ပင်လယ်ထဲက အလင်းပြသူ

ဥပဒေအရ ထောင်ချတာ မဟုတ်ဘဲ တစ်ကျွန်းပို့ခံရသူတွေ မြန်မာနိုင်ငံမှာ ရှိတယ် ။အမြဲတစေတော့ မဟုတ်ဘူး။ တစ်နှစ်မှာ ခြောက်လလောက် အပို့ခံရတာပါ။ သူတို့ကိုယ်တိုင်လည်း တက်တက်ကြွကြွနဲ့ ကျွန်းကို သွားကြတယ်။ တစ်ခါသွားရင် အနည်းဆုံး သုံးယောက်ကနေ ခုနစ်ယောက်အထိ အဖွဲ့လိုက်သွားကြရတယ်။ သူတို့တွေကို ရိက္ခာ အပြည့်အစုံနဲ့ သင်္ဘောပေါ်တင်ပြီး ကျွန်းတွေ ရှိရာကို လိုက်ပို့ကြတယ်။ ကျွန်းပေါ်ရောက်တာနဲ့ အထုပ်အပိုးတွေချ၊ လူတွေ အလှည့်အပြောင်း လုပ်ကြတယ်။ ကျွန်းပေါ်မှာ ခြောက်လနေပြီးတဲ့သူတွေက ပြန်ကြပေါ့။

တာဝန်ချိန်လွှဲပြောင်းဖို့ ပြင်ဆင်စရာရှိတာတွေ အားလုံးပြီးပြီဆိုရင်တော့ လာပို့တဲ့သင်္ဘောက ပြန်ထွက်မယ်ပြင်ရော။ အဲဒီအခါကျရင် ကျွန်းစောင့်အဖြစ် ကျန်ခဲ့ရမယ့်သူတွေမျက်နှာမှာ မိုးက ညိုလေပြီ။

မညိုဘဲ ရှိရိုးလား။ လူရိပ်သူရိပ်မရှိဘဲ ပင်လယ်ထဲ ထီးတည်းကြီး ရှိနေတဲ့ ကျွန်းပေါ်မှာ ခြောက်လ နေရတော့မှာလေ။ ကျွန်းမရောက်ခင်က တက်ကြွခဲ့တဲ့စိတ်တွေလည်း အဲဒီအချိန် ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ကြပြီ။ ထောင်ထောင်မောင်းမောင်း ယောကျ်ားရင့်မာကြီးတွေလည်း ငိုမဲ့မဲ့ဖြစ်လေပြီ။

သင်္ဘောထွက်ပြီဆိုရင် လက်တွေပြကြတယ်။ မြင်ကွင်းကနေ ပျောက်တဲ့အထိ ကြည့်ပြီးတာနဲ့ မှိုင်းညို့ ညို့မျက်နှာတွေနဲ့ သူ တို့တာဝန်ကျရာ အဆောက်အအုံဆီမှာ နေရာယူကြရပါတယ်။ တာဝန်တွေခွဲကြ၊ ကိုယ့်နေရမယ့်နေရာတွေ သတ်မှတ်ကြပြီး သူတို့တွေ အလုပ်တာဝန် စတင်လေပြီ။

ထိုသူတွေကတော့ ကျွန်းစောင့်လို့လည်း ခေါ် ကြတဲ့ မီးပြတိုက်မှာ တာဝန်ထမ်းဆောင်ရတဲ့ မီးပြတိုက်စောင့်တွေပါ။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်လက်အောက်၊ ရေကြောင်းဌာန၊ မီးပြတိုက်ဌာနခွဲက ဝန်ထမ်းတွေဖြစ်ပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ ကူးသန်းရောင်းဝယ်ကြတဲ့ သင်္ဘောကြီးတွေကို ပင်လယ်ထဲ ထိုးထွက်နေတဲ့ ကျောက်ဆွယ်၊ ကျောက်တန်းတွေနဲ့ ထိခိုက်မှု မရှိဘဲ အန္တရာယ်ကင်းစေဖို့ အလင်းပြရသူတွေပါ။

ထိုသူတွေထဲက တစ်ယောက်နဲ့ မကြာသေးခင်က စကားပြောခွင့်ရခဲ့တယ်။ သူက မီးပြတိုက်စောင့်အဖြစ် ကိုးနှစ်လုပ်ကိုင်ခဲ့ပြီး လက်ရှိ သင်္ဘောစက်ပြင်လုပ်ကိုင်နေသူပါ။ မီးပြတိုက်စောင့်ဘဝနဲ့ သူ့ဘဝအကြောင်းတွေကို သိခွင့်ရခဲ့တယ်။ သူ့နာမည်က ကိုခင်စိုး။ အသက် ၅ဝ ရှိပြီ။ ခန္ဓာကိုယ်က ပိန်ပိန်ပါးပါး။ နဂိုဖြူတဲ့ အသားအရေက ပင်လယ်ရေ၊ ပင်လယ်လေကြောင့် ကြေးနီရောင်ကဲနေတယ်။ စကားပြောရင် သွက်သွက်လက်လက် ရင်းရင်းနှီးနှီး ပြောတတ်တယ်။

သူ မီးပြတိုက်စောင့် ဘဝရောက်တာက အသက် ၂၃ နှစ် အရွယ်ကတည်းက။ ရောက်ပုံကလည်း ခပ်ဆန်းဆန်းရယ်။ အသည်းကွဲလို့တဲ့။ အဲဒီအချိန်က သူ့ဘဝ လေလွင့်နေချိန်ဆိုလည်း မမှား။ ဆယ်တန်းကျပြီးကတည်းက သူငယ်ချင်းတွေနဲ့ သွားသွားလာလာ စားစားသောက်သောက်။ အစိုးရရုံးတစ်ခုမှာလည်းဝန်ထမ်းလုပ်ခဲ့သေးတယ်။

