NCA ကို KNU လက်ခံတယ်ဆိုပြီး နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကို စစ်ကောင်စီဝါဒဖြန့်မှုကို KNU ကန့်ကွက်

စစ်ကောင်စီကို အသိအမှတ်ပြုနေတဲ့ နိုင်ငံတကာအသိုက်အဝန်းကို စိတ်ပျက်ကြောင်း အိတ်ဖွင့်စာပေး
ကော်သူးလေ – ၂၀၂၃ အောက်တိုဘာ ၃၁ (မော်ကွန်း)

ဒီလလယ်က ကျင်းပတဲ့ NCA ၈ နှစ်ပြည့်ပွဲကို ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်ဟောင်းတချို့ကို ဖိတ်ကြား၊ တက်ရောက်စေပြီးနောက် NCA လမ်းကြောင်းကို KNU က လက်ခံသယောင် နိုင်ငံတကာအကူအညီပေးရေးအသိုင်းအဝိုင်းကို စစ်ကောင်စီက ဝါဒဖြန့်၊ အကျိုးအမြတ်ရှာနေတဲ့အပေါ် အိတ်ဖွင့်ပေးစာပို့ပြီး KNU က ကန့်ကွက်ထားပါတယ်။

” ကျွန်တော်တို့ မူဝါဒရှင်းရှင်းလေးပဲ။ စစ်အာဏာသိမ်းပြီးကတည်းက အဲဒါတွေနဲ့ လုံးဝမပတ်သက်တော့ဘူး။ ကျွန်တော်တို့ နားလည်တာ ဘာတာဝန်မှမရှိတဲ့ ‌ကျွန်တော်တို့ခေါင်းဆောင်တွေကို အမြတ်ထုတ်ပြီးတော့ ဒီလူတွေက KNU ကို ကိုယ်စားပြုတယ်ဆိုပြီးတော့ လျှောက်ပြီးလုပ်နေတဲ့ဟာတွေ”လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက မော်ကွန်းကို ပြောပါတယ်။

အိတ်ဖွင့်ပေးစာကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့က ဒီလ ၂၇ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ လူသားချင်း စာနာမှု အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ရည်ရွယ်အသိပေးတာ ဖြစ်ပါတယ်။

ပေးစာထဲမှာ “ စစ်ကောင်စီထိန်းချုပ်မှုအောက် ယုံကြည်မှုပျောက်ဆုံးကာ အကောင်အထည်ဖော်ရန်မဖြစ်နိုင်တော့သည့် NCA အရ ဖွဲ့စည်းထားသော JMC ကို “ကြားနေအဖွဲ့အစည်း”အဖြစ် ဆက်လက်အားပေးမြှင့်တင်လိုသော သံတမန်အသိုက်အဝန်းနှင့် ကုလသမဂ္ဂအဖွဲ့အစည်းအချို့ကို မိမိတို့ အလွန်စိတ်ပျက်မိပါသည်” လို့ ဖော်ပြပါတယ်။

NCA (၈) နှစ်ပြည့်ပွဲကို KNU ဥက္ကဋ္ဌဟောင်း ပဒိုစောမူတူးစေဖိုးနဲ့ တပ်မဟာ(၆)က ခွင့်ယူထားတဲ့ ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့ နှစ်ဦး တက်ရောက်ခဲ့တာပါ။

” ဒီခေါင်းဆောင်ဟောင်းတွေက အဖွဲ့အစည်းမှာ ဘာတာဝန်မှ မရှိတော့ဘူး။ သာမာန်အရပ်သားပဲ ဖြစ်သွားတဲ့အခါမှာ သူသွားရင်လည်း သွားတယ်ဆိုလည်းပဲ ကျွန်တော်တို့အဖွဲ့အစည်းကို၊ ပြည်သူကို ဘာမှလည်းကိုယ်စားမပြုဘူး။ အဲဒါတွေကို ကြည့်ပြီး KNU က ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာရော၊ NCA စာချုပ်နဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုတွေရော၊ ယန္တရားထဲမှာ JMC (အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးပူးတွဲကော်မတီ) အလုပ်တွေရော KNU က ပါဝင်တယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တဲ့ ဟာမျိုးတွေ ပြောနေကြတာရှိတယ်။ အဲဒါကို ကျွန်တော်တို့က လုံးဝကန့်ကွက်တယ်၊ ကျွန်တော်တို့လုံးဝမပါဘူး” လို့ ပဒိုစောတောနီးက ပြောပါတယ်။

အိတ်ဖွင့်ပေးစာအပေးခံရတဲ့ အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ၂၀၁၅ ခုနှစ်လောက်ကတည်းက ပါဝင်နေတဲ့ ရန်ပုံငွေအဖွဲ့ဖြစ်တဲ့ Joint Peace Fund (JPF) နဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံးအဖွဲ့(UNCT)၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်(UNSE)နဲ့ အာဆီယံနိုင်ငံတွေ ဖြစ်ပါတယ်။

