တစ်ခါက YMCA ကျော်ကြား

Photo – Minn Lwin

ဆိပ်ကမ်း ကုန်တင်ကုန်ချရုံရှေ့ရှိ ခုံတန်းလျားပေါ်တွင် တီရှပ်လက်တို အပြာရင့်ရောင်နှင့် ဆေးသားအရောင်တို့ ပြယ်လွင့်နေသော မဲပြာ ပုဆိုးအကွက်ခပ်စိပ်စိပ်အား ဝတ်ဆင်ထားသူတစ်ဦး ထိုင်နေသည်။ ထိုသူသည် ထိုင်နေလျက်က ဥဒဟိုသွားလာနေသော လမ်းသွား လမ်းလာများကို တစ်ချက်တစ်ချက်ငေးရီကြည့်သည်မှအပ ခပ်အေး အေးပင်ရှိ၏။

သူ့ပုံစံက အသားညိုညို၊ ခန္ဓာကိုယ်သေးသွယ်သွယ်နှင့် အရပ်က ငါးပေခြောက်လက်မခန့်ရှိသည်။ ယခင်က တုတ်ခိုင်ခဲ့ဟန်ရှိ သော လက်မောင်းသားတို့မှာ လျော့ရဲရဲနှင့် အကြောပြိုင်းပြိုင်းထ နေ၏။ ရင့်ကျက်တည်ငြိမ်မှုရှိသော မျက်နှာထက်တွင်တော့ အမာ ရွတ်ဗရပွနှင့် ဖြစ်သည်။

သူ၏ ဝဲဘက်မျက်ခုံးကွဲအက်ဒဏ်ရာ၊ နှာခေါင်းရိုးကျိုး သည့် ဒဏ်ရာ၊ နှုတ်ခမ်းကွဲရှဒဏ်ရာတို့အပြင် မျက်နှာပြင်နေရာ အများစုတွင် အညိုအမည်းစွဲနေသည့်ဒဏ်ရာတို့က လွှမ်းခြုံ ထားသည်။ သူ့ယာဘက် မျက်လုံးအိမ်အတွင်းမှာတော့ တိမ်စွဲ ထားသည့်ပမာ အဖြူစက်တစ်ခုကိုတွေ့ရ၏။ ထိုသူကား မြန်မာ့ လက်ဝှေ့လောကတွင် တစ်ချိန်က ‘ YMCA ကျော်ကြား ‘ဟု လူသိများခဲ့သူ လက်ဝှေ့အကျော်အမော် ကျော်ကြားပင် ဖြစ် သည်။ သူ၏အမည်ရင်းက ဦးမျိုးမြင့်။

အသက် ၅၁ နှစ်အရွယ် ကျော်ကြားတစ်ယောက် ယခု ရောက်ရှိနေသည်က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဝါးတန်း ဆိပ်ကမ်းတွင် ဖြစ်သည်။ ဤနေရာသို့ နံနက် ခုနစ်နာရီမထိုးမီက တည်းက ကျော်ကြားလာရောက်ခဲ့ရခြင်း ဖြစ်သည်။

ဤနေရာသို့ရောက်နေခြင်းမှာ လက်ဝှေ့ထိုးဖို့လည်း မဟုတ်သလို လက်ဝှေ့လေ့ကျင့်ဖို့လည်း မဟုတ်။ ကုန်ထမ်းဖို့ အတွက် ဤနေရာသို့ သူရောက်နေခဲ့ခြင်းဖြစ်သည်။ ယခင်က လက်ဝှေ့လောကတွင် ကျော်ကြားခဲ့သူ YMCA ကျော်ကြားတစ် ယောက် လက်ဝှေ့သမားဘဝကို စွန့်၍ ဘဝအသစ်ကိုရှာခဲ့ရာမှ အခုတော့ ဘဝသစ်မှာ ကုန်ထမ်းသမားအဖြစ်နှင့် အသားကျနေ ခဲ့ပါပြီ။

ကုန်ထမ်းသမား ကျော်ကြား

ကုန်ထမ်းသည့်ဆိပ်ကမ်းနှင့် သူနေထိုင်ရာသန်လျင်မြို့နေ အိမ်က ပုံမှန်ဆိုလျှင်ဘတ်စ်ကားစီးချိန် တစ်နာရီခွဲခန့်သာ ကြာ တတ်သော်လည်း အပြန်ကားကျပ်ချိန်တွင်တော့ နှစ်နာရီနီးပါး ကြာမြင့်တတ်သည်။ ကျော်ကြားတို့ အလုပ်ချိန်က နံနက် ၉ နာရီမှ ညနေ ၃ နာရီဝန်းကျင်အထိ။ အလုပ်ပြီးချိန်တွင် ကျပ်ခုနစ်ထောင်မှ ကျပ်တစ်သောင်းကြားရ၏။ ယင်းသည်ပင် သူ၏ တစ်ရက်လုပ်အားခ ဖြစ်သည်။

ဆိပ်ကမ်းအလုပ်သမားများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အလုပ်သမားမှတ်ပုံတင် ထုတ်ပေးထား သည်။ ကျော်ကြားသည် ၂ဝဝ၂ ကစ၍ မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က စစ်အစိုးရလက်ထက်ဖြစ်သည့်အလျောက် ကုန်ထမ်းအလုပ်သမားတစ်ဦးဖြစ်ရန် လွယ်ကူလှသည်တော့ မဟုတ်။ အဆက်အသွယ်မရှိသူများအနေနှင့် ဆိုင်ရာတို့အား လာဘ်ငွေနှစ်သောင်း၊ သုံးသောင်းပေးပါမှ အလုပ်သမားကတ် ရနိုင်သည်။ ထိုကတ်မရှိပါက မည်မျှသန်မာသူဖြစ်စေ ဆိပ်ကမ်းတွင် ကုန်ထမ်း၍ မရနိုင်ပါ။ သို့သော် ကျော်ကြားအတွက်တော့ ကတ်လုပ်ရာတွင် အခက်အခဲသိပ်မတွေ့ ခဲ့ရ။ မိတ်ဆွေတစ်ဦး၏အကူအညီဖြင့် လွယ်လင့်တကူ ရယူနိုင်ခဲ့သည်။

