စကားအလင်္ကာကျေးရွာ

မြန်မာနိုင်ငံမှာ ရောင်းအားအကောင်းဆုံး စာအုပ်သုံးအုပ် ရှိပါ တယ်။ အဲဒီစာအုပ်တွေက ဈေးကွက်လိုအပ်ချက်အရ ထပ်ပြန် တလဲလဲ ရိုက်ရတဲ့ စာအုပ်တွေလည်း ဖြစ်တယ်။ အဲဒီ စာအုပ်တွေကို ရေးသားကြတဲ့ မူရင်းစာရေး ဆရာက စာမူခ ဘယ်လောက်ရတယ်တော့ မသိ၊ စာအုပ်တွေက အကြိမ်ကြိမ်အခါခါ ရိုက် နေရတာ အမှန်ပင်။ မြို့ပြ ကျေးလက်မှာပါ အဲဒီစာအုပ်တွေက အမြဲ အရောင်းသွက် ၁ဝ စာရင်းဝင်တဲ့စာအုပ်တွေ ဖြစ်ကြတယ်။ ဘယ် စာအုပ်တွေလို့စာဖတ်သူ တွေးထင်ထားပါ သလဲ။

 

ဘုရားရှိခိုးအမျိုးမျိုးရယ်၊ တွံတေးသိန်းတန် တေးပေါင်း ချုပ်ရယ်ဆိုတဲ့ စာအုပ်တွေပဲ ဖြစ်ကြတယ်။ အဲဒီစာအုပ်တွေရဲ့ ပျံ့နှံ့ အားက အုပ်ရေ သိန်းချီရှိနေတယ်ဆိုရင် မအံ့သြပါနဲ့။ ဘုရားရှိခိုး အမျိုးမျိုးဆိုတဲ့ လက်တစ်ဝါးစာ စာအုပ်လေးက တရားပွဲတွေမှာ ဓမ္မဒါနလုပ်ပြီး ကုသိုလ်ယူလိုက်ဝေတဲ့ စာအုပ်ပါ။ သာရေး၊ နာ ရေး ရှိတဲ့အခါမှာလည်း အဲဒီစာအုပ်လေးကိုပဲ လိုက်လံဝေငှကြ တယ်လေ။ တွံတေးသိန်းတန် တေးပေါင်းချုပ်ကလည်း အကြိမ် ကြိမ် အလီလီ ထပ်လောင်းရိုက်နှိပ် ထုတ်ဝေနေရတဲ့ တေးပေါင်း ချုပ်ဖြစ်ပါတယ်။ ထယ်ထိုးရင်း တွံတေး၊ နွားကျောင်းရင်း သိန်း တန်၊ ပျိုးနုတ်ရင်း တွံတေး၊ ပေါင်းသင်ရင်း သိန်းတန်ဆိုတဲ့ တွံ တေးသိန်းတန် ခေတ်ကို ထူထောင်ခဲ့သူပဲလေ။ လှတောသား စကားအလင်္ကာဆိုတဲ့ စာအုပ်ကိုတော့ မိတ်ဆွေတို့ မမြင်ချင်မှ အဆုံးဖြစ်မှာပါပဲ။ ခရီးထွက်တိုင်း ရထားဆိပ်၊ ကားဂိတ်၊ သင်္ဘော ဆိပ်တွေမှာ လက်ပွေ့စာအုပ်ရောင်းသူတွေထံမှာ လှတောသား စာအုပ်တွေက အမြဲမြင်တွေ့နိုင်တဲ့ စာအုပ်လေးတွေလေ။

ဟုတ်ပါတယ်။ လှတောသားတွေ စကားကြွယ်ကြတယ်။ စကားစမြည် ပြောဆိုကြရာမှာ ဝေါဟာရတွေ ဖောဖောသီသီ သုံး ကြတယ်။ တင်္ခဏုပ္ပတ္တိဉာဏ် ကောင်းကြတယ်။ စကားပြော ကောင်းလွန်းလို့ ပြောတဲ့စကားတွေ စာအုပ်ထုတ်ပြီး နိုင်ငံအဝန်း စာအုပ်ထုတ်ရောင်းနိုင်တာဆိုလို့ လှတောသားနဲ့ ချီပါသားတွေ သာ ရှိတယ်။ (ချီပါရွာအကြောင်း အလျဉ်းသင့်ရင် ရေးပါဦးမယ်။)

 

