ရန်ကုန် – ၂၀၂၃ ဇူလိုင် (မော်ကွန်း)
နယ်စပ်ကနေပြည်ပကိုကုန်တင်ပို့ရာမှာ ပို့ကုန်ရငွေကို ကုန်သွယ်ရေးဦးစီးဌာနဆီ ကြိုတင်ငွေပေးသွင်းရတဲ့စနစ်ကို တစ်နှစ်ကြာပြီးနောက် စစ်ကောင်စီဟာ ပြန်ဖြေလျှော့ပေးခဲ့ပါတယ်။
စစ်ကောင်စီရဲ့ကုန်သွယ်ရေးဦးစီးဌာနဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပို့ကုန်ရငွေကို ကြိုတင်ငွေပေးသွင်းရမယ့်ကန့်သတ်ချက်ကို ဖြေလျော့ပေးလိုက်ပြီး ကြိုတင်ငွေသွင်းဖို့မလိုဘဲ ကုန်ပစ္စည်းတွေတင်ပို့ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
နယ်စပ်ကနေ ပို့ကုန်တင်သွင်းရာမှာ ပို့ကုန်ရငွေရဲ့ ၁၀၀ ရာခိုင်နှုန်းကို ကုန်သွယ်ရေးဦးစီးဌာနကို ကြိုတင်ငွေတင်သွင်းရမယ့်စနစ်အစား သက်တမ်းသုံးနှစ်အထက်ရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်တန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်း၊ သက်တမ်းသုံးနှစ်အောက် ကုမ္ပဏီတွေက ၃၀ ရာခိုင်နှုန်းကို အာမခံကြေး ( Deposit ) သွင်းရမယ်လို့ ဖြေလျော့ပေးခဲ့တာပါ။
အဲ့ဒီလို ပို့ကုန်ရငွေကြိုတင်သွင်းရမယ့် အာမခံကြေးကိုဖြေလျော့ပေးလိုက်တဲ့အတွက် ပို့ကုန်သမားတွေ အနည်းငယ်အသက်ရှူချောင်သွားပေမယ့် အပြောင်းအလဲကတော့ ကြီးကြီးမားမားမရှိဘူးလို့ ရေထွက်ပို့ကုန်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“နည်းနည်းအသက်ရှူချောင်သွားတယ်ပေါ့၊ အရင်က အဲ့ဒီကိုယ့်ပို့ကုန်အတွက် ငွေကြိုသွင်းရတယ်၊ ဒေါ်လာတစ်သိန်းဖိုးဆိုရင်၊ တစ်သိန်းကို အာမခံပြထားရတယ်၊ သွင်းထားရတာပေါ့။ အခုမလိုတော့ဘူးဆိုတော့ နည်းနည်းအသက်ရှူချောင်သွားတာကလွဲရင် ဘာမှတော့အပြောင်းအလဲကြီးတော့ မဟုတ်ပါဘူး” လို့ သူကပြောပါတယ်။
ပို့ကုန်ရငွေ ကြိုတင်သွင်းရမယ့်စနစ်ကို မနှစ်က ဇူလိုင်လမှာ စတင်ခဲ့တာဖြစ်ပြီး တစ်နှစ်အကြာမှာ ပြန်ဖြေလျော့ပေးလိုက်တာပါ။
လက်ရှိပြောင်းလဲလိုက်တဲ့စနစ်အရ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ အဆင်ပြေစေဖို့အတွက်ဖြစ်တယ်လို့ ထုတ်ပြန်ထားပေမယ့် ပို့ကုန်သွင်းကုန်အခြေအနေ ထူးထူးခြားခြားပြောင်းလဲလာတာမရှိဘူးလို့ နယ်စပ်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“အရင်ကကျပ်ထားတာကို ပြန်ဖြေပေးလိုက်တယ်၊ အဲ့ဒီလောက်ပါပဲ။ အရင်ကတော့ ပို့ကုန်လုပ်မယ်ဆို အရင်းအနှီးကြိုတင်ငွေသွင်းရတဲ့ အခြေအနေကနေ အခုကလျှော့ပေးလိုက်တာပါပဲ။ နယ်စပ်ကုန်သွယ်ရေးက အရင်အတိုင်းပါပဲ၊ ပြောင်းလဲမှုတော့ သိပ်မရှိဘူး။ အဲဒီလိုလျှော့ပေးလို့လည်း အရင်ထက်များလာတာ နည်းလာတာတွေ သက်ရောက်မှု သိပ်မရှိပါဘူး” လို့ သူက ပြောပါတယ်။
ပို့ကုန်အတွက် အာမခံကြေး Deposit ပေးသွင်းရာမှာ အမေရိကန်ဒေါ်လာ ၊ ယွမ် ၊ ဘတ်နဲ့ ကျပ်ငွေ စတဲ့အဆင်ပြေတဲ့ငွေကြေးအမျိုးအစားနဲ့ သက်ဆိုင်တဲ့နယ်စပ်ဒေသ ဈေးကွက်ပေါက်ဈေးအတိုင်း ပေးသွင်းရမှာဖြစ်ပါတယ်။
#Dailynews

