ဉာဏ်ကြီးသူတို့ရဲ့ အောင်မြေ

၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  Remembrance ဖြစ်ပါသည်။

သန်းနိုင်ဦး ရေးသည်။

အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက် အရှင်ဇနကာဘိဝံသ ယခုနှစ်မှာ ရဟန်းဝါနှစ် ၁ဝဝ တင်းတင်း ပြည့်မြောက်ပါပြီ။ ဆရာတော်ကြီး မရှိတော့ပေမယ့် မဟာဂန္ဓာရုံကျောင်း တိုက်ကြီးရဲ့ မွှေးပျံ့တဲ့ ဂုဏ်သတင်းက  အခုထက်တိုင် ပျံ့လွင့်နေဆဲဖြစ်တယ်။ကမ္ဘာလှည့်ခရီးသည်တွေ မန္တလေးဘက် ရောက်တဲ့အခါ မဟာဂန္ဓာရုံကျောင်းတိုက် အရောက်သွားပြီး သံဃာတော်တွေကို သွားရောက် ဖူးမြော်ကြတယ်။ ဆရာတော်ကြီး ချမှတ်ခဲ့တဲ့ ကျောင်းတိုက်စည်းကမ်း ၁ဝ ချက်ကို အခုချိန်ထိ ကျင့်သုံးနေဆဲ ဖြစ်တယ်။ ပထမဆုံး စည်းကမ်းချက်က “စိတ်ကောင်းရှိဖို့ ပထမ” ဖြစ်ပါတယ်။ ဆရာတော်ကြီးက ကျမ်းစာအုပ်ပေါင်း ၆ဝ ကျော် ရေးသားထုတ်ဝေခဲ့ပြီး ရတနာ့ဂုဏ်ရည် (၁၉၃၂ ခုနှစ်)၊ ကိုယ် ကျင့်အဘိဓမ္မာ (၁၉၄ဝ ခုနှစ်)၊ ဗုဒ္ဓဘာသာလက်စွဲ (ပ၊ ဒု၊ တ၊ စ) (၁၉၅၁ ခုနှစ်) စတဲ့ စာအုပ်တွေက ထင်ရှားတဲ့ စာအုပ်တွေ ဖြစ် တယ်။ ဆရာတော်ကြီးဇာတိက စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် သရိုင်ရွာ ဖြစ်ပါတယ်။

ဆရာတော်ကြီး သက်ရှိထင်ရှားရှိစဉ်က နိဗ္ဗာန်မရောက်မီ လူပြန်ဖြစ်ခွင့်ရခဲ့ရင် သရိုင်သားပဲ ဖြစ်ချင်တယ်လို့ မိန့်ကြားခဲ့ ကြောင်း ပါးစပ်ရာဇဝင်ရှိတယ်။ သရိုင်သူ သရိုင်သားတွေ ထိမ်း မြားလက်ထပ်တဲ့အခါ ဆွေမျိုးနီးစပ်တော်သူတွေနဲ့သာ လက် ထပ်ကြတယ်ဆိုတဲ့ ပြောကြဆိုကြတာတွေ ရှိတယ်။ သြင်္ကန်အပြီး ဧပြီလ တတိယပတ်မှာ သရိုင်ရွာကို ရောက်အောင် သွားရောက် ခဲ့ပါတယ်။

