ဦးထွန်းလွင် (သို့) ဥက္ကာပျံ ဖြစ်ချင်သူ အပိုင်း(၂)

မိုးနဲ့လေကို ချစ်မိသူ

ဒီလိုနှင့် လွန်ခဲ့သည့် သုံးနှစ် (၂ဝဝ၉) ခုနှစ် အငြိမ်းစား ယူသည်အထိ မိုးလေဝသဌာနတွင် နှစ်ပေါင်း ၄၅ နှစ်ကြာအောင် လုပ်ကိုင်ဖြစ်ခဲ့သည်။  ဘဝတိုးတက်ရန် အခွင့်အလမ်းနည်းပါးသည့် ထိုအလုပ်ကို လုပ်ဖော်ကိုင်ဖက်များကပင် စွန့်ခွာသွားကြသည့် တိုင် သူက မစွန့်ပစ်နိုင်ဘဲ ဆက်လက်လုပ်ကိုင်နေခဲ့သည်ကို အတူ နေသည့်မိသားစုကပင် တစ်ခါတစ်ခါ နားမလည်နိုင်သည်အထိ ဖြစ်ကြရသည်။

တကယ်ဆို ဒီလုပ်ငန်းသည် သူရည်ရွယ်ခဲ့သည့် ငယ်အိပ် မက်လည်း ဘယ်တုန်းကမှ မဟုတ်ခဲ့ပါ။ သို့သော်လည်း သူ့ဘဝ တွင် မိုးလေဝသနှင့် အခြားပိုကောင်းသော အခွင့်အလမ်းတစ်ခု အနက် တစ်ခုကိုရွေးချယ်ရန် ဆုံးဖြတ်ချက်ချရသည့်အခါတိုင်း မှာ သူသည် မိုးလေဝသဘက်တွင်သာ နေခဲ့သည်။

တက္ကသိုလ်နှင့်မိုးလေဝသနှစ်ခုအနက် မိုးလေဝသကို ရွေးခဲ့ ပြီးမကြာမီ နောက်ထပ်ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုချရန် အခြေအနေ ဖြစ်လာပြန်သည်။

သူ့ဆရာများက အမေရိကန်ပြည်ထောင်စုသို့ ပညာတော် သင်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။ အမေရိကန်နှင့် မြန်မာ ဆက်ဆံရေးက လည်း ထိုအချိန်က သိပ်ကောင်းလှသည်မဟုတ်ရာ ကံအားလျော်စွာ ရောက်လာသည့်ပညာသင်ဆုကို ဆရာများက လက်လွတ်မခံဘဲ ယူစေချင်သည်။

တစ်ဖက်တွင် သူကလည်း ထိုအချိန်က မန္တလေးတွင် အောင်မြင်သောကျူရှင်ဆရာဖြစ်နေလေပြီ။ ထို့ကြောင့် ထို အောင်မြင်မှုများကိုစွန့်လွှွတ်ကာ အမေရိကန်ပြည်ထောင်စုသို့ ပညာသင်သွားရမည်မှာ ဝေခွဲမရအောင်ဖြစ်နေသည်။

”ဒီမှာ တန်ဖိုးထားတာချင်းကွာခြားချက်ကို ကျွန်တော် တွေးမိတယ်။ အလုပ်နှစ်ခုယှဉ်ကြည့်ရင် ကျူရှင်အလုပ်က စွန့်ပစ် ဖို့ အင်မတန်ခဲယဉ်းပါတယ်။ အဲဒီတုန်းက ကျွန်တော် တွေးပုံက ဒီဟာက စီးပွားရေးအလုပ်ပဲ၊  ဟိုဟာက ပညာရမယ့်အလုပ်ပဲ၊  ဟို သွားရင် ကျွန်တော်လိုချင်တဲ့ ပီအိတ်ချ်ဒီဘွဲ့ ရနိုင်တယ်။ ကျွန် တော့်ရဲ့ ရည်မှန်းချက်က အဲဒါဖြစ်တဲ့အတွက် ငါကျူရှင်အလုပ်ကို စွန့်လွှတ်မယ်ဆိုပြီးတော့ ကျူရှင်ကို သူများတွေနဲ့ လွှဲခဲ့ပြီးတော့ ကျွန်တော်အမေရိကားကိုသွားခဲ့ပါတယ်”ဟု သူကပြောပြသည်။

၁၉၇၃ တွင် အမေရိကန်ရောက်ပြီး တစ်နှစ်နှင့် ရှစ်လ အကြာတွင် ဘီအက်စ်စီဘွဲ့ရသည်။ အမ်အက်စ်စီ (မဟာဝိဇ္ဇာ)ဘွဲ့ တက်ရန်ကြိုးစားရာ သက်ဆိုင်သည့်ကျောင်းက ခွင့်ပြုသော် လည်း မြန်မာနိုင်ငံက ခွင့်မပြုသဖြင့် နောက်ထပ် ဘီအက်စ်စီ ဘွဲ့တစ်ခု ထပ်ယူကာ ၁၉၇၅၊ သြဂုတ်တွင် မြန်မာပြည်ပြန်လာ သည်။ သူရောက်သည့်အခါ တိုင်းပြည်တွင် ဦးသန့်အရေးအခင်း နှင့် အလုပ်သမား အရေးအခင်းများ ဖြစ်နေသည်။

