေမှာ ရေဘေးရှောင်တွေကို ထားထားပါတယ်။ ရေက ဒီနေ့ထိဆို သုံးပေလောက်ထပ်တက်လာတဲ့အတွက် အခုရေဘေးရှောင်တွေထားတဲ့နေရာတွေမှာလည်း မြုပ်နိုင်ပါတယ်” လို့ သူကပြောပါတယ်။
တိုက်ကြီးမြို့နယ်ထဲမှာ ရေဘေးကယ်ဆယ်ရေးစခန်းခြောက်ခုဖွင့်ထားလို့ ရေနစ်မြုပ်နေတဲ့ ကျေးရွာတွေက ရေဘေးရှောင်တစ်ထောင်ဝန်းကျင်ကို တိုက်ကြီးမြို့နယ်ကို ပို့ဖို့လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။
လက်ရှိအချိန်မှာအထိ မြစ်ရေဆက်တက်နေလို့ ရေဘေးရှောင်ရသူတွေဟာ အရေးပေါ်သောက်သုံးရေ၊ စားနပ်ရိက္ခာအကူအညီတွေလည်း လိုအပ်လာနေတယ်လို့ သူကဆက်ပြောပါတယ်။
“သောက်သုံးရေအတွက်ကတော့ ရှင်သန်ရေးကူညီမှုအသင်းကနေ ရေဘောက်ဆာတစ်စီး ဂါလန် သုံးထောင်ကျော်ရှိတာ ပို့ထားပါတယ်။ နောက်ရေသန့်ဘူးတွေချက်ပြုတ်ဖို့အတွက် သီးသန့်အလှူခံပြီး လှူဒါန်းပေးနေပါတယ်။ စားနပ်ရိက္ခာကတော့ ရေကဘယ်လောက်ကြာဦးမလဲမသိဘူး။ ကျွန်တော်တို့က လူပဲကယ်ထုတ်နိုင်တာလေ။ ဆိုတော့ အဲဒါတွေကတော့ လိုလာမှာပါဗျ” လို့ သူကပြောပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ နေ့လယ်ပိုင်းက မြစ်ရေကြီးမှုအခြေအနေ သတင်းထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေဟာ ဇလွန်မြို့(အဖျောက်မြို့တစ်ဖက်ကမ်း)မှာ စိုးရိမ်ရေမှတ်အထက် နှစ်ပေခွဲကျော်လွန်နေသလို နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနိုင်တယ်လို့ အသိပေးထားပါတယ်။
အဲဒီအပြင် ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်မှာလည်း နောက်နှစ်ရက်အတွင်း မိုးအသင့်အတင့် ဆက်ရွာနိုင်သေးတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ဒီလလယ်ပိုင်းက စတင်ရွာသွန်းနေတဲ့မိုးကြောင့် နိုင်ငံအနှံ့အပြားမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေပါတယ်။ ဧရာဝတီ၊ ပဲခူး၊ ကရင်၊ ကရင်နီ၊ မွန်၊ မကွေး၊ စစ်ကိုင်းနဲ့ ရခိုင်လို ဒေသတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်နေပြီး လယ်တွေရေမြုပ်တာ၊ အိုးအိမ်တွေရေလွှမ်းပျက်စီးတာနဲ့ လမ်းပိုင်းတွေပြတ်တောက်တာတွေလည်း ဖြစ်ပွားနေပါတယ်။
ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ မြစ်ရေတက်နေသလို ဒီနေ့မနက်ပိုင်းကလည်း ကွမ်းခြံကုန်းမြို့နယ်ထဲမှာ လေဆင်နှာမောင်းတိုက်လို့ ကျေးရွာနှစ်ရွာက အိမ်ခြေခုနစ်ဆယ်ပျက်စီးပြီး လူဦးရေသုံးရာကျော် လေဘေးဒုက္ခကြုံနေရပါတယ်။
ပုံစာ-အဖျောက်မြို့နယ်ထဲက ကျေးရွာတချို့ရေနစ်မြုပ်နေတဲ့မြင်ကွင်း။
ဓာတ်ပုံ-YRO, Tun Myat Nyunt
Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
Telegram
https://t.me/MawkunMM
Facebook
https://facebook.com/mawkunmagazine
Youtube
https://youtube.com/@mawkunmagazine494/community
TikTok
https://tiktok.com/@mawkunmagazine
X
https://x.com/MawKunMM
Substack
https://mawkunmagazine.substack.com/
Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