ဆရာတော်ကြီးရဲ့ ဇာတိ သရိုင်ရွာက မန္တလေးမြို့ရဲ့ အနောက်မြောက်ယွန်းယွန်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ထဲက ဖြစ်ပါတယ်။ ရွှေဘို-မန္တလေးလမ်း၊ ရွာသာကြီးလမ်းဆုံ မိုင်တိုင် အမှတ် ၅ဝ ရောက်ရင် ဝက်လက်မြို့ကို သွားတဲ့ လမ်းခွဲအတိုင်း ဝင်သွားရမှာပါ။ ရွာသာကြီး-ဝက်လက်က ခြောက်မိုင် ကွာဝေးပါ တယ်။ ဝက်လက်မြို့ကို ရောက်ရင် ဝက်လက်-သစ်ဆိမ့်လမ်း အတိုင်း ဝက်လက်မြို့ရဲ့ အရှေ့တောင်ဘက်ကို လေးမိုင်လောက် ဆက်သွားရင် သရိုင်ရွာကို ရောက်ပါပြီ။ ရွာသာကြီး-ဝက်လက် လမ်းထက်စာရင် ဝက်လက်-သစ်ဆိမ့်လမ်းက ပိုကောင်းပါတယ်။ ဝက်လက်နယ်က (သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း စကား ငှားသုံးရရင်) ကျော်စွာတွေ အထူးအထွက်တိုးတဲ့ နယ် ဖြစ်တယ်။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ (သရိုင်)၊ ဆရာကြီး ရွှေဥဒေါင်း (မန်ကျည်းတုံ)၊ သီတဂူကြယ်တစ်ပွင့် (ဖိုးဝင်းတပ်)၊ လက်ဝဲသုန္ဒရ (မန်ကျည်းတုံ)၊ အလောင်းမင်းတရား ဦးအောင် ဇေယျ (မုဆိုးခြုံ)၊ ပထမ ရွှေကျင်သာသနာပိုင် ဆရာတော် (ရှိမ်္မကား)စတဲ့ ရဟန်းပညာရှိ၊ လူပညာရှိတွေ ထွက်ခဲ့တဲ့အပြင် ပျူယဉ်ကျေးမှု ထွန်းကားရာ ဟန်လင်းမြို့ဟောင်းကလည်း ဝက်လက်နယ်ထဲမှာ ရှိတယ်။ ဒါ့အပြင် စကားတန်ဆာဆင်ပြော တဲ့ လှတောကျေးရွာကလည်း ဝက်လက်နယ်ထဲက ထင်ရှားတဲ့ ကျေးရွာ ဖြစ်ပါတယ်။

သရိုင်ရွာကို သွားတဲ့ ဝက်လက်-သစ်ဆိမ့်လမ်းက သက် တမ်းရင့် မန်ကျည်းပင်ကြီးတွေ စီတန်းပေါက်နေတယ်။ နွေ ကာလဖြစ်လို့ မန်ကျည်းပင်တွေက ရိုးတံဖြိုင်းဖြိုင်း ဖြစ်နေကြပြီ။ သရိုင်ရွာက ကားလမ်းနံဘေးက ရွာဖြစ်ပြီး ကားလမ်း တံတောင် ဆစ်ချိုးကွေ့တဲ့ နေရာမှာ ရွာဝင်တံခါး အခိုင်အမာ ဆောက်လုပ် ထားတယ်။ တံခါးအပေါ်မှာ သရိုင်ကျေးရွာ၊ ဝက်လက်မြို့နယ် ဆိုတဲ့ သံဆိုင်းဘုတ် တပ်ဆင်ထားတယ်။ ရွာထိပ်မှာ သရိုင်ရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ရှိပြီး ကျောင်းဝင်း အတွင်းမှာ အုပ်ကာသွပ်မိုးတစ်ထပ် စာသင်ဆောင်တွေ အစီအရီ ဆောက်လုပ်ထားတယ်။ ကျွန်တော် သရိုင်ရွာကို ရောက်တဲ့အချိန် က နွေကျောင်းပိတ်ရက်ဖြစ်လို့ ကျောင်းဝင်းတံခါး ပိတ်ထား တယ်။ အိမ်က စောစောထွက်ခဲ့တာမို့ သရိုင်ရွာထိပ်ကို ရောက် ချိန်မှာ မနက် ၁ဝ နာရီဝန်းကျင်သာ ရှိသေးတယ်။ ဆရာတော်ကြီး ရဲ့ ရွာဆိုပြီး လာခဲ့ပေမယ့် သရိုင်ရွာမှာ ကျွန်တော်နဲ့ သိကျွမ်းသူ တစ်ယောက်မှ မရှိဘူး။