အဲဒီအချိန်မှာ ကျောင်းတက်ကတည်းက ကြိုက်လာခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲဖို့ ကြုံလာတယ်။ အဲဒီမှာတင် သူ့စိတ်က လူတွေနဲ့ဝေးရာကို သွားချင်စိတ်ဖြစ်လာခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ မီးပြတိုက်စောင့်လုပ်ဖို့ အခွင့်အရေးကြုံလာခဲ့တယ်။

အဲဒီမတိုင်ခင်ကလည်း သူက မီးပြတိုက်အကြောင်းတွေကို ရေးထားတဲ့ စာအုပ်တစ်အုပ် ဖတ်ထားဖူးတော့ မီးပြတိုက်တွေကို စိတ်ဝင်စားနေခဲ့တာ။ အကျိုးအကြောင်းတွေ အားလုံးတိုက်ဆိုင်တော့ မီးပြတိုက်စောင့် ဖြစ်လာခဲ့တယ်။

အချိန်က ၁၉၉ဝ။ အဲဒီအချိန်တုန်းက ”မြို့ပြနဲ့ဝေးသွားတဲ့နေရာ ဘယ်နေရာပဲရောက်ရောက်ကွာ။ ကျန်တာ ဘာမှ မစဉ်းစားတော့ဘူး”လို့ သူ မီးပြတိုက်စောင့်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပုံကို ပြန်ပြောပြတယ်။

မီးပြတိုက်စောင့်အလုပ်ကလည်း တော်ရုံလုပ်လို့မရဘူး။ စိတ်ရောကိုယ်ပါကြံ့ခိုင်မှ လုပ်လို့ရတယ်။ ပင်လယ်ထဲ ရေဒဏ်လေဒဏ် အထီးကျန်တဲ့ဒဏ်ကို ခံနိုင်ရည်ရှိဖို့လိုတယ်။ ဒါကြောင့်လည်း ကျွန်းမထွက်ခင်ကတည်းက ရုံးမှာ စိတ်ကျန်းမာရေး၊ ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက် ဆေးစစ်ပြီးအောင်မှ ပေးလွှတ်တယ်။ လူပျော့စိတ်ပျော့သမားဆိုရင်တော့ ကျွန်းမှာနေရင်း ရူးရင် ရူး၊ မရူးရင် ချည့်နဲ့သွားနိုင်တယ်လို့ ကိုခင်စိုးက ရှင်းပြတယ်။

တချို့ဆို စိတ်လွတ်ပြီး မီးပြတိုက်ပေါ်က ခုန်ချတာတွေကိုလည်း သူ မီးပြတိုက်ကနေ ဌာနပြောင်းပြီးတဲ့ နောက်ပိုင်း ကြားသိရတယ်လို့ပြောပြတယ်။ တချို့ဆိုလည်း ရေဒဏ်လေဒဏ်၊ ကိုယ်တာဝန်ကျတဲ့ မီးပြတိုက်ရှိတဲ့ ကျွန်းရဲ့ ရေခံမြေခံအလိုက် အအိပ်အစား သတိမထားရင် ချည့်နဲ့သွားတာလည်း သူကြုံဖူးခဲ့တယ်လို့လည်း ကိုခင်စိုးက ပြောပြပါတယ်။

အရင်ခေတ်က သင်္ဘောတွေမှာ ခေတ်မီလမ်းကြောင်းပြ ကိရိယာ (Global Positioning System- GPS)တွေ မတပ်ဆင်နိုင်သေးတဲ့ အချိန်တုန်းက ဒီမီးပြတိုက်တွေကိုပဲ အဓိက အားကိုးပြီး သွားလာခဲ့ကြတာ။ ဆိုရရင် မီးပြတိုက်က ပင်လယ်ရေကြောင်းပြအမှတ်အသားလည်းဖြစ်ပါတယ်။ အခုအချိန်ထိလည်း သုံးနေရဆဲပဲလို့ ကိုခင်စိုးက ပြောတယ်။

မီးပြတိုက်ရဲ့ အဓိကတာဝန်က ပင်လယ်ပြင်မှာ သွားလာနေကြတဲ့ သင်္ဘောကြီးတွေကို ညဘက်တွေမှာ အလင်းပြရတာ။ ဒါကြောင့် ညဘက်ဆို မီးမပြတ်လင်းဖို့ အလှည့်ကျ ဂျူတီစောင့်ရတယ်။ အရင်ကတော့ မီးစက်တွေနဲ့ မောင်းပြီး အလင်းပြရတယ်။ နောက်တစ်ဆင့်တက်တော့ ဂတ်စ်အိုးတွေနဲ့။ လက်ရှိမှာတော့ ဆိုလာမီးတွေနဲ့ အလင်းပြနေကြတယ်။

ဒါပေမဲ့ အရင်လို ခြောက်လတာဝန်မထမ်းရတော့ဘူး။ သုံးလပဲ တာဝန်ထမ်းဆောင်ရတော့တယ်။ ဝန်ထမ်းတွေကိုလည်း ဒေသခံတွေကိုပဲ လုပ်ခိုင်းတာများတယ်လို့ ကိုခင်စိုးက ပြောပြပါတယ်။ အရင်တုန်းက နွေခြောက်လ၊ မိုးခြောက်လ။ မေကနေ အောက်တိုဘာ၊ အောက်တိုဘာကနေ မေအထိပေါ့။

ကျွန်းပေါ် စတက်ရပြီ

ကိုခင်စိုး ပထမဆုံး တာဝန်ကျတဲ့နေရာက ရခိုင်ပြည်နယ်မှာ ရှိတဲ့ မေယုမီးပြတိုက်။ မေယုတောင်နဲ့ နီးတဲ့အတွက် မေယုမီးပြတိုက်လို့ ခေါ်တာ။ မေလမှာ သင်္ဘောကြီးနဲ့ သူတို့ကို လိုက်ပို့ကြတယ်။ သူအပါအဝင် ငါးယောက်။ မီးပြတိုက်နဲ့ ကျွန်း အကြီး အသေးပေါ်မူတည်ပြီး သုံးယောက်မှ ခုနစ်ယောက်အထိ တာဝန်ချပေးတယ်။