သို့နှင့်ပင် ကျော်ကြားကုန်ထမ်းသမားဖြစ်လာခဲ့သည်မှာ ယခုဆိုလျှင် ၁၄ နှစ်တင်းတင်းပြည့်ခဲ့ပြီ။ ယခင်ကတော့ ဆိပ် ကမ်းတွင် ကုန်ထမ်းရသည်ကို သူ မမှုခဲ့။ ထိုအချိန်က သူ့အသက် ၃၇ နှစ်သာရှိသေး၍ သန်တုန်းမြန်တုန်းဖြစ်သည်။ တစ်ရက်လျှင် အိတ်(ဆန်၊ ဂျုံ၊ ငါးပိ၊ ပဲမျိုးစုံ)အလုံးရေ ဆယ်ဂဏန်း၊ ရာ ဂဏန်းဆိုသည်က သူ့အတွက် ဘာမျှအပန်းမကြီး။ ယခုတော့ ဇရာ၏ ဝါးမျိုမှုကြောင့် ခြေလက်တွေ သိပ်မခိုင်ချင်တော့။ ထိုင်း မှိုင်းလေးကန်လာနေပြီဖြစ်သည်။

ပြီးခဲ့သည့်မေလ၊ မိုးရွာသည့် တစ်ရက်တွင်ဖြစ်၏။ မိုးက သည်းသည်းမည်းမည်း ရွာသည်တော့မဟုတ်။ မိုးဖွဲမျှသာ။ သို့ သော် ကုန်ထမ်းသူတို့ ခြေကုပ်ယူရသည့် ကုန်းပေါင်ပျဉ်ပြားက မိုးရေတို့ကြောင့် အနည်းငယ်ချော်နေသည်။

အခြားသော လုပ်ဖော်ကိုင်ဖက် အလုပ်သမားလူငယ်၊ လူ လတ်များအဖို့ရာ ဂရုပြုစရာမဟုတ်သည့်တိုင် အသက်ငါးဆယ် ကျော် ကျော်ကြားအတွက်မူ ခန္ဓာကိုယ်၏ ကြံ့ခိုင်သန်မာမှုကို စိန် ခေါ်နေသည့်အလား ရှိနေ၏။

သို့သော် ထိုသို့တွေး၍မျှ မဆုံးသေး၊ ဆန်အိတ်နှစ်လုံးကို အပေါ်အောက်ဆင့်ကာ ထမ်းပိုးလာသော ကျော်ကြားတစ် ယောက် ကုန်းပေါင်ပေါ်မှ ခြေချော်ကာ အောက်သို့ပြုတ်ကျသွား သည်။ သင်္ဘောကုန်းပတ်နှင့် ဘောတံတားတို့ကို ဆက်သွယ်ထား သည့် ကုန်းပေါင်က ဒူးဆစ်ကျော်ကျော်ခန့်သာ အမြင့်ရှိ၍ တော် သေးသည်။

သူ့ယာဘက်ဒူးဆစ်နာကျင်သွား၏။ ”လဲကျသွားတဲ့ အချိန်မှာ ပခုံးပေါ်ကအိတ်နှစ်လုံးက ဒူးပေါ်ပိနေတာ” ဟု ကျော် ကြားက သူ့ယာဒူးဆစ်ကို လက်တစ်ဖက်ဖြင့် ပွတ်သပ်ရင်းက ဆိုသည်။ ထိုနေ့အဖို့ အလုပ်ချိန်ပြီးဆုံးသည်အထိ  သူ ကုန် မထမ်းနိုင်တော့ပါ။ ဒူးဒဏ်ရာကြောင့် ငါးရက်ဆက်၍ အလုပ်မှ ခွင့်ယူလိုက်ရ၏။

‘အနာပေါ် တုတ်ကျ’ ဆိုသကဲ့သို့ ထိုနေ့က ကျော်ကြား ခံစားလိုက်ရသည်။ အကြောင်းရင်းက သူ့ ယာဒူးဆစ်တွင် ဒဏ် ရာဟောင်းရှိနေနှင့်၍ ဖြစ်ပါ၏။ ကျော်ကြားတစ်ယောက် လက် ဝှေ့လောကအတွင်း ကျင်လည်ခဲ့စဉ်က ဒူးဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

လက်ဝှေ့သမား ကျော်ကြား

ကျော်ကြား၏ လက်ဝှေ့ပညာက ဒုတိယတန်းအဆင့် ဖြစ်၏။  ခေတ်ကာလ အနေထားအရ ၁၉၉ဝ ကျော်တစ်ဝိုက်ဖြစ် ကာ ရွှေဓူဝံ၊ ဝမ်ချိုင်း စသူတို့ ပထမတမ်းနေရာ ရပ်တည်နေချိန် ဖြစ်သည်။ သူကိုယ်တိုင်ကတော့ ဒုတိယတန်းနေရာတွင် ကျော် ကြားဟု လူသိများ၏။

ထိုခေတ်က လက်ဝှေ့သမား၏ ပညာရည်ကိုလိုက်ကာ အတန်းကိုလိုက်၍ ပွဲအမျိုးအစားများ ခွဲခြားထားသည်။ တစ် ကြိမ်မျှ မထိုးသတ်ဖူးသူများယှဉ်ပြိုင်သည့်ပွဲကို ကြားပွဲ(လူသစ် တန်း)၊ အချီရေအားဖြင့် သုံးချီသတ်မှတ်သည်။ လူသစ်တန်း အတွက် ဆုကြေးငွေအဖြစ် နိုင်သူ ၅ဝဝ၊ ရှုံးသူ ၃ဝဝ ကစားကြေး ရ၏။

