မုံရွာ-၂၀၂၄ မေ ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် ရပ်ကွက်တွေက လူငယ်တွေကို စစ်ကောင်စီတပ်တွေက ညပိုင်းတွေမှာ စစ်မှုထမ်းဖို့အတွက် လာရောက်ခေါ်ဆောင်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ မြို့ခံတချို့နဲ့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက မော်ကွန်းကိုပြောပါတယ်။
မုံရွာမြို့တောင်ဘက်က ရပ်ကွက်တွေထဲကို ညပိုင်းမီးပြတ်ချိန်တွေမှာ အိမ်စီးကားတွေနဲ့လာရောက်ကာ သန်းခေါင်စာရင်းစစ်ပြီး စစ်မှုထမ်းဖို့ အသက်အကျုံးဝင်သူတွေကို တစ်ခါတည်းခေါ်ဆောင်တာတွေလုပ်နေတာလို့ အောင်ဇေယျုံရပ်ကွက်က ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်သားတွေအများကြီးလာပြီး လူဖမ်းသလိုမျိုးပဲ။ ခေါင်းစွပ်တွေနဲ့ မျက်လုံးပဲဖော်ထားတာ။ တနေ့ကညပိုင်းက အိမ်စီးကားခုနစ်စီးနဲ့ တစ်စီးကို စစ်သားခြောက်ယောက်ခုနစ်ယောက်ပါတယ်။ သူတို့က မဲတွေဘာတွေမနှိုက်တောဘူး။ အိမ်ထောင်စုဇယားကိုစစ်တယ်။ အဲဒီထဲမှာပါတဲ့လူတွေထဲက သူတို့လိုချင်တဲ့အသက်အရွယ်ဆို တန်းခေါ်သွားတာ။ မင်းတို့ကို အလကားခေါ်တာမဟုတ်ဘူး။ တစ်လငါးသိန်းပေးမှာလို့ပြောပြီးခေါ်သွားတာ” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့တောင်ဘက်က ရပ်ကွက်တွေဖြစ်တဲ့ အေးခို၊ အေးသာယာ၊ အောင်ဇေယျုံ စတဲ့ရပ်ကွက်သုံးခုကို နှစ်ရက်ဆက်တိုက်ညပိုင်းတွေဝင်ပြီး လူငယ်တွေကို ဖမ်းခေါ်သလို အနီးက ထန်းတောမြဇီးခြံ၊ စက်မှုဇုန် စတဲ့ရပ်ကွက်တွေက လူငယ်တွေလည်း စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့တောင်ဘက်၊ ကားလေးဝင်းအနီးမှာရှိတဲ့ အေးခိုရပ်ကွက်က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲမှာ အသက်မပြည့်သေးတဲ့လူငယ်တစ်ဦးလည်း ပါတယ်လို့ မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ခေါ်ခံရတဲ့ထဲမှာ ၁၇ နှစ်တစ်ယောက်၊ ၂၁ နှစ်၊၂၇ နှစ်၊ ၂၈ နှစ်၊ ၃၂ နှစ်တစ်ယောက် အိမ်ထောင်သည်တွေလည်းပါတယ်။ ရပ်ကွက်ထဲက သန်းခေါင်စာရင်းမရှိတဲ့ လင်မယားနှစ်ယောက်ကိုလည်း ယောက်ျားကို ခေါ်သွားတယ်။ ခေါ်သွားခံရသူတွေရဲ့ မိသားစုတွေကို လဝကရုံးလိုက်ခဲ့ဆိုပြီးချိန်းတာ။ ကလေးတွေကိုတွေ့တယ်။ ပြန်မလွှတ်ပေးဘူး။ တစ်လငါးသိန်းပေးမှာဆိုပြီးခေါ်ထားတာ၊ မိသားစုတွေက အဝတ်အစားတွေသွားပေးရတာ” လို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက်ပိုင်း မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ လဝကတွေက မြို့ပေါ်ရပ်ကွက်တွေမှာ လူဦးရေစာရင်းကောက်တာတွေဆက်တိုက်လုပ်ဆောင်ခဲ့သလို မြို့ပေါ်က လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ ထိုင်နေတဲ့သူတွေကိုလည်း မကြာခဏ ဖမ်းဆီးခေါ်ဆောင်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်ကလည်း မုံရွာမြို့ ညောင်ပင်စောက်ရပ်ကွက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ခုမှာ ထိုင်နေတဲ့ဒေသခံ နှစ်ဆယ်ကျော်နဲ့ ဆူးလေကုန်းရပ်ကွက်အတွင်းက လက်ဖက်ရည်ဆိုင်ထိုင်နေသူ နှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ်တွေက ရုတ်တရက်ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ အများစုပြန်မလွတ်ကြသေးဘူးလို့ မြို့ခံတွေက ပြောကြပါတယ်။
ပုံစာ-ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂)အတွက် ခေါ်ဆောင်ခံရသူများ။
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့် ပြည်သူ့စစ်မှုထမ်းများစုစည်းရာ တယ်လီဂရမ်ချန်နယ်။