ပြည်ပအလုပ်အကိုင်တွေပိတ်လိုက်တာကြောင့် အေဂျင်စီနဲ့အလုပ်သမားတွေကြား ပွတ်တိုက်မှုတွေရှိလာ

ရန်ကုန် – ၂၀၂၄ မေ ၇ (မော်ကွန်း)

အမျိုးသားတွေကို ပြည်ပမှာအလုပ်လုပ်ကိုင်ခွင့်ပိတ်လိုက်ပြီးနောက် အလုပ်အကိုင်အေဂျင်စီတွေဆီက ငွေပြန်အမ်းဖို့ အလုပ်သမားတွေက တောင်းဆိုလာတာကြောင့် အေဂျင်စီတွေအကျပ်ရိုက်နေတယ်လို့ အေဂျင်စီတချို့နဲ့ ပြည်ပကိုအလုပ်နဲ့ထွက်ခွာဖို့ပြင်ဆင်နေသူတချို့က ပြောပါတယ်။

စစ်ကောင်စီ အလုပ်သမားရေးဝန်ကြီးဌာနဟာ ယခုလကစတင်ပြီး အမျိုးသားတွေကို အလုပ်အကိုင်နဲ့ပြည်ပ စေလွှတ်မှုတွေ ယာယီရပ်ဆိုင်းမယ်လို့ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာပါ။

အဲဒီပြောကြားချက်ကြောင့် ပြည်ပကို အလုပ်သွားရောက်လုပ်ကိုင်မယ့် လူငယ်တွေနဲ့ အလုပ်အကိုင်အေဂျင်စီတွေအကြား ရိုက်ခတ်မှုတွေလည်း ရှိလာခဲ့တာပါ။

“အကုန်လုံးကတော့ သို့လောသို့လော ဖြစ်နေကြတယ်။ သွားရမယ်ထင်တဲ့သူတွေလည်း ဆက်စောင့်နေကြတယ်၊ မသွားရဘူးထင်တဲ့သူတွေကလည်း အေးဂျင့်တွေဆီက ပိုက်ဆံပေးထားတဲ့သူတွေကတော့ ပြန်တောင်းနေကြတယ်။ မရရင်လည်း အလုပ်သမားဝန်ကြီးဌာနကို တိုင်မယ်တောမယ်တွေ တော်တော်တော့ အကျပ်ရိုက်နေကြတာပေါ့” လို့ ထိုင်းနိုင်ငံကို အလုပ်အကိုင်ရှာဖွေစေလွှတ်ပေးနေတဲ့ အေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။

လက်ရှိမှာ ပြည်တွင်းက အစိုးရချင်း MoU စနစ်နဲ့ စေလွှတ်တဲ့ အလုပ်အကိုင်တွေလည်း မသေချာမရေရာဖြစ်နေကြပြီး သင်တန်းတက်နေသူတွေနဲ့ အလုပ်ခေါ်စာစောင့်နေသူတွေအများအပြားဟာလည်း စိုးရိမ်မှုတွေ ရှိလာတာပါ။

ကိုရီးယားနိုင်ငံကို စိုက်ပျိုးရေးလုပ်ငန်းနဲ့သွားရောက်ဖို့ စီစဉ်နေသူတစ်ဦးကတော့ ယခုလကုန်ထိမသွားရဘူးဆိုရင် သူတို့ရဲ့အေဂျင်စီက ပိုက်ဆံပြန်ပေးမယ်လို့ပြောထားတယ်လို့ ပြောပါတယ်။

“အေးဂျင့်တွေကို တခါတည်း ပိုက်ဆံကိစ္စတွေရှင်းအောင်လုပ်ဖို့လိုတယ်ဗျ။ ဟိုက မသေချာမရေရာတဲ့အချိန် ပိုက်ဆံကပေးထားရပြီး မသွားရရင်အဆင်မပြေဘူးလေ။ သူတို့လည်း မရှင်းနိုင်ကြဘူး” လို့ ၎င်းက ပြောပါတယ်။

စစ်ကောင်စီဟာ အရင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ရေးဆွဲခဲ့တဲ့ စစ်မှုထမ်းဥပဒေကို ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ စတင်အသက်သွင်းခဲ့ကာ နိုင်ငံတဝန်းက လူငယ်ငါးထောင်ကျော်ကို ခေါ်ယူစုဆောင်းခဲ့ပြီး သင်တန်းအပတ်စဉ် (၁) ကို ဧပြီလ ၈ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းချင်တဲ့ လူငယ်လူရွယ်အမျာအပြားဟာ ပြည်ပထွက်ခွာမှု များပြားလာတဲ့နောက်ပိုင်းမှာ စစ်ကောင်စီဟာ ပြည်ပထွက်ခွာခွင့်တွေကိုပါ ကန့်သတ်ဖို့စီစဉ်လာတာပါ။

