စိတ်ဓာတ်တွေ ညီညွတ်ရဦးမည့် တောင်ငူ အပိုင်း(၂)

 

(၅)

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၂ဝဝ ခန့် မြင့်သော သံတောင်ကြီးသို့ ကျွန်တော်ရောက်ဖြစ်ခဲ့ပါသည်။ တောင်ငူမှ မိုင် ၃ဝ ခန့်ဝေးပါသည်။ လွန်ခဲ့သော ၂၉ နှစ်တုန်းက အဲသည်ကို မရောက်နိုင်ခဲ့။ ငြိမ်းချမ်းရေးဆိုတာ ချိုနဲ့လားဟု မေးနေရသည့် ကာလကိုး။

ထိုစဉ်က သံတောင်ရှိ ပသိချောင်း ရေတံခွန်အထိပဲ သွား နိုင်ခဲ့ပါသည်။ အဲသည်လို သွားရာမှာပင် ရိုင်ဖယ်သေနတ်အိုကြီး တကားကားဖြင့် ပြည်သူ့စစ်များက ကျွန်တော်တို့ မော်တော် ယာဉ်ကို စစ်ဆေးကြသေးသည်။

ယခု ကိုဇော်မင်းဦး မောင်းသည့် ပရိုဘောက်ကားကလေး က တစ်ကွေ့ပြီး တစ်ကွေ့၊ တစ်ထပ်ပြီး တစ်ထပ် တောင်ပေါ်သို့ တက်လာသည်။ ဘယ်နှကွေ့၊ ဘယ်နှထပ်ဆိုသည်ကို ရေတွက်လို့ ပင် မရ။ လမ်းဘေးတွေမှာ ကုမ္ပဏီသစ်စိုက်ခင်းများ၊ ကျွန်းစိုက် ခင်းများကို တွေ့ရသည်။ ပြီးတော့ တောင်နှင့် တောများ။

အမြင့်ကို ရောက်လာသည်နှင့်အမျှ ရာသီက အေးမြလာ သည်။ စိမ်းစိုသော ရှုခင်းမှာ မြူခြည်တွေ ဝေသီလာသည်။ တိမ် သားမျှင်များက ကျဲပါးရာမှ တဖြည်းဖြည်း ထူထဲလာကာ အဆုပ် လိုက် အဆုပ်လိုက် ဖြစ်လာသည်။ စာရေးဆရာမြသန်းတင့်    လားရှိုးမှ ကွတ်ခိုင်အသွား တောင်တွေ၊ တိမ်တွေ ရှုခင်းကို ‘တိမ် ပင်လယ်နှင့် တောင်ထွတ်ကျွန်း’ဆိုပြီး တင်စားခဲ့တာကို သတိရမိ လိုက်သည်။ ဟုတ်သည်ကော။ ယခုလည်း ဖြူလွလွ တိမ်ခိုးတွေက စိမ်းညို့ညို့တောင်တွေကို ရစ်ထွေးထားနေပုံက တိမ်သားပင် လယ်လှိုင်းတွေကြားမှာ တောင်ထွတ်ကျွန်းကြီးတွေ ထိုးထွက်နေ သလိုမျိုး။

သံတောင်ကြီးမြို့ထဲဝင်တော့ ကျွန်တော်တို့တစ်တွေ တိမ် တွေနှင့်အတူ လွင့်ပါးနေသည့်နှယ် ဖြစ်နေပါသည်။ တနင်္ဂနွေ မနက်ခင်းမို့ ခရစ်ယာန်ဓမ္မတေးသံသည်လည်း တိမ်ဦးလေပြည် ဆောင်နှင်စေရာကို ပြန့်လွင့်နေလေသည်။

ကျွန်တော်တို့က တိမ်သားမျှင်တွေထဲ တိုးဝင်ကာ ကိုကျော် စွာဝင်း ချိတ်ဆက်ပေးလိုက်သော သံတောင်ကြီးဌာနေ စောထီး ဝေထံ သွားကြသည်။ သူက အဲသည်မှာ ဓာတ်ပုံနှင့် ဗီဒီယိုလုပ်ငန်း လုပ်နေသူ ဖြစ်ပါသည်။ ပေ ၅၆ဝ မြင့်သော နော်ဘူဘောဆု တောင်း တောင်ထိပ်သို့ လှေကားထစ် ၃၇၄ ထစ်ကို နင်းပြီး သူနှင့် အတူ တက်လာခဲ့သည်။

