ဘူးသီးတောင်နဲ့မောင်တောက စစ်ကောင်စီစခန်းတချို့ကို AA ကသိမ်းပိုက်ပြီး နယ်စပ်တလျှောက်ကို ထိန်းချုပ်

ရန်ကုန် – ၂၀၂၄ မေ ၆ (မော်ကွန်း)

အာရက္ခတပ်တော် (AA) ဟာ ဘူးသီးတောင်နဲ့ မောင်တောက စစ်ကောင်စီတပ်စခန်းတချို့ကို ယခုရက်ပိုင်းမှာ သိမ်းပိုက်နိုင်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်လုံးကို ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

AA အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို ယခုနှစ် ဖေဖော်ဝါရီလဆန်းတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

ယခုလ ၂ ရက်နဲ့ ၃ ရက်မှာတော့ ဘူးသီးတောင်မြို့ အခြေစိုက် အမှတ် ၁၅ စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် (စကခ ၁၅) နဲ့ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခမရ (၅၅၂)၊ (၅၆၄) ၊ (၅၆၅)နဲ့ (၅၅၁) တပ်တွေကို သိမ်းပိုက်ခဲ့တယ်လို့ AA သတင်းနဲ့ ပြန်ကြားရေးက ယခုလ ၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

အလားတူပဲ မောင်တောမြို့အခြေစိုက် အမှတ် (၁) နယ်ခြားစောင့်ရဲကွက်ကဲမှုအဖွဲ့ရုံး (နခခ)ကျီးကန်းပြင်ဌာနချုပ်ကိုလည်း ယခုလ ၄ ရက်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတပ်စခန်းတွေကို သိမ်းပိုက်ပြီးနောက်မှာ အာရက္ခတပ်တော် (AA) ဟာ မိုင်ပေါင်း ၁၆၀ ကျော် ရှည်လျားတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို တစ်ဆက်စပ်တည်း ထိန်းချုပ်လိုက်နိုင်တာဖြစ်တယ်လို့ ဝါရင့် ရခိုင်နိုင်ငံရေးသမား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက မော်ကွန်းကို ပြောပါတယ်။

“ဒါတွေက ULA/AA အတွက် အားသာချက်တွေ အများကြီးဖြစ်သွားတယ်။ နယ်စပ်ကိုလည်း တစ်ဆက်စပ်တည်း ထိန်းချုပ်လိုက်နိုင်တယ်။ ပြီးတော့ စစ်တွေကိုလည်း ဝန်းရံပိတ်ဆို့ထားနိုင်တဲ့ အခြေအနေဖြစ်သွားတယ်။ ဒီလိုဖြစ်လာအောင်လည်း လနဲ့ချီပြီး ဝန်းရံပိတ်ဆို့ထားပြီး စနစ်တကျ တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်တယ်” လို့ ဦးဖေသန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေကိုလည်း ဝိုင်းရံပိတ်ဆို့နိုင်တဲ့ အခြေအနေဖြစ်တာကြောင့် ကျန်ရှိနေတဲ့ အမ်း၊ ကျောက်ဖြူ၊ သံတွဲတို့ကိုလည်း ဖြတ်တောက်ထားတာကြောင့် ရခိုင်ဒေသမှာ မကြာခင် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်လာမယ်လို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပါတယ်။

“ဘူးသီးတောင် မောင်တောကျပြီဆိုရင် စစ်တွေကလည်း သူတို့ ဝင်တိုက်ဖို့ သိပ်မခက်တော့ဘူး။ စစ်တွေက ပြည်သူတွေကိုလည်း သူတို့ သတိပေးထားတာရှိတယ်။ မြို့ကနေ နောက်ဆုံးထွက်ကြဖို့ပေါ့၊ စစ်တွေလည်း ကျသွားပါလိမ့်မယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီဘက်မှာ စစ်ကူလာစရာ လမ်းလည်းမရှိတော့ဘူးလေ၊” လို့ ၎င်းက ပြောပါတယ်။

