YBS က ပေးသောသင်ခန်းစာ

ရန်ကုန်မြို့တွင်းနှစ်ပေါင်းများစွာပြေးဆွဲခဲ့သည့် မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေး(မထသ)ကို ဖျက်သိမ်းကာ Yangon Bus Service (YBS) ဖြင့်အစားထိုးသည့် စီမံကိန်းကိုယမန်နေ့(ဇန်နဝါရီ ၁၆)က စတင်အကောင်အထည်ဖော်ခဲ့ရာတွင် ကသောင်းကနင်းဖြစ်ခဲ့ရသည်။

မော်တော်ယာဉ်စီးနင်းသူများမကျေမနပ်ပြောဆိုသည့်အထဲတွင် မော်တော်ယာဉ်စီးရေမလုံလောက်သောကြောင့် မှတ်တိုင်တွင်အချိန်ကြာမြင့်စွာစောင့်ရခြင်း၊ ယာဉ်လမ်းကြောင်များသေချာမသိခြင်းနှင့် အဆင့်ဆင့်စီးရသည့်အတွက် အချိန်ပိုမိုကုန်သလိုယာဉ်စီးခပိုမိုကုန်ကျမှုတို့သည် အဓိကပြဿ      နာများဖြစ်လျက်ရှိသည်။

ယာဉ်လိုင်းနာမည်နှင့် ပြေးဆွဲသည့်လမ်းကြောင်းသာပြောင်းသွားသော်လည်း စီးရသည့်ဘတ်စ်ကား၊ဆက်ဆံရသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာယခင်လူများဖြစ်နေသည်ဟုဆိုကာထောက်ပြသူများလည်းရှိပါသည်။

တစ်ဖက်တွင်လည်းစနစ်ဟောင်းမှ စနစ်သစ်သို့ကူးပြောင်းရာတွင် ဖြစ်လေ့ဖြစ်ထရှိသည့် တဒင်္ဂအဆင်မပြေမှုများကို စိတ်ရှည်သည်းခံပေးကြပါရန် တိုက်တွန်းပြောဆိုသံများကိုလည်းကြားရသည်။ ဆိုရလျှင် ယမန်နေ့တစ်နေ့လုံး Facebook လူမှုကွန်ယက်သည် ဆန့်ကျင်ဘက်အမြင်အမျိုးမျိုးရှိသူများ၏ အယူအဆများ၊ ငြင်းခုန်မှုများ၊ ဒေါသများဖြင့် ပြည့်နှက်လျက်ရှိသည်ကိုတွေ့ရသည်။

မြေပြင်တွင်တော့ ဘတ်စ်ကားမှတ်တိုင်များတွင် သောင်တင်နေသောရာထောင်ချီသည့်ခရီးသည်များ အတတ်နိုင်ဆုံးအဆင်ပြေစေရန် လုပ်အားပေးကြသူများ၊ မိမိတို့ကိုယ်ပိုင်ယာဉ်များဖြင့် ခရီးသည်နိုင်သလောက် အခမဲ့တင်ဆောင်သူများကိုလည်း မြင်တွေ့ရပါသည်။

အထက်ပါမြင်ကွင်းမျိုးကို ကျွန်ုပ်တို့ မည်သည့်အချိန်ထိမြင်တွေ့ရမည်ကိုမူမှန်းဆမရနိုင်သေးပါ။ သေချာသည့်အချက်မှာ လုပ်အားပေးသူများလည်း အမြဲတမ်းလုပ်အားပေးနိုင်မည်မဟုတ်သကဲ့သို့ မိမိတို့ယာဉ်အသုံးပြုပြီးခရီးသည်များကို အခမဲ့ပို့ဆောင်ပေးသူများလည်း ရေရှည်အဆင်ပြေလိမ့်မည်မဟုတ်ပါ။ ထို့ထက် ခရီးသွားပြည်သူများ ဆက်လက်သည်းခံနိုင်ကောင်းမှ သည်းခံနိုင်ပါလိမ့်မည်။