မြန်မာနိုင်ငံမှာ မီးပြတိုက်ပေါင်း နှစ်ဆယ်ကျော်လောက်ရှိပြီး လူစောင့်နေလို့ရတဲ့ မီးပြတိုက်ခုနစ်ခုရှိတယ်။ ကျန်တဲ့ မီးပြတိုက်တွေကတော့ ခြောက်လတစ်ခါ ပြုပြင်ပြီး မီးဖွင့်ပြီး ထားခဲ့ကြတယ်။ ကိုခင်စိုးက အဲဒီခုနစ်ခုလုံးမှာ စောင့်ခဲ့ဖူးတယ်။

ကျွန်းသွားရမယ်ဆိုတော့ အစပိုင်းမှာတော့ ကိုခင်စိုး တက်ကြွနေခဲ့တယ်။ သူစိတ်ဝင်စားတဲ့ မီးပြတိုက်ကြီးက ဘယ်လိုပုံစံလဲ။ မီးပြတိုက်စောင့်ကရော ဘာတွေလုပ်ရမှာလဲ။ ပြီးတော့ လူတွေနဲ့ ဝေးရာနေရတော့မယ်ဆိုတော့ သူဖြစ်ချင်တဲ့ဆန္ဒလည်း ပြည့်တော့မှာကိုး။

သူစောင့်ရမယ့် ကျွန်းကို အဝေးက လှမ်းကြည့်လိုက်တော့ အုန်းပင်တွေ ပေါက်ရောက်နေပြီး ထီးတည်းတည်ရှိနေတဲ့ ပင်လယ်ပြင်က ကျွန်းကလေး။ ကျွန်းပေါ်မှာ ရှည်ရှည်လုံးလုံး မီးပြတိုက်အဆောက်အအုံက ချွန်ထွက်နေတာကို လှမ်းတွေ့ရတယ်။ ကျွန်းပေါ်ရောက်တော့ အရင်လူတွေနဲ့ ချိန်းပြောင်းကာ တာဝန်တွေ လဲလှယ်ကြတယ်။

အဲဒီအချိန်ထိ သွေးပူနေတုန်းဆိုတော့ ပြုံးပြုံးရွှင်ရွှင်ပဲ လုပ်ကြဟေ့ ကိုင်ကြဟေ့နဲ့။ အားလုံးလည်း ပြီးပြီ။ သင်္ဘောလည်း ပြန်ထွက်တော့မယ်ဆိုတော့ အထက်မှာ ဆိုခဲ့သလိုပဲ လွမ်းသလိုလို ဆွေးသလိုလိုနဲ့ ငိုမဲ့မဲ့တွေ ဖြစ်ကုန်ကြတာပဲ။

ဒါပေမဲ့ မှိုင်နေလို့မဖြစ်။ အလုပ်တာဝန်တွေ ခွဲဝေကြပြီး တာဝန်ထမ်းဆောင်ရတော့တယ်။ ကိုခင်စိုးလည်း ကိုယ်နေရမယ့် ကျွန်းကို လှည့်ပတ်ကြည့်ရှုတယ်။ ပထမလမှာတော့ အချင်းချင်းမိတ်ဆက်ကြ၊ သူ့အကြောင်း ကိုယ့်အကြောင်း အပြန်အလှန် ပြောကြ၊ ပါလာတဲ့စားစရာ အဓိကကတော့ သောက်စရာလေးတွေနဲ့ ဖြတ်သန်းကြရတာ ပျော်ဖို့ကောင်းတယ်လို့ သူက ပြောပြတယ်။

 

လွမ်းဆွတ်ခြင်းက နှိပ်စက်

ဒါပေမဲ့ နှစ်လ၊ သုံးလလောက်ကြာတော့ အချင်းချင်း ပြောစရာစကားလည်း ကုန်ပြီ။ ကျွန်းလည်း ပတ်ကြည့်ရတာ နှံ့သွားပြီ။ သောက်စရာ ယမကာတွေလည်း ပြတ်တော့မယ်။ တချို့ ယမကာ နှစ်သက်သူတွေဆိုရင် သောက်စရာပြတ်တာနဲ့ ဆေးဝါးအဖြစ် ပေးထားတဲ့ အရက်ပြန်တွေကို ရေနဲ့ ရောသောက်တဲ့သူတောင်ရှိတယ်လို့ ကိုခင်စိုးက ပြောပြပါတယ်။

အဲဒီလို ပြတ်လပ်တဲ့အချိန်ဆို ကျွန်းပေါ်မှာ နေရတာ ရိုးစပြုလာပြီ။ အဲဒီအချိန်ဆို တစ်ယောက်နဲ့ တစ်ယောက် စကားမပြောဖြစ်ကြတော့ဘူး။ ကိုယ်ဝါသနာပါတာလေးတွေ လုပ်နေကြပြီ။ စာဖတ်တဲ့သူက ဖတ်။ ဂစ်တာတီးတဲ့သူက တီး။ တချို့ကလည်း သူတို့တတ်တဲ့ လက်မှုပညာနဲ့ အုန်းဆံကြိုးတွေကို ကျစ်ပြီး တစ်ခုခု ပြုလုပ်နေတတ်တယ်။ မလုပ်လို့ကလည်း မရဘူး။ တစ်ခုခုမှ မလုပ်ရရင် လူက ကြောင်လာရော။

”စကားပြောတာလည်း နှစ်လသုံးလလောက်ပဲ နောက်ပိုင်း ကြောင်လာကြတယ်”

