လူသုံးကုန်ပစ္စည်းများ သုံးခဲ့ကြသူများ

ကာလရှည်ကြာ လက်ပွန်းတတီး အသုံးပြုခဲ့တဲ့ ပစ္စည်းတော် တော်များများ အခုအခါမှာ အနားရသွားပါပြီ။ တကယ်လည်း အသုံးဝင်ပြီး အသုံးတည့်ခဲ့တယ်။ သုံးစွဲတဲ့သူတွေလည်း များခဲ့ လို့ ဈေးကွက်ဝေစုလည်း ခိုင်ခိုင်မာမာရခဲ့တဲ့ ပစ္စည်းတွေ ဖြစ် တယ်။  ဒါပေမဲ့ ခေတ်ကာလနဲ့ အညီ ခေတ်မီထုတ်ကုန်ဖြစ်အောင် လုပ်ဖို့ ပျက်ကွက်ခဲ့ကြတယ်။ ဈေးကွက်ကို မထိုးဖောက်နိုင်ခဲ့ တော့ဝယ်သူတွေကသဘာဝကျစွာပဲလက်ပြနှုတ်ဆက်သွားခဲ့ ကြတယ်။ အဲဒါတွေကတော့ပြည်တွင်းဖြစ် လူသုံးကုန်ပစ္စည်း တွေပါပဲ။

ပြည်တွင်းဖြစ်ဆိုတဲ့ ဝေါဟာရတောင် မကြားရတာ ဘယ်လောက် ကြာခဲ့ပြီလဲ။ သိပ်မကြာသေးတဲ့ ကာလတစ်ခုမှာ ရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးဆိုပြီး လုပ်ခဲ့ကြသေးတာ မှတ်မိသေးတယ်။ တကယ်တော့ အခုလို ဗဟုဝါဒ ထွန်းကားပါတယ်ဆိုတဲ့ ကော့စ် မိုပိုလီတန်ခေတ်မှာ ပြည်တွင်းဖြစ်တွေ အားပေးဖို့ ပိုတောင် လိုအပ်ပါသေးတယ်။ ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ပြည်တွင်း ဖြစ်တွေက အရည်အသွေးထိန်းချုပ်မှု (QC) အပိုင်းမှာ အတော် လေး အားနည်းနေသေးတယ်။ ပြည်တွင်းဖြစ်ကို အားပေးပါဆို တာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးစိတ်ဓာတ်မဟုတ်ဘူး။ ဒီနေ့ ခေတ်က အပြိုင်အဆိုင် ဈေးရောင်းနေကြရတဲ့ ကာလ။ ကိုယ့် ကုန်ပစ္စည်းတွေကို နိုင်ငံတကာမှာ ဂုဏ်သိက္ခာရှိရှိ ထိုးဖောက်ပြီး ဈေးကွက်ဝေစုရအောင် ယူနေကြရတဲ့ ကာလ မဟုတ်လား။ ကိုယ့်ထုတ်ကုန်က ပြည်တွင်းဈေးကွက်လောက်ပဲ ဦးတည် တယ်ဆိုရင် ကမ္ဘာ့ရွာခေတ်မှာ နောက်ကောက်ကျ ကျန်ခဲ့တာ ဘာမှ မဆန်းတော့ဘူး။