လှတောရွာသူရွာသားတွေ ဘာကြောင့် စကားပြောတဲ့ အခါ အလင်္ကာမြောက်အောင် ပြောနိုင်ကြတာလဲ။ ဘယ်လိုအရာ တွေက လှတောသားတွေ စကားကြွယ်အောင် ဖန်တီးပေးတာလဲ။ လှတောသားတွေ စကားကြွယ်အောင် ပြောနိုင်တာကပဲ လှ တောရွာအကြောင်း ရေးဖို့ တွန်းအားဖြစ်စေခဲ့တယ်။ လှတော သားတွေ စကားကြွယ်တာနဲ့ ပတ်သက်လို့ လူသိများတဲ့ ပုံပြင် လေးတစ်ပုဒ် ရှိတယ်။

 

တစ်ခါက ရဟန်းတစ်ပါးက လူတစ်ယောက်နဲ့ အတူ ရေ လမ်းခရီးကို လှေငယ်တစ်စီးနဲ့ သွားခဲ့ကြတယ်။ လမ်းခုလတ်မှာ လှတောရွာသားတစ်ယောက်က လှေကြုံလိုက်ဖို့ ဘုန်းကြီးထံ ခွင့် ပန်တယ်။ လှတောသားဆိုတော့ ဘုန်းကြီးက လှေပေါ် တင်ခေါ် သွားချင်ပေမယ့် နည်းနည်းတော့ တွန့်ဆုတ်မိတယ်။ လှေပေါ် လိုက်ချင်ရင် စကားမပြောဘဲ ငြိမ်ငြိမ်ထိုင်လိုက်ဖို့ မိန့်ပြီး လှတောသားကို လှေပေါ် တင်ခေါ်ခဲ့ကြတယ်။ တစ်နေရာရောက်တော့ ကျောက်ဆောင်ကျောက်သားတွေကို လှိုင်းက ပုတ်ပြီး ဖြိုချနေ တာ  ဘုန်းတော်ကြီးတွေ့တော့ ‘သံစောင်းထက် ရေစောင်းထက် ဆိုတာ တယ်မှန်ပါလား’လို့ မိန့်လိုက်တယ်။

Photo – Than Naing Oo

မိုးသက်မုန်တိုင်းမိတော့ လှေကို ကျွန်းတစ်ကျွန်းမှာ ကပ် ပြီး ခရီးတစ်ထောက် နားကြရတယ်။ ဆရာတော်အတွက် ဆွမ်း ဘုဉ်းပေးဖို့ စီစဉ်ကြတော့ ဆွမ်းချက်ဖို့ လှတောသားက စီစဉ်ရ တယ်။ ထင်းတွေနဲ့ မီးမမွှေးဘဲ ထင်းတွေကို ရေလောင်းနေတာ တွေ့တော့ ဘုန်းကြီးက မေးခွန်းထုတ်တယ်။

 

”ဟေ့…ဒကာ၊ ဘာလုပ်နေတာလဲ”

”ထင်းတွေ ခွဲနေတာပါ ဘုရား”

”ထင်းခွဲတာ ရေနဲ့ ခွဲလို့ ရမလားဟ”

”အရှင်ဘုရားပဲ လှေပေါ်မှာတုန်းက သံစောင်းထက် ရေ စောင်းထက်တယ်လို့ မိန့်ခဲ့တယ် မဟုတ်လား ဘုရား”

ဘုန်းကြီးလည်း သူ့စကားနဲ့ သူမို့ ပြုံးရုံပြုံးပြီး ပြန်ထွက် သွားတယ်။ သစ်ရိပ်အောက်မှာ နားနားနေနေ သီတင်းသုံးနေ တုန်း အတူပါလာတဲ့ ဒကာက သရက်သီးမှည့်ကို ဆရာတော်ထံ ကပ်လှူတယ်။ ဘုန်းတော်ကြီးက သရက်သီးမှည့် ဘုဉ်းပေးနေ ရင်းနဲ့ ”အသီးများ မှည့်ရင် တယ်ချိုတာကလား”လို့ မိန့်လိုက် တယ်။ ဆရာတော်နဲ့ မလှမ်းမကမ်းမှာ ထမင်းချက်နေတဲ့ လှတော သားက ဆရာတော်ရဲ့ မိန့်မှာချက်ကို ကြားဖြစ်အောင် ကြားလိုက် တယ်။ ဘုန်းကြီးက လှတောသားကို စကားမပြောရဘူး အမိန့် ထုတ်ထားတော့ လှတောသားက ငရုတ်သီးမှည့်ရဲရဲတစ်တောင့် ကို ဆရာတော်မြင်အောင် ထောင်ပြလိုက်သတဲ့။ ဆရာတော် လည်း သတိလက်လွတ်ဖြစ်ပြီး ကွမ်းအစ်နဲ့ ကောက်ပေါက်လိုက်ပါ လေရောလား။