မိန်းမတွေ၊ ကလေးတွေရှိတဲ့သူကလည်း အိမ်ကို လွမ်းဆွတ်ရပြီ။ အိမ်ထောင်မရှိသူတွေလည်း မိဘတွေ၊ ညီအစ်ကို မောင်နှမတွေကို လွမ်းဆွတ်ကြတယ်။ တချို့အလွမ်းစိတ် ပြင်းထန်တဲ့သူတွေဆို ကျောက်တုံးတွေရှာ၊ အဆင့်ဆင့်ထပ်ပြီး လူပုံစံလုပ်။ အဲဒီကျောက်တုံးတွေမှာ သူသတိရတဲ့ လူနာမည်တွေတောင် ရေးထိုးတတ်သေးတာ။

”သည်းညည်းခံပြီး ၆ လ ဘဝကို နေရတယ်”

ကိုခင်စိုးပြောပြတာတွေ နားထောင်ရင်း ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေထဲမှာ သင်္ဘောပျက်လို့ ကျွန်းပေါ် သောင်တင်နေရတဲ့ ဇာတ်လမ်းတွေကို သတိရလိုက်မိသေးတယ်။ သူတို့နဲ့ အဖြစ်ချင်းဆင်နေတာကိုး။ တကယ့် ကျွန်းသားတွေပုံစံပါပဲ။

စစရောက်ချင်းက ကျွန်းပေါ်မှာ ပင်လယ်ရဲ့အထာမသိခင်က ထိတ်လန့်ခဲ့ရတာတွေ ရှိတယ်။ လမိုက်ညတွေဆို အုန်းလက်တွေ ကျောက်ဆောင်တွေက ကျွန်းပေါ်မှာ ထိုးထိုးထောင်ထွက်နေတာတွေက လူတွေထိုင်နေသလိုလို ထင်မိတယ်လို့ ကိုခင်စိုးက ပြောပြတယ်။

တစ်ခါတစ်ရံ ပင်လယ်လိပ်ကြီးတွေလည်း တက်လာသေးတယ်။ လိပ်ဆိုလို့ ဘုရားက ငါးကန်တွေမှာ တစ်တောင်သာသာ လောက်မြင်ဖူးတာ။ တကယ့်တကယ် ပင်လယ်လိပ်ကြီးတွေက ထမင်းစားပွဲလောက် အကြီးကြီးတွေ။ ကျွန်းပေါ်ဥတက် ဥတာကိုတွေ့တော့ အံ့သြမိတယ်လို့ သူက ဆိုပါတယ်။ နောက်ပိုင်းတော့လည်း ရိုးသွားပါတယ်။

ကိုခင်စိုးကတော့ ကျွန်းမတက်ခင် စာအုပ်တွေ၊ ဂျာနယ်တွေ ရသလောက် သယ်ခဲ့တယ်။ အားနေရင် သူက စာပဲ ဖတ်နေတယ်လို့ ပြောပြတယ်။ ပြီးတော့ သူ့မိတ်ဆွေတွေ၊ မိသားစုတွေဆီကို စာရေးပြီး တစ်ခါတစ်ရံလာတတ်တဲ့ ငါးဖမ်းလှေတွေနဲ့ လူကြုံ ပို့သေးတယ်။ ဒါပေမဲ့ စာတစ်ခါပို့ရင် ပြန်စာက သုံးလလောက် ကြာတတ်တယ်။

ကြာပေမယ့် ပြန်စာလာတဲ့အခါ ”စာဖတ်ရရင် ဝမ်းသာနေရော”လို့ ကိုခင်စိုးက ကျွန်းပေါ်က အထီးကျန်မှုကို ပြန်ပြောပြတယ်။ အဲဒီစာလေးတွေကိုလည်း သူက အခုထိ သိမ်းထားပြီး ကျွန်တော့်ကို ထုတ်ပြပါတယ်။

ဒါ့အပြင် သူတို့အားလုံး မပျက်မကွက်လုပ်ရတဲ့ အလုပ်တစ်ခုလည်း ရှိတယ်။ အဲဒါက ခရုငုပ်၊ ငါးမျှား၊ ပင်လယ်မျှော့ ခွာတာပဲ။ ကျွန်းမှာ စားဖို့နဲ့ ပိုလျှံရင် ငါးခြောက်ကလေးလုပ်၊ မျှော့ဆိုလည်း အခြောက်ခံထားပြီး အိမ်အပြန် လက်ဆောင်၊ ဒါမှမဟုတ် ပြန်ရင် ရောင်းဖို့ လုပ်ထားတတ်ကြတယ်။

ဒါကလည်း အပိုဝင်ငွေတစ်ခုပါပဲ။ ကိုခင်စိုးအလုပ်စဝင်တုန်းက လစာမှ ၄၅ဝ ပဲရတာ။ ဒီလိုအပိုဝင်ငွေရှာမှလည်း မိသားစု စားဝတ်နေရေး အဆင်ပြေမှာကိုး။

 စိတ်ချောက်ချားတာလား သရဲခြောက်တာလား

အဲဒီပထမဆုံးအခေါက်မှာပဲ ကိုခင်စိုးအတွက် ထိတ်လန့်စရာ ကိစ္စတစ်ခု ပေါ်လာတယ်။ အဲဒါက သူနဲ့အတူတူ ကျွန်းစောင့်တာဝန်ကျတဲ့ သူငယ်ချင်းကြောင့်ပါ။ ကျွန်းရောက်ပြီး လေးလလောက် ကြာတော့ မုန်တိုင်းတိုက်တယ်။ မုန်တိုင်းတိုက်ပြီးတော့ အပင်တွေလဲ၊ အမှိုက်တွေပွဆိုတော့ သူတို့တွေ သန့်ရှင်းရေး လုပ်ကြတယ်။

