ချောင်ပိတ်ရိုက်ခံရသော အိပ်မက်များ

Illustration-MAUNG NOE

ကျွန်တော်သည် ငယ်စဉ်က စာတော်သောကလေးတစ်ဦး ဖြစ်ခဲ့ပါသည်။ မိဘများကကျွန်တော့်ကို အခြေခံကောင်းစေရန် ရည်ရွယ်ချက်ဖြင့် သူငယ်တန်းကို နှစ်နှစ် ထားခဲ့ပါသည်။
ကျွန်တော် အသက်ခြောက်နှစ်တွင်အငြိမ်းစားကျောင်း ဆရာမတစ်ဦးထံ နေ့ကျောင်းအပ်၍ သူငယ်တန်းတက်စေသည်။

ထိုဆရာမထံတွင်တစ်နှစ်တက်ပြီးနောက် အသက်ခုနစ်နှစ်ရောက်သည့်အခါ အစိုးရကျောင်းတွင်တစ်ဖန် သူငယ်တန်း အပ်ကြပြန်သည်။
ထိုအခါ ကျွန်တော်မှာ သူငယ်တန်းကိုနှစ်ခါသင်ထားပြီး ဖြစ်၍ အတန်းဖော်များထက် စာပိုကြေသူဖြစ်သည့်အလျောက်သူငယ်တန်းတွင် ပထမဆုကိုရရှိခဲ့ပါသည်။ထိုအချိန်က ထူးချွန်ဆုများကို တစ်နှစ်တွင်မှ တစ်ခါကျင်းပသော စုံညီပွဲ၌တခမ်းတနားပေးအပ်သည်ဖြစ်၍ ဆုရသည့်ကျောင်းသားများအဖို့ အကယ်ဒမီဆုရသည်ထက်ပင် ရင်ခုန်စရာ ကောင်းခဲ့ပါသည်။

စုံညီပွဲတွင် ကျောင်းသူ၊ ကျောင်းသားများ၏ အကများလည်း ပါဝင်ရာ တစ်မြို့လုံးမှ ကျောင်းသားမိဘများအပြင် မြို့မျက်နှာဖုံးလူကြီးလူကောင်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းအကြီးအကဲများလည်း တက်ရောက်ကြ၏။ စုံညီပွဲနေ့များဆိုလျှင်ကျွန်တော်တို့ အထကကျောင်းရှေ့ ကွင်းပြင်ကြီးသည် ပရိသတ်အတိဖုံး၍ လူပင်လယ်ကြီး ဖြစ်နေတတ်သည်။ ထိုင်ခုံလက်မှတ်မရ၍ အနီးအနားမှ သစ်ပင်များပေါ်တက်၍ ကြည့်ကြသူများ၊အုတ်နံရံပေါ်သို့ တွယ်တက်ကြည့်ကြသူများပင်ရှိရာ ၎င်းတို့ကိုကျောင်းစောင့်ဦးလေးကြီးက တုတ်တစ်ချောင်းဖြင့်မောင်းချရသည်အထိစည်ကားသည်ကိုအမှတ်ရမိပါသည်။ထိုမျှလောက်ကြီးကျယ်ထည်ဝါသော အခမ်းအနားကြီးတွင် ပထမဆုယူခဲ့ရသည့် ကျွန်တော့်အဖို့ အဘယ်မှာ ဂုဏ်မယူဘဲ နေနိုင်စရာရှိပါအံ့နည်း။

ယင်းအပြင် ထိုဆုကို အကြောင်းပြု၍ မိဘ၊ ဆရာများကမြှောက်စားကြသည်ကို သာယာမိသည့်အပြင် ကျွန်တော့်အမေမှာ ဆရာမတစ်ဦးဖြစ်၍ ကျွန်တော်တို့မောင်နှမများအား အိမ်၌ဖိဖိစီးစီးစာပြပေးရာ ကျွန်တော်သည် စာကြိုးစားသူဖြစ်လာပြီးခုနစ်တန်း၊ ရှစ်တန်းကျောင်းသားဖြစ်သည်အထိ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ပညာရည်ချွန်ဆုများ အထပ်လိုက် အပုံလိုက် ယူခဲ့ဖူးပါသည်။