နောက်တစ်ခေါက် ၁၉၈၇ တွင် အမေရိကန်မှာပင် ပီအိပ်ချ် ဒီဘွဲ့အတွက် ပညာသင်ဆုသုံးနှစ် ထပ်ရသေးသည်။ အကြောင်း မညီညွတ်သဖြင့် မတက်ရဘဲ မြန်မာပြည်ပြန်လာခဲ့သည်။ ထို အချိန်တွင် တိုင်းပြည်တွင် ၁၉၈၈ လူထုအုံကြွမှု အရေးအခင်းကြီးဖြစ်နေသည်။ သူငယ်ချင်းများက မြန်မာပြည်မပြန်ရန် အမျိုးမျိုး တားသော်လည်း သူပြန်လာခဲ့သည်။

”ကျွန်တော် အမေရိကားက ဘွဲ့ရလာတဲ့သူပါဗျာ။ ကျွန် တော့်အမြင်၊ ကျွန်တော့်အတွေးနဲ့ ဒီမှာ ကျွန်တော်လုပ်ရတဲ့ အနေ အထား ယှဉ်ကြည့်ပါ။ ကျွန်တော် ဘယ်လောက်စိတ်ပျက်မလဲ။ ဒါပေမဲ့ နိုင်ငံကို ကောင်းအောင်လုပ်ချင်စိတ်နဲ့ ပြန်လာတာပါ” ဟု သူက ပြောပြသည်။

လမ်းကြောင်းသစ်ကို ဖွင့်ပြီ

သူညွှန်ကြားရေးမှူးဖြစ်လာချိန်တွင် မိုးလေဝသဌာနကို ခေတ်မီအောင် တတ်နိုင်သလောက်လုပ်ရန် ဆုံးဖြတ်ချက်ချခဲ့ သည်။ မိုးလေဝသသတင်းလာလျှင် တိုင်းပြည်တွင် စိတ်ဝင်စား စရာမရှိလှသော မိုးလေဝသပညာကို လူအများလက်ခံလာ အောင်လုပ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ မီဒီယာဖြစ် ကြောင်း သူသဘောပေါက်လာသည်။

ထို့ကြောင့် သူညျွန်ချုပ်ဖြစ်သည့်အခါ သူ့ဆီသို့ မီဒီယာကို တံခါးမရှိ၊ ဓားမရှိ ဝင်ခွင့်ပြုခဲ့သည်။ သတင်းမီဒီယာများအကြား တွင် ဦးထွန်းလွင်မှာ ရေပန်းအစားဆုံး သတင်းအရင်းအမြစ်တစ်ခု ဖြစ်လာခဲ့သည်။

ထို့ပြင် သူသဘောပေါက်သည်မှာ ဌာနတိုးတက်ရေးအ တွက် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုမပါဘဲ မဖြစ်နိုင်ဟု ရှင်းရှင်းပြတ်ပြတ် သဘောပေါက်ခဲ့သည်။ ထို့ကြောင့် နိုင်ငံခြား သားများကို လက်ခံတွေ့ဆုံပြီး သူတို့မှာရှိသည့် လိုအပ်ချက်ကို ပွင့်ပွင့်လင်းလင်းပြောသည်။ မိုးလေဝသနှင့်ဆက်စပ်သော နိုင်ငံတကာအစည်းအဝေးများသို့သွားရတိုင်း လူပုံလယ်တွင် မိမိတို့လို အပ်ချက်များကို ပွင့်ပွင့်လင်းလင်းတောင်းဆိုသဖြင့်  နိုင်ငံတကာမှ ကူညီသော ခေတ်မီစက်များကို မိုးလေဝသပညာအတွက် မြန်မာ နိုင်ငံတွင် တပ်ဆင်နိုင်ခဲ့သည်ကို သူအမှတ်ရနေသေးသည်။

”ဂျပန်တွေဆီကို ကျွန်တော် ရေဒါတောင်းခဲ့တယ်။ ဒီ ကောင်တွေ ပေးချင်တာတစ်ပိုင်းသေနေတာပဲ။ နိုင်ငံရေးအရ ကျွန်တော်တို့ကို မပေးတဲ့အခါကျတော့ တပ်မရဘူး”

”အခု နိုင်ငံရေးအနေအထားပွင့်သွားတော့ ရေဒါသုံးလုံး လာတပ်တယ်။ အဲဒါ ကျွန်တော်တောင်းခဲ့တာ” ဟု ဦးထွန်းလွင်က ကျေနပ်အားရစွာ ပြန်ပြောပြသည်။

ထိုသို့ ဌာနတိုးတက်အောင် လုပ်ဆောင်ရာတွင် မူလကြို တင် တွက်ဆထားသည့်အတိုင်း လိုအပ်သည့်စွန့်စားမှုများကို တော့ သူ့အနေဖြင့် လုပ်ခဲ့ရပါသည်။ နိုင်ငံခြားသားများလာလျှင် သူသည် အထက်ကိုအကြောင်းမကြားဘဲ တွေ့ပစ်လိုက်သည်။

            သတင်းဌာနများနှင့် ရင်းရင်းနှီးနှီးတွေ့ခြင်းကိုပင် သိပ် မလုပ်ရန် သတိပေးခြင်းများရှိခဲ့သော်လည်း သူသည် လုပ်မြဲလုပ် နေခဲ့သည်။