ကျွန်တော်ကတော့ ပြည်တွင်းဖြစ် လူသုံးကုန်ပစ္စည်းလေး တွေ အမြောက်အမြား မဟုတ်ပေမယ့် နည်းနည်းပါးပါး သုံးခဲ့ဖူး တယ်။ အထူးသဖြင့် ကျွန်တော် အထက်တန်းကျောင်းသားဘဝမှာ  ကျောင်းဖွင့်ရက်တိုင်း ကိုယ်နဲ့မကွာ သုံးခဲ့တဲ့ လူသုံးကုန်ပစ္စည်း လေးတစ်ခု ရှိခဲ့ဖူးတယ်။ အဲဒါကတော့ ဒန်သတ္တုနဲ့ လုပ်ထားတဲ့ ထမင်းဘူးပြားပြားလေးပါပဲ။ ကျွန်တော်တို့ အထက်တန်း ကျောင်းသားဘဝက (၁၉၈၅ ဝန်းကျင်) ကျောင်းသား၊ ကျောင်း သူတိုင်း သတ္တုထမင်းဘူးပြားပြားလေးတွေ ကိုယ်စီကိုင်ပြီး ကျောင်းကို ထမင်းချိုင့်ထုပ်ကြတယ်။ ထမင်းဘူးအတွင်းမှာ ဟင်းထည့်စရာ သတ္တုအံခွက် ခပ်သေးသေးတစ်လုံး ပါတယ်။ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ထမင်းဘူးတွေ ပေါ်နေပေမယ့် အများစုကတော့ သတ္တုထမင်းဘူးကိုယ်စီနဲ့ပဲ။ အဲဒီ ထမင်းဘူး လေးတွေက ညီအစ်ကိုမောင်နှမများတဲ့သူတွေဆို လက်ဆင့်ကမ်း ပြီး သုံးခဲ့ကြရတယ်။ တာရှည်လည်း ခံပြီး ကျွန်တော်တို့ လူ့အဖွဲ့ အစည်းအတွက် အသုံးလည်း တည့်ခဲ့တယ်။ အဖိုးနည်းဝန်ပါ ဖြစ် ခဲ့တဲ့ လူသုံးကုန်ပစ္စည်းတစ်ခုလို့ ဆိုနိုင်တယ်။ စတီးချိုင့်တွေဆိုတာ ဘယ်ဆီနေမှန်း မသိသေးတဲ့ ကာလ။ သတ္တုထမင်းဘူးပြားလေး တွေက ကျောင်းသူ၊ ကျောင်းသားတွေတင် မကဘူး။ စာရေးစာ ချီ၊ ရုံးသူရုံးသား၊ ဈေးသည်၊ လက်သမား၊ တွင်ခုံဆရာ၊ ကားဝပ် ရှော့လုပ်သူ စတဲ့ လူပေါင်းစုံ ကိုင်ကြတယ်။ ထမင်းဘူးတိုင်းမှာ မြင်းခြံဖြစ် ချည်ထည်လက်သုတ်ပဝါ နီနီရဲရဲလေးတွေလည်း  စည်းနှောင်ခဲ့ကြရသေးတယ်။ တစ်ခါသုံး တစ်ရှူးစက္ကူဆိုတာ မရှိ သေးဘူး။

သတ္တုထမင်းဘူးတွေကို လက်သုတ်ပဝါနဲ့ ထုပ်ပိုးချည် နှောင်တာကလည်း စနစ်ကျဖို့ လိုတယ်။ လက်သုတ်ပဝါကို ထမင်းဘူးအောက်မှာ ကန့်လန့်ခင်းထားရတယ်။ လက်သုတ်ပဝါ ရဲ့ အနားတစ်ဖက်ကို ထမင်းဘူးပေါ် ကန့်လန့်ဖြတ်တင်ပြီး ထောင့် စွန်းအစကို ထမင်းဘူးနဲ့ ဖိထားရတယ်။ အခြားတစ်ဖက်က လက် သုတ်ပဝါထောင့်စွန်းကို ထမင်းဘူးပေါ် ကန့်လန့်ဖြတ် တင်ပေးရ တယ်။ လက်သုတ်ပဝါရဲ့ ကျန်ထောင့်စွန်းနှစ်ဖက်ကို တင်းနေ အောင် ချည်ပြီးရင် ထမင်းဘူးပေါ် တင်ထားတဲ့ လက်သုတ်ပဝါကို ထုံးဖွဲ့ချည်ထားတဲ့ လက်သုတ်ပဝါထဲကို လိပ်သွင်းလိုက်ပါ။ ဒါဆို ရင် လက်သုတ်ပဝါနဲ့ ထမင်းဘူးကို မြဲမြံအောင် ချည်ပြီးသွားပြီလို့ မှတ်ယူနိုင်ပါတယ်။