အဲဒီအချိန်မှာ ကိုခင်စိုးသူငယ်ချင်းက အုန်းပင်တစ်ပင်ကို ဖယ်ရှားနေရင်း ပုရွက်ဆိတ်အကိုက်ခံရတယ်။ အမှုမဲ့အမှတ်မဲ့ပဲ ကိုက်တဲ့ ဒဏ်ရာကို အရက်ပြန်လေးပွတ်ပွတ်နေခဲ့တယ်။ ဒါပေမဲ့ ရက်ကြာလာတော့ အကိုက်ခံရတဲ့နေရာက ယောင်လာတယ်။

ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ငါးဖမ်းစက်လှေတစ်စီးနဲ့ စစ်တွေမြို့ပေါ်မှာ ဆေးခန်းပြဖို့ လွှတ်လိုက်တယ်။ မှတ်မှတ်ရရ သြဂုတ် ၁၄ ရက်။ အဲဒီကနေ သူ့သူငယ်ချင်းပြန်မလာလိုက်တာ ၃၁ ရက် ကြာသွားပြီ။ အဲဒီနေ့မှာပဲ စက်လှေ လှေကြုံတစ်စီး မီးပြတိုက်နား ကပ်လာတယ်။ မေးကြည့်တော့မှ သူ့သူငယ်ချင်းအကြောင်းကို သိရတော့တယ်။

စစ်တွေဆေးရုံအသွားမှာ စစ်တွေမြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ ရေချမ်းပြင်စက်လှေဆိပ်အနီးမှာ ကျောက်ဆောင်တွေနဲ့ ထိပြီး လှေမှောက်တဲ့အထဲ ပါသွားရာက သူ့သူငယ်ချင်း သေဆုံးသွားတဲ့ အကြောင်းပါ။

အဲဒီသတင်းကြားပြီးတော့ ကိုခင်စိုးတစ်ယောက် ထိတ်လန့်လာတယ်။ သူနဲ့က ရွယ်တူလည်းဖြစ်၊ ကျန်တဲ့သူတွေက အသက်ကြီးပိုင်းတွေဆိုတော့ အတွဲများတဲ့ အခင်ဆုံးသူငယ်ချင်း ဆုံးသွားပြီဆိုတော့ ဝမ်းလည်းနည်းတယ်။ ကြောက်စိတ်လည်း ဖြစ်လာတယ်လို့ ကိုခင်စိုးက ပြောပြတယ်။ လာတဲ့ ငါးယောက်က တစ်ယောက်ကျန်ခဲ့ပြီလေ။

သေသူရဲ့ တာဝန်ကလည်း မပြီးသေး။ လေးလကျော်ပဲရှိသေးတာ။ သင်္ဘောခြောက်လပတ်ပြည့်မှ အမိန့်ပြန်တမ်းထုတ်ရမှာကိုး။ မသိခင်က ဘာမှမဖြစ်သလို နေခဲ့ပေမယ့် သိလိုက်ရတဲ့ အချိန် ”စိတ်တွေချောက်ချားတာပေါ့။ လေတိုက်လို့ တံခါး လာရိုက်လည်း ကိုယ့်မှာ သံသယစိတ်နဲ့ စောင်ခြုံထားလို့ စောင်က ကျသွားလည်း သံသယစိတ်နဲ့ အဲဒီလိုတွေ ဖြစ်နေတာ”လို့ ကိုခင်စိုးက ဆိုတယ်။

အိပ်နေချိန် နားထဲ လေလာမှုတ်သလိုလို။ အခန်းထဲ ရိပ်ခနဲ ဖြတ်ပြေးသလိုလို။ အိပ်နေရင် ခြေထောက်ကို လာဆွဲသလိုလိုတွေ ကိုခင်စိုး ကြုံရတော့တယ်။ ဒါနဲ့ပဲ စိတ်ပြေရာပြေကြောင်းအဖြစ် ဖော့တုံးလေးတစ်ခုမှာ သေသွားတဲ့ သူငယ်ချင်း နာမည်ရေး ပင်လယ်ထဲကို မျောတယ်။

ပါးစပ်ကလည်း သူငယ်ချင်း မင်းလွတ်ရာကျွတ်ရာ သွားပါတော့၊ တကယ်လို့ ကျွတ်ရင် ဒီဖော့တုံးကလေး ကမ်းကို ပြန် လာမကပ်နဲ့ မျောသွားပါဆိုပြီး လွှတ်လိုက်တယ်။ ဒါပေမဲ့ လွှတ်လိုက်တိုင်း ဖော့က ကမ်းကိုပဲ ပြန်ပြန်လာကပ်တယ်လို့ ကိုခင်စိုးက ရယ်လျက်ပြန်ပြောပြတယ်။

”ဒီကောင့်ကို ခင်လဲခင်တယ်။ သေသွားတော့ စိတ်က လွတ်သလိုတောင်ဖြစ်သွားတယ်”လို့ အဲဒီအချိန်တုန်းက ချောက်ချားခဲ့ရပုံကို သူက ပြန်ပြောပြပါတယ်။

လူသေနဲ့အတူနေရတယ်

ကိုခင်စိုးတို့ မီးပြတိုက်စောင့်တွေမှာ ဒီထက်ချောက်ချားစရာ ကောင်းတာတွေနဲ့လည်း ကြုံကြရတတ်တယ်။

ကျွန်းပေါ်မှာ အကြောင်းအမျိုးမျိုးနဲ့ မီးပြတိုက်စောင့် တစ်ယောက်ယောက် သေဆုံးတဲ့အခါမှာပေါ့။ သူတော့ မကြုံဖူးပေမယ့် ဖြစ်ရပ်တစ်ခု ကြားဖူးတာကို ကိုခင်စိုးက ပြန်ပြောပြတယ်။