            ”အဲဒီအခါ မင်းစော်ကားတာလား၊ ဘာလား” ဟု ၎င်း၏အထက်မှ ပြစ်တင်ကြိမ်းမောင်းသည်ဟု ဆိုသည်။

”မဟုတ်ဘူး၊ ကျွန်တော့်စိတ်ထဲမှာ ဖြူစင်တယ်၊ ဒီလိုလုပ် ခြင်းအားဖြင့် ကျွန်တော်တို့တိုင်းပြည်နဲ့ ကျွန်တော့်ဌာန တိုးတက် မှုရမယ်လို့ ကျွန်တော်ယုံတယ်” ဟု သူက ရှင်းပြသည်။

”ကိုယ့်ခြေ၊ ကိုယ့်လက်အပေါ်မှာ လုပ်ချင်တဲ့ စိတ်ဓာတ် ရှိတဲ့အတွက်၊ အောက်မကျို့တတ်တဲ့ စိတ်ဓာတ်ရှိတဲ့အတွက် ကျွန် တော် ဘယ်တော့မှ အပေးအယူဆိုတာတော့မလုပ်ပါဘူး။ ဆရာ လည်း ဘယ်တော့မှမမွေးခဲ့ဘူး။ ကိုယ့်အကြီးအကဲမို့လို့ ရိုသေတာ ကလွဲလို့ ကိုယ့်အခွင့်အရေးရအောင်လုပ်တာမျိုး ကျွန်တော် တစ်ခါမှ မလုပ်ဘူး”

ဝန်ထမ်းလောကတွင် အတွင်းလူနှင့် အပြင်လူဟူ၍ ရှိလေရာ ဌာန၏ အမြင့်ဆုံးရာထူးကို ရထားသောသူသည် ဘယ်တုန်း အခါကမှ အတွင်းလူမဖြစ်ခဲ့ချေ။ ”အတွင်းစည်းထဲမှာရှိနေသော အပြင်လူတစ်ဦးသာဖြစ်ခဲ့သည်” ဟု ဦးထွန်းလွင်က ပြန်ပြောင်း ပြောပြသည်။

”ကျွန်တော့်ကို တော်ရုံတန်ရုံ မတွန်းလှန်နိုင်တာကလည်း လုပ်ဆောင်ချက်နဲ့ ပညာကြောင့်ပဲ။ နေပုံ၊ ထိုင်ပုံ၊ ပြောပုံ၊ ဆိုပုံက တော့ သူတို့ (အထက်က) စိတ်ကြိုက်မဟုတ်တာ သေချာပါတယ်။ ကျွန်တော်ကလည်း တစ်ခါမှ သူတို့စိတ်ကြိုက်ဖြစ်အောင် မနေခဲ့၊ မလုပ်ခဲ့ဘူး” ဟုသာ ဦးထွန်းလွင်ကပြောသည်။

သူကြုံခဲ့ရသည့် ဝန်ထမ်းလောက အတွင်းရေးများကိုမူ အချိန်တန်သည့်အခါမှသာ အကျယ်တဝင့်ပြောပါရစေဟု မေတ္တာ ရပ်ခံသည်။

အခက်အခဲနှင့် နာကြည်းစရာများ ပြည့်နှက်နေသည့်တိုင် သူ့အတွက် ဂုဏ်အယူဆုံးမှာ မိုးလေဝသတွင် ၄၅ နှစ်ကြာအောင် လုပ်ကိုင်နိုင်ခဲ့ခြင်းပဲဖြစ်သည်။ အောက်ခြေစာရေးဘဝမှ ဌာန၏အကြီးဆုံး òန်ကြားရေးမှူးချုပ်အထိ သူသည် မိုးလေဝသပညာ တွင် ဘဝကိုမြှုပ်နှံထားခဲ့သည်။

ငွေရပေါက်ရလမ်း မည်မည်ရရမရှိပါဘဲ ဒီလောက်ကြာအောင် လုပ်နိုင်ခဲ့ခြင်းကိုကြည့်ကာ သူ့မိတ်ဆွေများက အံ့သြကြ လေသည်။ တစ်ခါက မန္တလေးတွင် သူနှင့်ခေတ်ပြိုင် ကျူရှင်ဆရာ လုပ်ခဲ့သူများသည် ယနေ့တွင် အချမ်းသာဆုံးလူများထဲတွင် ပါဝင် နေကြသည်ကို သူမြင်ရသည်။

”ငွေမရဘူးသာပြောတယ်၊ မင်းကြည့်တော့လည်း ဝဝဖြိုး  ဖြိုးနဲ့ပါလား” ဟု သူ့သူငယ်ချင်းများက သူ့ကိုစကြသည်။ (သူ သည် မိုးလေဝသဌာန နေပြည်တော်သို့ မပြောင်းခင်အထိ သင်္ဘောသားများကိုစာသင်ရင်း အသက်မွေးခဲ့သည်။)

 ပညာမျိုးစေ့ ချချင်သူ

ယခု အငြိမ်းစားယူပြီးသည့်နောက်မှာပင် သူ့ကိုယ်ပိုင် မိုး လေဝသဝက်ဘ်ဆိုက်စာမျက်နှာများတွင် တစ်နေ့လျှင် ၁၅ နာရီ နီးပါး အချိန်ယူလုပ်ကိုင်ရသည်။ ထို့အပြင် အကူအညီတောင်း သော ဂျာနယ်များတွင်လည်း မောင်ထွန်းလွင်နာမည်ဖြင့် မိုးလေ ဝသခန့်မှန်းချက်များ ရေးပေးရသည်။ အသစ်ထုတ်လွှင့်သည့် တီဗီလိုင်းများတွင်လည်း မိုးလေဝသနှင့်ပတ်သက်သည်များကို ဟောပြောခြင်းကိုလည်း လုပ်ကိုင်ရသည်။