Photo – Than Naing Oo

လှတောရွာက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ဝက် လက်မြို့နယ်အတွင်းမှာ တည်ရှိတယ်။ မြစ်ကြီးနား-မန္တလေး ပြည် ထောင်စုလမ်းမကြီးပေါ်က ဖွံ့ဖြိုးတဲ့ ရွာ ဖြစ်ပါတယ်။ အထက် တန်းကျောင်းရှိတယ်။ နယ်မြေရဲစခန်း ရှိတဲ့အပြင် လှတောဈေးပါ ရှိတယ်။ ကျေးလက်ကျန်းမာရေးဌာန၊ လက်ဖက်ရည်ဆိုင်၊ အလှ ပြင်ဆိုင်၊ ဘီယာဆိုင်၊ ဘိလိယက်ခုံ၊ မီးသတ်စခန်း၊ မီးသတ်ကား၊ ဆိုင်ကယ်ဝပ်ရှော့၊ ဆန်စက်၊ ဘော်လီဘောကွင်း၊ ပန်းပဲလုပ်ငန်း တွေလည်း ရှိပါတယ်။ လှတောက လမ်းဆုံမှာ ရှိတဲ့ ရွာကြီးတစ် ရွာ ဖြစ်ပါတယ်။ တယ်လီဖုန်းဆက်သွယ်ရေးအော်ပရေတာ သုံး ခုစလုံး လိုင်းမိပါတယ်။ လှတောကနေ အရှေ့စူးစူးကို ဆက်တက် ရင် ဝက်လက်မြို့ကို ရောက်တယ်။ မ္တနလေးမြို့နဲ့ ၅၆ မိုင်ဝေးပြီး ရွှေဘိုမြို့နဲ့ ၁၄ မိုင် ဝေးတယ်။ ဝက်လက်မြို့နဲ့ ၇ မိုင် ဝေးပါတယ်။ လှတောရွာကနေ ရှေးဟောင်းပျူမြို့ ဟန်လင်းမြို့ဟောင်းကို ဆိုင် ကယ်နဲ့ သွားရင် နာရီဝက်သာသာ ခရီးလောက် သွားရတယ်။ လှ တောရွာဝန်းကျင်မှာ ရွှေကျင်၊ ရေထွက်၊ ကျီးကန်၊ မဲကုန်း၊ သန်း တောကြီး စတဲ့ ရွာတွေ ရှိပါတယ်။

 

လှတောရွာသူရွာသားတွေထဲမှာ တက္ကသိုလ်ဘွဲ့ရ ပညာ တတ်တွေလည်း ပေါပါတယ်။ လှတောရွာ အုပ်ချုပ်ရေးမှူး  ဦးကျော်မြင့်က ”လှတောရွာသားတွေထဲမှာ ဘွဲ့ရတွေက ကုမ္ပဏီ ဝန်ထမ်းလုပ်ကြသူတွေ ရှိတယ်။ ကျောင်းဆရာ၊ ဆရာမ လုပ်သူ တွေလည်း ပါတယ်။ ဘွဲ့ရပြီးမှ တောင်သူလုပ်ငန်း ဝင်လုပ်နေကြ တဲ့ ဘွဲ့ရတောင်သူတွေလည်း ရှိတယ်”လို့ လှတောရွာသားတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုကို ပြောပြတယ်။

 