ထမင်းဘူးထဲမှာ ပါတဲ့ ဇွန်းလေးက တချို့ ကြွေရည်သုတ် ဇွန်း၊ တချို့ စတီးဇွန်းတွေ ဖြစ်ကြတယ်။ ကျွန်တော့်ထမင်းဘူးထဲက ဇွန်းကတော့ စတီးဇွန်းပါ။ မိတ်ဆွေတို့ကို ဇွန်းဋီကာ ချဲ့ပါရစေ။ မြန်မာနိုင်ငံမှာ ပထမဆုံးရောက်လာတဲ့ စတီးအမျိုးအစားတွေထဲ မှာ စတီးဇွန်းတွေလည်း တစ်ခုအပါအဝင်ပေါ့။ ကျွန်တော်တို့ ငယ် ငယ်ကတော့ စတီးဆိုတာ သံချေးမတက်ဘူး၊ သံလိုက်ဓာတ်ကို တွန်းကန်နိုင်တယ်ဆိုတဲ့ ဂုဏ်အရည်အချင်း နှစ်ခုတည်းနဲ့တင် ဈေးကွက်မှာ မျက်နှာပန်းလှတဲ့ ပစ္စည်းတွေ ဖြစ်ခဲ့ကြတယ်။ ကျွန် တော်တို့ဆီ ဝင်လာတဲ့ စတီးအိမ်သုံးပစ္စည်းတွေထဲမှာ မြင်းခေါင်း (Zebra) တံဆိပ်ပစ္စည်းတွေက အိမ်ရှင်မတွေရဲ့ အကြိုက်။ စတီး ဇွန်းတွေက ပြည်တွင်းဈေးကွက်ကို အလွယ်တကူ လွှမ်းမိုးနိုင်ခဲ့ တာတော့ မဟုတ်ဘူး။ စတီးဇွန်းတွေ ဈေးကွက်အတွင်း ဝင် ရောက်လာချိန်မှာ ကြွေရည်သုတ်ဇွန်းတွေ၊ ကြေးဇွန်းတွေ၊ ကြွေ ဇွန်းတွေ ရှိနေသေးတယ်။

ကြာရှည်ခိုင်မာမှု၊ ဈေးကွက်မှာ အလွယ်တကူ ဝယ်ယူရရှိ နိုင်မှု၊ ဈေးနှုန်းသင့်တင့်မှု စတဲ့ အချက်တွေကြောင့် မီးဖိုချောင်မှာ စတီးဇွန်းတွေ နေရာရခဲ့ကြတယ်။ နောက်ပိုင်းကာလတွေမှာတော့ စတီးနဲ့ လုပ်တဲ့ လူသုံးကုန်ပစ္စည်း တော်တော်များများ မီးဖိုချောင် မှာ မင်းမူလာတဲ့အထိ စတီးပစ္စည်းတွေရဲ့ သြဇာက ကြီးမားခဲ့ တယ်။ စတီးပစ္စည်းတွေ တဖြည်းဖြည်း တွင်ကျယ်လာတာနဲ့အမျှ ကြွေရည်သုတ်ပစ္စည်းတွေ၊ ကြွေထည်၊ မြေထည်တွေ၊ ကြေးနဲ့ လုပ်ထားတဲ့ လူသုံးကုန်ပစ္စည်းတွေလည်း တစ်စတစ်စ ပျောက် ကွယ်သွားခဲ့ရတယ်။ အများပိုင် ရွာဘုံပစ္စည်းတွေမှာတော့ ရှေး ခေတ်ဟောင်း ကြွေထည်မြေထည်ပစ္စည်းတွေ၊ ကြေးနဲ့ လုပ်ထား တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ကျန်ကောင်းကျန်ရာ အနည်းငယ် တော့ ရှိနေနိုင်ပါသေးတယ်။