”စွဲနေတဲ့စိတ်က နှစ်ချက်ဗျ။ တစ်ခုက ဒီအလုပ်က ငါ့ကျေးဇူးရှင်ဆိုတဲ့စိတ်ကိုမွေးထားတဲ့အတွက်ကြောင့်လည်း မပြောင်း ဖြစ်တာ။ နောက်တစ်ခုက နှစ်တွေကြာလာလေ ဒီပညာရပ်အပေါ် မှာ ရူးသွပ်လာလေပဲ”

”မိုးလေဝသကို ကျွန်တော်ချစ်လာတာ။  မလုပ်ရရင် မနေ နိုင်အောင်ကို ဖြစ်လာတာ။ စိတ်တစ်ခုတည်းပဲ။ အဲဒီစိတ်က ဒီအလုပ်ကို စိတ်ဝင်စားတာ။ စိတ်ဝင်စားတယ်လို့ပြောရတာပေါ့ ပါသေးတယ်။ ဒါရိုက်တာမောင်မျိုးမင်းစကားနဲ့ပြောရရင် ကျွန် တော် ရူးသွပ်နေတာ။ ကိုယ့်ကိုယ်ကိုယ်လည်းသိတယ်။ ဒါကိုရူး သွပ်နေတာ”ဟု သူကပြောသည်။

သူ့ဘဝတွင် သင်္ချာပညာရှင်ဖြစ်ချင်ခဲ့သော်လည်း မိုးလေဝ သပညာရှင်ဖြစ်လာခဲ့သည်။ သူ့တစ်သက် အလိုချင်ဆုံးဘွဲ့မှာ ပါရဂူ (ပီအိပ်ချ်ဒီ) ဘွဲ့ဖြစ်သည်။ သို့သော် ထိုဘွဲ့နှင့်ကား အကြောင်းကြောင်းကြောင့် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ပြီး နောက် သူညွှန်ကြားရေးမှူးရာထူးဖြင့် ပင်စင်ယူခါနီး နှစ်အနည်း ငယ်အလိုတွင်မှ ရလေတော့သည်။ ရန်ကုန်တက္ကသိုလ်မှပေးအပ် သည့် ထိုပါရဂူဘွဲ့ကိုရသည့်အချိန်တွင် သူ့အသက် ၆၂ နှစ် ရှိလေပြီ။

”အလိုချင်ဆုံးအရာတစ်ခုမို့ ရအောင်တော့ ယူလိုက်ပါ တယ်။ ဒါပေမဲ့ ရတဲ့အချိန်မှာ ကျွန်တော်က ပင်စင်ယူခါနီးနေပြီ။ ဒီဘွဲ့ကြီးဘာလုပ်ရတော့မှာလဲ” ဟု သူကပြောပြသည်။

မန္တလေးမှ သူ့သူငယ်ချင်းတစ်ဦးကတော့ ”နာရေးကျ ကောင်းတယ်ကွ” ဟု မှတ်ချက်ချသည့်စကားကို ပြန်ပြောပြရင်း ဦးထွန်းလွင်က ရယ်သည်။

တဖြည်းဖြည်းအရွယ်ရလာပြီဖြစ်သော ဦးထွန်းလွင်က သူ့ ပညာရပ်များကို လူငယ်များထံ လက်ဆင့်ကမ်းချင်သော်လည်း မိုးလေဝသပညာရပ်ကို လိုလိုချင်ချင်ရှိသည့် လူငယ်မျိုးဆက်များ ရှားပါးကြောင်း သူကညည်းသည်။ ငွေရေးကြေးရေးအရနည်း သလို ဘဝတက်လမ်းလည်း  မက်လောက်စရာမရှိသဖြင့် မိုးလေ ဝသပညာကိုလုပ်ကိုင်ရန် လူကြိုက်နည်းခြင်းဖြစ်သည်။

ထို့ကြောင့်ပင် ဦးထွန်းလွင်က သူလုပ်ရန် ဝတ္တရားပိုလာ သည်ဟု ယူဆသည်။ ထွန်းလွင်ဖောင်ဒေးရှင်းကိုလည်း လူငယ် များအား မိုးလေဝသပညာ ပြန်လည်မျှဝေရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်” ဟု သူကဆိုသည်။

            ”ပညာရပ်ကို လိုချင်တဲ့သူကို ရှာမတွေ့တာဗျ” ဟု သူက ဘာမှမတတ်နိုင်သောလေသံဖြင့်ပြောပြီး ပြုံးနေသည်။

မိုးလေဝသပညာကို လုပ်ကိုင်မည့်သူများရှားပါးခြင်းက လည်း အခုထိ သူ့ကိုမနားတမ်းအလုပ်လုပ်အောင် စေ့ဆော်မှု တစ်ခု ဖြစ်လာသည်။

            ”ကျွန်တော့်အယူအဆကတော့ တာဝန်ရှိဖို့မလိုဘူး။ တာ ဝန်သိဖို့ပဲလိုတယ်ဗျ။ တာဝန်ရှိတဲ့သူထက် တာဝန်သိတဲ့သူက ပိုပြီးတန်ဖိုးရှိတယ်” ဟု ပြောသည်။ 

