ဝက်လက် -၂၀၂၂ မတ် ၁၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြိုနယ်က တောင်ကုန်းကျေးရွာကို အာဏာသိမ်းစစ်တပ် ဝင်ရောက်မီးရှိဖျက်ဆီးလို့ အိမ်ပေါင်း ၈၀ ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး သက်ကြီးရွယ်အိုတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
ယမန်နေ့ ည ၈းဝဝ နာရီဝန်းကျင်က ဝက်လက်မြိုနယ်၊တောင်ကုန်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှိခဲ့ခြင်းဖြစ်ပြီး ရွာထဲကျန်ခဲ့တဲ့ အဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့တာပါ။
“တောင်ကုန်းကျေးရွာက ဝက်လက်နယ်အရှေ့ပိုင်းမှာရှိတာပါ။ အိမ်တွေတော်တော်များများပါသွားတော့ တော်တော်ဒုက္ခရောက်ပြီး အကူအညီတွေလိုနေတယ်”လို့ ဝက်လက်နယ်ခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ မီးရှိဖျက်ဆီးမှုကြောင့် ရွာထဲက နွားလေးကောင်လည်း မီးလောင်သေဆုံးခဲ့ပြီး နေအိမ်တွေက လယ်ယာလုပ်ငန်းခွင်သုံး ပစ္စည်းတွေလည်း အများအပြား ပျက်စီးသွားခဲ့တယ်လို ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်း နေရာတော်တော်များများကို အင်တာနက်ဖြတ်တောက်ပြီးနောက်ပိုင်း ရွှေဘိုခရိုင်အတွင်းကို စစ်ကြောင်းအသီးသီးနဲ့ဝင်ရောက်နေကာ ကျေးရွာတွေကိုမီးရှိတာ၊ ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေ၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကုန်းကျေးရွာအတွင်း မီးရှိပျက်စီးသွားသောနေအိမ်များ
ဓါတ်ပုံ-ဒေသခံ
#Dailynews