ဤသည်မှာ ကျွန်တော်ကိုယ်ကျွန်တော် ကိုယ်ရည်သွေးနေခြင်းမဟုတ်။ အထက်တန်းကျောင်းသားဘဝတွင်တော့ ကျွန်တော် မည်မျှဆိုးသွမ်းလာသည်ကို ပြောပြချင်၍ ကောင်းကွက်တစ်ကွက်နှစ်ကွက်လောက် ခင်းကျင်းပြခြင်းသာ ဖြစ်ပါသည်။

ကိုးတန်းရောက်လာသည့်အခါ ကျွန်တော်သည် စာကိုစိတ်မဝင်စားတော့ပါ။ အထူးသဖြင့် တွက်ရချက်ရသည့် သင်္ချာ၊ဓာတုဗေဒနှင့် ရူပဗေဒများကို ကျွန်တော် သဘောမတွေ့လှပါ။ဟိုက်ဒရိုဂျင်နှစ်လုံးနှင့် အောက်ဆီဂျင်တစ်လုံးပေါင်း၍ ရေဖြစ်ရင်ကော ဘာဖြစ်သနည်း၊ ဘာမှမဖြစ်ရင်လည်း ကျွန်တော့်ကိစ္စမဟုတ်ဟု သဘောပိုက်ခဲ့သည်။ မိုးရွာရင် ရေရမှာဖြစ်ပြီး အထူးတလည် စမ်းသပ်ထုတ်လုပ်နေစရာ မလိုဟုသာ ကပျက်ကချော်ယူဆခဲ့သည်။ ထိုသို့ ယူဆရသည့်အကြောင်းရင်းလည်း ရှိပါသည်။ ကျွန်တော်တို့ကျောင်းတွင် သိပ္ပံဘာသာရပ်များကို စာထဲတွင်သာ သင်ရပြီး လက်တွေ့မလုပ်ရချေ။

ကျွန်တော်တို့ အထက်တန်းကျောင်းကြီးတွင် သိပ္ပံစမ်းသပ်ခန်းတစ်ခုတော့ ရှိပါသည်။ ထိုသိပ္ပံခန်းမှာကျောင်းအိမ်သာအနီးတွင်ရှိပြီး ဆယ့်နှစ်ရာသီပတ်လုံး သော့ခတ်ထားသည်။

သိပ္ပံခန်းမျက်နှာကြက်ပေါ်တွင် ခိုများ အသိုက်ဆောက် နေထိုင်ကြသည်။ ကျွန်တော်တို့မှာ သိပ္ပံတွဲ ကျောင်းသားများဖြစ်သော်လည်း အခန်းထဲဝင်ချင်သည့်အချိန် ဝင်၍မရ။ နိုင်ငံခြားရုပ်ရှင်ထဲကကျောင်းသားတွေလို ဟိုအရည်၊ ဒီအရည်တွေ ဖန်ပြွန်ထဲထည့် အပူပေးပြီး စမ်းသပ်ကြည့်ချင်သော်လည်း အိမ်သာတက်ရန်သွားသည့်အခါမှသာ အခန်းထဲမှ ကိရိယာများကို မှန်ပြတင်းမှ ချောင်းကြည့်ရုံသာ တတ်နိုင်ကြသည်။

ကျွန်တော်တို့ ဝင်ရသည့်အခါများတော့ ရှိသည်။ သိပ္ပံခန်းထဲတွင် ခိုချေးတွေ များလာလျှင် ကျွန်တော်တို့ အခန်းထဲဝင်၍ခိုချေးကျုံးကြရသည်။ ကျွန်တော်သည် ယင်းအခန်းထဲမှ အဏုကြည့်မှန်ပြောင်းကြီးကို စိတ်အဝင်စားဆုံးဖြစ်သော်လည်း မိုးဒဏ်လေဒဏ်ကြောင့် ခြအုံအကြီးကြီးတည်ပြီး မှန်ပြောင်းကြီးပျက်စီးတော့မှ ကျွန်တော်မြင်ဖူးလိုက်သည်။ သုံးကား မသုံးဖူးလိုက်။