တောင်ထိပ်မှ မြင်ရသော ရှုခင်းအလှကြောင့် ဘယ်လို အမောပြေသွားမှန်းပင် မသိလိုက်။ နေကို မမြင်ရသော်လည်း နေ ခြည်ရိုက်ထားသည့် တိမ်လှိုင်းဖွေးဖွေးတွေနှင့် တောင်လုံးစိမ်း စိမ်းတွေကြားမှာ မြို့က ပုန်းခိုနေပါသည်။ လှေကားထစ် လက် ဖက်စိုက်ခင်းများက တောင်သားနံရံကို စိမ်းရောင်ခြယ်ရင်း တွဲ လွဲခိုလို့။

သံတောင်ကြီးမှာ လူဦးရေ ၂,ဝဝဝ ခန့် ရှိသည်ဟု စောထီး ဝေက ခန့်မှန်းသည်။ အများစုက ကရင်တိုင်းရင်းသား ခရစ်ယာန် များ ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်နှင့် ဂေါ်ရခါးများလည်း ရှိပါသည်။ ဌာနေများ၏ အဓိကလုပ်ငန်းမှာ ရာသီသီးနှံများ စိုက်ပျိုးခြင်းဖြစ် ပါသည်။ ကော်ဖီနှင့် တညင်းတို့ ဖြစ်သည်။

သည်မှာ တစ်ခု ထူးခြားတာက ဖာလာဖြစ်ပါသည်။ သူက ကွမ်းယာမှာ ထည့်စားသော ဖာလာမဟုတ်။ ဆေးဖော်ရာမှာ သုံး သည့် ဖာလာဖြစ်ပြီး ကိုရီးယားနှင့် တရုတ်တို့က အဓိက ဝယ်ယူ သည်။ ထို့ကြောင့် ဈေးကောင်းရကြောင်း နောက်ပိုင်း ဦးကိုကို ကြီးနှင့် ဆုံခိုက်မှာ သူက ပြောပြပါသည်။

”ကံကောင်းချင်တော့ ကရင်ပြည်နယ်မှာ ဖာလာက အလေ့ကျပေါက်တယ်။ တစ်ရာသီ ဆွတ်ရောင်းရင် တစ်နှစ်စာ လောက်တယ်”ဟု သူက ပြောပါသည်။

စောထီးဝေက သူတို့ဆီမှ ထွက်သည့် ဖာလာကို တောင်ငူ သို့ ပို့ကြောင်း ပြောပြသည်။ ဈေးကောင်းလျှင် ဖာလာတစ် ပိဿာ       ကို ကျပ် ၂ဝ,ဝဝဝ အထိ ရသည်။ ဈေးမကောင်းဘူးဆိုလျှင်ပင် ၁၃,ဝဝဝ ကျပ်လောက်က ပြေးမလွတ်။ တချို့က အခွံလိုက်ရောင်း ကြသည်။ ထိုအခါ တစ်ပိဿာကို ကျပ် ၈,ဝဝဝ မှ ၁၅,ဝဝဝ အထိ ရသည်။

”အခုနောက်ပိုင်း လက်ဖက်တွင်ကျယ်လာတယ်။ လက်ရှိ ခြံဟောင်းတွေက ဒေသခံတွေ။ စစ်တပ်ရှိလာတဲ့အခါ တပ်နဲ့ သစ် တောမြေတွေ ယူပြီး စီမံချက် ဝင်လာတာပေါ့။ လက်ဖက်နဲ့ ယူက လစ်စိုက်တယ်”ဟု စောထီးဝေက ပြောပါသည်။