ဖြစ်စဉ်တစ်ခုလုံးကို ခြုံကြည့်လိုက်မည်ဆိုလျှင် ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် YBS စနစ်ကိုစနစ်တကျအချိန်ယူ ပြင်ဆင်မှုမရှိခဲ့ဘဲ အလျင်စလိုအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်မှာ ထင်ရှားလျက်ရှိသည်။ အပြောင်းအလဲတွင် ပါဝင်မည့်သူများဖြစ်သည့် ယာဉ်ပိုင်ရှင်များ၊ ယာဉ်လုပ်သားများ၊ ထို့အပြင် အပြောင်းအလဲနှင့်တိုက်ရိုက်သက်ဆိုင်သည့် ခရီးသည်များကို ကြိုတင်အသိပေးပြင်ဆင်ခြင်း အားနည်းခဲ့သည်ကိုတွေ့ရသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ဤအစီအစဉ်ကိုဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဧဂျင်စီ (JICA) နှင့် အချိန်ယူရေးဆွဲခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ သို့သော် သတ်မှတ်ထားသည့်အတိုင်း ယာဉ်စီးရေလုံလုံလောက်လောက် မပြေးဆွဲနိုင်ခြင်းနှင့် ယာဉ်မောင်းသူ၊ ယာဉ်နောက်လိုက်များ စမ်းတဝါးဝါးဖြစ်နေခြင်းတို့က ၎င်း၏အဆိုကိုဆန့်ကျင် နေကြသည်။

မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲခြင်းကိုကြိုဆိုပါသည်။ သို့သော် သက်ရောက်မှုကြီးမားသော စီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖော်ရာတွင် ခရီးသည်များ၏ သဘောထားအမြင်များကို အချိန်ယူမေးမြန်းကာ အကောင်းဆုံးဖြစ်နိုင်မည့်အစီအစဉ်ကို စနစ်တကျအကောင်အထည်ဖော်သင့်ပါသည်။ အစိုးရသစ်တက်လာပြီးကာစက အကောင်အထည်ဖော်ခဲ့သည့် ကွမ်းစားသုံးမှုနှင့် စည်းကမ်းမဲ့ကွမ်းတံတွေးထွေးမှုလျော့နည်းရေးနှင့် လမ်းဘေးဈေးသည်ပပျောက်ရေးကဲ့သို့သော စီမံကိန်းများကို ကြည့်မည်ဆိုလျှင်လည်း လူထု၏သဘောထားအမြင်များကို တောင်းခံမှုနှင့်ဖြစ်နိုင်ခြေတို့ကိုဆန်းစစ်မှု အားနည်းခဲ့သည်ကိုတွေ့ရသည်။ ထို့ကြောင့်လည်းအောင်မြင်သင့်သလောက် မအောင်မမြင်ဖြစ်ခဲ့ရသည်။

စင်စစ်တွင်ပြည်သူ့ရေးရာမူဝါဒများချမှတ်ရာ၌ ပြည်သူများ၏ အသံကိုနားထောင်ရေးမှာ လွန်စွာအရေးကြီးပါသည်။ ဖြစ်နိုင်ခြေနှင့် လုပ်နိုင်အားတို့ကို ကြိုတင်ထည့်မတွက်ဆဘဲအထက်ကချမှတ်လိုက်သည့် အစီအစဉ်များကို အောက်ခြေက မဖြစ်မနေအကောင်အထည်ဖော်ပေးရသည့် ယခင်အစိုးရအဆက်ဆက်ကကျင့်သုံးခဲ့သည့်စနစ်မျိုးကို ကျွန်ုပ်တို့ မြေမြှုပ်ပစ်သင့်ပါပြီ။

ယခုဖြစ်စဉ်ကိုသင်ခန်းစားယူ၍ ရှေ့လျှောက်အကောင်အထည်ဖော်မည့် စီမံကိန်းများတွင် ပြည်သူကိုဗဟိုပြု၍ ပြည်သူအသံကိုအလေးအနက်ထားသည့် ပြည်သူ့ရေးရာမူဝါဒမျိုးကိုအချိန်ယူပြင်ဆင်ကာ ရေးဆွဲအကောင်အထည်ဖေါ် သင့်ပါကြောင်း ကျွန်ုပ်တို့မော်ကွန်းကတိုက်တွန်းအပ်ပါသည် ။    ။

 

 မော်ကွန်းမဂ္ဂဇင်း မှ အယ်ဒီတာ အာဘော်ဖြစ်ပါသည်။

 

မော်ကွန်းအယ်ဒီတာ အဖွဲ့
mawkun.chronicle@gmail.com

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."