သရိုင်ရွာထဲကို ဝင်ပြီး မိသားစုတွေ ဝိုင်းဖွဲ့ပြီး ထမင်းစားနေ တဲ့ အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက် လိုက်တယ်။ မန္တလေးက လာတာ ဖြစ်ပြီး ဆရာတော်ကြီးရဲ့ ဇာတိ ရပ်ရွာအကြောင်း ရေးချင်လို့ ဆရာတော်ကြီးနဲ့ ဆွေမျိုးနီးစပ် တော်သူတစ်ယောက်ယောက်ဆီ လိုက်ပို့ပေးဖို့ မေတ္တာရပ်ခံပါ တယ်။ သူတို့မိသားစုဝင် လူငယ်တစ်ယောက်က အသက် ၈၆ နှစ် အရွယ် ဘွားမြနွယ်ဆီ လိုက်ပို့တယ်။ ဘွားမြနွယ်တို့အိမ်က သွပ် မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်အဆောက်အအုံ ဖြစ်တယ်။ သရိုင် ရွာက ရှေးမြန်မာရွာကြီးဖြစ်ပြီး အိမ်ကြီးအိမ်ကောင်းတွေ များ တယ်။ ပျဉ်ထောင်နှစ်ထပ်အိမ်ကြီးတွေကို ရေနံချေးတွေ မည်းနေ အောင် သုတ်ထားကြတယ်။ အိမ်တိုင်းနီးပါး သန့်စင်ခန်းတွေကို  အုတ်နဲ့ ဆောက်လုပ်ထားတာ များတယ်။

ကျွန်တော်က သရိုင်ရွာကို စာရေးဖို့ ရောက်လာတာ ဖြစ် တဲ့အကြောင်း ဆရာတော်ကြီးနဲ့ သိမီခဲ့တဲ့ ငယ်ဘဝအကြောင်း တွေ ပြောပြပေးဖို့ မေတ္တာရပ်ခံတယ်။ ဘွားမြနွယ်က တစ်ခေါင်း လုံး ဖြူဖွေးနေပါပြီ။ ရင်ဖုံးအင်္ကျီအဖြူရောင်ကို ဝတ်ဆင်ထားပြီး ပွင့်ရိုက်လုံချည် အစိမ်းရောင်လေး ဝတ်ဆင်ထားတယ်။ ဘွား မြနွယ်က သူကိုယ်တိုင် ကြုံတွေ့ ခဲ့ရတဲ့ ငယ်ဘဝကို အခုလို ပြော ပြတယ်။

““ဆရာတော်ကြီးက အမေနဲ့ မောင်နှမတစ်ဝမ်းကွဲတော်စပ် တယ်။ ကျုပ်နဲ့ဆို ဦးလေး တော်စပ်တာပေါ့။ ငယ်ငယ်ကတည်းက  ကိုရင်ဝတ်ပြီး မြို့တက် စာဝါလိုက်တယ်။ ဆွမ်းဆန်စိမ်းလောင်း လှူပွဲတွေ ရှိရင်တော့ ရွာပြန်လာတတ်တယ်။ ရွာကျောင်းက ငယ် ဆရာ ဂီလာနဖြစ်တော့ ပြန်လာသေးတယ်။ ဒီရွာလာရင်လည်း ငါးပါးသီလ လုံအောင် ထိန်းကြလို့ မှာတာပဲ””

Photo-Than Naing Oo သရိုင်ရွာသို့အဝင်

 