အနုတ်ဂဏန်းပိုင်ရှင်

ဘဝ၏ အခက်အခဲဆုံးအနေအထားအောက်တွင် ရှင်သန် ရန် သူ့ကိုခွန်အားပေးခဲ့သည်မှာ သူ့အမေပင်ဖြစ်သည်ဟု ဦးထွန်းလွင်က ဆိုသည်။

ပြောင်းဖူးဖက် ဆေးပေါ့လိပ်ကြီးကို အမြဲတမ်းလိုလို ဖွာနေ တတ်သည့်အမေက သူတို့ကို ခက်ခက်ခဲခဲ ရုန်းကန်ကျွေးမွေးခဲ့ သည်။ ကျောင်းလခအတွက် တဖြည်းဖြည်းခက်ခဲလာသည့်အနေအထားမှာပင် သူတို့ကို ကျောင်းမှနုတ်ပစ်မည်ဟု ဘယ်တော့မှ မပြောခဲ့။

ယုတ်စွဆုံးသာသနာပြုကျောင်းမှ ကျောင်းလခမပေးရ သည့် ထိုစဉ်က အစိုးရကျောင်းများသို့ပင် ပြောင်းထားရန် မကြိုး စားခဲ့ချေ။ အမေ၏ စိတ်ဓာတ်ခွန်အားကို ပြန်လည်အောက်မေ့ရင်း အိမ်ထောင်တစ်ခုပြိုကွဲသွားသည့်အခါ သားသမီးတွေ မည်မျှ ကစဉ့်ကလျား ဒုက္ခရောက်တတ်သည့်အကြောင်းကိုလည်း သည် ကနေ့ဟောပြောပွဲများတွင် ဦးထွန်းလွင်က ထည့်ပြောနေတတ်သည်။”ကျွန်တော် အမေသမားပါဗျာ”

ဆိုဖာဆက်တီတွင် ကိုယ်တစ်ဝက်မြုပ်နေသည့်ဦးထွန်းလွင် က ဧည့်ခန်းမှန်တံခါးများဆီငေးရင်း ခပ်ဆွေးဆွေးဆိုလိုက်သည်။

ဦးထွန်းလွင်၏ နောက်ကျောဘက်နံရံ၏ အမြင့်တစ်နေရာ တွင် ချိတ်ထားသော အခမ်းအနားတစ်ခုတွင် ဟောပြောနေသည့် ဦးထွန်းလွင်၏ဓာတ်ပုံက မှန်နံရံတွင် အရိပ်ထင်နေသည်ကို မီး ချောင်းမှအလင်းဖြင့် ခပ်ရေးရေးမြင်နေရသည်။

အဆင်းရဲဆုံးဘဝမှလာခဲ့သည့်သူ့အတွက် နောက်ထပ် ဆုံး ရှုံးစရာဆို၍ ဘာတစ်ခုမှမရှိတော့။ ဆင်းရဲခြင်း၏ ခါးသီးသော အတွေ့အကြုံများမှတစ်ဆင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် တည်ချင်သည့် စိတ်ဓာတ်ခွန်အားများကို ရခဲ့ခြင်းဖြစ်ကြောင်း ဦးထွန်းလွင်က ယခုအခါ ပြန်တွေးမိနေသည်။

            ”ရွေ့တယ်ဆိုတာ တွန်းအားရှိမှကိုးဗျ။ ကျွန်တော့်မှာ စိတ်ဓာတ်တစ်ခုရှိတယ်။ ဘာလဲဆိုတော့ အခက်အခဲတွေ့ရင် ပိုကြိုး စားတယ်”

            နောက်ပြီး သူ့မှာရှိသော အယူလေးတစ်ခုကိုလည်း အခုလို ပြောပြသည်။

”ကျွန်တော့်မွေးရက်က ၁၇ ရက်၊ ၈ ဂဏန်း။ ၈ ဂဏန်းဟာ သင်္ချာ သဘောကနေကြည့်ရင် အနုတ်ဂဏန်း။ အနုတ်ဂဏန်းဟာ အနုတ်နဲ့တွေ့ရင် အပေါင်းဖြစ်တာပဲ။ အဲဒီလိုခံယူတယ်။ ငယ်ဘဝ က အနုတ်ဖြစ်တဲ့အတွက် ငယ်ငယ်က အခက်အခဲတွေ၊ အကျပ် အတည်းတွေ တွေ့လိုက်တိုင်း ငါ့ဘဝတော့ တိုးတက်တော့မှာပဲ အဲဒီလိုစိတ်ဖြစ်တယ်။ ဆိုလိုတာက ပြဿနာကို အကျိုးကျေးဇူး အဖြစ်ပြောင်းပစ်တယ်” ဟု သူကပြောသည်။

ငယ်ချစ်များ

ငယ်ငယ်က စာရေးဆရာသာဓု၏ ဝတ္ထုများကို တမေ့ တမောဖတ်ခဲ့ခြင်းကြောင့် ဆင်းရဲသော်လည်း စာရိတ္တကောင်း အောင် နေတတ်လာခဲ့သည်ဟု ဦးထွန်းလွင်က ပြောပြသည်။ ထို့ကြောင့် သူဝန်ထမ်းဘဝမှာတုန်းက ဘယ်တုန်းကမှ လာဘ် မစားခဲ့ဘူးဟု လက်မထောင်ပြီး သူကပြောသည်။