အဲဒီတစ်ယောက်က မီးပြတိုက်မှာ အောက်လင်းမီးအိမ် ထိုးနေရင်းနဲ့ မီးပေါင်တက်ပြီး ပေါက်ကွဲကာ မီးလောင် သေသွားခဲ့တယ်။ သူ့ခန္ဓာကိုယ်ကို ကျွန်းတစ်နေရာမှာ သူ့ခုတင်ကို ထုတ်ပြီး တင်ထားရတယ်။ မြေမြှုပ်လို့ မရဘူး။ သြင်္ဂိုဟ်လို့ မရဘူး။ ခြေရာလက်ရာပျက်အောင်ထိလို့လည်း မရဘူး။

ဘာလို့လဲဆိုတော့ ကျန်တဲ့သူတွေက တစ်ခုခုလုပ်တယ်ထင်ပြီး အမှုပတ်မှာစိုးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အထက်ဌာနအဆင့်ဆင့်ကိုတော့ သေဆုံးကြောင်း သတင်းပို့ထားရပါတယ်။ ခြောက်လပတ် သင်္ဘောရောက်လာမှ ရဲတွေ၊ ဆရာဝန်တွေ၊ အရာရှိတွေ ပါလာကြပြီး စစ်ဆေးသြင်္ဂိုဟ်ရပါတယ်။ မလာမချင်းတော့ ကျွန်းပေါ်မှာ လူသေနဲ့အတူ နေပေရော့ပဲ။

ပင်လယ်၏ ဒေါသ

ကျွန်းပေါ်မှာ နောက်ထပ် ထိတ်လန့်ရတာ တစ်ခုလည်း ရှိတယ်။ ပင်လယ်ပြင်ထဲမှာဆိုတော့ မုန်တိုင်းဒဏ်လည်း မကြာခဏ ကြုံရတယ်။ ကိုခင်စိုးကြုံခဲ့ရတာက မာန်အောင်မီးပြတိုက်မှာ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်။

မုန်တိုင်းတိုက်တော့မယ်ဆို ပင်လယ်ကြီးက အချက်ပေးပါတယ်။ လေငြိမ်သွားပြီ။ ပင်လယ်ရေပြင်က သင်ဖြူးခင်းထားသလို ပြန့်ပြူးနေတော့တာ။ အဲဒီလိုအခြေအနေမျိုးက သုံးရက်လောက်ကြာတယ်။ ပြီးရင်တော့ မုန်တိုင်းတိုက်တော့တာပဲ။ တစ်ခါကဆို မုန်တိုင်းတိုက်နေတုန်း ကျွန်းစောင့်တွေ နေဖို့ မီးပြတိုက်အနီးမှာ ဆောက်ထားတဲ့ ဘန်ဂလိုထဲ ကိုခင်စိုးတို့ ပိတ်မိခဲ့ဖူးတယ်။

ဘန်ဂလို သွပ်ပြားတွေလည်း မုန်တိုင်းအရှိန်ကြောင့် လွင့်ကုန်တယ်။ မျက်နှာကျက်ကာတဲ့ နေရာမှာသုံးတဲ့ ထောင့်မှန်ပုံ ဘရတ်ကတ်တွေက ကြမ်းပြင်ကို ဟိုနေရာက ပြုတ်ကျ ဒီနေရာက ပြုတ်ကျနဲ့ စိုက်နေတယ်။ ကိုခင်စိုးတို့တွေလည်း ခုတင်အောက်၊ ခုံအောက်တွေထဲ ဝင်ပုန်းနေရတယ်။

လူ့လက်လေးငါးယောက်ဖက်စာရှိတဲ့ ပင်လယ်ထဲက ကျောက်တုံးကြီးတွေကလည်း ကုန်းပေါ်ရောက်လာကြတယ်။ နဂိုနက်ပြာနေတဲ့ ပင်လယ်ရေကလည်း ရွှံနှစ်ရေတွေလို နောက်ကျိကုန်ပြီး လှိုင်းတွေက တဝုန်းဝုန်း။ လေကလည်း တဗြုန်းဗြုန်း တိုက်ခတ်နေတယ်။

မီးပြတိုက်ထဲကို ကူးဖို့လည်း သုံးမိနစ်အကြာ ခရီးက လမ်းမှာတင် တစ်ခုခု ဖြစ်သွားနိုင်လို့ မကူးရဲဘူး။ မုန်တိုင်းတိုက်ပြီဆို မီးပြတိုက်ထဲနေတာက အလုံခြုံဆုံးပဲ။ အခိုင်အခံ့ဆောက်ထားတဲ့ မီးပြတိုက်ထဲမှာဆို မုန်တိုင်းတိုက်ရင် နေဖို့စားဖို့လည်း အသင့်ရှိတယ်။

အဲဒီမုန်တိုင်းအရှိန်ပျော့တော့မှ မီးပြတိုက်ဘက်ကို ကူးလို့ရခဲ့တယ်လို့ ကိုခင်စိုးက ပြန်ပြောပြပါတယ်။

မီးပြတိုက်ထဲမှာ အရန်ရိက္ခာတွေနဲ့ နှစ်ရက်၊ သုံးရက်နေရတယ်။ ဒီလိုအခြေအနေမျိုးအတွက်လည်း ”မီးသွေးတို့၊ မီးခြစ်တို့ အဆင်သင့်ထားရတယ်။ ဘယ်သူမှ ယူသုံးလို့မရဘူး။ အရေးပေါ်အခြေအနေမှ သုံးရတယ်”လို့ ကိုခင်စိုးက ရှင်းပြတယ်။

မီးခြစ်ရောဂါ

ပင်လယ်ထဲနေရတဲ့အခါ မီးခြစ်ကလည်း တော်တော်လေး အရေးပါတယ်။ လူသူမနီးကျွန်းပေါ်မှာ ဘာမှဝယ်လို့ မရဘူး။ပိုက်ဆံပါလည်း စက္ကူသာသာပဲ။ ငါးဖမ်းစက်လှေတွေ တစ်ခါတစ်ရံလာမှသာ ဆေးလိပ်ဆို ဆေးလိပ်၊ လိုအပ်တဲ့ပစ္စည်းတွေကို ပါလာတဲ့ ရိက္ခာနဲ့ လဲလှယ်ရတယ်။