သရိုင်ရွာက မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ ဇာတိရပ်ရွာ ဖြစ်တာနဲ့အညီ သာသနာရောင်ဝါ ထိန်ထိန်လင်းပါတယ်။ ဘုန်း တော်ကြီးကျောင်းတွေ၊ စေတီပုထိုးတွေ၊ ဇရပ်ကြီးငယ်တွေက ရွာ နဲ့မလိုက်အောင် များပြားတယ်။ သရိုင်အုပ်စုမှာ သရိုင်၊ ညောင် ပင်တွင်း၊ စမွန်း၊ ခင်မင်ရွာတွေ ပါဝင်တယ်။ သရိုင်ရွာမှာ အိမ်ခြေ ၁၈ဝ ဝန်းကျင် ရှိပါတယ်။ ရွာမှာ လက်ရှိ ဘုန်းတော်ကြီးကျောင်း လေးကျောင်း ရှိတယ်။ သီရိမင်္ဂလာ မဟာဂန္ဓာရုံ ပန်းရကျောင်း၊  ဝိဗောဓာရုံကျောင်း၊ ရွှေတောင်ရွာကျောင်းနဲ့ မဟာဗောဓိ ကျောင်းတို့ ဖြစ်ပါတယ်။ သရိုင်ရွာမှာ စေတီပုထိုးပေါင်း ၃၅ ဆူ  ရှိတယ်။ မဟာစေတီလှဘုရားက ကျစွာမင်း တည်ထားခဲ့တာ ဖြစ် ပြီး လုံးပတ်နဲ့ ဉာဏ်တော်အမြင့်က အချိုးအစားကျလွန်းလို့ သရိုင်ရွာသူရွာသားတွေ ဂုဏ်ယူကြတဲ့ စေတီလည်း ဖြစ်တယ်။ ရွှေမုဋ္ဌော၊ လေးမျက်နှာ၊ ပွတ်စေတီ စတဲ့ စေတီပုထိုးတွေကလည်း သရိုင်ရွာမှာ အထင်ကရ ရှိလှပါတယ်။ သီရိမင်္ဂလာ မဟာဂန်္ဓာရုံ ပန်းရကျောင်းကို သွားရာ လမ်းတစ်လျှောက်မှာ ကြီးမားတဲ့ သစ် သားဇရပ်ကြီး ရှိပြီး ရွာသူရွာသားတွေရဲ့ ဒါနမျိုးစေ့ကို မျက်ဝါး ထင်ထင် တွေ့မြင်နိုင်ပါတယ်။

 

Photo-Than Naing Oo မဟာဂန္ဓာရုံဆရာတော်ကြီးနဲ့ ဆွေမျိုးနီးစပ်တော်ကြတဲ့ သရိုင်ရွာသူရွာသားများ

 

အသက် ၇၈ နှစ်အရွယ် အရီးဒေါ်မြမိက သရိုင်ရွာထိပ်မှာ နေထိုင်ပါတယ်။ ဒေါ်မြမိရဲ့ အဖေ ဦးချစ်ဆိုင်နဲ့ ဆရာတော်ကြီးနဲ့ က ညီအစ်ကိုဝမ်းကွဲ တော်စပ်ပါတယ်။ ကျွန်တော်တို့ အရီး ဒေါ်မြမိ အိမ်ရောက်တော့ အရီးက ပုဆိုးဟောင်းတစ်ထည် ခေါင်းပေါ် ပတ်ထားပြီး သူ့အိမ်အောက်မှာ ခြေဆင်းထိုင်လို့ အေး အေးလူလူ သခွားသီး နွှာနေတယ်။ အရိပ်ပန်းအဖြူရောင် ရင်ဖုံး အင်္ကျီ လက်စကနဲ့ ယောဂီရောင်လုံချည်ကို ဝတ်ဆင်ထားတယ်။ အရီးတို့ အိမ်အောက်ထပ်က သမံတလင်း ခင်းထားလို့ အေးမြ တယ်။ ဒေါ်မြမိက ဆရာတော်ကြီးနဲ့ သူ ကြုံတွေ့ ခဲ့ရတဲ့ အတွေ့ အကြုံတွေကို ပြောပြတယ်။