စတီးဇွန်းတွေ စသုံးခါစက အခုလို ပေါပေါများများ မဟုတ် သေးဘူး။ စတီးဇွန်းတွေက လူကုံထံတွေရဲ့ ဂုဏ်ရည်ပြပစ္စည်း အဖြစ် အသုံးခံခဲ့သေးတာကလား။ စတီးဇွန်းတွေပေါ်မှာ သံဆူး ချွန်နဲ့ အမှတ်တံဆိပ် ရိုက်နှိပ်ပြီးတော့တောင် သုံးခဲ့ကြရသေးတာ ပေါ့။ ရပ်ထဲရွာထဲမှာ ‘ပန်းကန်တွေ၊ ဇွန်းတွေပေါ်မှာ နာမည်ရိုက် ပေးတယ်’လို့ ရပ်တကာ ရွာတကာ လှည့်ပြီး ဝန်ဆောင်တဲ့ အလုပ်တောင် ပေါ်ခဲ့သေးတာပေါ့။ စကားစပ်လို့ ပြောရရင် အဲဒီ လိုအလုပ်မျိုး ရွေးချယ်ပြီး အသက်မွေးဝမ်းကျောင်းသူတွေကို ကျွန်တော် စိတ်ဝင်စားတယ်။ သူတို့ ဘာကြောင့် ဒီလိုမျိုး အသက် မွေးဝမ်းကျောင်းမှုကို ရွေးချယ်ခဲ့ကြပါလိမ့်။ သူတို့မှာလည်း ရွေး ချယ်ဖြစ်တဲ့ အကြောင်းရင်းတွေ ခိုင်ခိုင်မာမာ ရှိပါလိမ့်မယ်။ ဒီနေ့ ခေတ်မှာ အရပ်ထဲလှည့်ပြီး ဇွန်းတွေပေါ် စာရိုက်တဲ့ ဝန်ဆောင်မှု မရှိတော့ပေမယ့် ဓားသွေးကျောက်တစ်ဖက်၊ ရေပုံးတစ်ဖက် ဆိုင်းထမ်းနဲ့ ထမ်းပြီး အရပ်ထဲမှာ လှည့်ပြီး ဝန်ဆောင် မှုပေးသူတွေရှိနေဆဲပဲ။ သစ်သားကြောင်အိမ် တွေ၊ သစ်သားပန်းကန်စင်တွေ၊ ဖျာလိပ် တွေ၊ တံမြက်စည်းတွေ၊ ကြက်မွေးတွေ ထမ်းပိုးသယ်ရွက်ပြီး တစ်လမ်းဝင် တစ်လမ်းထွက် ရောင်းချနေသူတွေ ရှိ နေဆဲဖြစ်တယ်။ သူတို့တစ်တွေက ထမင်း တစ်လုတ်အတွက် ပင်ပန်းခက်ခဲစွာ ရိုးရိုး သားသား ရှာဖွေစားသောက်နေကြရသူတွေ ဖြစ်ကြတယ်။ အိမ်တိုင်ရာရောက် ရောင်းချ ပေးကြတဲ့ မိုဘိုင်းလ်ဈေးသည်တွေ ဖြစ်လို့ သင့်တင့်တဲ့ အမြတ်တော့ ယူကြပါလိမ့်မယ်။ သူတို့ဈေးရောင်းဈေးဝယ်လုပ်နေကြချိန်မှာ ဈေးဝယ်က လိုအပ်တာထက် ပိုပြီး ဈေးဆစ်လို့ အရောင်းအဝယ် တည့်မသွားခဲ့ရင် ကျွန် တော့်မှာ အလိုလို နေရင်း မောလျ နေတော့တာပါ ပဲ။ ဈေးတည့် သွားရင် ဈေး ဝယ်က ထိုင်ရာ မထ လိုချင်တဲ့ ပစ္စည်း ရသွားမယ်။ ဈေးသည်လည်း အမြတ်ရ ဝန် ပေါ့ဖြစ်သွားမယ်။ ဘယ် လောက်ကောင်း လိုက်မလဲ။ ပြည်လုံးချမ်းသာကိန်းဆိုက်တယ်ဆို တာ ဒါမျိုးပေါ့။ ဒါပေမဲ့ ဈေးမတည့်လို့ အရောင်း အဝယ်မဖြစ်တဲ့ အခါတွေလည်း ရှိတာပဲ။ အဲဒီလို အခါမျိုးမှာ ကျွန်တော်ကရော ဘာများ တတ်နိုင် ပါဦးမည်နည်း။ (အခြေအနေပေးရင် မိုဘိုင်းလ် ဈေးသည်တွေ အကြောင်း  ရေးပါဦးမယ်။)