နော်ဘူဘောဆုတောင်းတောင်မှ အဆင်းမှာ သူက လှေ ကားထစ် လက်ဖက်စိုက်ခင်းများကို အပေါ်စီးမှ မြင်ရသော တောင်စောင်းတစ်နေရာဆီ ခေါ်သွားသည်။ တိမ်မြူပဝါပါး အောက်မှာ လက်ဖက်ခင်းက စိမ်းမှောင်နေသည်။ လက်ဖက်ပင် တွေက ချုံပုတ်ကလေးတွေလိုမျိုး။ ကျွန်တော်တို့ ရပ်ကြည့်နေ သော တောင်စောင်းကမ်းပါးမှာပင် ပေါက်နေတာ တွေ့ရပါသည်။

စောထီးဝေက လက်ဖက်ပင်အကြောင်း ပြောပြပါသည်။

”လက်ဖက်က ပေ ၃,ဝဝဝ အထက်မှာပဲ စိုက်လို့ရတယ်။ အခု မြင်နေရတဲ့ အပင်တချို့ဆို နှစ် ၆ဝ ရှိပြီ။ နှစ် ၁ဝဝ အထိ ခူး လို့ရတယ်။ စစိုက်ပြီး လေးနှစ်လောက်ရှိရင် စခူးလို့ ရပြီ”

တိမ်တွေပေါ်က မြို့ကလေးကို ကြည့်ပြီး သည်နေရာသည် တစ်ချိန်က စစ်၏ ရက်စက်ကြမ်းကြုတ်မှုအောက်မှာ ရောက်နေခဲ့ ရသည်ဆိုတာ မယုံချင်စရာ။ ယခုပင်လျှင် ငြိမ်းချမ်းရေးယူထား သည်ဆိုသော်ငြား မြို့သည် ကေအင်န်ယူတပ်မဟာ ၂ ၏ သြဇာ ရိပ်အောက်မှာ ရှိနေဆဲဖြစ်ကြောင်း ဒေသခံတချို့က ပြောပါ သည်။ တောင်ငူမှ ကျွန်တော့်မိတ်ဆွေတချို့အဆို မြို့က အခွန် အကောက်တွေ ပေးနေရဆဲ။

၂ဝဝ၄ ခုနှစ်မှာ တပ်ကလည်း မြို့မှာ တပ်မြို့ တည်လာ သည်။ ဌာနေတို့အဆို နေပြည်တော်တည်မည်ဆိုကတည်းက မိုင် ၃ဝ ပတ်လည် နယ်မြေရှင်းလင်းရေးကို ၂ဝဝ၂-၂ဝဝ၄ ခုနှစ်များ တွင် လုပ်ခဲ့သည်။ ရွာတချို့ ဝင်စီးခံရသည်ဟု ဆိုပါသည်။ တပ်မြို့ တည်ရာမှာ လုံခြုံရေးအတွက် မိုင်းအလုံးရေ ၃ဝ,ဝဝဝ ချထားခဲ့ဖူး ကြောင်း ဒေသခံတစ်ယောက်က ပြောပြသည်။ ”လူတွေ တော် တော်ထိခဲ့တယ်”ဟု သူက ဆက်ပြောသည်။

မည်သို့ဆိုစေ ယခုအခါ သံတောင်ကြီးသည် နယ်မြေအေး ချမ်းလာခဲ့ပြီဖြစ်သလို လမ်းပန်းဆက်သွယ်ရေးလည်း ကောင်း လာခဲ့ပါပြီ။ အရင်က တောင်ငူမှ သံတောင်ကြီးကို လာဖို့ မလွယ်။ လာမည်ဆိုလျှင်လည်း ခြေကျင်လျှောက်ရသည်။ တစ်ဆယ့် ခြောက်မိုင်နေရာမှာ ချက်ပြုတ်စားပြီး ညအိပ်ရသည်။ ယခုတော့ ကားဖြင့် လေးနာရီလောက်ဆို ရောက်ပြီ။ အဆင်းဆို ပိုမြန်သည်။ သံတောင်ကြီးမှ မြေနီလမ်းအတိုင်း ခရီးဆက်လျှင် လိပ်သိုအထိ ပင် ပေါက်နေပါပြီ။