အရင်ခေတ် လှတောသားတွေက ဒီနေ့ခေတ် လှတော သားတွေထက် စကားပိုကြွယ်ကြတယ်။ ဘာကြောင့် အဲဒီလို ဖြစ် ရတာလဲဆိုတာ သိဖို့ လှတောရွာထိပ်က လက်ဖက်ရည်ဆိုင်မှာ လှတောသားတွေနဲ့ စကားဝိုင်းဖွဲ့ဖြစ်ပါတယ်။ လှတောသားကြီး တွေ ဖြစ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်၊ ရပ်မိရပ်ဖတွေ ဖြစ်တဲ့ ဦးကျော်ငြိမ်း၊ ဦးဘိုကြီး၊ ဦးခင်မောင်အေး၊ ဦးသန်းဝင်း၊ ဦးနန်းဝေတို့နဲ့ စကားဝိုင်းဖွဲ့ဖြစ်ပါတယ်။ ဦးနန်းဝေက လွဲရင် အား လုံး လှတောဇာတိတွေချည်းပါပဲ။ ဦးနန်းဝေက အရာတော်နယ် သားဖြစ်ပြီး လှတောမှာ ဆိုင်ဖွင့်ရာက လှတော အထကမှာ တာ ဝန်ထမ်းဆောင်နေတဲ့ ဆရာမနဲ့ အိမ်ထောင်ကျပြီး လှတောသား ဖြစ်လာသူပါ။

”အရင်က အေးအေးဆေးဆေးခေတ်၊ ဘာပူပင်သောကမှ မရှိဘူး။ အဖေလုပ်သူ လုပ်စာ တစ်မိသားစုလုံး ထိုင်စားပြီး နေ ထိုင်လာကြရတာ။ လက်ဖက်ရည်ကြမ်းသောက်ရင်း စကား စမြည်ပြောရာက စကားတွေက ထွက်လာတယ်။ အခု အိမ်ရှိ လူ ကုန် အလုပ်နဲ့ လက်နဲ့ မပြတ်အောင် လုပ်နေကြရတယ်”

 

”ဒီနှစ် လှတောရွာက တောင်သူတွေ အဆင်မပြေကြဘူး။ မိုးများလွန်းအားကြီးချိန်မှာ ရေထွက်ပေါက်က ကျဉ်းတော့ အပင် တွေ ရေနစ်ကုန်တာ။ ခါတိုင်း မိုးများလို့ ရေကြီးရင် လေး၊ ငါးရက် ပဲ ကြာတာ။ အခုလို လချီ မကြာဖူးဘူး”

 

”ပြောမကောင်းဆိုမကောင်းတဲ့ ကလေးဆို ဒီကောင်လေး တရုတ်ဆိုင်ကယ်သာ ဝယ်ပေးလိုက်လို့ ပြောလိုက်တာပဲ။ တရုတ် ဆိုင်ကယ်က ဈေးလည်း ပေါတယ်။ တိုက်တာလည်း မကြာခဏ ပဲ။ ဆိုင်ကယ်စီးတယ်ဆိုတာကလည်း ရေပုံးဆွဲသလောက်မှ မခက်တာ။ ဆိုင်ကယ်စီးတတ်သွားလို့ စီးရင် တိုက်ကရော။ တစ် နှစ်ကို ဆယ့်လေးငါးကြိမ်တော့ ဆိုင်ကယ်တွေ  တိုက်နေတာပဲ။ သုံးယောက်ကတော့ ပုံမှန်သေတာပဲ။ ကျန်တာကတော့ အကျိုး၊ အကန်းပေါ့”

 

”ကျွန်တော်တို့ လှတောက တောမက မြို့မကျ သမဆိုင်က ထုတ်တဲ့ ရှပ်အင်္ကျီလို လက်တိုလည်း မဟုတ်၊ လက်ရှည်လည်း မဟုတ်၊ လက်စက။ ဘီယာဆိုင်၊ အရက်ဆိုင်တွေကတော့ ပေါ တယ်။ နို့ခွာပါပြီဆိုကတည်းက အရက်ကလေး အာဆွတ်ကြီးလာ ကြတာ။ လူငယ်တွေ သူတို့အချင်းချင်း ပြောကြတာ ရှိတယ်။ အရက်လေးသောက်ပြီး စကားစမြည် ဟာသလေးတွေ ပြောနေ ရလို့ အသက်ရှည်တာတဲ့။ ရွာဆေးခန်းတောင် ပင့်ကူတွေ အိမ် ဆောက်နေရပြီတဲ့”

 

”ဝစ်သောက်ကားတွေကတော့ လမ်းပေါ် ရွေဘော်ထိုးနေ တဲ့တိုင်းပဲ။ သူတို့ပေးရတဲ့ ကားဈေးဆိုတာက ကျုပ်တို့ လိုင်စင် ဆိုင်ကယ်ဈေးလောက် ရှိတာ။ တစ်စီးမှ သိန်း ၂ဝ ဆို စီးလို့ ရပြီ”

 

