ကနီ – ၂၀၂၂ ဇန်နဝါရီ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်းဆန်တက်လာတဲ့ အာဏာသိမ်းစစ်တပ်ရေယာဥ်တွေ တိုက်ခိုက်ခံရပြီး မြစ်ဘေးကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြည်သူ ၇၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းက ချင်းတွင်းမြစ်ထဲ ဆန်တက်လာခဲ့တဲ့ ဖလက်ခွန် (၆)စီး ၊ အမြန်ရေယာဥ် (၂)စီးပါ စစ်ရေယာဥ်တွေကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နှစ်နေရာခွဲကာ တိုက်ခိုက်ခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဖလက်ခွန်တစ်စီး မီးလောင်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေယာဥ်တွေဟာ ချင်းတွင်းမြစ်ကမ်းဘေး ဝဲယာက ကျေးရွာတွေကို လက်နက်ကြီးငယ်များနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ကနီမြို့နယ် မုဌော အရှေ့ရွာအရောက်မှာ ကမ်းပေါတက်ပြီး ဒေသခံ တံငါသည်အများစု နေထိုင်ရာ နေအိမ် လေးလုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
ကနီမြို့နယ်၊ မုဌော အနောက်ရွာမှာ အာဏာသိမ်းစစ်တပ်က တပ်စွဲထားပြီး ရွာသူရွာသား (၇၀၀) ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ဟာ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်တွန်းလှန်နေတဲ့ဒေသတစ်ခုဖြစ်ပြီး ချင်းတွင်းမြစ်အတွင်းဖြတ်သန်းနေတဲ့အာဏာသိမ်းစစ်တပ်ရဲ့ရေယာဥ်တွေကို ဥဦးစားပေးတိုက်ခိုက်နေတာပါ။
#Dailynews

