ရန်ကုန် – ၂၀၂၅ ဇူလိုင် ၃၁ (မော်ကွန်း)
ပြီးခဲ့တဲ့ရက်ပိုင်းက မိုးဆက်တိုက်ရွာသွန်းပြီး စိုးရိမ်ရေမှတ်အထက်ကိုမြင့်တက်ခဲ့တဲ့ မြစ်ငါးစင်းဟာ မြစ်ရေပြန်လည်ကျဆင်းနေပြီး မြစ်တချို့မှာတော့ စိုးရိမ်ရေမှတ်အောက်ကို ကျဆင်းလာမယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီမနက်ထုတ်ပြန်ပါတယ်။
လက်ရှိမှာ သံလွင်၊ စစ်တောင်း၊ ရွှေကျင်၊ သောင်ရင်းနဲ့ ဘီးလင်းမြစ်တွေဟာ စိုးရိမ်ရေမှတ်အထက်တွေကို ရောက်နေပြီး ရေကြီးရေလျှံမှုတွေဖြစ်နေတာပါ။
စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးတိုင်းအရှေ့ပိုင်းက တောင်ငူ၊ မဒေါက်၊ ထန်းတပင်နဲ့ အုတ်တွင်းမြို့တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံထောင်နဲ့ချီရေဘေးသင့်ခဲ့ပြီး ၎င်းဒေသခံတွေကို ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ပို့ဆောင်ထားရပါတယ်။
ဒီနေ့မနက်ပိုင်း တိုင်းထွာအချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နယ်မှာ စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့်ကျော်လွန်နေပြီး တစ်ရက်အတွင်းမှာ ပေဝက်ခန့်ပြန်လည် ကျဆင်းသွားမယ်လို့ မိုးဇလရဲ့ မြစ်ရေကြီးမှုအခြေအနေ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ၎င်းစစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာတော့ စိုးရိမ်ရေမှတ်အထက် ငါးပေထိ ကျော်လွန်နေရာက တစ်ရက်အတွင်း ပေဝက်ပြန်လည်ကျဆင်းမယ်လို့ ဆိုပါတယ်။
ရေဘေးကယ်ဆယ်ရေးစခန်းကိုးခုထိ ဖွင့်လှစ်ထားရပြီး လူပေါင်း ၄,၀၀၀ နီးပါးကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတဲ့ တောင်ငူမြို့မှာတော့ စစ်တောင်းမြစ်ကမ်းအနီးနဲ့ အနိမ့်ကျေးရွာတွေမှာ ဒီနေ့ထိ ရေသိသိသာ ကျဆင်းသွားတာမရှိသေးဘဲ ရေဘေးသင့်ဒေသခံတွေဟာ နှစ်ရက်ကျော်ကြာတဲ့အထိ ကူညီကယ်ဆယ်ရေးစခန်းတွေမှာ ဆက်လက်နေထိုင်နေဆဲလို့ ဒေသခံကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။
“မိုးကတော့ နည်းနည်းပါးသွားပြီ။ ရေက ဆက်မတိုးတော့ပါဘူး။ မြစ်အထက်ပိုင်းက တဖြည်းဖြည်းရေပြန်ကျပြီ။ လောလောဆယ် ရေကြီးသွားတဲ့နေရာတွေတော့ ပြန်မကျသေးဘူး။ နည်းနည်းတော့ စောင့်ရအုံးမယ်ထင်တယ်” လို့ တောင်ငူ အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့က စေတနာ့ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ခြောက်ပေထိမြင့်တက်နေတဲ့ သံလွင်မြစ်ရေကတော့ နောက်တစ်ရက်အတွင်း ပြန်လည်ကျဆင်းဖွယ်မရှိသေးဘဲ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေမှာပါ။
သံလွင်မြစ်ရေမြင့်တက်တာကြောင့် ဘားအံနဲ့ လှိုင်းဘွဲ့မြို့တွေမှာ ဒေသခံ သောင်းနဲ့ချီရေဘေးသင့်နေတာပါ။ လက်ရှိမှာ သံလွင်မြစ်ရေက မိုးရွာသွန်းမှုမရှိတော့ပေမယ့် ကမ်းပါးတစ်လျှောက် ရေတက်လာနေဆဲလို့ ဒေသခံတချို့က ပြောပါတယ်။
နောက်ထပ် စိုးရေရေမှတ်အထက်ကို တစ်ပေခွဲခန့် မြင့်တက်နေတဲ့ ရွှေကျင်မြစ်ကတော့ နောက်တစ်ရက်အတွင်း တစ်ပေခန့်ကျဆင်းသွားမှာဖြစ်ပြီး စိုးရိမ်အထက်မှာတော့ ဆက်ရှိနေမယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ မြဝတီမြို့မှာ စိုးရိမ်အထက်ကို ရောက်နေတဲ့ သောင်ရင်းမြစ်ရေကတော့ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်းသွားမယ်လို့ အသိပေးထားပါတယ်။
သောင်ရင်းမြစ်ရေမြင့်တက်တာကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလည်း ဒီရက်ပိုင်း ပိတ်ထားလိုက်ရပြီး နှစ်နိုင်ငံ နယ်စပ်အနီးက လူနေရပ်ကွက်တွေ ရေနစ်မြုပ်ခဲ့ပြီး ဒေသခံအများအပြားကို ရွှေ့ပြောင်းထားရတာပါ။
စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ကျော်လွန်နေတဲ့ ဘီးလင်းမြစ်ရေကတော့ တစ်ရက်အတွင်းမှာပဲ စိုးရေမှတ်အောက်ကို ပြန်လည်ကျဆင်းသွားမယ်လို့ မိုးဇလရဲ့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရေကြီးနစ်မြုပ်မှုဖြစ်စဉ်ကြောင့် လူသေဆုံးမှုတွေရှိခဲ့ပြီး ပဲခူးတိုင်းအရှေ့ခြမ်းမှာ ရေစီးနဲ့မျောပါပြီး လူနှစ်ဦးသေဆုံးခဲ့ပါတယ်။
အလားတူပဲ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့မှာတော့ တောင်ကျရေကြောင့် နေအိမ်တွေ မျောပါခဲ့ပြီး လူခုနစ်ဦးသေဆုံးခဲ့တာပါ။
ပုံစာ – အုတ်တွင်းမြို့နယ်က ရေဘေးသင့်ဒေသခံတွေကို စားစရာနဲ့ သောက်ရေပေးဝေနေတဲ့မြင်ကွင်း
ဓါတ်ပုံ – မေတ္တာရင်ဝယ် လူမှုကူညီရေးအသင်း