”ဝစ်သောက်ကားတွေက ဘယ်ကလာ ရေဘော်ထိုးတာ ဟုတ်ရမှာလဲ။ ဗန်းထဲ လောက်စာ ထည့်လှိမ့်နေတဲ့အတိုင်းပါဗျာ”

 

လှတောသားတွေ လက်ဖက်ရည်ဝိုင်းမှာ ကျွန်တော်နဲ့ ထိုင် နေစဉ် လက်တမ်းပြောနေကြတာပါ။ သူတို့ပြောတဲ့အထဲမှာ လုပ် ကြံပြောတာတွေ မပါဘူး။ ဒေသိယစကားတွေကို ပြောရိုးပြောစဉ် ပြောနေတာပါ။ လက်ဖက်ရည်သောက်ရင်း၊ လက်ဖက်သုပ်စား ရင်း၊ ကွမ်းဝါးရင်း၊ ဆေးလိပ်ဖွာရင်း အေးအေးလူလူ ပြောနေကြ တယ်။ ကျွန်တော်က သူတို့ပြောစကားတွေ မှတ်တမ်းတင်ဖို့ စာ အုပ်ဖွင့်ပြီး မှတ်စုလိုက်မယ် ဟန်ပြင်တော့ ”ခင်ဗျား အဲဒီလိုလုပ် တော့ ကျွန်တော်တို့က ရဲရှေ့ရောက်တဲ့ တရားခံလို ဖြစ်ပြီး နှုတ်ဆွံ့ သွားပါလေရော”တဲ့။

 

တစ်ကမ္ဘာလုံး နေ့စဉ်နဲ့အမျှ စကားတွေ ပြောနေပါလျက်နဲ့ ဘာကြောင့် လှတောသားစကားရယ်လို့ ဖြစ်ရတာလဲ။ စကား တွေက ကွင်းဆက်မိကြတယ်။ ပြောတဲ့အထဲမှာ မာနမပါဘူး။ စကားပြောဖော် တစ်ဖက်သား ရယ်စရာဖြစ်ပါစေတော့ရယ်လို့ မေတ္တာ၊ စေတနာရှေ့ထားပြောလို့ လှတောသားစကားရယ်လို့ တွင်တာပါ။

 

လှတောက အညာရွာကြီးပီပီ ထန်းတောတွေလည်း ပေါ တယ်။ ထန်းလျက်ဘယ်ဈေးရှိလဲ မေးခွန်းထုတ်တော့ လှတော သားတစ်ယောက်က ”ထန်းလျက်အဆင့်ထိ မရောက်လိုက်ဘူး ဗျ။ အရည်(ထန်းရည်)နဲ့တင် ပြတ်သွားတာ”လို့ သူတို့ရွာသား တွေရဲ့ သောက်သုံးမှုစံချိန်ကို ပြောပြတယ်။

 

လှတောမှာ သာသနာရောင်ဝါလည်း ထိန်ထိန်လင်းပါ တယ်။ ရှေးဟောင်းစေတီပုထိုးတွေ၊ ဘုရားကျောင်းကန် ဇရပ် တွေ ရှိတယ်။ ဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်း ရှိပါတယ်။ဘုရားပွဲတွေက တစ်လ တစ်ပွဲလောက် ဆက်နေတယ်။ တောင် ကျောင်း၊ ရွှေမုဋ္ဌော၊ အုဋ်ကျောင်း၊ ချမ်းသာကြီး စတဲ့ ဘုရားပွဲတွေ က ဆက်တိုက်ဆိုသလိုပါပဲ။

 

လှတောရွာသားတွေတင် စကားပြောကောင်းတာ မဟုတ် ပါဘူး။ လှတောရွာသူတွေလည်း စကားြ<ွကယ်ြ<ွကယ်ပြောတတ်သူ တွေ ဖြစ်ကြပါတယ်။ စီဒီအိုကေခေတ်မှာ လှတောလည်း ခေတ် နောက်မကျခဲ့ပါဘူး။ ရွာထဲက စီဒီအိုကေမှာ သားဖြစ်သူက ဟင်္သာတထွန်းရင်ရဲ့ မွေးမေကျေးဇူးဆပ်ဖူးချင်တယ် သီချင်းကို ဟဲပါလေရော။ သားဖြစ်သူ အိမ်ပြန်လာတော့ အမေက ”တစ်နေ ကုန်တော့ သောက်စားနေပြီးတော့ ညကျရင် မွေးမေကျေးဇူး ဆပ်ပြီ”လို့ ပြောလိုက်ပါသတဲ့။

 