တစ်ကြိမ်၊ နှစ်ကြိမ် ထိုးသတ်ဖူးသူများ၏ ယှဉ်ပြိုင်ပွဲကို တော့ အထူးပွဲ(တတိယတန်း၊ စတုတ္ထတန်း)၊ အချီရေ လေးချီထိုး သတ်ရကာ ကစားကြေး နိုင် ၁,ဝဝဝ၊ ရှုံး ၅ဝဝ ဖြစ်သည်။ ကျော် ကြားကဲ့သို့ ဒုတိယတန်းများ၏ယှဉ်ပြိုင်မှုကို ပွဲကြီးဟုခေါ်ကာ ဆယ်ချီပွဲဖြစ်၏။ နိုင်သူ ၇,ဝဝဝ၊ ရှုံးသူ ၄,ဝဝဝ ကစားကြေးရ၏။ ပထမတန်း ကစားသမားများ အတွက်လည်း ပွဲကြီးဟုသာ ခေါ် ပြီး အချီရေမှာလည်း ၁ဝ ချီ ပွဲဖြစ်၏။ သို့သော် ကစားကြေးတွင် တော့ ပထမတန်းများက သိန်းဂဏန်းရ၏။

”နယ်ပွဲတွေ ဆက်တိုက် သွားရတယ်။ အဲဒီတုန်းက တစ် လသုံးပွဲလောက် ထိုးရတယ်” ဟု သူက ဆိုသည်။

နယ်ပွဲဆိုသည်မှာ တိုင်း နှင့်ပြည်နယ် အသီးသီးတွင် အထိမ်းအမှတ်ပွဲများ၊ ရန်ပုံငွေ ပွဲများ၊ ဘုရားပွဲနှင့် ဘုန်းကြီးပျံ ကဲ့သို့ ပွဲများ၌ စိန်ခေါ်ပွဲလိုက်လံ ထိုးသတ်ရခြင်းမျိုး ဖြစ်၏။ ပွဲ တစ်ပွဲအတွက် ထိုးသတ်ကြေး က နိုင်သူခုနစ်ထောင်၊ ရှုံးသူ လေးထောင်ခန့်သာ ရသော ခေတ် ဖြစ်သည်။ ကျော်ကြား နယ်ဆင်းပြီး ပြန်လာသည့်အခါ ငွေတစ်သောင်းမှ နှစ်သောင်းအထိ ရတတ်သည်။

ထို့ပြင် ယခုခေတ်လက်ဝှေ့လောကကဲ့သို့ ခါးပတ်ချန်ပီယံ ချီးမြှင့်သည့်ကာလ မဟုတ်သေး။ ပြည်နယ်ကိုယ်စားပြု၊ တိုင်း ကိုယ်စားပြု၊ အဖွဲ့အစည်းကိုယ်စားပြုအလံများသာ ချီးမြှင့်သည့် ခေတ်ဖြစ်၏။ ယင်းအခြေအနေကို ကျော်ကြားက ယခုကဲ့သို့ ပြန်ပြောပြသည်။

သူ့အနေနှင့် လက်ဝှေ့လောကအတွင်း ဆယ်စုနှစ်တစ်စုခန့် ကျင်လည်ခဲ့သည့်နည်းတူ ပွဲပေါင်း ၂ဝဝ ကျော် ထိုးသတ်ခဲ့သည်။ ပွဲတိုင်းအနိုင်မရသည့်တိုင် ရှုံးပွဲဆို၍ဆယ်ပွဲပင်မပြည့်။ သရေနှင့် အနိုင်သာများသည်။ သို့အတွက်လည်း တိုင်းနှင့် ပြည်နယ်ကိုယ် စားပြု၊ အဖွဲ့အစည်းကိုယ်စားပြု အောင်ပွဲရ အလံပေါင်းမြောက် မြားစွာ ပိုင်ဆိုင်ခဲ့ဖူးသည်။ မည်မျှအထိဟူမူ နေအိမ်၏အရှေ့ခန်း မျက်နှာစာတွင် အလံများပတ်ပတ်လည် ထိုးစိုက်ထားနိုင်ခဲ့သည် မှာ ”အလံရောင်းတဲ့အိမ်လား မှတ်ရတယ်” ဟုပင် ကျော်ကြား က ညွှန်းဆိုသည်။

သို့သော် ယခုတော့ ယင်းအလံတွေ တစ်ခုမှ မရှိတော့။ ပွဲ လက်ခံသည့် စာချုပ်များနှင့်အတူ အလံအားလုံးကို စိတ်နာနာ ဖြင့် မီးပုံရှို့ခဲ့ပြီ။ နေအိမ်တွင်တပ်ဆင်ထားသည့် စကိုင်းနက် ရုပ်သံလိုင်းမှ တစ်ခါတစ်ရံလက်ဝှေ့ပွဲလာလျှင်ပင် မကြည့်ဘဲ ပိတ် ပစ်သည်အထိ လက်ဝှေ့လောကကို စိတ်နာခဲ့သည်

 အသည်းကြီးတဲ့ ကျော်ကြား

လက်ဝှေ့လောကတွင် ကျော်ကြား နာမည်ကြီးရခြင်း အကြောင်းအချက်များတွင် အသည်းကြီးမှုလည်း တစ်ချက်ပါ ဝင်သည်။ ထိုအချက်မှာ လက်ဝှေ့သမားတစ်ဦးအတွက် အရေး ကြီးပြီး မရှိမဖြစ်လိုအပ်သည့် အရာလည်းဖြစ်သည်။ အသည်း ကြီးမှုဆိုသည်မှာ ထိုးရဲ၊ သတ်ရဲ၊ ယှဉ်ပြိုင်ရဲ၍ ဇွဲနပဲရှိခြင်းပင် ဖြစ် ပါ၏။ ကျော်ကြားက ထိုကဲ့သို့သော အရည်အချင်းမျိုးနှင့် ပြည့်စုံ သူ ဖြစ်သည်။