ပွင့်လင်းစွာရေးရလျှင် ထိုစဉ်က ဆရာ၊ ဆရာမများ လိုချင်သည်က လက်တွေ့လောကမှရေမော်လီကျူးတစ်လုံးကို မဟုတ်။ပြဋ္ဌာန်းစာအုပ်ထဲမှ အလွတ်ကျက်မှတ်ထားသောဖော်မြူလာများကို ရေးချတွက်ချက်၍ ထွက်လာသည့် H2O ဆိုသော စာလုံးတစ်လုံးကိုသာ လိုချင်ကြသည် ဖြစ်သည်။

ဒါကလည်း ပညာရေးစနစ်ကြီးကြောင့် ဖြစ်နိုင်သည်။ဓာတ်နှစ်ခုပေါင်း၍ ဖန်ပြွန်ထဲတွင် ရေစက်များ ထွက်လာရုံဖြင့်စာမေးပွဲအောင်သည့် စနစ်မျိုးကား မဟုတ်။ ဟုတ်သော်ရှိ၊မဟုတ်သော်ရှိ အဖြေလွှာတွင် ရေမော်လီကျူးထွက်ဖို့သာ အရေးကြီးသည့် စနစ်မျိုးဖြစ်ရာ ကျောင်းသားများကို စာမေးပွဲအောင်စေလိုသော စေတနာဖြင့် သင်ပြပေးသည့် ဆရာ၊ ဆရာများအားအပြစ်မဆိုသာပေ။

သို့သော် ထိုစဉ်က ကျွန်တော်သည် သရဲခြောက်သည် ဆိုလျှင်ပင် သရဲကို အကောင်လိုက်မြင်ရမှ ယုံကြည်မည်ဆိုသောခွတီးခွကျအရွယ်ဖြစ်သဖြင့် စာထဲတွင်သာ သင်ရပြီး လက်တွေ့မလုပ်ရသော သိပ္ပံပညာရပ်များကို အယုံအကြည်မရှိပါ။ စာလုံးလေးတစ်လုံးဆိုလျှင် တစ်လုံးဖိုး၊ တစ်ကြောင်းဆိုလျှင် တစ်ကြောင်းဖိုး နှလုံးသားများထဲ ထိရောက်ခံစားနိုင်သော ကဗျာတွေ၊ စာတွေကမှ သိပ္ပံဘာသာတွေထက် ပိုလက်တွေ့ကျသည်ဟုထိုစဉ်က မှတ်ထင်ခဲ့သည်။

ဇီဝဗေဒစာတစ်ပုဒ် ကျက်နေရမည့်အစား၊ ဓာတုဗေဒ ဖော်မြူလာများကို ကျက်နေရမည့်အစား ကဗျာဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဇော်ဂျီ၊ ငွေတာရီစသည့် ကဗျာဂုရုကြီးများ၏နုရွသော ကဗျာလက်ရာများ၊ တက္ကသိုလ်ဘုန်းနိုင်၊ ခင်နှင်းယု၊မြသန်းတင့်စသည့် စာရေးဆရာကြီးများ၏ စာများကို ဖတ်ရှုသုံးသပ်၍ ကဗျာဆရာလိုလို၊ စာရေးဆရာလိုလို လုပ်နေသည်ကိုပင် အတော်သဘောကျခဲ့ပါသည်။

ဆရာမစကား နားထောင်သည့် ကျွန်တော်၏ သူငယ်ချင်းများ စာမေးပွဲအတွက် ဇီဝဗေဒဘာသာရပ်မှ ငါးပုံ၊ ယုန်ပုံတို့အားရေးဆွဲလေ့ကျင့်နေချိန်တွင် ကျွန်တော်နှင့် မိုက်ဖော်မိုက်ဖက်သူငယ်ချင်းတစ်စုမှာ လယ်ကွက်ထဲ၌ ဘောလုံးကန်၊ ငါးဖမ်းနေကြသည်။