Photo-Than Naing Oo သရိုင်ရွာလယ်က ပညာဂုဏ်ရောင်စာကြည့်တိုက်

““သံဃာတော်အပါး ၁ဝဝ နဲ့ ရွာကို ကြွလာဖူးတယ်။ ရွာက ဆွမ်းကပ်ကြတာပေါ့။ သားကြီးငါးကြီး ဘုဉ်းမပေးဘူး။ ကျုပ်တို့ က ငါးခြောက်လေးဘာလေး လုပ်ထားရတယ်။ ပြန်ကြွခါနီးတော့ သြဝါဒ ပေးသွားသေးတယ်။ ငါးပါးသီလ လုံအောင်ထိန်းကြ။ အတော့်ဆူတာများ မှတ်မနေနဲ့။ (တော်ရုံတန်ရုံ ဆူတာမဟုတ်) ရွာကလူတွေ ဆရာတော့်ကျောင်း  ကထိန်ခင်းကြ၊ အလှူပေး ကြလုပ်ရင် တတ်နိုင်သလောက်ပဲ လုပ်ကြဖို့ အမြဲမိန့်တယ်။ ပေး စရာ၊ ကျွေးစရာရှိရင်လည်း  သရိုင်ကဟာတွေ လာကြလို့ ခေါ် တာပဲ””

 

သရိုင်ရွာအဝင်မှာ ဇာတိမာန် စိုက်ပျိုးထုတ်လုပ်ရေး သမ ဝါယမအသင်း လီမိတက် ရှိပါတယ်။ ၁ဝ.၁ဝ.၁၉၉၃ မှာ ဖွဲ့စည်းခဲ့ တဲ့ သမဝါယမလီမိတက်ဖြစ်ပြီး သွပ်မိုး၊ ကပ်ကာ၊ ပျဉ်ခင်း တစ် ထပ် အဆောက်အအုံ ဖြစ်ပါတယ်။ သမဝါယမ လီမိတက် အဆောက်အအုံကို ဆေးအပြာ သုတ်ထားပြီး ခြံစည်းရိုးကို သံ ဆန်ခါကွက်နဲ့ ကာရံထားတယ်။ ရွာထဲကို အနည်းငယ် ဝင်လိုက် ရုံနဲ့ တီလမ်းဆုံကို ရောက်ပါတယ်။ အဲဒီ လမ်းဆုံကုန်းကမူပေါ်မှာ ပညာ့ဂုဏ်ရောင် စာကြည့်တိုက် ရှိပါတယ်။ စာကြည့်တိုက်က အုတ်ကာ၊ သွပ်မိုး တစ်ထပ် အဆောက်အအုံ ဖြစ်ပါတယ်။ ကျွန် တော် ကျေးလက်ဒေသ တော်တော်များများကို ရောက်ဖူးတယ်။  ကျေးရွာတိုင်းမှာ စာကြည့်တိုက် ရှိကြတာချည်းပဲ။ ဒါပေမဲ့ စာ ကြည့်တိုက်အများစုက အသက်မဝင်ဘူး။ ပိတ်ထားကြတယ်။ အဲဒီလို စာကြည့်တိုက်တွေထဲမှာ ပညာ့ဂုဏ်ရောင်စာကြည့်တိုက် လည်း ပါတယ်။

သရိုင်ရွာရဲ့ ထူးခြားချက်က မောင်နှမဝမ်းကွဲတွေ လက် ထပ်ကြတာပါ။ သရိုင်ရွာမှာ ကျွန်တော် ပထမဆုံး ဝင်တွေ့ ခဲ့တဲ့ ကိုမာလုံးတို့ရဲ့ ယောက္ခတွေလည်း မောင်နှမတစ်ဝမ်းကွဲချင်း ယူထားကြတာပါ။

Photo-Than Naing Oo သရိုင်ရွာအတွင်းက ရွာလယ်လမ်း

““ကျုပ်တို့အဖေနဲ့ အမေလည်း မောင်နှမတစ်ဝမ်းကွဲပဲ။ မောင်နှမဝမ်းကွဲချင်း ယူတော့ မိန်းမဘက်က အမွေလည်း တခြား မရောက်၊ ယောကျ်ားဘက်က အမွေလည်း တခြား မရောက်တော့ဘူး။ မောင်နှမဝမ်းကွဲချင်း ယူတယ်ဆိုတာ အမွေ ကို တခြားပေးရမှာစိုးတာလည်း ပါတာပေါ့””