ယင်းကို သူနှင့်ထိုးသတ်ဖူးသူလည်းဖြစ် လက်ရှိတွင် မြန်မာ နိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ ကြိုးဝိုင်းဒိုင်တစ်ဦးလည်းဖြစ်သူ ဇမ္ဗူကျော်က ယခုကဲ့သို့ မှတ်ချက်ပေးသည်။

”ဘယ်လောက်အသည်းကြီးသလဲဆိုရင် ပွဲထဲမှာ အလဲလဲ အကွဲကွဲဖြစ်နေတာတောင် အရှုံးပေးပြီးဝိုင်းထဲကဆင်းလာခဲ့ဖို့ ကို တော်တော်ပြောယူရတဲ့ဟာမျိုး ကြုံခဲ့ဖူးတယ်”

အချိန်ကာလအားဖြင့် ၁၉၉၈ ခုနှစ်ဝန်းကျင်ကဖြစ်သည်။ သုဝဏ္ဏမြို့ဦးစေတီကွင်း၌ပြုလုပ်သည့် ထိုးသတ်ပွဲတစ်ခုတွင် ပြိုင်ဘက်က အသာစီးရနေပြီး ကျော်ကြားမှာ အရေးနိမ့်နေ သည်။ ထိုသို့အရေးနိမ့်သည့်နည်းတူ မျက်နှာနှင့်ဦးခေါင်းတို့ တွင်လည်း သွေးအလိမ်းလိမ်း ထွက်လျက်ရှိ၏။ သို့သော် ကျော် ကြား ကွင်းထဲက ထွက်မသွား။ အံကြိတ်ကာ တောင့်ခံနေဆဲ။ လာ ရောက်ကြသည့် ထိုးဖော်ထိုးဖက်လောကသားများနှင့် နောက် လိုက်နောက်ပါတို့က ပြိုင်ဘက်အား အရှုံးပေးလိုက်ရန် ဝိုင်းဝန်း နားချကြသော်လည်း သူက လက်မခံ။ ခေါင်းမာ၍သာ နေ၏။

ဇမ္ဗူကျော်က ဝင်ရောက်ကာအတင်းအကျပ်ပြောဆိုပါမှ အရှုံးပေးတော့သည်။ ပွဲပြီး၍ စံပြဆေးရုံသို့ ဆေးသွားကုရာ တာဝန်ကျဆရာဝန်များက ဒဏ်ရာရလာသူကိုကြည့်ကာ ထိတ် လန့်ကြသည်အထိ ဒဏ်ရာများပြင်းထန်လှကြောင်း ဇမ္ဗူကျော် က ပြန်ပြောင်းပြောပြသည်။ ထိုပြိုင်ပွဲကြောင့် ကျော်ကြား၏ ဦးခေါင်းပိုင်း ၂၁ ချက်ချုပ်လိုက်ရလေ၏။

ကျော်ကြားနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သူက တွံတေးသန်း လွင်ဖြစ်၏။ သူတို့နှစ်ဦးမှာ ထိုစဉ်က လက်ရည်ညီသူများလည်း ဖြစ်ကြောင်း ဇမ္ဗူကျော်က ဆိုသည်။

ဆက်လက်၍ ဇမ္ဗူကျော်က ”တစ်ခေါင်းလုံးကို ကြေလို့” ဟု ဆိုသေးသည်။

ထိုမျှမကသေး။ ကျော်ကြားတွင် ဘယ် တော့မှ ပြန်လည်မရရှိနိုင်တော့သည့် မျက်လုံးတစ်ဖက် အလင်းမရအောင် ဖြစ်ခဲ့ရသည့် ပွဲတစ်ပွဲကိုလည်း ရင် ဆိုင်ခဲ့ရဖူးသည်။

မိတ္ထီလာမြို့တွင်ပြုလုပ်သော ဘုရားပွဲတစ်ပွဲ၌ ဖြစ်သည်။ သူ၏ ပြိုင်ဘက်ဖြစ်သူက အာနိုး။ ပြိုင်ပွဲက ည ၈ နာရီတွင်စသည်။ အာနိုးနှင့်သူက လက်ရည်တူသဖြင့် ပွဲမှာ မြိုင်ဆိုင်လှပြီး ပရိသတ် ၏ တစ်ခဲနက်အားပေးမှုတို့ကြောင့် လက်ဝှေ့ပွဲကဆူညံလျက်ရှိ၏။

တစ်ယောက်နှင့်တစ်ယောက် သူတင်ကိုယ်တင်ယှဉ်ပြိုင်လာခဲ့သည်မှာ ပြိုင်ပွဲစည်းကမ်းအရသတ်မှတ်ထားသော ခုနစ်ချီ ပြည့်သည့်တိုင် အနိုင်အရှုံးမပေါ်သေး။ အနိုင်အရှုံးအတွက် ကွင်း လယ်ဒိုင်က အချိန်ပိုဆက်၍ ကစားစေသည်။ ထိုသို့ အချိန်ပိုယှဉ် ပြိုင်ထိုးသတ်လာခဲ့ကြရာ ဆယ့်ငါးမိနစ်ခန့်အကြာတွင်တော့ ကျော်ကြားတစ်ယောက် ယာဘက်မျက်လုံးအိမ်အတွင်းမှ အလင်းတန်းများ လင်းလက်သွားသည်ဟု ခံစားလိုက်ရသည်။ သွေးကလည်းပူ၊ ပွဲကိုလည်း အရှုံးမပေးလိုသည့် စိတ်ခံစား မှုကြောင့် နာရကျင်ရမည်ကိုပင် သတိမမူအား။

အကြောင်းမှာ ယှဉ်ပြိုင်ဘက်နှင့် ဦးခေါင်း ချင်းဆိုင်တိုက်ရာတွင် အာနိုး၏ချိုစောင်းက ကျော်ကြား၏ ယာဘက်မျက်လုံးအိမ်ကို တည့်တည့်ဆောင့်မိသွား၍ ဖြစ်သည်။

