မြဝတီ – ၂၀၂၅ စက်တင်ဘာ ၂၃ (မော်ကွန်း)
မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက်တိုက် မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှာ ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပါတယ်။
မြေပြင်သတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရ အာဏာသိမ်းစစ်တပ်ဟာ လေးကေ့ကော်မြို့သစ်နယ်မြေထဲကို အခုလ ၂၁ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး တိုက်ပွဲတွေပြင်းထန်နေတာပါ။
မြဝတီမြို့တွင်းက ခလရ ၂၇၅ ၊ လက်ခတ်တောင်အပါအဝင် အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေက လေးကေ့ကော်မြို့သစ်ကို မနေ့ကတည်းက လက်နက်ကြီးတွေပစ်ကူနေတာပါ။
“ဒီနေ့လည်း မစ်ဇိုင်းတွေနဲ့ပါ ပစ်တယ်”လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
လက်ရှိအချိန်ထိ တိုက်ပွဲမရပ်သေးသလို လက်နက်ကြီးသံတွေလည်း တစ်နေကုန်ကြားနေရကြောင်း မဲဆောက်မြို့မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
မြေပြင်မှာတော့ လက်နက်ကြီးအပြင် လေကြောင်းပစ်ကူတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အာဏာသိမ်းစစ်တပ်ဘက်က တောက်လျှောက်ပြုလုပ်ပြီး လေးကေ့ကော်ရရှိဖို့ ကြိုးစားနေတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
DKBA နှစ်ဖွဲ့၊ ကရင်နယ်ခြားစောင့်တပ်(BGF)တို့က အာဏာသိမ်းစစ်တပ်နဲ့အတူ ရပ်တည်လိုက်ပြီးနောက်မှာ ကေအဲန်ယူပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မြဝတီ-သင်္ကန်းညီနောင်နဲ့ အာရှလမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းထိုးစစ်နဲ့အတူ ဖိအားပေးရယူခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ မြဝတီ၊ မဲကနယ်၊ လက်ခတ်တောင်၊ လေးကေ့ကော်ဒေသတွေကို စစ်ကြောင်းတွေ ဆက်ထိုးတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ ရွေးကောက်ပွဲမတိုင်ခင် လေးလအတွင်း နယ်စပ်တလျှောက်က ကေအဲန်ယူသိမ်းထားတဲ့ စခန်းတွေကိုအားလုံးကို ပြန်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ တိုက်ပွဲတွေကြောင့် မြဝတီ-လေးကေ့ကော်ဒေသမှာ စစ်ရှောင်တွေ ထပ်တိုးလာပြီး ၃,၀၀၀ ဝန်းကျင်ရှိနေကာ နေရာထိုင်ခင်း၊ စားသောက်ရေး၊ ကျန်းမာရေးကိစ္စတွေအတွက် နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်သူတွေက ကူညီထောက်ပံ့နေကြတာတွေ့ရပါတယ်။
ပုံစာ – အခုလ ၂၁ ရက်က လေးကေ့ကော်ဧရိယာကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်း။
ဓါတ်ပုံ – ပေးပို့