စစ်ကောင်စီအလုပ်သမားရေးဝန်ကြီးဌာနက ပြည်ပထွက်ခွာခွင့် ယာယီရပ်ဆိုင်းမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကို တရားဝင်ထုတ်ပြန်ထားတာမရှိဘဲ အလုပ်အကိုင်နဲ့သွားရောက်မယ့် နိုင်ငံကူးလက်မှတ် (PJ) အမျိုးအစား ကိုင်ဆောင်ထားတဲ့ အမျိုးသားတွေကို ယခုလ ၁ ရက်ကစပြီး ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်ကို ယာယီပိတ်ထားလိုက်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းမီဒီယာတွေကို ပြောကြားခဲ့တာပါ။ အချိန်ကာလ ဘယ်လောက်ထိ ပိတ်မယ်ဆိုတာ ဖော်ပြထားတာလည်း မရှိပါဘူး။

လက်ရှိမှာ ဂျပန်၊ ကိုရီးယား၊ ထိုင်းနိုင်ငံတို့ကို အစိုးရချင်း MoU သဘောတူညီချက်နဲ့ အလုပ်ခေါ်စာ ကျပြီးသားသူတွေတော့ သွားခွင့်ရမှာဖြစ်ပြီး လက်ရှိ အလုပ်ခေါ်စာမကျသေးသူတွေကတော့ ငွေကုန်လူပင်ပန်းဖြစ်နိုင်တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

“အခုက ဘာမှမသေချာသေးဘဲ သင်တန်းတက်တော့ ငွေကုန်တာပဲ ရှိနေတယ်။ အေဂျင်စီတွေလည်း ဘာလုပ်ရမယ်ကို ရေရေရာရာ မသိကြသေးဘူး” လို့ ၎င်းက ပြောပါတယ်။

လက်ရှိမှာတော့ ပြည်ပကို အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) နဲ့ သွားရောက်မယ့်သူတွေကို အချက်အလက်စုံလင်ပါက အလွယ်တကူ သွားရောက်လို့ ရနေသေးတယ်လို့ အလုပ်အကိုင်အေဂျင်စီတွေက ပြောပါတယ်။

ထိုင်းနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေသူတစ်ဦးကတော့ ဘယ်အချိန်ထိ ပိတ်ထားမယ်ဆိုတာ အတိအကျမသိတဲ့အတွက် ငွေကုန်ကြေးကျခံကာ စောင့်ဆိုင်းနေတဲ့ လူငယ်တွေအတွက် အခက်အခဲတွေအများကြီးရှိတယ်လို့ ပြောပါတယ်။

“နဂိုတည်းက ပိုက်ဆံရှာချင်လို့ သွားမှာလေ။ ဘယ်အချိန်ထိဆိုတာ အတိအကျသိရပြီး စောင့်ရတာ ပြဿနာမရှိဘူး။ အခုက ငွေတိုးနဲ့ ချေးပြီး သွားမယ့်သူတွေ တစ်လဆိုလည်း တစ်လသိသာတယ်။ ပြတ်ပြတ်သားသားမရှိတော့ ကိုယ့်ပြည်တွင်းမှာပဲ ကိုယ့်အလုပ်ပဲ ပြန်လုပ်ရမလား၊ ဒါပဲ စောင့်ရမလားမသိတော့တာ” လို့ ၎င်းကပြောပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနဟာ လက်ရှိမှာတော့ ယခင်က အလုပ်သမားအေဂျင်စီတွေနဲ့ စာချုပ်ချုပ်ပြီးသား အလုပ်သမားအရေအတွက်အတိုင်းပဲ ခွင့်ပြုထားပြီး ထပ်မံပေးပို့လာတဲ့ အလုပ်သမားခေါ်စာတွေကိုတော့ တင်ခွင့်မပြုတော့ပါဘူး။

လက်ရှိမှာ ပြည်ပကို အလုပ်အကိုင်စေလွှတ်နေတဲ့ တရားဝင်အေဂျင်စီပေါင်း ၅၀၀ ခန့်ရှိပြီး လစဉ် အလုပ်သမား တစ်သောင်းဝန်းကျင်ခန့်ကို ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ စင်္ကာပူ အစရှိတဲ့ နိုင်ငံတွေကို စေလွှတ်နေတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပုံစာ – ယခုနှစ်ဆန်းပိုင်းက ကိုရီးယားနိုင်ငံကို MoU နဲ့ သွားရောက်ခဲ့တဲ့ မြန်မာလုပ်သားတွေကို မြင်တွေ့ရစဉ်

ဓာတ်ပုံ – Myanmar Embassy, Seoul

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."