ခန္ဓာကိုယ်က ဒယိမ်းဒယိုင်ဖြစ်လျက် လက်ဖြင့် မျက်လုံးကိုအုပ်ကာ ကျော်ကြား နောက်သို့ ဆုတ်မိလျက်သား ဖြစ်သွားစေ သည်။ အတွေးထဲတွင်တော့ ”ဖြတ်ခနဲ ဆို မီးလုံးတစ်လုံးကျွမ်းသွားသလိုပဲ” ဟု ထိုနေ့ကခံစားမှုကို သူက ပြန်ပြော ပြ၏။   သို့နှင့် ဆက်လက်ယှဉ်ပြိုင်ရာ ထိုပွဲတွင် နှစ်ဖက် သရေကျ သွားသည်။

မျက်လုံးတစ်ဖက်တည်း၏အလင်းရောင်နှင့်ပင် ပွဲပေါင်းငါးဆယ် ကျော် ထိုးခဲ့သေးသည်။ သူ့ဖခင်၏ မျက် လုံးတစ်ဖက် တိမ်တွယ်စဉ်ကတော့ လက်ဝှေ့ပညာဖြင့် ငွေရှာကာ ကုသ ပေးနိုင်ခဲ့သော်လည်း ကိုယ်တိုင်အတွက် မူ ကုသနိုင်ခြင်းမရှိခဲ့ပါ။ အကြောင်းက တော့ ငွေကြေးမတတ်နိုင်၍ ဖြစ်သည်။

ဖခင်အားမျက်လုံး ခွဲစိတ်ပေးချိန်က ဆန် တစ်ပြည် ခြောက်ကျပ်ခွဲ၊ ရွှေတစ်ကျပ်သား ခုနစ်ထောင်ကျပ်တွင် ခွဲစိတ်မှုအတွက် ငွေ သုံးသောင်းကျပ် ကုန်ကျသော ခေတ်ဖြစ်သည်။ ထိုသို့ ဖခင်အား ကုသပေးပြီး လေးနှစ်ခန့်အကြာ တွင် ကျော်ကြားကိုယ်တိုင် မျက်လုံးကွယ်ချိန်မှာတော့ ဆရာဝန်က အလုံးလိုက်လဲရမည်ဟုဆိုကာ ငွေရှစ်သောင်း တောင်းသောကြောင့် မကုသဘဲ ထားလိုက်ရသည်။ နောက်ပိုင်း တွင်လည်း မကုသဖြစ်တော့။ ယခုအချိန်အထိ မျက်လုံးတစ်ဖက် သာ အလင်းရ၏။

ယင်းကဲ့သို့ မိမွေးတိုင်းဖမွေးတိုင်းမဟုတ်ဘဲ ခန္ဓာကိုယ်တစ် ခုလုံးထိခိုက်ဒဏ်ရာတို့ဖြင့် ပြည့်နှက်ခဲ့ရသည်အထိဖြစ်ခဲ့ရသော လက်ဝှေ့ပညာကို ကျော်ကြားတစ်ယောက် လွယ်လင့်တကူ ရခဲ့သည်တော့မဟုတ်။ အပင်ပန်းအဆင်းရဲခံကာ အလုပ်မျိုးစုံ လုပ်၍ သင်ယူခဲ့ရခြင်းသာ ဖြစ်ပါ၏။

အကြော်ဆရာ ကျော်ကြား

ကျော်ကြားငွေရှာပြီး လက်ဝှေ့ပညာသင်ယူနိုင်ရေး ကြိုး စားခဲ့ရာတွင် အကြော်ဆရာဘဝကိုလည်း ဖြတ်သန်းခဲ့ရလေ သည်။ သူအကြော်ဆရာအဖြစ်လုပ်ကိုင်ခဲ့သည်က မြေနီကုန်းမှ    ‘စိတ်တိုင်းကျ’ လက်ဖက်ရည်ဆိုင်တွင် ဖြစ်သည်။ ခြောက်နှစ်ခန့် ကြာမြင့်၏။ ထိုသို့အကြော်ဆရာအဖြစ်နှင့် စိတ်တိုင်းကျတွင် နံနက်ငါးနာရီခန့်၌ အလုပ်ဝင်၊ ဂျုံဆယ့်ငါးပိဿာကုန်လျှင်တော့ သူ့ အလုပ်ပြီးပြီ။ ပြောမည်ဆိုလျှင် နေ့တစ်ပိုင်း အလုပ်ဖြစ်၏။

အကြော်ဆရာအလုပ်ပြီး၍ ညနေသုံးနာရီခန့်အချိန်ဆို လျှင်တော့ စက်ဘီးတစ်စီးဖြင့် မြေနီကုန်းမှထွက်ကာ သိမ်ဖြူ လမ်းထောင့်ရှိ YMCA လက်ဝှေ့ကလပ်သို့ လာရ၏။ ကလပ်၌ အချိန်သုံးနာရီကျော်မျှ လက်ဝှေ့ပညာကို သင်ယူပြီးနောက် ည ၇ နာရီတွင် နောက်အလုပ်တစ်ခုဖြစ်သော လုံခြုံရေးတာဝန် အတွက် ခရီးဆက်ရပြန်သည်။

လုံခြုံရေးတာဝန်အား သိမ်ကြီးဈေးတွင် ဖွင့်လှစ်ထားသည့် နိုက်ကလပ်တစ်ခု၌ အဖွဲ့ခေါင်းဆောင်အနေနှင့် လုပ်ကိုင်ရခြင်း ဖြစ်သည်။ ကလပ်ပိတ်ချိန် ည ၁၂ နာရီမှ တစ်နေ့တာအလုပ်ပြီး၏။ ယင်းသို့ လုပ်ကိုင်ရင်းဖြင့်ပင် ကြိုကြားကြိုကြားတွင် လက်ရည် စမ်းသည့်ပွဲငယ်လေးများ ထိုးသတ်ဖြစ်သည်။

