ကော်သူးလေ – ၂၀၂၄ ဇူလိုင် ၂၆ (မော်ကွန်း)
လတ်တလော မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြန်မာပြည်တောင်ပိုင်း၊ ပဲခူး၊ မွန်နဲ့ ကရင် တကြောက မြစ်ချောင်းတွေရေတက်လာပြီး ရေကြီး၊ ရေလျှံတာတွေ ဖြစ်နေပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေမှာ ပဲခူးတိုင်းအရှေ့ခြမ်းမှာရှိတဲ့ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ ကော်သူးလေဒေသထဲက သံလွင်မြစ်၊ သောင်ရင်းမြစ်၊ မွန်ပြည်နယ်၊ ဘီးလင်းမြစ်တွေမှာ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်နေပါတယ်။
မိုးဇလခန့်မှန်းချက်အရ ဒီမြစ်ရေတွေဟာ နောက်ထပ် ၂၄ နာရီအတွင်း ထပ်မံမြင့်တက်လာနိုင်တာကို တွေ့ရပါတယ်။
ကော်သူးလေ၊ ကေအဲန်ယူအုပ်ချုပ်နယ်မြေထဲက ကျုံဒိုး၊ လှိုင်းဘွဲ၊ ဘားအံ၊ ကမမောင်း၊ ကော့ကရိတ်၊ ကျိုက်ဒုံ၊ ဝင်းရေး၊ မြဝတီမြို့တွေနဲ့ ကျေးရွာတွေမှာ ရေကြီး၊ ရေလျှံတာတွေ၊ တောင်ကျရေကြောင့် ရေလွှမ်းတာတွေရှိနေပါတယ်။
ကေအဲန်ယူ တပ်မဟာ ၆၊ ဝင်းရေးမြို့နယ်၊ ထိမံထိုရွာနဲ့အနီးတဝိုက်ဆိုရင် ဝင်းရော်မြစ်နဲ့ ဇမိမြစ်တို့ဆုံတဲ့နေရာဖြစ်တာရယ် အခုဆက်တိုက်ရွာသွန်းနေတဲ့မိုးကြောင့် ရေကြီးနေကျ အရင်နှစ်တွေထက် ပိုပြီး ရေတက်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကော့ကရိတ်တောင်ပိုင်း၊ ကျေးရွာတချို့နဲ့ လယ်ကွင်းတွေမှာလည်း ရေဖုံးလွှမ်းလာပြီး ဟောင်သရောမြစ်ရေတက်လာတာကြောင့် ကျေးရွာချင်းဆက်လမ်းတွေပါ သွားလာလို့ မရတော့ပါဘူး။
ကေအဲန်ယူ တပ်မဟာ ၇၊ KNU-KNLA (PC)နယ်မြေထဲမှာလည်း ရေကြီးလို့ ပိုင်ကျုံမြို့၊ နောင်ခွီးကျေးရွာက တံတားတစင်းလည်း မနေ့က ပြိုကျခဲ့ပါတယ်။
မြဝတီမြို့မှာလည်း သောင်ရင်းမြစ်ရေတက်လာတာကြောင့် မြစ်ကမ်းနဲ့နီးတဲ့ လူနေရပ်ကွက်တွေမှာ ရေဝင်ရောက်လာသလို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်မှာလည်း ရေဝင်ရောက်တာတွေရှိပါတယ်။
မွန်-ကရင်နဲ့ တောင်ပိုင်းဒေသတွေမှာ အခုလ ၁၈ ရက်ကနေ ၂၂ ထိ မိုးများနိုင်တယ်လို့ မိုးလေဝသတိုင်းတာရေးမိုဒယ်တွေက ကြိုတင်ခန့်မှန်းခဲ့ကြပြီး တိုင်ဖွန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှာ မုတ်သုန်လေအားကောင်းလာကာ အခုရက်ပိုင်းထိ မိုးတွေ အဆက်မပြတ်ရွာသွန်းနေတာဖြစ်ပါတယ်။
မိုးဇလရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ နောက်ထပ်နှစ်ရက်ထိ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာ မိုးပိုများနေဦးမှာဖြစ်ပြီး မွန်-တနင်္သာရီကမ်းရိုးတန်းတွေမှာ မိုးသက်လေပြင်းတွေကျရောက်နိုင်ကာ လှိုင်းကြီးနိုင်တယ်လို့ သိရပါတယ်။
ပုံစာ – ကေအဲန်ယူ တပ်မဟာ ၆၊ ဒေသအတွင်း ရေဖုံးလွှမ်းနေမှုမြင်ကွင်း
ဓါတ်ပုံ – Mawkun
Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
Telegram
https://t.me/MawkunMM
Facebook
https://facebook.com/mawkunmagazine
Youtube
https://youtube.com/@mawkunmagazine494/community
TikTok
https://tiktok.com/@mawkunmagazine
X
https://x.com/MawKunMM
Substack
https://mawkunmagazine.substack.com/
Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