သင်္ချာတော်သော သူငယ်ချင်းများက သင်္ချာစာအုပ်ကိုအပြန်ပြန်အလှန်လှန် တွက်ချက်လေ့ကျင့်နေချိန်တွင် ကျွန်တော်နှင့် ဝါသနာတူ ကဗျာရေးသူတစ်စုသည် စုပေါင်းကဗျာစာအုပ်ထုတ်ရန် တိုင်ပင်ကာ ကုန်ကျစရိတ်များ တွက်ချက်နေခဲ့ကြပါသည်။

ယင်းအလုပ်များသည် ကျွန်တော့်အဖို့ လုပ်ချင်ရာ လုပ်နေရ၍ အတော်နိပ်သည်ဟု ထင်ရသော်လည်း ကျွန်တော့်ကို အများကြီးမျှော်လင့်သော ဆရာ၊ ဆရာမများနှင့် ပြဿနာတက်စေသည့်ကိစ္စများ ဖြစ်လာခဲ့ပါ သည်။ ထိုသို့လုပ်နေသည်ကို ဆရာမများက သိပ်ကြည်ဟန်မရှိ၍ ကျောင်းတက်ရသည်မှာလည်းအဓိပ္ပာယ်မရှိသော အလုပ်ဟု ထင်မြင်ခဲ့ပါသည်။
ဤသို့ လုပ်ရခြင်းမှာ စာကို စိတ်မဝင်စားခြင်း၊ ပျင်းရိခြင်းများကြောင့် ဖြစ်သည်ကို ဝန်ခံရမည်ဖြစ်သော်လည်း ကျွန်တော့်စိတ်ထဲတွင် လူကြီးများအား အခဲမကြေသည့်ကိစ္စတစ်ခုကြောင့်အရွဲ့တိုက်မိသည်လည်း ဖြစ်ပါ သည်။ ဤသည်ကို စဉ်းစားမိတိုင်းလူကြီးများသည် အတ္တကြီးလွန်းသည်ဟုစိတ်ထဲ အပြစ်တင်မိသည်။ ဤအဖြစ်မျိုး ကျွန်တော်တစ်ဦးတည်း ခံစားခဲ့ရသည်မဟုတ်။ ကျွန်တော်နှင့် ငယ်သူငယ်ချင်းကျောင်းတက်ဖော်များလည်း ခံစားခဲ့ရမည်သာ ဖြစ်သည်။ မတွေးမိ၍ သတိမပြုမိသည်သာ ရှိမည်၊ ဤဖြစ်ရပ်မျိုးကိုကား ကျောင်းသားတိုင်းနီးပါးကြုံဖူးခဲ့ကြလိမ့်မည်။

ထိုအခဲမကြေသည့် ကိစ္စကား ကျွန်တော်တို့ကို ရိုက်နှက်ဆုံးမ၍ မဟုတ်။ လူကြီးများသည် ကျွန်တော်တို့ ကလေးဘဝတွင်နစ်မြုပ်နေသော ဘဝအိပ်မက်များ၊ ဖြစ်လိုသော ဆန္ဒများ၊ရည်မှန်းချက်များကို အလေးမထားဘဲ ၎င်းတို့ဖြစ်စေချင်သလို ပုံဖော်ခဲ့ကြ၍ ဖြစ်သည်။

ကျွန်တော် ပြန်တွေးကြည့်ဖူးပါ၏။ ကျွန်တော့်ကို ဘာဖြစ်ချင်သလဲဟု မည်သူမျှ အရေးတယူ မမေးဖူးကြ။ ကြီးလာလျှင်ဘာလုပ်ချင်လဲဟုလည်း မမေးခဲ့ကြ။

‘သားကစာတော်တယ်၊ ဆရာဝန်ကြီးလုပ်မှာ မဟုတ်ဘူးလား’၊ ‘သူက ဆရာဝန်လောင်း၊ ဒီမြို့မှာ ဆရာဝန်ဖြစ်မယ့် ကောင်လေး’ စသည်ဖြင့် ချီးကျူးဟန်ပြု၍ တစ်နည်း၊ ‘ငါတို့က နင့်ကိုဆရာဝန်ဖြစ်ဖို့ မှန်းထားတာ’ စသည်ဖြင့် ဖိအားပေး၍ တစ်ဖုံ သူတို့ ဖြစ်စေချင်သည်ကိုသာ တောက်လျှောက်ပြောနေခဲ့ခြင်းဖြစ်သည်။