ဒါပေမဲ့ ဒီဘက်နှစ်တွေမှာတော့ အဲဒီအစဉ်အလာ ပျက် သွားပါပြီ။ နယ်ထွက် လုပ်ကိုင်စားသောက်ရတဲ့အခါ တစ်နယ် တစ်ကျေးက လူတွေနဲ့ အကြောင်းပါကြတာ ရှိသလို ဖေ့စ်ဘွတ်ခ် အသုံးပြုရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကျွမ်းဝင်ပြီး လက်ထပ်ကြသူတွေလည်း ရှိလာတယ်။

သရိုင်မှာ အများစုက တောင်သူလုပ်ကြတာပါ။ လယ်စိုက် သူလည်း ရှိတယ်။ ကုန်း(ယာ)လုပ်သူလည်း ရှိတယ်။ စပါး၊ ပဲ၊ နှမ်း ကို အဓိကထား စိုက်ပျိုးကြတာ ဖြစ်တယ်။ ဒီနှစ် မိုးမကောင်းလို့ သရိုင်နယ်က တောင်သူတွေ ညည်းကြတယ်။ ကိုမာလုံးကိုယ် တိုင်လည်း တောင်သူတစ်ယောက် ဖြစ်တယ်။

““ကျွန်တော်တို့ဘက်က မိုးကောင်းလယ်သက်သက်ပဲ။ ဆည်ရေသောက် မရှိဘူး။ မိုးမကောင်းတော့ လေးပေါက်တွင်းတူး ထားရတယ်။ လာမယ့်နှစ်တော့ တစ်တွင်းလောက် ဆက်တူးရဦး မယ်။ ရွာအပြင်ဘက်ဆိုတော့ ပေ ၁ဝဝ-၁၂ဝ လောက် တူးကြရ တယ်။ အခု ကျွန်တော် လယ် ၆ဝ ဧကလောက် လုပ်တယ်။ မိုး မကောင်းတော့ စပါးက သိပ်မရဘူး။ ဝယ်မစားရရုံတမယ်ပဲ””

Photo-Than Naing Oo သရိုင်ရွာသူ ဘွားအေးသောင်းက တောင်ဝေးတစ်ချောင်းအဖော်ပြုလို့ရွာထဲ လည်လေ့ရှိတယ်

နွားတွေရှိပေမယ့် မိုးမရွာလို့ လယ်မြေတွေက ကျစ်ခဲနေပြီး  နွားနဲ့ ထွန်ယက်စိုက်ပျိုးရင် နွားပန်းလူပန်းဖြစ်ပြီး အချိန်ကုန် တယ်။ မိုးနည်းတာကြောင့် နွားရှိပေမယ့် ကူဘိုတာ လယ်ထွန်စက် တွေ ငှားပြီး ထယ်ရေးလိုက်ကြရတယ်။ လယ်ထွန်စက် ငှားရမ်းခ က တစ်ဧက ကျပ် ၂ဝ,ဝဝဝ ဖြစ်ပါတယ်။ လယ်ဧကများရင် လယ် ထွန်စက်မောင်းတဲ့ စက်သမားကို ထမင်းကျွေး ဧည့်ခံရပေမယ့် လယ်ဧကနည်းရင် ရေနွေးကြမ်းနဲ့ ဧည့်ခံပေးရုံပါပဲ။ အခုချိန်က မိုးမြေပဲစိုက်ချိန် ရောက်နေပါပြီ။ ကောက်စိုက်ပျိုးနုတ် လူတစ် ယောက်လုပ်အားခက တစ်ရက် ကျပ် ၄,ဝဝဝ ဖြစ်ပါတယ်။