ဒီလိုအခြေအနေမှာ မီးခြစ်ပျောက်သွားတဲ့ လူတစ်ယောက်အကြောင်း ကြားဖူးတာကို ကိုခင်စိုးက ပြောပြတယ်။ မီးခြစ်ပျောက်တဲ့အခါ ထမင်းချက်ဖို့ မီးမရတော့ဘူး။ မီးမရတဲ့အတွက် ဆန်ကို ရေစိမ်ပြီး တစ်လလောက်စားခဲ့ရတယ်။ ငါးဖမ်းစက်လှေတစ်စီးလာတော့မှ မီးခြစ်ငှားပြီး ချက်စားရတယ်လို့ သူကြားဖူးတာကို ကိုခင်စိုးက ပြန်ပြောပြတယ်။

အဲဒီ သူ တာဝန်ပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ မီးခြစ်နဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာရကာ မီးခြစ်မြင်တာနဲ့ ဝယ်တော့တာပဲ။ သူ့အိမ်မှာဆို မီးခြစ်တွေ တောင်ပုံရာပုံလို့ ကိုခင်စိုးက ပြန်ပြောပြပါတယ်။

 

ကိုခင်စိုးလည်း မီးခြစ်ပျောက်တာကို တစ်ခါကြုံဖူးတယ်။ အစပိုင်းမှာတော့ ကျောက်ခေတ်လူသားတွေ ခြစ်သလို ကျောက်အချင်းချင်းပွတ်ပြီး မီးရဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒါကြောင့် ရှိတဲ့ မီးအကြွင်းအကျန်ကို မပြတ်စေဘဲ လောင်စာထည့်ထားရတယ်လို့ သူကပြောပြပါတယ်။

အပျော်ရွှင်ရဆုံးအချိန်

ကျွန်းစောင့်တွေအတွက် အပျော်ရွှင်ရဆုံးအချိန်တွေက ပြန်ခါနီးလတွေပဲ။ ပျော်ရွှင်ရသလို သတိလည်း ထားရတဲ့အချိန်ပေါ့။ လေးလ၊ ငါးလကျော်ပြီဆို လူတွေရဲ့စိတ်တွေက အထီးကျန် ဝေဒနာကြောင့် ကယောက်ကယက်တွေ ဖြစ်လာတယ်လို့ ကိုခင်စိုးက ရှင်းပြတယ်။

”ပြန်ခါနီး တစ်လလောက်ဆို ပိန်လိမ်နေပြီ။ မနက်အိပ်ရာထရင် သင်္ဘောကို ထထကြည့်ရတာ”

တချို့ဆို စိတ်က လွတ်သွားပြီး တစ်ယောက်တည်း စကားတွေပြောလိုပြော။ သူ့ကို စကားသွားပြောရင်လည်း ဆဲတယ်ထင်ပြီး ရန်တွေ ဖြစ်ကြနဲ့ စိတ်ညစ်ဖို့ ကောင်းခဲ့တာကို ကိုခင်စိုးက ပြန်ပြောပြပါတယ်။

 

သူ့အဖွဲ့ခေါင်းဆောင် တစ်ယောက်ဆိုရင် ပြန်ခါနီး တစ်လအလိုမှာပဲ စိတ်လွတ်သွားပြီး ညဘက်ဆို မအိပ်ဘဲ တစ်ယောက်တည်း စကားတွေ ပြောနေတတ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် တစ်ယောက်ယောက်က သူ့ကို ခေါ်နေတယ်ဆိုပြီး ပင်လယ်ထဲ ဆင်းဆင်းသွားတတ်လို့ လိုက်ဆွဲပြီး သူ့ကို သတိထားစောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။

ကျွန်းပေါ်မှာနေရတဲ့ဘဝကို ကိုခင်စိုးက ကိုယ့်ရဲ့ဘဝတစ်ခု သေသွားသလို ခံစားရကာ ပြင်ပလောကနဲ့လည်း အဆက်အသွယ်ပြတ် ဘာမှမသိရတော့ဘဲ ”တစ်ကျွန်းကျခံနေရသလိုပဲ” လို့ ဆိုပါတယ်။

ခြောက်လပြည့်လို့ သင်္ဘောလာကြိုတဲ့အချိန်ဆိုရင် ”ထခုန်ကြတာ၊ ပျော်ကြတာ ‘ဟေး’ဆိုပြီး အော်ပြီး ကျွန်းပေါ်မှာ ဗြောင်းသတ်နေပြီ။ ဘာမှသတိမရတော့ဘူး။ သင်္ဘောပေါ် ပြေးတက်တာ”လို့ ပြောပြတယ်။

အဲဒီအချိန် သင်္ဘောပေါ်ပြေးတက်ပြီး ဆေးလိပ်ကြိုက်သူက ဆေးလိပ်၊ အရက်ကြိုက်သူက အရက်။ သောက်ကြစားကြ။ ကိုယ့်မိသားစု သာကြောင်းမာကြောင်းတွေမေး ။ လူရိပ်သူရိပ်မရှိ နေရတဲ့အတွက် လူတွေ့တာနဲ့ စကားတွေ တတွတ်တွတ်လိုက်ပြောကြတယ်လို့ ကိုခင်စိုးက ပြောပြပါတယ်။

ပြီးတော့မှ ကိုယ့်ပစ္စည်းတွေကို သိမ်းဆည်းပြီး လာတုန်းကလိုပဲ တာဝန်တွေ အချိန်းအပြောင်းလုပ်ကြတယ်။

