ရန်ကုန် – ဩဂုတ် ၂၁ (မော်ကွန်း)
ပြည်တွင်းရွှေစျေးဟာ ဒီတစ်ပတ်အတွင်း တစ်ကျပ်သားကို ကျပ်ငါးသိန်းဝန်းကျင်ထိ ထိုးကျသွားတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။
ဒီလဆန်းပိုင်းမှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၇၈ သိန်းမှာ ငြိမ်နေတဲ့ရွှေဈေးဟာ ဒီရက်ပိုင်းအတွင်း ဆက်တိုက်ကျဆင်းခဲ့ပြီး ဒီနေ့မွန်းလွဲပိုင်းမှာတော့ ကျပ် ၇၃ သိန်း ငါးသောင်း ဝန်းကျင်မှာ ဈေးကွက်ဖွင့်လှစ်ထားတာပါ။
ဒီလလယ်ပိုင်းထိ တစ်ကျပ်သားကို ကျပ် ၇၈၊ ၇၇ သိန်းဝန်းကျင်မှာပဲ ငြိမ်နေပေမယ့် ပြီးခဲ့တဲ့တစ်ပတ်ကစပြီး ဈေးစတင်ကျဆင်းခဲ့ပြီး ဒီတစ်ပတ် တနင်္လာနေ့ ရုံးဖွင့်ရက်ကနေ လေးရက်အတွင်းမှာပဲ ရွှေဈေးဟာ ကျပ်သိန်းနဲ့ချီပြီး ဆက်တိုက်ကျဆင်းသွားတယ်လို့ ဈေးကွက်လေ့လာသူတွေက ပြောပါတယ်။
“ဒီနေ့ တစ်ရက်ထဲနဲ့ တစ်သိန်းကျော် ပြုတ်ကျသွားတယ်။ ၇၄ သိန်းကျော်ကနေ ၇၃ သိန်းကျော်တန်းရောက်သွားတယ်။ အရင်ရက်ကလည်း ၇၇ ကနေ သုံးရက်ကို ၇၄၊ ၇၅ ကို ပြုတ်ကျသွားတာ။ ဈေးက ဆက်တိုက်ပြိုဆင်းလာတာလို့ ပြောလို့ရတယ်” လို့ ၎င်းက ပြောပါတယ်။
မိုးတွင်းကာလကို ရောက်လာပြီဖြစ်ပြီး ဒီကာလတွေမှာ ရွှေဈေးပြန်လည်ကျဆင်းလေ့ရှိတဲ့ ရာသီတစ်ခုဖြစ်ကာ အဝယ်ထက် အရောင်းပိုများလာမယ့် အခြေအနေရှိတယ်လို့ ဈေးကွက်လေ့လာသူတချို့ကလည်း သုံးသပ်ပါတယ်။
“ဒီအချိန်ကတော့ ငွေပေါ်အောင် ထုတ်ရောင်းတဲ့အချိန်ပေါ့၊ မိုးတွင်းဆိုတော့ အလုပ်တွေလည်း ပါးသွားမယ်။ ဒါကြောင့်လည်းပါတယ်။ အပြင်မှာလည်း ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးကလည်း အကျဘက်ရောက်နေတာလည်းပါတယ်” လို့ ဈေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။
ပြည်တွင်းရွှေဈေးဟာ ဒေါ်လာငွေလဲလှယ်နှုန်းနဲ့ ကမ္ဘာ့ရွှေဈေးအတက်အကျအပေါ် မူတည်နေပြီး ဒီနှစ် ဇွန်လပိုင်းမှာ တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ထိ မြင့်တက်ခဲ့တာပါ။
ဒီနှစ်သင်္ကြန်ကာလ ပိတ်ရက်မတိုင်မီကာလထိ ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သား ကျပ်သိန်း ၇၀ ဝန်းကျင်မှာပဲရှိရာက သင်္ကြန်ကာလနှောင်းပိုင်းမှာ ဆက်တိုက်မြင့်တက်ပြီး တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ထိပြန်လည် ရောက်ရှိခဲ့ပြီး အခုမှ ပြန်ကျဆင်းသွားတာပါ။
ဒီလို ရွှေဈေးမြင့်တက်ခဲ့တုန်းကတော့ စစ်ကောင်စီဟာ ရွှေဆိုင်တွေကို စစ်ဆေးတာ အွန်လိုင်းကနေ ရွှေအရောင်းအဝယ်ပြုလုပ်သူတွေကို ဖမ်းဆီးစစ်ဆေးတာတချို့ရှိခဲ့ပြီး ရွှေအတုံးအခဲ ရောင်းချတဲ့ဈေးကွက်ကိုလည်း ပိတ်ခဲ့တာပါ။
ပုံစာ – ရန်ကုန်မြို့လယ်က ရွှေဆိုင်တချို့
ဓါတ်ပုံ – မော်ကွန်း