သည်လို အပြောင်းအလဲတွေကြောင့် သူစိမ်းတွေ ဝင်လာ သည်။ အဓိက မြေဝယ်ရန်ဖြစ်ပါသည်။ ထိုသူများတွင် ရုပ်ရှင်မင်း သား၊ မင်းသမီးများနှင့် အဆိုကျော်များပင် ပါသည်။ သို့ဖြင့် ယခင်က သိန်း ၂ဝ၊ ၃ဝ တန် မြေကွက်များသည် ယခု သိန်း ၁ဝဝ၊ ၂ဝဝ တန် ဖြစ်သွားသည်။

တချို့နေရာများတွင် ရိုးသားသော ဌာနေများကို လမ်း ဖောက်လျှင် မလွတ်ဘူး၊ အသိမ်းခံရလိမ့်မည်ဆိုသော ခြောက် လုံး၊ လှန့်လုံးများဖြင့် ထုတ်မရောင်းရောင်းလာအောင် လုပ်ယူ တာများလည်း ရှိကြောင်း ဒေသခံတချို့က ပြောလိုက်သည်။ သူ တို့အဆို တရုတ်တွေကလည်း ဝက်မွေးရန်၊ ဂေါ်ရခါးသီးစိုက်ရန် ဆိုပြီး မြေလာဝယ်ကြသည်။ သို့သော် စိုက်ပျိုးမွေးမြူရေးကတော့ မဖြစ်ထွန်းသေးချေ။

တောင်ငူ နွေနှောင်းအပူမှ လွတ်မြောက်နေသော ကျွန် တော်တို့အတွက် သံတောင်ကြီး ရာသီဥတုက အဆင်ပြေနေ၏။ ကျွန်တော့်မိတ်ဆွေတစ်ယောက် သြင်္ကန်ကာလအတွင်း သည် မှာ တစ်ရက်တာ ခိုနားခဲ့ရာ နေလို့ထိုင်လို့ အင်မတန်ကောင်း ကြောင်း သူက တခုတ်တရပြောပါသည်။ စောထီးဝေအဆို မိုးက ခြောက်လ ရွာပြီး တစ်ခါတလေမှာ သုံးလလုံးလုံး နေမမြင်ရတတ်။ ဆောင်းမှာလည်း နှုတ်ခမ်းကွဲအောင် အေးသည်။ သို့သော် နွေရာ သီကမူ အလွန်နေလို့ကောင်းသည်။

ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များက ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် သံတောင်ကြီးကို မျက်စိကျနေသည်။ လုပ်ဖို့လည်း တာစူနေကြသည်။ လောလောဆယ်မှာ အိမ်ကို တည်းအိမ်ပုံစံမျိုး အဆင့်မြှင့်ထားသော အိမ်ခြောက်လုံးရှိကြောင်း စောထီးဝေက ပြောပါသည်။

”တစ်ညအိပ် မနက်စာ အပါ ၁၅,ဝဝဝ ကနေ ၃ဝ,ဝဝဝ အထိ ရှိတယ်။ တစ်ယောက်ကနေ ငါးယောက်အထိ တည်းလို့ ရတယ်”

သံတောင်ကြီးက ပြန်အဆင်းမှာ ဟိုတုန်းက ကျွန်တော် ရောက်ခဲ့ဖူးသော ပသိချောင်းဆီ ဝင်ခဲ့ပါသည်။ အဲသည်မှာ ဘိုတဲ အိမ်များ တွေ့ရသည်။ ရွှေသံတောင်ဥယျာဉ်အပန်းဖြေစခန်းဆို ပြီး ဂိတ်တားကာ လူ ၃ဝဝ ကျပ်၊ ဆိုင်ကယ် ၅ဝဝ ကျပ်၊ ကား ၁,ဝဝဝ ကျပ်ဆိုပြီး ပိုက်ဆံကောက်နေတာကို ပေးဆောင်ရသည်။ ချောင်း၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဖြင့် ဝန်ဆောင်မှု ပေးရန် ကောက်သည်လားတော့ မပြောတတ်။