ပဲတီစိမ်းနဲ့ ပဲစင်းငုံက မိုးမမှန်လို့ စိုက်တဲ့တောင်သူ နည်း တယ်။ မြေပဲမျိုးတွေထဲမှာ ခင်အေး။ မကွေး၊ တိုးနီ စတဲ့ မြေပဲမျိုး တွေ စိုက်ကြတယ်။ နှမ်းနက်နဲ့ နှမ်းဖြူလည်း တရုတ်ဝယ်လက်ရှိ နေလို့ သရိုင်ရွာမှာ စိုက်ပျိုးပါတယ်။ ပဲစင်းငုံဈေးက မကောင်းတဲ့ အပြင် အိန်္ဒိယဝယ်လက် မျှော်နေရတဲ့ ပဲဖြစ်လို့ တောင်သူတွေ မစိုက်ချင်ကြဘူး။ မြေပဲစိုက်ရင်း (ပေါင်းရှင်းသက်သာအောင်လို့) ဝတ္တရားကျေရုံသာ စိုက်တယ်။ မြေပဲတစ်တင်း၊ နှစ်တင်းချပါမှ ပဲ စင်းငုံ တစ်ပြည်၊ နှစ်ပြည်လောက်ပဲ ညှပ်စိုက်ကြတော့တယ်။

သရိုင်ကျေးရွာ ရွာလယ်မှာ ကျေးလက်ကျန်းမာရေး ဆေး ပေးခန်း ရှိပါတယ်။ ဆေးခန်းက ခေတ်မီ အာရ်စီ တစ်ထပ် အဆောက်အအုံ ဖြစ်ပြီး ဆေးခန်းအဆောက်အအုံကို အစိမ်းနု ရောင်ဆေးသုတ်ထားတယ်။ ခြံဝင်းကို ခါးလောက်အမြင့်ထိ အုတ်တံတိုင်းကာရံထားပြီး အပေါ်မှာ သံပန်းတပ်ဆင်ထားတယ်။ အုတ်တံတိုင်းခန်းဖွင့်တိုင်းကို အလှူရှင်က ကမ္ပည်းရေးထိုးပေး ထားပါတယ်။

သရိုင်မှာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အထိ သာ ဖွင့်ထားတာမို့ အထက်တန်းပညာကို ဝက်လက်မြို့မှာ သွား ရောက်သင်ယူရတယ်။ ဝက်လက်မြို့မှာ ကိုယ်ပိုင်အထက်တန်းကျောင်းတွေလည်း ရှိနေပါပြီ။ သရိုင်က အညာဒေသဖြစ်လို့ ထန်း တောကြီးတွေလည်း ညို့မှိုင်းနေအောင် ရှိပါတယ်။ ထန်းပင်ဈေး နှုန်းတွေက တစ်ပင် ကျပ် ၁၅,ဝဝဝ-၂ဝ,ဝဝဝ ဖြစ်ပြီး ထန်းပင်ခွဲခ နဲ့ ဈေးနှုန်းတူ ဖြစ်ပါတယ်။ ထန်းသားတွေကို ပဲမှော်တိုက်ထားရာ၊ စပါးကျီထားရာအဖြစ် သုံးကြတယ်။ ကျွန်တော်ဝင်ပြီး မေးခဲ့တဲ့ ဒေါ်ခင်ညိုဝင်းတို့အိမ်မှာလည်း ပဲမှော်တိုက်ကို ထန်းသားနဲ့ ဆောက်လုပ်ထားတယ်။

အညာသူ အညာသားတွေ ပြည်ပထွက် အလုပ်လုပ်တဲ့ ခေတ်မှာ သရိုင်သားတွေလည်း နောက်ကောက်ကျ မကျန်ခဲ့ဘူး။ မလေးရှားသွားသူ၊ ကိုရီးယားသွားသူတွေ ရှိကြတယ်။

““ဒီတိုက်က ကိုရီးယားရောက်နေတဲ့ ညီအစ်ကိုက ပို့ပေး တာပေါ့””

ဝင်းနဲ့ ကပ်လျက်မှာ အသစ်စက်စက် နှစ်ထပ်တိုက်ကို လက်ညှိုးထိုးပြတယ်။ တိုက်သစ်က သုံးခန်း၊ နှစ်ခန်း နှစ်ထပ်တိုက် ဖြစ်ပါတယ်။ ဆောက်ထားတာ မကြာသေးလို့ ဘိလပ်မြေတောင် မခြောက်ချင်သေးဘူး။ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ လေး ယောက် ကိုရီးယားမှာ သွားရောက် အလုပ်လုပ်နေကြတာပါ။     ““ကျုပ်မြေးတွေတော့ မလေးရှားက ပြန်လာကြတာပဲ။ ထင် သလောက် မဟုတ်ပါဘူးတော်၊ ကိုရီးယားကမှ ဟန်ကျတာ””လို့ သရိုင်ရွာသူ အဘွားအိုက ပြောတယ်။