ထိုနည်းဖြင့် ပွဲရှိလျှင်အလုပ်နား၊ မရှိသည့်ရက်တွင် အလုပ် ပြန်ဆင်းနှင့် ခြောက်နှစ်ခန့် အချိန်ကုန်လွန်ခဲ့သည်။ တစ်ခါတစ်ရံ ဆိုင်ပိုင်ရှင်ဖြစ်သူက ကျော်ကြား၏ ဒဏ်ရာဒဏ်ချက်များအား ကြည့်ကာ လက်ဝှေ့ဆက်မထိုးရန် တားသည့်အခြေအနေမျိုးတွင် ”လက်ဝှေ့ထိုးခွင့်မရရင်တော့ ကျွန်တော်အလုပ်ဆက်ပြီးမဆင်းနိုင်တော့ဘူး”ဟု သူက ပြန်ပြောနေကျ။

သူ့ဝါသနာကို တားမရသည့်အဆုံး ဆိုင်ရှင်က ဆက်မပြော တော့၊ ကြည်ကြည်ဖြူဖြူခွင့်ပြုပေးခဲ့သည်။

ယင်းသို့ အလုပ်လေးလုပ်လိုက်၊ လက်ရည်စမ်းပွဲလေးထိုးသတ်လိုက်နှင့် တစ်ရက်မှာတော့ ရုပ်ရှင်မင်းသားရဲမင်းပိုင်နှင့် တာမွေရာပြည့်ကွင်းတွင် ထိုးသတ်ခွင့်ကြုံသည်။ သို့သော် အနိုင် အရှုံးထိုးသတ်ရသည့် ပွဲတော့မဟုတ်။ လက်ဝှေ့ပညာကို ပညာ သားပါပါ အလှပြသည့်သဘော ယှဉ်ပြိုင်ရခြင်းသာဖြစ်၏။ သို့နှင့် ရုပ်ရှင်မင်းသားဖြင့်တွဲကာ ကျော်ကြားကို လူပိုသိလာသည်။

ထို့ပြင် မင်းသားရဲမင်းပိုင်အားအကြောင်းပြုကာ ရုပ်ရှင် လောကသားအချို့နှင့် ခင်မင်သိကျွမ်းခွင့်ရလာ၏။ အထူးသဖြင့် လူကြမ်းအဖွဲ့များထဲမှ ဇော်ကြီး၊ မော်ကြီးတို့နှင့် ပေါင်းမိကာ ကျော်ကြီးဟုအမည်ခံယူပြီး လူကြမ်းလုပ်ဖြစ်၏။ ရုပ်ရှင်ကားလေး ကားအထိ သုံးယောက်တွဲကာ လူကြမ်းဇာတ်ရုပ်နှင့် ပါဝင်ခဲ့ သည်။ သို့သော် လူကြမ်းအလုပ်က ရှိတစ်လှည့်၊ မရှိတစ်လှည့်နှင့် မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေ။ နေ့စားခ တစ်ပွဲ ငါးရာကျပ်သာ ရသည်။ ကားမရိုက်ရသည့် ရက်တွေလည်း ရှိပြန် ဆိုတော့ သူ လူကြမ်းဘဝကိုစွန့်ကာ လက်ဝှေ့လောကအတွင်း ခြေစုံပစ်ဝင်ခဲ့တော့သည်။

ထိုအချိန်က သူ့အသက်အစိတ်ခန့်သာ ရှိသေး၏။ မထင် မရှားဖြင့် လက်ဝှေ့လောကအတွင်း စုန်ဆန်မျောနေခဲ့သည်။ ဘဝ ရပ်တည်ရေးနှင့် ဝါသနာတို့ကို လွန်ဆွဲကာ ရှင်သန်လာခဲ့ရသော ကျော်ကြားအတွက် ထမင်းနပ်မှန်သည့်ရက် ရှိသလို ရေသောက် ဗိုက်မှောက်ခဲ့ရသည့် ရက်တွေလည်းရှိခဲ့၏။

အင်းစိန်တွင် ထိုးသတ်ရသည့်ပွဲတုန်းကဆိုလျှင် ပွဲက ည ၁ဝ နာရီလောက်မှ ပြီးသည်။ အပြန်တွင် လိုင်းကားလည်းမရှိ၊ ကား ငှားရန်လည်း ငွေက မရှိတော့ အင်းစိန်မှ သာကေတဒေါပုံသို့ ခြေကျင်လျှောက်ပြန်ခဲ့ရသည်။ ထိုမျှမကသေး လက်ဝှေ့ပွဲပြီးခါမှ ပွဲစီစဉ်သူကထွက်ပြေး၍ ထိုးကြေးမရလိုက်သည့်အဖြစ်လည်း ကြုံခဲ့ဖူးသည်။

တွံတေးတွင် အာနိုးနှင့်ထိုးသတ်ရသည့် ပွဲ၌ဖြစ်၏။ နှစ်ဦး သား အကြိတ်အနယ်ထိုးလိုက်ကြရသည်မှာ မျက်နှာတစ်ပြင်လုံး ဖူးရောင်လို့။ လူတွေလည်း ကြက်များလိုတွဲယွဲနေကြပြီ။ သို့သော် ပွဲပြီးတော့ ထိုးကြေးပေးမည့်သူက မရှိတော့။ သို့နှင့်ပင် ဒဏ်ရာ ဗရပွနှင့် ရန်ကုန်ပြန်ခဲ့ရ၏။ အိမ်ရောက်တော့ ဇနီးဖြစ်သူက ဆူညံပူညံမလုပ်လို့ တော်သေးသည်ဟု ကျော်ကြားက ရယ် လျက်နှင့် ပြော၏။

”မဆူအားပါဘူးရှင်။ မျက်နှာနဲ့ လက်က သွေးတွေကို ဆေးကြောပေးရတာနဲ့ကို ဘာမှပြောချင်စိတ်မရှိတော့ဘူး”ဟု ကျော်ကြား၏ဇနီး ဒေါ်ရွှေယမင်းက ထိုစဉ်ကအဖြစ်အပျက်ကို ပြောပါသည်။

