လားရှိုးမြို့အနီးက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

လားရှိုးမြို့အနီးက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

လားရှိုး-၂၀၂၃ နိုဝင်ဘာ ၉ (မော်ကွန်း)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးမှာရှိတဲ့ မိုင်းတိမ်ရွာက စစ်ရှောင်စခန်းတစ်ခု ဒီနေ့မနက်ပိုင်းက လားရှိုးမြို့ပေါ်ကနေ စစ်ကောင်စီတပ်တွေပစ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ စစ်ရှောင်နှစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်အဖွဲ့က ယိင်းလျန်းဟန်က မော်ကွန်းကိုပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ စစ်ရှောင်စခန်းရှိတဲ့ မိုင်းတိမ်ရွာဟာ လားရှိုးမြို့နဲ့ ၁၀ မိုင်ဝန်းကျင်သာဝေးပြီး လားရှိုး-မိုင်းယော်သွား ကားလမ်းအနီးမှာရှိတဲ့ ရွာဖြစ်တယ်လို့ သူကပြောပါတယ်။

“စစ်ရှောင်နေတဲ့ ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးက တန်းကျတယ်။ အသက် ၆၀ ကျော်ဝန်းကျင်အမျိုးသမီးတစ်ဦးသေဆုံးတယ်။ ပြီးတော့ ၁၀ နှစ်ဝန်းကျင် ကလေး (မိန်းကလေး) တစ်ဦးသေဆုံးတယ်။ နောက်ပြီးတော့ နောက်ထပ်အမျိုးသားတစ်ယောက် ဒဏ်ရာရတယ်။ သူကချက်ချင်းတန်းပြီး ပေါင်ပြတ်သွားတယ်” လို့ ၎င်းက ပြောပါတယ်။

အခုရက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မိုင်းတိမ်ကျေးရွာအုပ်စုက ဒေသခံငါးရာဝန်းကျင်ရှိတဲ့ စစ်ရှောင်စခန်းထဲကို လက်နက်ကြီးကျည် သုံးလုံးကျခဲ့တာဖြစ်ပြီး တစ်လုံးက မပေါက်ကွဲသေးဘူးလို့လည်း သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေက အခုချိန်အထိ လက်နက်ကြီးနဲ့ ရွာတွေထဲ ရမ်းသမ်းပစ်ခတ်နေသေးတာကြောင့် စစ်ရှောင်တွေလည်း အခြားနေရာတွေ ထွက်ပြေးလို့မရသေးဘဲ အဲဒီစခန်းမှာပဲ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တစ်လုံးနဲ့အတူ ပိတ်မိနေတယ်လို့ သူကဆိုပါတယ်။

“လက်နက်ကြီးကလည်း ဆက်ပစ်နေသေးတယ်ဆိုတော့ ဘယ်မှလည်း သွားလို့မရဘူး။ ဘယ်မှာမှနေလို့မရတော့ လက်နက်ကြီးကျတဲ့ ဘုန်းကြီးကျောင်းထဲမှာပုန်းနေရတာပေါ့။ ဘာတိုက်ပွဲမှမရှိဘူးရှင့်၊ တိုက်ပွဲမရှိဘဲနဲ့ ပစ်နေတာ” လို့ သူကဆက်ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့လ ၂၇ ရက်ကစပြီး ၁၀၂၇ ဆိုတဲ့ စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေစတင်ခဲ့ပြီး ရှမ်းမြောက်က စစ်ရှောင်စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ရှမ်းမြောက်ဒေသတစ်ခုလုံးမှာ စစ်ဘေးရှောင်ဦးရေ သုံးသောင်းကျော်ထိ ရှိလာပြီဖြစ်တယ်လို့ ဒေသတွင်းအကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ရှမ်းမြောက်ဒေသက ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီမြို့တို့ကို သိမ်းပိုက်ကာ အပြည့်အဝထိန်းချုပ်ထားပါတယ်။

ပုံစာ-ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေပစ်ခတ်လို့ ပျက်စီးသွားတဲ့ မိုင်းတိမ်ကျေးရွာက စစ်ရှောင်စခန်း
Photo – Supplied

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."