တစ်ခါ အောင်လင်း၏ဝတ္ထုတွေကိုဖတ်ပြီး သူပုန်စိတ်လည်း သူ့နှလုံးသားထဲမှာ ကိန်းအောင်းလာခဲ့သည်ဟု ဆိုလေသည်။ ထို သူပုန်စိတ်အခံကြောင့်ပင် ၄၅ နှစ်တာ ဝန်ထမ်းဘဝတွင် အဆင့် ဆင့်သောလူကြီးများနှင့် အဆင်မပြေခဲ့ချေ။ နောက်ဆုံးတွင် အထက်လူကြီးများနှင့်  အဆင်မပြေဖြစ်ပြီး အလုပ်မှ ထွက်ခဲ့ရ သည်ဟု ဦးထွန်းလွင်ကဆိုသည်။

”အငြိမ်းစားယူတဲ့အခါ ကျွန်တော့်ကို စစ်လားဆေးလား တွေ။ မပြေမလည်နဲ့ထွက်ရတဲ့သူဆိုတော့ ထွက်စာတင် ထွက် လာတာကိုး”

”ငါလုပ်သမျှ ကောင်းတယ်မပြောပါဘူး။ ဒါပေမဲ့ မကောင်း ဘူးထင်တာတော့ ငါမလုပ်ဘူး။ အဲဒီအတွက် ကျွန်တော် ဘယ်သူ့ ကိုမှ မကြောက်ပါဘူး” ဟု သူကပြောသည်။

သူအစွဲလမ်းဆုံးစာမှာ ဆရာကြီးရွှေဥဒေါင်း၏ တစ်သက် တာမှတ်တမ်းဖြစ်လေရာ ဆရာကြီးရွှေဥဒေါင်းကဲ့သို့ပင် ယောက်ျား ဆိုတာစုံရမည်ဟူသည့်အစွဲအလမ်းကလည်း သူ့ရင်ထဲမှာ စွဲငြိ နေသည်။

ဆရာကြီးရွှေဥဒေါင်းကိုအားကျကာ လူစုံဖြစ်ချင်သည့် ဦးထွန်းလွင်က တစ်ခါတွင် သင်္ဘောသားတပည့်တစ်ယောက်က အကူအညီတောင်းသဖြင့် လုပ်ဖူးသည်ရှိအောင် စမ်းလုပ်ကြည့်ဦး မယ်ဟုအတွေးဝင်ကာ မျက်မှန်ဆိုင်တစ်ခုအတွက် ရုပ်မြင်သံ ကြား ကြော်ငြာတွင်လည်း ဝင်ရောက် သရုပ်ဆောင်ခဲ့သည်။

နောက်ပိုင်း အထက်လူကြီးတချို့မကြိုက်ဟူသည့် တစ်ဆင့် ခံသတင်းစကားဖြင့် မျက်မှန်ဆိုင်ပိုင်ရှင်က သူ့ကိုငဲ့ကွက်ကာ ကြော်ငြာကို ရပ်ထားခဲ့လေသည်။

”အဲဒီကြော်ငြာ အတော်လေးပေါက်တယ်။ ကျွန်တော် လည်း လုပ်ဖူးတယ်ရှိအောင်ဆိုပြီး စမ်းလုပ်ကြည့်တာဗျ” ဟု သူ က ပြုံးတုံ့တုံ့အမူအရာဖြင့်ပြောပြသည်။ ဦးထွန်းလွင်က ရုပ်ရှင် မင်းသားဝင်းဦးနှင့် ဆရာကြီးဦးသုခတို့၏ ရုပ်ရှင်ကားများကို သူ အလွန်သဘောကျခဲ့ဖူးသည်ဟု ဆိုသည်။

ဦးထွန်းလွင်သည်ကား သီချင်းဆိုသည့်နေရာတွင်လည်း အတော်အားသန်သည်။ မန္တလေးမှာနေစဉ် ကျောင်းပိတ်ရက်များ တွင် ဇာတိရွာသို့အလည်ပြန်သည့်အခါ ရွာတွင်ဓာတ်စက်အငှား လိုက်သည့် အဒေါ်ဖြစ်သူ၏အိမ်အပေါ်ထပ်တွင် သီချင်းဓာတ်ပြား မျိုးစုံရှိတတ်ရာ စိတ်တိုင်းကျနားထောင်ရင်း ဂီတမှာ သူစွဲစွဲလမ်း လမ်းဖြစ်ခဲ့ဖူးသည်။

            သီချင်းများနှင့် ယနေ့အထိ သူနေထိုင်တုန်းပင်ရှိသည်။ အားလပ်ချိန်တွင် သူအများဆုံးလုပ်သည်မှာ သီချင်းနားထောင် ခြင်းဖြစ်သည်။ လေ့ကျင့်ခန်း ကာယလှုပ်ရှားမှုမှာမူ မလုပ် သလောက်ပင်ဖြစ်သည်။

မိုးလေဝသတွင် သူတာဝန်ယူနေစဉ် မိုးလေဝသသတင်း များတွင် ရာသီအလိုက် နောက်ခံတီးလုံး လေးတွေပါတတ်သည်မှာ သူ့စိတ်ကူးများဖြစ်သည်ဟု ဦးထွန်းလွင်ကဆိုသည်။ ယနေ့ ထက်တိုင် ထိုအတိုင်းရှိနေတုန်း။