သူတို့နှစ်ဦးညားခါစက ကျော်ကြားက ၃၄ နှစ်၊ ဒေါ်ရွှေ ယမင်းက ၂၃ နှစ်သာရှိသေးသည်။ မင်္ဂလာဦးည၌ တစ် ယောက်တည်း အိမ်တွင်ကျန်ခဲ့ရသည်ဟု ဒေါ်ရွှေယမင်းက ပြောပြသည်။ အကြောင်းက ကျော်ကြားတွင် ပြည်ဘက်၌ ချိန်း ပွဲတစ်ခုရှိနေ၍ ဖြစ်၏။

ထိုသို့ဖြင့် လက်ဝှေ့လောကအတွင်း အခက်အခဲမျိုးစုံကို ရင်ဆိုင်ကာကျင်လည်နေရင်း ကျော်ကြားဟူသော နာမည်တစ် လုံး ရလာချိန် သူ့အပါး၌ နောက်လိုက်ခြွှေရံသင်းပင်းတို့ဖြင့် တရုံးရုံးဖြစ်လျက်ရှိ၏။ ခေတ်ပြိုင်ထိုးဖော်ထိုးဖက်များသာမက နောက်တက်လူငယ်များပါမကျန် သူနှင့်သိကျွမ်းခဲ့သူများကို အရက်တိုက်သည်။ ထမင်းကျွေးသည်။

ကျော်ကြားလက်ဝှေ့ ထိုးခဲ့သည်က ငွေသက်သက်ကြောင့် မဟုတ်။ ဝါသနာကို အရင်းတည်ကာ ကျင်လည်ခဲ့ခြင်းသာဖြစ် သည်။ သို့သော်လည်း ကျော်ကြားတစ်ယောက် လက်ဝှေ့လောက ကို စွန့်ခွာကျောခိုင်းဖို့ အကြောင်းဖန်လာခဲ့တော့သည်။

ကြိုးဝိုင်းကို ကျော်ခိုင်းသွားသည့် ကျော်ကြား

ကျော်ကြားတစ်ယောက် ထိုးသတ်ခဲ့သည့် ပွဲအရေ အတွက် များလာသည်နှင့်အမျှ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ဒဏ်ရာဒဏ်ချက်တို့ဖြင့် ပြည့်နှက်လာခဲ့တော့သည်။ ပိုဆိုးသည် က သူအားသန်သည့် ခန္ဓာကိုယ်ယာဘက်တစ်ခြမ်းလုံးက ရစရာ မရှိအောင် ဒဏ်ရာတို့များလှ၏။

ယာမျက်လုံးက ကွယ်၊ ယာလက်ကောက်ဝက်က ကျိုး၊ ယာဒူးဆစ်လည်းလွဲနှင့်။ ပွဲတွေကလည်း တဖြည်းဖြည်း ကျဲပါး လာ၏။ ပွဲစီစဉ်သူတွေကလည်း သူ့အခြေအနေကိုမြင်တော့ သိပ် ပြီး မသုံးလိုကြတော့။ သို့နှင့် ကြိုးဝိုင်းနှင့် ဝေး၍ဝေး၍ လာခဲ့သည်။

ယင်းသို့ လက်ဝှေ့နှင့်ဝေး၍ ဆယ်နှစ်ခန့်အကြာတွင် တက် သစ်စလူငယ်အချို့၏ ရိုးရာလက်ဝှေ့ပြိုင်ပွဲတစ်ခုကို ရန်ကုန်မြို့ တစ်နေရာတွင် ကျင်းပသည်။ ထိုသတင်းအား သူငယ်ချင်းတစ်ဦး က ကျော်ကြားထံ အကြောင်းကြားလာ၏။ ထိုပွဲသို့ လာဖြစ် အောင်လာရောက်ရန်လည်း သူငယ်ချင်းက အမှာပါး၏။ သို့နှင့် ပွဲရှိရာသို့ ကျော်ကြားရောက်သွားသည်။

လက်ဝှေ့ရုံအတွင်း ခြေချမိလိုက်သည်နှင့် မျှော်လင့်မထား သည့် အခြေအနေတစ်ရပ်ကို သူရင်ဆိုင်လိုက်ရသည်။ အကြောင်း  က ကျော်ကြားအောင်မြင်မှုများရခဲ့စဉ်က အပါးတွင် ကပ်မြှောင်ခဲ့သူအချို့ ယခုတော့ လူတွင်ကျယ်ဖြစ်နေခဲ့ပြီ။လက်ရည်စမ်းပွဲပင် ကောင်းကောင်းမအောင်ခဲ့သူအချို့က ယခုများတော့ ဒိုင်လုပ်သူလုပ်၊ ပွဲစီစဉ်သူ ဖြစ်သူဖြစ်နှင့် တွေ့ ရလေ၏။

တစ်ချိန်က နယ်လှည့်ထိုးသတ်ခဲ့သည့် လက်ဝှေ့ကျော် တစ်ဦးဖြစ်သည့်တိုင် ရုံအတွင်းသို့ အလွယ်တကူဝင်နိုင်ခဲ့သည် မဟုတ်။ ယခင်က လက်ဝှေ့ရုံအတွင်း အဆီးအတားမရှိဝင်ထွက်ခွင့်ရခဲ့သော်လည်း ယခုလိုအကျပိုင်းရောက်လာတော့ မသိသူက မသိလို့၊ သိသူကလည်း မသိယောင်ဆောင်လို့ အဝင်ခက်ခဲ့ပြီ။ ဝင်ပေါက်တွင်လက်မှတ်ကောက်သူအချို့က သူ့ကို စစ်လားဆေး လား လုပ်သေးသည်။ ပွဲလာကြည့်ရန် ဖိတ်ကြားသည့် သူငယ်ချင်း လာရောက်ဖြေရှင်းမှပင် ဝင်ခွင့်ရခဲ့၏။