ထိုသို့ အပိတ်မေးခွန်းများ၊ တစ်ဖက်သတ်မှတ်ချက်များဖြင့်ကျွန်တော်တို့အိပ်မက်များကို နှစ်သတ်ပစ်နေသည်ဟု ကျွန်တော်တွေးမိသည်။ လူကြီးများက ချီးကျူးသည်ကို သဘောကျသည့်ကလေးသဘာဝအလျောက် ကျွန်တော်တို့သည် ငြင်းဆိုဖို့ ဝန်လေးနေခဲ့ကြပါသည်။

ကျွန်တော် သတင်းထောက်တစ်ဦးအဖြစ် အသက်မွေးရန်အခြေခံသတင်းစာပညာ သင်ယူသည့်အခါ မေးခွန်းဆိုရာတွင်အဖွင့်မေးခွန်းနှင့် အပိတ်မေးခွန်းဟူ၍ မေးခွန်းနှစ်မျိုး ရှိကြောင်းမှတ်သားခဲ့ဖူးပါသည်။ အဖွင့်မေးခွန်းသည် ဖြေကြားသူအားလွတ်လွတ်လပ်လပ် ဖြေဆိုနိုင်ရန် အခွင့်အရေးပေးသော မေးခွန်းမျိုးဖြစ်၍ အပိတ်မေးခွန်းကတော့ ၎င်း၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ဖြေဆိုသူအား မည်သို့မည်ပုံ ရှည်လျားထွေပြားစွာ ဖြေဆိုခွင့် မပေး။ ‘ဟုတ်လား၊ မဟုတ်ဘူးလား၊ ဟုတ်တယ်မလား’စသည့် မေးခွန်းမျိုးသာ ဖြစ်သည်။

ဖြေဆိုသူထံမှ ပြတ်သားသော အဖြေရရန် (သို့မဟုတ်)တစ်စုံတစ်ယောက် ဝန်ခံရန် ခက်ခဲနေသော အဖြေတစ်ခုအားဝန်ခံလာစေရန် ချောင်ပိတ်ရိုက်သော ရည်ရွယ်ချက်မျိုးဖြင့်အပိတ်မေးခွန်းများကို သုံးကြပါသည်။

ထိုစဉ်က ‘မင်း ဘာဖြစ်ချင်သလဲ’ဟု ကျွန်တော့်ကို အလေးထား၍ အဖွင့်မေးခွန်းများ မေးခဲ့လျှင် ‘လေယာဉ်မောင်းချင်တယ်’၊ ‘စာရေးချင်တယ်’ဟု ကျွန်တော်ဖြေခဲ့ပါလိမ့်မည်။ ထိုမေးခွန်းများသည် ကျွန်တော်တို့ အိပ်မက်များကို ပိုခိုင်မာစေ၍ ထိုအိပ်မက်များ အကောင်အထည်ပေါ်လာစေရန် ခွန်အားတစ်ခုဖြစ်လာခဲ့ပါလိမ့်မည်။

သို့သော် ထိုသို့မဟုတ်ဘဲ ဆရာဝန်၊ အင်ဂျင်နီယာမှ မဖြစ်လျှင် ‘လောကအလယ် လူလုပ်ဖို့ မလွယ်’ဟူသော အတွေးအခေါ်များကို လူကြီးများက ရိုက်သွင်းထားခဲ့ရာ ကျွန်တော် စဉ်းစားတတ်လာချိန်တွင် ထိုအဖြစ်များကို မကျေနပ်သဖြင့် ‘သူတို့ဖြစ်စေချင်တာ မလုပ်ရရင် ပြီးရော’ဟု သူပုန်ထခဲ့ခြင်းဖြစ်ပါသည်။