ထောင်က လွတ်လာသလား

ရန်ကုန်မှာ ခြောက်လလောက်နားရပြီ။ ပင်လယ်က ပြန်လာလာချင်း အိမ်မှာနေတဲ့အခါ သဟဇာတမဖြစ်တာတွေလည်း ရှိတယ်။ ပင်လယ်မှာက လေတဟူးဟူးနဲ့ နေရတဲ့အတွက် ဒီမှာလေမတိုက်ရင် နေလို့မရတော့ဘူးလို့ ကိုခင်စိုးက ပြောပြတယ်။

ဒါ့အပြင် လူတွေကလည်း ပင်လယ်ရေဒဏ်၊ လေဒဏ်ကြောင့် ပင်လယ်ပြင်က ပြန်လာရင် လူတွေက မည်းသည်းနေပြီ။ဆံပင်ကြီးတွေကလည်း ရှည်နေပြီ။ နှုတ်ခမ်းမွေးက အရှည်တွေ။ ရိတ်ချင်မှ ရိတ်တာဖြစ်တဲ့အတွက် လူပုံတောင် သိပ်မပေါ်တော့ဘူးလို့ ကိုခင်စိုးက ပြောပြတယ်။ တချို့အပေါင်းအသင်းတွေဆို သူ့ပုံစံကြည့်ပြီး ထောင်ကျတယ် ထင်ကြတယ်လို့ ဆိုတယ်။

မိဘတွေကလည်း ကိုခင်စိုးကို မီးပြတိုက်စောင့်အလုပ် မလုပ်စေချင်တော့ဘူး။ ရှိတာကမှ မောင်နှမက သုံးယောက်။ ယောက်ျားလေးက သူတစ်ယောက်တည်းပါတာ။ ဒါကြောင့် သူ့ကို အိမ်မှာပဲ ရှိစေချင်ခဲ့တယ်လို့ ကိုခင်စိုးက ပြန်ပြောပြတယ်။

ဒါပေမဲ့ မီးပြတိုက်စောင့်သမားတွေရဲ့ သဘာဝအရ ကျွန်းပေါ်မှာ ဘယ်လောက် အထီးကျန်စွာနေရနေရ၊ ရာသီချိန်ဆို ကျွန်းပြန်ထွက်ဖို့ မသိစိတ်က လှုံ့ဆော်နေပြီး တက်ကြွနေတတ်တယ်လို့ ဆိုပါတယ်။ ထွက်ခါနီး တစ်လလောက်အလိုဆို နေ့စဉ် ရုံးတက်၊ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး ကျွန်းတက်ကြွနေတယ်လို့ ဆိုပါတယ်။

”စိတ်က ထွက်ချင်နေပြီ။ မသိစိတ်ကကို နှိုးဆော်နေပြီ” ဒီလိုနဲ့ မီးပြတိုက်ခြောက်လ၊ အိမ်မှာ ခြောက်လနေရင်း ကိုးနှစ်အကြာမှာတော့ မီးပြတိုက်စောင့်ဘဝကနေ ဌာနပြောင်းလိုက်ပါတော့တယ်။ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတာရော မိသားစုကလည်း ဒီအလုပ်က ပြောင်းစေချင်တာကြောင့်ပါ။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်လက်အောက်က ရေကြောင်းဌာနမှာပဲ သင်္ဘောစက်ပြင်အလုပ်ကို ပြောင်းလဲလုပ်ကိုင်ပါတော့တယ်။ အဲဒီအချိန်က ၁၉၉၉ ခုနှစ်။

 

အဲဒီအချိန်မှာ ရည်းစားလည်း ရနေပြီ။ စစ်တွေမြို့နားက မီးပြတိုက်မှာ တာဝန်ကျချိန်ပေါ့။ အဲဒီမီးပြတိုက်က မြို့နဲ့နီးတဲ့အတွက် အားလပ်ချိန် ဘုရားဖူးသွားရင်း ရည်းစားနဲ့ တွေ့ဆုံ ရည်ငံခဲ့တာပါ။ ဒီလို ရွာနဲ့မြို့နဲ့ နီးတဲ့ မီးပြတိုက်တွေဆို သူတို့တွေမှာ အထီးကျန်မှု ဝေဒနာသက်သာရပါတယ်။

၂ဝဝ၄ မှာတော့ ရည်ငံခဲ့တဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ပြုခဲ့ပြီး လက်ရှိသားတစ်ဦးနဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်လျက် ရှိပါတယ်။ မိမိဝါသနာပါတဲ့ စက်ပြင်အလုပ်မှာ လုပ်ကိုင်နေရင်းလည်း သူနေထိုင်ခဲ့ရတဲ့ မီးပြတိုက်တွေကိုတော့ သူက ဘယ်တော့မှ မမေ့နိုင်ဘူးလို့ ဆိုတယ်။ နှစ်စဉ်မီးပြတိုက်ထွက်ဖို့ ရာသီရောက်တိုင်းလည်း သူ့ မသိစိတ်က နှိုးဆော်နေတယ်လို့ ဆိုပါတယ်။

ကျွန်တော့်ကို မီးပြတိုက်အကြောင်း ပြန်ပြောပြနေချိန်မှာ လည်း သူမျက်နှာက ပြုံးနေတယ်။ တစ်ခါ အားပါးတရ ရယ်ပါတယ်။ စိတ်အားတက်ကြွစွာနဲ့ မီးပြတိုက်စောင့်ဘဝအကြောင်းကို ပြန်ပြောပြတယ်။ ပြီးတော့ သူက ယခုလိုလည်း ဆိုတယ်။ ”မီးပြတိုက်အပေါ်တော့ အမြဲတမ်းသံယောဇဉ်ရှိတယ်” ။    ။

၂၀၁၇-သြဂုတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၉)မှ ပုံရိပ်လွှာ ဖြစ်ပါသည်။

သက်ဦးမွန် ရေးသည်။

 

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."