လှတောရွာသားတွေကတော့ ရုပ်ချောသဘောကောင်း တွေပဲဗျ။ လှတောရွာသူတွေကရော ဘယ်လိုရှိသလဲ ပြောပြပါဦး လို့ ကျွန်တော်က အရွှန်းဖောက်လိုက်တယ်။

 

”လှတောသူတွေ ဒါရိုက်တာနဲ့ နီးရင် မင်းသမီးဖြစ်နိုင်တဲ့ သူချည်းပဲ။ လှတောသူအကြည့်က စပါးကြီးမြွေချက် ညှို့သလို။ ဥမ္မာဒန္တီက နာမည်ကြီးချင်လို့သာ ကြီးနေတာ လှတောသူတွေ လောက်ကို လှတယ် မထင်ဘူး။ မီးပျက်တဲ့အခါ ရွာလယ်လမ်းမှာ ထွက်ရပ်ရင် တစ်ရွာလုံး လင်းတယ်”

 

လှတောသားလူငယ်တွေ အခုအချိန်က လယ်လုပ်ငန်း၊ ယာလုပ်ငန်း သိမ်းချိန်မို့ အနားရနေပါတယ်။ လှတောရွာသား အချို့ မြို့တက် အလုပ်လုပ်ကြတာ ရှိပေမယ့် ပြည်ပထွက် အလုပ် လုပ်သူ မရှိသလောက် ရှားတယ်။ အညာရွာအချို့ မလေးရှားသွား၊ ယိုးဒယားသွား အလုပ်လုပ်ကြပေမယ့် လှတောသားတွေထဲမှာ မြို့တက်အလုပ်လုပ်သူပင် နည်းပါးတယ်။ နေ့လယ်နေ့ခင်းမို့ ဘိလိယက်ထိုးနေသူတွေ ရှိတယ်။ စာကြည့်တိုက် ဖွင့်ပေးထားပေ မယ့် အသုံးပြုသူ နည်းပါးတယ်။ ညနေခင်းတွေမှာတော့ ဘော်လီ ဘော ပုတ်ကြသတဲ့။

 

 

Photo – Than Naing Oo

ကျေးလက်မြို့ပြအနှံ့ ဆက်သွယ်ရေးစနစ် ကောင်းမွန်လာ ချိန်မှာ လှတောသားတွေလည်း ဟန်းဖုန်းကိုယ်စီ ဖြစ်လာကြပါပြီ။  ဆက်သွယ်ရေးရဲ့ အသီးအပွင့်တွေ လှတောသားတွေ ခံစားနေရ ပြီလား။ ဒီမေးခွန်းကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က အခုလို အဖြေပေးပါတယ်။

 

”ဆက်သွယ်ရေးအကျိုးကျေးဇူးကြောင့် ကျွန်တော့်သား တော့ ပခုက္ကူမြစ်ခြေသူနဲ့ အကြောင်းပါတော့တာပဲ။ ဖုန်းမှား ဆက်ရာက အသံနဲ့ ရည်းစားဖြစ်ပြီး အခုတော့ အိမ်ထောင်တောင် ကျနေပြီ”

အရင်ခေတ်နဲ့ အခုခေတ် ဘာကွာသလဲ။

 

”အရင်ကတော့ အာဏာနဲ့ အုပ်ချုပ်တာကိုး။ အခုတော့ ပြည်သူရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရ ဖြစ်လာပြီ။ မဟုတ်တာ၊ မမှန်တာ လုပ်ခဲ့ရင် အရင်ထက် ပြောခွင့်ဆိုခွင့် သာလာတာပေါ့”

 

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ကားနဲ့ သွားမယ်ဆိုရင် လှတောရွာမှာ ခရီးတစ်ထောက်နားပြီး လှတောသူ လှတောသား တွေနဲ့ စကားစမြည်ပြောကြည့်ပါ။ သူတို့ ဘဝက ရလာတဲ့ အသိ တွေနဲ့ မိတ်ဆွေတို့ကို ဧည့်ဝတ်ပျူငှာ ဧည့်ခံပါလိမ့်မယ်။

 

(အထက်ပါဆောင်းပါးအတွက် ကူညီခဲ့ကြတဲ့ လှတောရွာသူရွာသား တွေကို ကျေးဇူးတင်ပါတယ်။)       ။

 

၂၀၁၇-မတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၄)မှ Rememberence ဖြစ်ပါသည်။

 

သန်းနိုင်ဦး ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."