ဤသို့ သူပုန်အထကောင်း၍ ဆယ်တန်းကို နှစ်နှစ်ဖြေခဲ့ရသော်လည်း ဆရာဝန်လောင်းဘဝမှ ကျွတ်လွတ်သွားသဖြင့်ဝမ်းသာရပါသည်။ မိဘများနှင့် ဆရာ၊ ဆရာမများ ဆန္ဒကို ဖြည့်မပေးနိုင်၍ စိတ်မကောင်းသော်လည်း လူ့ဘဝတွင် အခြားဝါသနာပါသော သက်မွေးဝမ်းကျောင်းနယ်ပယ်များဖြင့် ရှင်သန်ရ ပ်တည်၍ ရကြောင်းသက်သေပြလိုခဲ့သည်။ ထို့ကြောင့်သတင်းထောက်တစ်ယောက်ဘဝကို ကျွန်တော်ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ စပ်စုပြီး သိလိုစိတ်များသော၊ စာရေးရသည်ကို ခုံမင်သောကျွန်တော့်အဖို့ အသင့်တော်ဆုံး အလုပ်တစ်ခု ဖြစ်ခဲ့သည်။

ဤဖြစ်ရပ်များကို ပြန်လည်တွေးတောမိတိုင်း သတိရမိသည့် သူငယ်ချင်းနှစ်ယောက်လည်း ရှိပါသေးသည်။ သူငယ်တန်းကတည်းက အတူတူ စာသင်ခဲ့ရပါသည်။ နှစ်ယောက်စလုံး စာတော်ကြသူများ မဟုတ်။ သို့သော် သူတို့နှစ်ယောက်စလုံးသည် ကျွန်တော်တို့သူငယ်တန်းတွင် အပြောအဟောကောင်းကြသူများဖြစ်ပြီး အရွယ်နှင့် မလိုက်အောင် ပုံပြင်တွေ ပြောတတ်၊ဇာတ်လမ်းတွေ ဖန်းတီးတတ်ခဲ့ကြသည်။ တစ်ယောက် နာမည်က မျိုးထွန်းနိုင် ဖြစ်၍ နောက်တစ်ယောက်မှာ မောင်မောင်သိန်းဖြစ်သည်။

ကျွန်တော်တို့သည် သူတို့ပြောပြတာတွေကို နားထောင်ချင်လွန်း၍ ဆရာမစာရေးခိုင်းလျှင် လက်ရေးလှအောင် ဂရုစိုက်ချိန်မရ။ သူ့ထက်ငါအလျင် အရင်ရေးပြီး သူတို့ပုံပြောမည့် နေရာတွင် နေရာယူကြသည်။ သူတို့နှစ်ယောက် စာရေးတာ မပြီး၍ကူရေးပေးသူပင် ရှိသည်။

ထိုစဉ်က သူတို့ပြောသည့် ဇာတ်လမ်းများမှာ သရဲဇာတ်လမ်းများ၊ သတ်ပုတ်ခန်းများဖြစ်ရာ ယောက်ျားလေး၊ မိန်းကလေး တစ်ယောက်မကျန် စိတ်ဝင်စားကြသည်။

မျိုးထွန်းနိုင်ဆိုလျှင် သချုႋင်းထဲ ညဘက်သွားပြီး သရဲများနှင့် သတ်ပုတ်ဖူးကြောင်း၊ တစ်ခါတလေ သူတို့အဖွဲ့နှင့် သရဲအဖွဲ့အင်အားမမျှ၍ ပြန်ပြေးရသော်လည်း နောက်ရက်တွင် ရပ်ကွက်ထဲတွင် လူစု၍ သရဲများအား ပြန်တိုက်ခိုက်ရာ နိုင်သွားကြောင်းစသည်ဖြင့် သရဲအကောင်အရေအတွက် အတိအကျနှင့် ပုံသဏ္ဌာန်ကို တစ်ကောင်နှင့် တစ်ကောင် မတူအောင် ပုံဖော်ပြောပြရာ ကျွန်တော်တို့တစ်တန်းလုံး ရင်တထိတ်ထိတ်နှင့် နားထောင်ခဲ့ရသည်။