Joint Peace Fund (JPF) ကို ထောက်ပံ့နေတဲ့ အလှူရှင်နိုင်ငံ ၁၁ ခု ကတော့ သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဖင်လန်၊ အီတလီ၊ ဂျပန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ်ပြီး United Nations Office for Project Services (UNOPS) အနေဖြင့် ရန်ပုံငွေတွေကို ထိန်းသိမ်းကာ အဖွဲ့အစည်းရဲ့ တရားဝင်ကိုယ်စားလှယ်၊ အကျိုးဆောင်နဲ့ ကန်ထရိုက်စာချုပ်မန်နေဂျာအဖြစ် ဆောင်ရွက်တယ်လို့ JPF Website စာမျက်နှာမှာ ဖော်ပြပါတယ်။

နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ လုပ်ဆောင်ပေးနိုင်တဲ့ အဖွဲ့အစည်း၊ အာဏာပိုင်တွေနဲ့ လက်တွဲပြီး အမှန်တကယ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအလိုအပ်ဆုံးဖြစ်နေတဲ့ ပြည်သူတွေဆီ ထောက်ပံ့ကူညီရမယ့်အစား လူသားဖြစ်တည်မှုအခြေခံမူတွေကို ချိုးဖောက်ပြီး လူသားချင်းစာနမှုဆိုင်ရာအကူအညီတွေကို လက်နက်သဖွယ်အသုံးချနေတဲ့ စစ်ကောင်စီကို အားပေးအားမြှောက်ပြုသလို ဖြစ်နေတယ်လို့ ပေးစာမှာ ဖော်ပြပါတယ်။

ဒါအပြင် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ရာမှာ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ လမ်းကြောင်းနှစ်ခု ဖော်ဆောင်သင့်ပြီး စစ်ကောင်စီထိန်းချုပ်ဧရိယာနဲ့ စစ်ကောင်စီရဲ့တိုက်ခိုက်ခြင်းခံနေရတဲ့ ဧရိယာဆိုပြီး ပိုင်းခြားကူညီသင့်ကြောင်း ပေးစာမှာ အကြံပြုပါတယ်။

ပဒိုစောတောနီးကတော့ KNU နယ်မြေထဲမှာတင် ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအချက်အလက်တွေအရ စစ်ရှောင် ပြည်သူဟာ ခုနှစ်သိန်းထိရှိလာပြီး အကူအညီပေးမယ့်သူတွေဟာ အာဏာသိမ်းစစ်တပ်ဘက်တင်မကဘဲ နည်းလမ်းတွေ စဉ်းစားပြီး ကူညီချင်ရင် ကြိုးစားလို့ရတယ်လို့ ပြောပါတယ်။

ဒါအပြင် ဒီလ ၃ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ-မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအဖွဲ့(SAC-M)ရဲ့ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံအခြေစိုက်ကုလသမဂ္ဂရုံးအဖွဲ့(UNCT) ဟာ တာဝန်ပျက်ကွက်မှုတွေ ရှိနေတယ်လို့ ဖော်ပြပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာအဖွဲ့တွေဟာ အစီရင်ခံစာတွေမှာ တကယ်ဖြစ်ရပ်တွေကို လျှော့ပေါ့ရေးကြသလို တနေ့တခြား စိုးရိမ်ဖွယ်ရာ မြင့်တက်လာနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေထက်၊ ၎င်းတို့နှင့် စစ်တပ်၊ အရပ်ဘက်အာဏာပိုင်တွေကြား ဆက်ဆံရေးကိုသာ ဦးစားပေးလုပ်ဆောင်နေတယ်လို့ SAC-M မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကျွမ်းကျင်သူဟောင်းတစ်ဦးကတော့ မြန်မာနိုင်ငံက ကုလသမဂ္ဂအဖွဲ့ အစည်းတွေဟာ လူ့အခွင့်အရေးအခြေအနေဆိုးရွားမှုတွေကို အကာအကွယ်ပေးရေးထက် သူတို့လုပ်ငန်းလည်ပတ်ရေးကို ပိုမို ဦးစားပေးပြီး စစ်ကောင်စီနဲ့ ဆက်ဆံရေးကို အပျက်မခံလိုကြတာ တွေ့ရတယ်လို့ ဒီလ ၂၅ ရက် ပြုလုပ်တဲ့ SCA-M အစီရင်ခံစာ ဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲမှာ ပြောပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)ရဲ့ ဒီလ ၂၃ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပဋိပက္ခဘေး ကြောင့် ထွက်ပေးတိမ်းရှောင်နေရသူအရေအတွက်ဟာ နှစ်သန်းနီးပါးရှိလာပြီး အဲဒီအထဲက ၁ ဒဿမ ၆ သန်းကျော်ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုးလာတဲ့ဒုက္ခသည်အရေအတွက် ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ပုံစာ – စစ်ခေါင်းဆောင်ရဲ့ NCA (၈) နှစ်ပြည့်ပွဲကို တက်ရောက်လာတဲ့ KNU ခေါင်းဆောင်ဟောင်း စောမူတူးစေးဖိုးအဖွဲ့အား အာဏာသိမ်းစစ်တပ်ဘက်မှ ဗိုလ်မှူးကြီးအဆင့်၊ ဒုတိယဗိုလ်မှူးကြီးအဆင့်များနှင့်အတူ KNU တပ်မဟာ (၆) ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက လေဆိပ်တွင်လာရောက်ကြိုဆိုစဉ်။

ဓါတ်ပုံ – အာဏာသိမ်းစစ်တပ် ဝါဒဖြန့် မြဝတီ။

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."