မြောင်-၂၀၂၃ အောက်တိုဘာ ၁၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ခေါင်းကွဲရွာကို စစ်ကောင်စီတပ်တွေ မနေ့ကညနေပိုင်းကစီးနင်းကာ ရွာကို မီးရှို့ဖျက်ဆီးပြီး ဒေသခံသုံးဦးဖမ်းဆီးသွားတယ်လို့ Youths for Community မြောင်လူငယ်ကွန်ရက်က အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ရွာထဲကို အင်အားငါးဆယ်ဝန်းကျင်နဲ့ ဝင်စီးနင်းပြီးတော့ ၂၁ အိမ်ပျက်စီးသွားပါတယ်ဗျ။ အပြစ်မဲ့ပြည်သူ သုံးယောက်ကို ဖမ်းဆီးသွားတယ်။ ခေါင်းကွဲကျေးရွာရဲ့ ရွာခံတွေပဲဗျ။ လက်ရှိအနေအထားကတော့ (ဖမ်းခံရသူတွေအကြောင်း)ဘာသတင်းမှ မရသေးဘူးဗျ။ စစ်ကြောင်းကလည်း အနားမှာ မထွက်ခွာသေးတဲ့အတွက် စစ်ရှောင်ပြည်သူတွေလည်းရှိနေပါတယ်ဗျ” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ခေါင်းကွဲရွာဟာ အိမ်ခြေသုံးရာဝန်းကျင်ရှိပြီး လူဦးရေတစ်ထောင်ဝန်းကျင်နေထိုင်တဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဖမ်းဆီးခံရတဲ့ ဒေသခံသုံးဦးရဲ့ အသက်အရွယ်နဲ့ ဘယ်သူတွေဖြစ်တယ်ဆိုတာ စုံစမ်းနေတုန်းပဲလို့ မြောင်လူငယ်ကွန်ရက်က တာဝန်ရှိသူက ဆိုပါတယ်။
အဲဒီရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီတပ်တွေက သူတို့မီးရှို့ဖျက်ဆီးထားတဲ့ ခေါင်းကွဲရွာအနီးမှာပဲရှိနေသေးတာကြောင့် ကျေးရွာ ကိုးရွာဝန်းကျင်က ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ မြောင်လူငယ်ကွန်ရက်တာဝန်ရှိသူကပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ရဲ့ မနေ့ကထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ နှစ်သန်းနီးပါးအထိရှိလာပြီး အဲဒီထဲက ၁ ဒဿမ ၇ သန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ဆိုထားပါတယ်။
ပုံစာ-မြောင်မြို့နယ်ထဲက ခေါင်းကွဲရွာကို စစ်ကောင်စီတပ်တွေ မနေ့ကညနေပိုင်းက စီးနင်းခဲ့ပြီး ရွာထဲငနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဓာတ်ပုံ-Youth for Community မြောင်လူငယ်ကွန်ရက်