မောင်မောင်သိန်း၏ ဇာတ်လမ်းများကလည်း ကျွန်တော်တို့အတွက် ဘယ်တော့မှ ထပ်သွားတယ်မရှိ။ သူတို့ရွာ အပေါ်မှ ဖြတ်ပျံသွားသည့် တန်ခိုးရှင်များအကြောင်း ၊ ရွာတောင်ပိုင်း ငှက်ပျောတောထဲမှ မိစ္ဆာများနှင့် တိုက်ခိုက်ကြရပုံအကြောင်း စသည်ဖြင့် မရှိသည်ကို အရှိလုပ်၍ ဖန်တီးပြောပြပြန်ခဲ့ရာ ကျွန်တော်တို့သူငယ်ချင်းတစ်သိုက်မှာ သူတို့ပြောပြသည်ကို အဟုတ်မှတ်၍စိတ်ဝင်တစား နားထောင်ခဲ့ရပါသည်။

ယခုအချိန် ပြန်စဉ်စားကြည့်သည့်အခါမှ သူတို့နှစ်ဦးမှာသူတို့ကြည့်ဖူးသည့် ဇာတ်ကားများထဲမှ ဇာတ်ဝင်ခန်းများကို ဟိုတစ်ကွက် သည်တစ်ကွက်ယူ၍ သူတို့ပတ်ဝန်းကျင်နှင့် အံဝင်အောင် ဇာတ်လမ်းများ ဖန်တီးပြီး တစ်တန်းလုံးအား နှပ်ချခဲ့ခြင်းဖြစ်သည်ကို တွေးမိသည်။

မည်သို့ပင်ဆိုစေ ကျန်သူငယ်ချင်းများက ဤဖြစ်ရပ်များအား ဖြစ်နိုင်ခြေ ရှိ၊ မရှိ မဝေခွဲတတ်သေးချိန်တွင် အသက်ခြောက်နှစ်အရွယ်စာ ရှိသေးသည့် ၎င်းတို့နှစ်ဦးသည် စိတ်ကူးယဉ်ဇာတ်လမ်းများကို ယုတ္တိတန်အောင် ဖန်တီးပြီး အားလုံးစိတ်ဝင်စားအောင် ပြောဟောနိုင်ကြသည်။ ဒါတွေက သူတို့ဖန်တီးနိုင်စွမ်းတွေ မဟုတ်လား။ သူတို့ ထူးချွန်မှုများမဟုတ်ပါလား။ အဲသည့်အရွယ်နှင့် မလိုက်အောင် ပြောင်မြောက်သည့်ဖန်တီးနိုင်
စွမ်းတွေကို တစ်ယောက်ယောက်က အသိအမှတ်ပြုခဲ့ဖို့ ကောင်းသည်။ သူတို့အားသာသည့် အစွမ်းအစတွေကို အခြေခံပြီးမြေတောင် မြှောက်ပေးခဲ့ကြဖို့ ကောင်းသည်။ ထိုသို့လုပ်ခဲ့ပါကသူတို့သည် နိုင်ငံကျော်၊ ကမ္ဘာကျော် ဇာတ်ညွှန်းရေးဆရာများ၊ဝတ္ထုရေး ဆရာများ မဖြစ်လာနိုင်ဘူးဟု မည်သူပြောနိုင်မည်နည်း။

သို့သော် ထိုသို့ မြှောက်စားမည့်သူ၊ တစ်နည်းအားဖြင့် တိမ်မြုပ်နေသော ရတနာများအား ဖော်ထုတ်ပေးမည့်သူ မရှိခဲ့ဘဲ သူတို့သည် အဆော့သန်၊ အနောက်သန်သဖြင့် မလိမ်မာသောကျောင်းသားစာရင်းထဲ အမြဲထည့်သွင်းခံခဲ့ရပါသည်။