လူသုံးကုန်ပစ္စည်း ဆိုတာတွေကလည်း အများသား မဟုတ်လား။ ဇွန်းတွေ၊ ပန်းကန်ခွက်ယောက်တွေ၊ လင်ပန်းတွေ၊ ဇလုံတွေ ပါတာပေါ့။ တချို့ကတော့ အလှကုန်ပစ္စည်းတွေ၊ စာရေး ကိရိယာတွေ၊ အဝတ်အထည်တွေ၊ အိမ်သုံးဆေးဝါးတွေ၊ စား သောက်ကုန်နဲ့ အဖျော်ယမကာတွေပါ လူသုံးကုန်ပစ္စည်းစာရင်း ထဲ ထည့်ကြတယ်။ တကယ်တော့ အဲဒီ လူသုံးကုန်ပစ္စည်း တော် တော်များများကို ကျွန်တော်တို့ ရွှေပြည်ကြီးမှာ အရည်အသွေး မီမီနဲ့ ထုတ်လုပ်ရောင်းချနိုင်ခဲ့တယ်ဆိုရင် မအံ့သြပါနဲ့။ ကြွေရည်သုတ်ပစ္စည်းစက်ရုံတွေ ရှိခဲ့တယ်။ ကြွေထည်၊ မြေထည် ပစ္စည်းစက်ရုံတွေ ရှိခဲ့တယ်။ အဲဒီခေတ်မှာ သင်းပေါင်ဒါ၊ ဂရစ်ဆလင်း၊ အလှဆီ၊ မဉ္ဇူရေမွှေးတွေနဲ့ ဟန်ဓာတ်ခုတ် ခဲ့ကြသူတွေ ဒုနဲ့ ဒေး။ မြန်မာနိုင်ငံ ဆေး ဝါးလုပ်ငန်းစက်ရုံက ထုတ်တဲ့ ဘီပီအိုင် (အခုတော့ အမ်ပီအက်ဖ်) ဆေးတွေက တစ်မျိုးသားလုံးရဲ့ သက်စောင့် ဆေးဝါး တွေ။ ဆွမ်းအုပ်တံဆိပ် စားသောက် ကုန်တွေ၊ လှိုင်းတက် (သာစည်မြို့ နယ် ထဲက) စည်သွတ်စက်ရုံထုတ် စည် သွတ်ဘူးတွေက ပြည်သူ့ကုန်တိုက် မှာ တန်းစီပြီးဝယ်ခဲ့ရတဲ့ စားသောက် ကုန်တွေလေ။ ကျွန်တော်မှတ်မိနေတဲ့ စားသောက်ကုန်က ဆွမ်းအုပ်တံဆိပ် ခရမ်းချဉ်သီးဆော့။ ဗမာ့လျှာနဲ့ အဆင်ပြေအောင် လုပ်ပေးထားပြီး အရသာလည်း ရှိ၊ ဈေးလည်း သက် သာတဲ့ ထုတ်ကုန်ပစ္စည်းတစ်ခု ဖြစ် ခဲ့တယ်။ ဒါပေမဲ့ ပြည်သူ့ကုန်တိုက် တွေမှာသာ အရေအတွက် အကန့် အသတ်နဲ့ ရောင်းချပေးခဲ့လို့ ဝယ်သူ တွေ စိတ်ကြိုက် ဝယ်ယူခွင့်မရခဲ့ဘူး။ အခုသုံးနေတဲ့ ယိုးဒယားဆော့တွေက ကျွန်တော်တို့ပါးစပ်နဲ့ အစပ်သိပ် မတည့်လှပေ။ လေးလေးပင်ပင်အချဉ် ဓာတ်မရဘဲ ချဉ်စူးစူးဖြစ်တယ်လို့ ခံစားရတယ်။

ကုန်သွယ်ရေး ၉ က ထုတ်တဲ့ စာရေးကိရိယာတွေလည်း အမြတ်တနိုး ဝယ်ခဲ့ဖူးပါသော်ကော ဗျာ။ ထုံးစံအတိုင်း အရည်အသွေးကောင်းတယ်။ ဈေးသက်သာ တယ်။ ဒါပေမဲ့ ခွဲတမ်းနဲ့သာ  ရခဲ့တဲ့ ပစ္စည်းတွေ ဖြစ်တယ်။ ကုန် သွယ်ရေးထုတ် ဒိုင်ယာရီဆိုတာ မှောင်ခိုဈေးကွက်မှာ လက်သိပ် ထိုးဝယ်ကြရတဲ့ စာအုပ်ပေါ့။ သရက်ထည်တွေက မိန်းမသားတွေ ရဲ့ ပိုက်ဆံအိတ်ကို အမြဲ မျက်စပစ်နိုင်ခဲ့တယ်။ ကျွန်တော်တို့တော့ အင်းဝတံဆိပ် စွပ်ကျယ်လက်စကတွေနဲ့ ဘိုလိုမန္တလေးလို့ ကုပ် မှာ တံဆိပ်ကပ်ထားတဲ့ လည်ကတုံးအဖြူ ရှပ်လက်ရှည်တွေ ကုန် တိုက်က ဝယ်ဝတ်ခဲ့ဖူးတယ်။ လည်ကတုံးအဖြူက အသား ကောင်းပြီး ချုပ်ရိုးချုပ်သား ခိုင်ခံ့တယ်။ ဈေးလည်း သက်သာတဲ့ အပြင် ဝတ်ရတာ သက်သောင့်သက်သာရှိတယ်။ မြန်မာလူမျိုး တိုင်း ဝတ်တဲ့ အမျိုးသား ဝတ်စုံဖြစ်တဲ့အပြင် ကျောင်းသားတွေ၊ ရုံးသမားတွေရဲ့ ယူနီဖောင်းလည်း ဖြစ်တော့ ဈေးကွက်က အကြီး ကြီးပဲ။ ဒါပေမဲ့ ထုံးစံအတိုင်း ရေရှည်တည်တံ့အောင် မစွမ်းဆောင် နိုင်ခဲ့ကြဘူး။