မောင်တောမြို့နယ်က ကျီးကန်းပြင်နယ်ခြားစောင့်တပ် ဌာနချုပ်အပါအဝင် လှဖိုးခေါင်နယ်ခြားစောင့်တပ်စခန်း၊ မောင်တောတောင်ပိုင်းက အင်းဒင်နယ်ခြားစောင့်စခန်းတို့ကို AA က သိမ်းပိုက်ထားနိုင်ခဲ့တာပါ။

မောင်တောမြို့နဲ့ လေးမိုင်အကွာမှာရှိတဲ့ လေးမိုင် နခခ (၂) နယ်ခြားစောင့်တပ်စခန်းကို မနေ့ကစပြီး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က ညပိုင်းမှာတည်းက အဲဒီ လေးမိုင်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေတာ၊ ဒီမနက်ထိ ပစ်နေတုန်းပဲလို့ သိရတယ်။ ဂျက်ဖိုက်တာတွေနဲ့လည်း ဗုံးကြဲနေတာ၊ မောင်တောမြို့မှာ အဲဒီလေးမိုင်စခန်းရယ် မြို့အဝင်က နခခ (၅) ဆိုတဲ့စခန်းရယ် ကျန်သေးတယ်၊ အဲဒီစခန်းတွေကို တပ်တော်ကဆက်တိုက်နေတယ်” လို့ အဲဒီ မောင်တောဒေသခံက ပြောပါတယ်။

AA သိမ်းယူခဲ့တဲ့ မောင်တောမြို့အခြေစိုက် အမှတ် (၁) နယ်ခြားစောင့်ရဲကွက်ကဲမှုအဖွဲ့ရုံး (နခခ)ကျီးကန်းပြင်ဌာနချုပ်ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ နယ်ခြားစောင့်စခန်း ၂၅ ခုကို ထိန်းချုပ်ကွပ်ကဲတဲ့ ဌာနချုပ်ကြီးတစ်ခုဖြစ်တဲ့အတွက် နယ်စပ်ကိုထိန်းချုပ်နိုင်တဲ့ အခြေအနေဖြစ်သွားတယ်လို့ CDM ဗိုလ်ကြီးထက်မြက် (Ida) ရဲ့ မနေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့အားမာန်ငါတို့အသံအစီအစဉ်မှာ သုံးသပ်ထားပါတယ်။

“ကာနယ်အဆင့်ထိုင်ပြီး နယ်မြေကိုးခု စခန်း ၂၅ ခုကို ကွပ်ကဲတာပေါ့၊ အဲဒီဟာက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနဲ့ နယ်စပ်ဖြတ်ကျော်လို့ရတဲ့ ဂိတ်တွေကို တော်တော်များများပေါ့၊ အတွင်းမှာလည်း ဂိတ်သုံးလေးဂိတ်ရှိတယ် တောင်ဘဇာတို့ဘာတို့ဆိုရင်လည်းရှိတယ်၊ အရမ်းပိုက်ဆံရတဲ့နေရာပေါ့” လို့ ၎င်းက ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA) ကနေ အာရက္ခတပ်တော်အဖြစ် အမည်ပြောင်းလဲထားတဲ့ ULA/AA တပ်ဖွဲ့ဟာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ရမ်းဗြဲနဲ့ ပလက်ဝဒေသတို့ကို သိမ်းပိုက်ထားသလို ကျန်ရှိနေတဲ့ ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း မြို့တွေက စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဝိုင်းပတ်ပိတ်ဆို့ထားပါတယ်။

အာရက္ခတပ်တော် (AA) ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ကာ ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းတွေကို စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ရဲ့ အခိုင်အမာ တပ်စခန်းတွေဖြစ်တဲ့ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ကုတ်မြို့နယ်က စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင်သွားမယ်လို့ အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ လပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ပုံစာ – ယခုလ ၄ ရက်က ဘူးသီးတောင်မြို့နယ် စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်ရာနဲ့ချီပြီး AA ထံ လက်နက်ချအညံ့ခံနေတဲ့ မြင်ကွင်း
ဓာတ်ပုံ – AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် Twitter

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."