ကျွန်တော်တို့တွေ လူပျိုပေါက်ဖြစ်လာ၍ ဘဝရှေ့ရေးအတွက် စတင်တွေးခေါ်လာချိန်၌ မိမိဖြစ်လိုသည်များနှင့် မိမိတို့ရောက်နေသည့် လမ်းကြောင်း မတူသည်ကို တွေ့ရသည့်အခါအကြီးအကျယ် စိတ်ဆင်းရဲကြရပါသည်။ ကျွန်တော်ကိုယ်တိုင်ခံစားဖူးသည်ဖြစ်၍ ဘဝတူ ကျွန်တော်သူငယ်ချင်းများလည်းထိုနည်းတူ ခံစားရမည်ကို သိပါသည်။ ကျွန်တော်ဆိုလျှင် အိပ်မက်ထဲတွင်ပင် ထိုအကြောင်းအရာများကို ထပ်တလဲလဲမက်ပြီးလန့်နိုးမိပါသည်။

အခြေခံကျောင်းသားဘဝ လွန်မြောက်၍ အလုပ်ခွင်သို့ရောက်သည့်တိုင်အောင် ထိုအတွေးများသည် မကောင်းဆိုးဝါးများပမာ ခြေဖဝါးထပ်မျှ ပါလာပြီး ခြောက်လှန့်နေဆဲ ဖြစ်ပါသည်။

ညီ၊ ညီမအရွယ် ကျောင်းသူ၊ ကျောင်းသားတွေနှင့် တွေ့သည့်အခါ သူတို့ရည်မှန်းချက်တွေအကြောင်း မေးစမ်းကြည့်မိသည်။ သူတို့အား မိမိတို့လို မဖြစ်စေချင်။ စိတ်ကူးယဉ်ကြစမ်း၊ သံအမတ်ကြီး လုပ်မလား၊ အာကာသပေါ် တက်မလား၊ ပန်းချီပဲဆွဲမလား။ အိပ်မက်ကြီးကြီးတွေ မက်ကြစေချင်သည်။ မိဘတွေ၊ဆရာတွေကိုလည်း ကလေးတွေရဲ့ အိပ်မက်တွေကို လျစ်လျူမရှုဖို့တိက်တွန်းချင်သည်။ ထိုမှသာ ဆရာဝတ်ကဗျာထဲမှ ‘သင့်ရာအပ်ပို့ခြင်း’ ပီသလိမ့်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။

‘သင့်ရာအပ်ပို့’ဆိုသည့် စာသားမှာ ကျောင်းသားများအားလုံး ဆရာဝန်၊ အင်ဂျင်နီယာ၊ သင်္ဘောသားဖြစ်လာရန်သင်ပြခြင်းလား။ မဟုတ်။ ဆင်ကို သစ်ဆွဲခိုင်း၍ မျောက်ကို သစ်သီးခူးခိုင်းခြင်းသာ သင့်ရာအပ်ပို့ခြင်းမည်သည်ဟု ကျွန်တော်ယူဆမိသည်။ ယခုမူ ဆင်တွေရော၊ မျောက်တွေရော၊ ယုန်တွေရော သစ်ဆွဲရသည် ဖြစ်ရာ သစ်ပင်တက်ကျွမ်းသည့် မျောက်သည် သစ်ပင်ပေါ်မရောက်ခဲ့။ အပြေးမြန်သော ယုန်သည်လည်းသစ်တုံးကြီးတန်းလန်းနှင့် မပြေးနိုင်ခဲ့။

ယခုတော့ နည်းပညာကို အသေအလဲစိတ်ဝင်စားသောသူငယ်ချင်းသည် စီးပွားရေးတက္ကသိုလ် တက်နေရသည်။အဝတ်အစားဒီဇိုင်းများ ဆွဲရသည်ကို အရူးအမူးနှစ်သက်သောသူငယ်ချင်းက ဆရာမ လုပ်နေသည်။ ပုံပြောကောင်းသော သူငယ်ချင်းနှစ်ယောက်လည်း ပညာရေးတစ်ပိုင်းတစ်စ။ သူတို့ ပျော်သလား ကျွန်တော် မပြောတတ်။ ကျွန်တော် မေးလည်း မမေးဝံ့ပါ။ ။

၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၆)မှ အက်ဆေးဖြစ်ပါသည်။

လင်းမြတ် ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."