”သီချင်းတွေကတော့ ကြိုက်လာလိုက်တာ အခုအထိပဲ။ မာမာအေး၊ တွံတေးသိန်းတန်မှသည် ဇော်ဝင်းထွဋ်အထိရတယ် ဗျာ” ဟု ဦးထွန်းလွင်က ဂုဏ်တယူယူနှင့် ပြောပြသည်။

ပြည်တော်ဝင်သီချင်းကို ခပ်ပျော်ပျော်ရှိနေတတ်သည့် အခါများတွင် ဆိုနေတတ်သည့် ဦးထွန်းလွင်သည် ခံစားချက်ဖြင့် ရင်ထဲမှာလှိုက်လှိုက်လှဲလှဲဖြစ်လာသည့်အခါများတွင် စန္ဒရားချစ် ဆွေ၏ မုန်းရစ်လေဦးနှင့် မုန်းဆက်ဆက်နွယ်သီချင်းများကို ဆို တော့သည်။

ခပ်ငယ်ငယ်အရွယ်ဦးက ချစ်ဖူးသူသို့ရော်ရမ်းသည်လား။ ဦးထွန်းလွင်က အတိအကျတော့ မဖြေပေးပါ။ သို့သော်                     တစ် ယောက်သောသူကား ရှိခဲ့ဖူးလေသည်။

”ကျွန်တော် ရည်းစားတော့ မများပါဘူး။ ကျွန်တော့် ဇနီး လည်း သိပါတယ်။ ဇနီးနဲ့မသိခင် မန္တလေးမှာနေတဲ့ဘဝတုန်းက ရည်းစားတစ်ယောက် ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ မပေါင်းဖြစ်ကြဘဲ ကွဲသွားတယ်။ အဲဒါတစ်ခုပဲ” ဟု သူကပြောပြသည်။

ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိခြင်း

စကားခပ်များများ အဆက်မပြတ်ပြောလိုက်ရသဖြင့် အသံ မှာ ရှတတဖြစ်နေသည်။ အပြင်တွင် မိုးကား တဖြောက်ဖြောက် ရွာနေတုန်းရှိ၏။ ဦးထွန်းလွင်အိမ်မှာ လမ်းမကြီးပေါ်တွင်ရှိသဖြင့် လမ်းပေါ်မှကားများ၏ ပြေးနေသောမီးရောင်များကို မြင်နေရ သည်။ သူ့ဧည့်ခန်းကား အသံလုံသဖြင့် အပြင်ဘက်ဆီမှ ကားစက် သံနှင့် လူသံများကိုမူ ခပ်အုပ်အုပ်ကလေးသာကြားရသည်။

အသက်ကြီးလာသည့်အခါ ငယ်ငယ်တုန်းက စာအုပ် တစ် အုပ်ထဲတွင်ဖတ်ခဲ့ရပြီး အားကျခဲ့ရသည့် ဥက္ကာပျံအကြောင်းသည် မကြာခဏ သူ့ခေါင်းထဲပြန်ပေါ်လာသည်ဟု ဆိုသည်။

လောကတွင် ကြီးကျယ်မြင့်မြတ်သောပုဂ္ဂိုလ်များသည် ဥက္ကာပျံများနှင့်တူကြသည်။ ဥက္ကာပျံက မည်သူ့ကိုမှ အားမကိုး ဒုက္ခမပေးဘဲ ကိုယ့်ကိုယ်ကိုယ်လောင်ကျွမ်းခံကာ ကမ္ဘာမြေကို အလင်းရောင်ပေးသည်။

ယင်းသို့ ကိုယ့်ကိုယ်ကိုယ်အလောင်ကျွမ်းခံကာ ကမ္ဘာမြေ ကို အလင်းရောင်ပေးသည့် ဥက္ကာပျံကိုအားကျခဲ့သည့် ဦးထွန်း လွင်က ယခုအခါ လက်ရှိရောက်နေသည့်နေရာကလေးမှပင် အကောင်းဆုံးလုပ်သွားနိုင်သူသာ ဖြစ်ချင်စိတ်ရှိနေသည်တဲ့။

            ဥက္ကာပျံကို ဘဝတစ်လျှောက်လုံး အားကျလာခဲ့သည့် ဦးထွန်းလွင်၏ အသက်ကား မငယ်လှတော့။

            ”အသက်ကြီးလာလို့လားမသိဘူး အာရုံတွေကလည်း တဖြည်းဖြည်းနည်းလာပြီ” ဟု သူကဆိုသည်။

သို့သော်လည်း သူ့ကိုယ်ကိုယ် သူအနားမပေး။ လုပ်စရာ တွေ သူ့မှာရှိနေသည်။ သည်ကြားထဲ ဝါသနာတစ်ခုက တိုးလာ လိုက်သေးသည်။

အရင်ကဆို သူ့မှာ ဝါသနာဆို၍ စာသင်သည့်အလုပ်နှင့် မိုးလေဝသပညာသာ ရှိခဲ့သည်။ သို့သော် ယခုအခါ စာရေးသည့် ဝါသနာတစ်ခုပါ ထပ်တိုးနေသည်။ မသေခင် စာအုပ်တွေရေး သွားဖို့ကို စိတ်အားထက်သန်လျက်ရှိသည်။