ယင်းအဖြစ်အား ကျော်ကြားက ”ကိုယ့်ဘဝကို ပြန်တွေး ပြီး ဝမ်းနည်းမိတယ်”။ ပြီး သူက ”စိတ်ထဲမှာလည်း အားငယ် သွားမိတာ အမှန်ပဲ”ဟု ညှိုးငယ်သော မျက်နှာအမူအရာဖြင့် ဆိုသည်။

လက်ဝှေ့ရုံအတွင်း ရောက်ပြန်တော့လည်း သူငယ်ချင်း တစ်ဦးကလွဲ၍ သူ့ကို ခေါ်ပြောနှုတ်ဆက်မည့်သူမရှိ။ သူနှင့်သိခဲ့ဖူး သူ အားလုံးနီးပါးက မသိဟန်ဆောင်ကာ နေကြသည်။ ထိုထို သော အခြင်းအရာတို့ကြောင့် ကျော်ကြားတစ်ယောက် လက် ဝှေ့လောကကိုကျောခိုင်းကာ ဇာတ်မြှုပ်ပြီးနေရန်ဆုံးဖြတ်ခဲ့လေတော့သည်။

ထို့သို့ဆုံးဖြတ်ခဲ့ခြင်းက လက်ဝှေ့ပညာနှင့် သူ၏ ဝါသနာ အပေါ် သစ္စာဖောက်ခြင်းမဟုတ်။ ဘဝတူလောကသားအချို့၏ စာနာမှုကင်းစွာ ပြုမူဆက်ဆံခံရခြင်းကြောင့် မခံချင်စိတ်က နှိုးဆွလာသည့် မာနတရားကြောင့်ပင်။ 

မာနတရားနှင့် ကျော်ကြား

လက်ဝှေ့လောကကို ကျောခိုင်းခဲ့စဉ်ကတည်းက မည်သူ့ထံ ကမှ အကူအညီမယူခဲ့။ ထိုလောကသားများကို ရှောင်ခဲ့သည်။ မိမိကိုယ်ကိုယ်အားကိုး၍သာ ကုန်ထမ်းသမားဘဝဖြင့် အသက် ဆက်ခဲ့၏။ ကြိုးဝိုင်းအတွင်းသို့လည်း ခြေမချဖြစ်တော့။ ထိုသို့ နေ ထိုင်ခဲ့သည်မှာ ယခုဆိုလျှင် အထက်နားတွင်ဖော်ပြခဲ့သလို ၁၄ နှစ်ပင်ပြည့်ခဲ့ပြီ။

သို့သော်လည်း ကျော်ကြားတွင် မျှော်မှန်းချက်တစ်ခု တော့ ရှိနေ၏။ ယင်းကား သူ၏ သားငယ်အရွယ်ရောက်လာလျှင် တော့ ကြိုးဝိုင်းအတွင်း ပြန်လည်ခြေချမည်ဆိုသည့် စိတ်ကူး။ သူ့ အနေနှင့် လက်ဝှေ့ထိုးဖို့ မဖြစ်နိုင်တော့သည့်တိုင် ပညာအမွေ တော့ သားထံပေးနိုင်မည်ဟု ယုံကြည်ထားသည်။ ယခုဆို သူ့ သားက မူကြိုတက်နေသည့် လေးနှစ်အရွယ် သားကလေး။

သူ့သားက အိမ်တွင်ရှိစဉ် ဖိုက်တင်(အထိုးအကြိတ်)ခန်း များပါသည့် ရုပ်ရှင်ကားများဆိုလျှင် သိပ်ကြိုက်၊ ဇာတ်လမ်းထဲက အတိုင်း အထိုးအကြိတ်များ အပြင်တွင်လိုက်လိုက်လုပ်သည်ဟုကျော်ကြားက ကျေနပ်အားရဟန်ဖြင့် ပြောသည်။ ကျွန်တော် သူ့အိမ်၌ရှိနေစဉ် အတောအတွင်းမှာပင် သားငယ်ကို လှည့်လှည့် ကြည့်ကာ ”မကြာခင် ငါ့မျှော်မှန်းချက်တွေ အကောင်အထည် ပေါ်လာတော့မယ်ကွ”ဟု ဆိုနေသည့်အလား သူ့ပုံက ပျော်တပြုံး ပြုံးနှင့်။ သူ့သားကတော့ တီဗီဖန်သားပြင်ပေါ်မှ တရုတ်သိုင်း ကားကို ကြည့်လို့။

ကျော်ကြားတစ်ယောက် ယခုကတည်းက သားကို အထိုးအကြိမ်တွင် ဝါသနာထုံအောင် ပြုပြင်လျက်ရှိ၏။ ယခင်က သူ လက်ဝှေ့ပညာသင်ယူ၊ သင်ကြားပြသခဲ့ဖူးသော ကလပ် ဟောင်း (YMCA) သို့ သားငယ်ကိုခေါ်သွား၏။ ထိုးကွက်၊ တိုက် ကွက်တွေကို သူပြ၏။ သူ၏ နောက်ဆုံးမျှော်လင့်ချက်က သား ငယ်အပေါ်တွင် တည်မှီလျက်ရှိ၏။ ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ဆိုလျှင် သားကို ကလေးလက်ဝှေ့ပြိုင်ပွဲမျိုးတွင် ပွဲထုတ် ခွင့်ရတော့မည်။ ယင်းကို သူက ယခုကဲ့သို့ ရင်ဖွင့် သည်။

”ကျော်ကြားမျိုးဆက် မသေသေးဘူးဆိုတာကို သား လက်ကို ဆွဲပြီး ကြိုးဝိုင်းထဲမှာ  တစ်နေ့လက်မထောင်ပြဦးမယ်” ။        ။

၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၆) မှ ပုံရိပ်လွှာ ဆောင်းပါးဖြစ် ပါသည်။

မင်းလွင် ရေးသည်။

Save

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."