အခုတော့ လူသုံးကုန်ပစ္စည်းစက်ရုံ တော်တော်များများ လည်း နိုင်ငံပိုင်ကနေ ပုဂ္ဂလိကလက်ထဲ ရောက်သွားကြပြီ။ တချို့ စက်ရုံတွေဆို သိပ်နှမြောဖို့ ကောင်းတာပဲ။ နေရာအကွက်အကွင်း လည်း ကောင်း၊ ဝန်ထမ်းဖွဲ့စည်းပုံလည်း အပြည့်ရှိတယ်။ စက်စွမ်း အားပြည့်လည်း လည်ပတ်နိုင်တယ်။ ဈေးကွက်မှာလည်း ခိုင်ခိုင် မာမာ ရနေပြီးသား။ ဒါပေမဲ့ ကျွန်တော်တို့က ရေရှည်တည်တံ့ အောင်မစွမ်းဆောင်နိုင်ခဲ့ကြဘူး။ လက်မခံချင်သည့်တိုင် ဒါက အရှိတရားလည်း ဖြစ်ပါတယ်။

ကျွန်တော်ကတော့ ဘယ်နည်းပညာမှ မည်မည်ရရ မသုံးရ တဲ့ လူသုံးကုန်ပစ္စည်းလေးတွေကို နိုင်ငံပေါင်းစုံကနေ နည်းလမ်း ပေါင်းစုံနဲ့ ဝယ်သုံးရတဲ့ အဖြစ်တွေ တွေးမိတိုင်း စိတ်မောရတယ်။ ဒီခေတ်က ဈေးရောင်းရတဲ့ ခေတ် မဟုတ်လား။ ကိုယ့်ဆီက ထုတ် ကုန်ပစ္စည်းကို ဈေးကွက်မှာ ဂုဏ်သိက္ခာရှိရှိ ထိုးဖောက်ရောင်းချ နိုင်ဖို့ လိုတယ်။ ကိုယ့်ထုတ်ကုန်ပစ္စည်းကို ကိုယ့်ပြည်တွင်းမှာတင် မဟုတ်ဘဲ ပြည်ပအထိ ထုတ်လုပ်ရောင်းချနိုင်မှ ဖြစ်တော့မယ့် အနေအထားပါ။ မိတ်ဆွေတို့ရဲ့ ကုန်ထုတ်လုပ်ငန်းတွေကို မြန်မာပြည်တွင်လုပ်သည် (made in Myanmar) တံဆိပ်ကပ်ပြီး ပြည်ပထိုး ဖောက်နိုင်တဲ့ ထုတ်ကုန် တွေ ထုတ်ကြစေလိုပါ တယ်။ အဲဒီလို လုပ်နိုင် ပြီဆိုရင် အမျိုးသား ရေးတာဝန်ကို ထမ်း ဆောင်လိုက်တာပါပဲ။ မိတ်  ဆွေတို့ရဲ့ ထုတ်ကုန်တွေ အတွက် ကျွန်တော် ဂုဏ်ယူပါ ရစေ။      ။

 

၂၀၁၇-ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၄)မှ  အမေ့ခံ ဖြစ်ပါသည်။

 

မောင်ဥယျာဉ် ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."