NLD ရွေးကောက်ပွဲကြေညာစာတမ်းပါ တပ်မတော်နှင့်သက်ဆိုင်သည့် စိုးရိမ်စရာတစ်ချို့ကို Justice for Myanmar အဖွဲ့ ထုတ်ပြန်

အောင်ပိုင်
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၁၇ (မော်ကွန်း)

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး စိုးရိမ်စရာနှစ်ချက်ရှိသည်ဟု Justice for Myanmar အဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ပထမအချက်မှာ ကာကွယ်ရေးနှင့် လုံခြုံရေးအခန်းတွင် “စစ်ရေးစွမ်းရည် ထက်မြတ်၍ နည်းပညာပိုင်းဆိုင်ရာ တိုးတက်ခေတ်မီသည့် တပ်မတော် ဖြစ်ရန်”ဟု ပါရှိပြီး စစ်တပ်၏ လက်နက် ဝယ်ယူမှုများ၊ တိုက်ခိုက်ရေးနှင့် နည်းပညာစွမ်းရည် ပံ့ပိုးမြှင့်တင်ပေးခြင်းအားဖြင့် နိုင်ငံတကာ ရာဇဝတ်မှုတွေကျူး လွန်ရာတွင် အရပ်သားအစိုးရက အားပေး ကူညီထောက်ပံ့သူ ဖြစ်သွားစေနိုင်သည်ဟု ထိုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒုတိယအချက်မှာ စစ်တပ်ရေးသားခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပါမလာခဲ့ခြင်းသည်လည်း ဘတ်ဂျက်ထဲအကျုံးမဝင်သည့် စစ်ရေး ဘဏ္ဍာသုံးစွဲမှုများ၊ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကျင့်ပြချစားမှုများနှင့် စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်ခွင့်ပြုထားခြင်း ဖြစ်စေသည်ဟု ထုတ်ပြန်ချက်တွင် ဝေဖန်သည်။

ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အပေါ် NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “တပ်မတော်ကနေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ အချက်က ခေတ်မီလက်နက်တွေရှိမှ လုပ်လို့ရတာမဟုတ်ပါဘူး။ ရဝမ်ဒါနိုင်ငံမှာဆိုလည်း ဓားနဲ့ပဲ သိန်းနဲ့ချီပြီး သတ်ခဲ့တာရှိပါတယ်။ တိုးတက်ခေတ်မီတာက နိုင်ငံချင်းဖြစ်ပွားတဲ့ နယ်စပ်ဖြတ်ကျော် အငြင်းပွားမှုတွေမှာ အသုံးဝင်ပါတယ်။ တိုးတက်ခေတ်မီတာနဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ဖြစ်စေတယ်ဆိုတာ စိုးရိမ်စိတ်ပိုကဲတယ်လို့ပဲ ပြောချင်ပါတယ်”ဟု တုန့်ပြန်ရှင်းပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ Justife for Myanmar အဖွဲ့က ထောက်ပြသကဲ့သို့ မပါဝင်ဘူးဆိုသည်မှာလည်း မဟုတ်ဟု ဒေါက်တာမျိုးညွှန့်က ငြင်းဆိုပြီး ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တပ်မတော်သည် အစိုးရ၏ မူဝါဒအပေါ်ရပ်တည်ရန်ဆိုသည့်အချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အများလက်ခံနိုင်သည့် နည်းလမ်းဖြင့် ထည့်သွင်းထား ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် လက်ရှိအချိန်အထိ ရွေးကောက်ပွဲကြေညာစာတမ်း သုံးခုထွက်ရှိ ထားပြီဖြစ်ပြီး ယခုနောက်ဆုံး ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းကို Justice for Myanmar က ထောက်ပြ ဝေဖန်ထားခြင်းဖြစ်သည်။

Justice for Myanmar အဖွဲ့သည် တပ်မတော်နှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများ၊ လူ့အခွင့် အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှုကျူးလွန်မှုများကို ဖော်ထုတ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်းတို့၏ ဝက်ဘ်ဆိုက်အား ဝင်ရောက်ကြည့်ရှုခွင့်ကို မြန်မာအစိုးရက ပိတ်ထားသည်။

ပုံ -Justice for Myanmar


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."