”ကလေးတွေအတွက် မိုးလေဝသဆိုတဲ့စာအုပ်မျိုးလေး တွေ ရေးချင်တယ်ဗျာ။ လုပ်စရာတွေကတော့ အများကြီး” ဟု ဦးထွန်းလွင်က ဆိုသည်။

သူ့ကိုယ်ပိုင် မိုးလေဝသဝက်ဘ်ဆိုဒ်တွင် အလုပ်ပျက်မှာစိုး သဖြင့် အဖွဲ့အစည်းများကဖိတ်သည့် အခမ်းအနားများကိုပင် တတ်နိုင်သလောက်ရှောင်သည်။ သူနေ့စဉ်လှုပ်ရှားမှုဘောင်ကို ကျဉ်းပစ်ထားသည် ဟု သူကဆိုသည်။

ဝတ္တရားမကင်းတဲ့ ဖွတ်ကျားမင်း

            အငြိမ်းစားယူပြီးနောက် ဘဝကိုအရိုးရှင်းဆုံးဖြစ်အောင် ကြိုးစားပြီးနေနေသည်ဟု ဦးထွန်းလွင်က ဆိုသည်။

နှစ်နာရီလောက် သူ့ဘဝ ရှေးဖြစ်နှောင်းဟောင်းများကို ပြန်ပြောင်းပြောပြလာခဲ့သည့် ဦးထွန်းလွင် ခါးဆန့်လိုက်သည်။ ပြီးတော့ စားပွဲပေါ်မှ အိမ်အကူမလေးလာချပေးထားသည့် အေးနေပြီဖြစ်သော လက်ကျန်ကော်ဖီကို မော့လိုက်သည်။ အပြင် ဘက်တွင်ကား မိုးအတော်ပင် စဲသွားလေပြီ။

ထိုအခိုက် ဖုန်းလာသဖြင့် သူက ဖုန်းလက်ခံစကားပြော နေသည်။ မနက်ဖြန်သူအားနိုင်မည့်အချိန်ကို တစ်ဖက်မှ ဖုန်း ပြောနေသူအား လှမ်းပြောပြီး ဖုန်းချလိုက်သည်။

ထို့နောက် သူက ဆက်တီခုံပေါ်ပြန်ထိုင်ရင်း ခေတ္တမျှနား လိုက်ပြီး လည်ချောင်းရှင်းလိုက်သည်။ နှစ်နာရီနီးပါး မနားတမ်း စကားပြောထားရသဖြင့် အသံမှာရှတတဖြစ်နေသည်။ ”တစ်ခါ တလေ အလုပ်သိပ်ရှုပ်လာရင်တော့ ကျွန်တော့်အဘွားပြောတဲ့ စကားပဲ သတိရတယ်” ဟု သူကပြောသည်။

ပျာယာခတ်ကာ အမည်စုံလုပ်နေသောသူ့ကို တစ်ခါ တလေ ရွာမှအလည်လာတတ်သည့် အဘွားဖြစ်သူက မြင်သည့် အခါ တပြုံးပြုံးနှင့် ခေါင်းတဆတ်ဆတ်ညိတ်ကာ မှတ်ချက်တစ်ခု အမြဲ ပေးတတ်သည်။

            ”ငါ့မြေးက ဝတ္တရားမကင်းတဲ့ ဖွတ်ကျားမင်းပဲဟေ့” တဲ့။

”အဲဒါလေးများပြန်တွေးလိုက်ရင် ကျွန်တော် ပျော်သွား တာပဲဗျ။ အခက်အခဲဖြစ်လာရင်၊ အလုပ်များလာရင် ဟာ . . . ဝတ္တရားမကင်းတဲ့ ဖွတ်ကျားမင်းပဲဟေ့၊ ဟား  ဟား”

            ဦးထွန်းလွင်ကား ပြောရင်း ရယ်၍နေသည်။

ခပ်မြူးမြူးရယ်လိုက်သဖြင့် လွန်ခဲ့သည့်နှစ်များစွာက တီဗီ ဖန်သားပြင်တွင် အများပြည်သူမြင်နေကျ မိုးလေဝသကြေညာသူ မောင်ထွန်းလွင်၏ တက်ကြွသောဟန်သည် သူ့မျက်နှှာတွင် တစ်ဖန်ပြန်ပေါ်လာသည်။

ဧည့်ခန်းမှ ခပ်သောသောရယ်သံကြောင့် အိမ်ထဲမှ ဦးထွန်းလွင်၏မြေးကလေးပင် ထွက်ကြည့်သည်။  ဦးထွန်းလွင် ကား ယခုမှပင် နှစ်နာရီအတွင်း မတ်တတ်ရပ်ကာ ပုဆိုးကို ပြင်ဝတ်တော့သည်။ မျက်နှာကတော့ ပြုံးနေသည်။ ပြီးတော့ ထပ်ပြောသည်။

            ”ဟုတ်တယ်ဗျ။ ကျွန်တော်က အခုထိ ဝတ္တရားမကင်းတဲ့ ဖွတ်ကျားမင်းပဲ”။      ။

၂၀၁၂၊ စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁) မှ ပုံရိပ်လွှာဆောင်းပါး ဖြစ်ပါသည်။

ဝင်းဇော်လတ် ရေးသည်။

အပိုင်း(၁)သို့

Save

Save

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."