သရိုင်မှာ ဘွဲ့ရပညာတတ်တွေ ပေါပါတယ်။ ဘွဲ့ရကျောင်း ဆရာလေးယောက် ရှိပြီး ဆရာမက ၁ဝ ယောက်ကျော် ရှိတယ်။ မြေတိုင်းစာရေးလုပ်သူ၊ သမဝန်ထမ်းလုပ်သူ၊ ရှေ့နေ၊ တိမွေးကု ဆရာဝန်တွေလည်း သရိုင်က ထွက်တယ်။ သရိုင်နယ်မှာ အရင်က တောတောင်ထူထပ်ခဲ့တယ်။ ရွာထိပ်က ပန်းရဘုန်းတော်ကြီး ကျောင်းအနီးမှာ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ အုံ့ဆိုင်းနေခဲ့တယ်။ ဘုန်းတော်ကြီးကျောင်းက မွေးထားတဲ့ ခွေးတောင် ကျားသစ်က ပုတ်ခဲ့တယ်လို့ အဆိုရှိကြောင်း သရိုင်ရွာသူ ဘွားအေးသောင်းက ပြောတယ်။

သရိုင်မှာ လျှပ်စစ်မီး အခုချိန်ထိ မရသေးပါဘူး။ လက်ဖက် ရည်ဆိုင်မရှိ၊ အရက်ဆိုင်နတ်္ထိရွာ ဖြစ်တယ်။ နိုင်ငံရေးပါတီတွေ လည်း သရိုင်မှာ မရှိသေးဘူး။ ဝက်မမွေး၊ ကြက်မမွေး၊ ဆိတ်မမွေး ကြဘဲ ကောင်းမှုကုသိုလ်တွေသာ မွေးမြူကြတယ်။ ရွာထဲမှ အရိပ်ရ မန်ကျည်းပင်ကြီးတွေ၊ သက်တမ်းရင့် တမာပင်ကြီးတွေ ပေါတယ်။ ဆရာတော်ကြီးရဲ့ ပလာစတာပုံတူ သီရိမင်္ဂလာမဟာ ဂန္ဓာရုံ ပန်းရကျောင်းတိုက်ထဲမှာ အပူဇော်ခံထားတယ်။ ရေနံချေး ဝနေတဲ့ ရှေးမြန်မာအိမ်ကြီးတွေ ရှိတယ်။ တယ်လီဖုန်းလိုင်းတွေ လည်း သရိုင်ရွာမှာ ဆက်သွယ်လို့ ရပါတယ်။

သရိုင်ရွာက ဝက်လက်နယ်ထဲက မဟာဂန္ဓာရုံဆရာတော် ကြီး ဂုဏ်ကျေးဇူးကြောင့် အထင်ကရရှိလှတဲ့ ရွာဖြစ်တယ်။ သစ် ဆိမ့်-ဝက်လက် ကားလမ်းပေါ်က ရွာဖြစ်လို့ ဖွံ့ဖြိုးမှုနိမ့်တယ်လို့ မဆိုနိုင်ဘူး။ အညာကုန်းခေါင်ခေါင်အရပ် ဖြစ်ပေမယ့် ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်တွေကြောင့် အေးမြသလို သစ်ရိပ်ဝါးရိပ်တွေ ကြောင့် အပူဒဏ် လျော့ပါးတယ်။ ဝက်လက်နယ်ဘက် အလည် ရောက်တဲ့အခါ သရိုင်ရွာကို ဝင်ရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ပါ ရစေ။

Office :

မော်ကွန်းမဂ္ဂဇင်း

အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။

ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။

Website: http://www.mawkun.com

E-mail: mawkunmagazine@gmail.com

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."