ချောင်းဆီ ရောက်သောအခါတွင်မူ သွင်သွင်ရေစီးသံသည် သာ အတိတ်ကနှင့် တူတာ ကျန်တော့သည်။ ရေက အရင်လို စိမ်း ကြည်မနေတော့။ ချောင်းထဲမှာ ဧည့်သည်တွေက ရေကစားနေ ကြသည်။ ကျောက်ဆောင်ငယ်တစ်ခုပေါ်မှာ ဦးဇင်းတစ်ပါးက အဝတ်လျှော်နေသည်။ ချောင်းနံဘေးကမ်းပေါ်မှာ အမှိုက်တွေ၊ ပလတ်စတစ်အိတ်ခွံတွေဖြင့် ရှုပ်ပွနေ၏။ ဟိုယခင် လူသူ အရောက် အပေါက် နည်းပြီး သဘာဝအလှဖြင့် ကြည်မောဖွယ် ချောင်း ကလေးကို စိတ်ထဲမှာပဲ ပြန်မြင်ယောင်နေမိတော့သည်။

       (၅)

ကိုဇော်မင်းဦးက လိပ်သိုသို့ သွားသောလမ်းပေါ်မှာ ရှိသည့် ရေပူစမ်းဆီ ခေါ်သွားပါသည်။ ထိုလမ်းက ကယားပြည်နယ်မြို့ တော် လွိုင်ကော်အထိ ပေါက်သည်။

ရေပူစမ်းရောက်တော့ ကိုဇော်မင်းဦးတို့က စမ်းထဲ ဝင်စိမ် ကြသည်။ သဘာဝရေပူကို ပိုက်ဖြင့် သွယ်ပြီး အုတ်ကန်ကြီးထဲ ထည့်ထားခြင်းဖြစ်ပါသည်။ သည်ရေပူထဲ စိမ်ခြင်းဖြင့် အညောင်း အညာပြေပြီး ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ဆိုပါသည်။ ကျွန် တော်က ရေပူစမ်းကို ထိန်းသိမ်းရန် မြေပိုင်ရှင်က အစောင့်ချထား သော ကရင်မိသားစုကလေးကို စောင့်ကြည့်နေမိသည်။

သူတို့နေသည်က သစ်၊ ဝါးတို့ဖြင့် ဆောက်ထားသော တောအိမ်ကလေးပါ။ ရေပူစမ်းလာ ဧည့်သည်များအတွက် ဆေး လိပ်၊ ကွမ်းယာ၊ မုန့် စသည့် ထွေလီကာလီကလေးတွေ ရောင်း သည့် ဆိုင်ကလေးရှိပါသည်။ တစ်ယောက်နှင့် တစ်ယောက် ငါး မိနစ်သာ ကွာသော တစ်နှစ်ခွဲ အမြွှာညီနောင်က မျောက်ရှုံး အောင်ဆော့နေကြသည်။ သူတို့က မြေကြီးပေါ်မှာ နေ၊ မြေကြီး ပေါ်မှာ ကစား။ ပေကျံလို့။ စာအုပ်ကြီးတွေထဲက ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများနှင့်တော့ လားလားမျှ မညီညွတ်။ သို့ သော် သူတို့၏ လက်တွေ့ဘဝအခြေအနေက သည်လောက်ပဲ ပေးသည်ကိုး။ မြန်မာ့ကျေးလက်နေ ဆင်းရဲသော ပြည်သူတို့ဘဝ က သည်ပုံစံအတိုင်း ထူးမခြားနားချည်းသာ။ သူတို့အမေက ထင်းဖြင့် ချက်ပြုတ်ရင်း သည်ကလေးနှစ်ယောက်ကိုလည်း ထိန်း နေရလေသည်။

ရေပူစမ်းအတွက် သီးသန့်အဖိုးအခ ကောက်ခံတာမျိုး မရှိ။ ပသိချောင်းက အပန်းဖြေဥယျာဉ်ဆိုတာနှင့်တော့ ကွာဘိ၏။ သည်မှာက သစ်သားစုဘူးကလေး ချထားပြီး ‘ရေပူစမ်းကို ထိန်း သိမ်းရန်’ဟူ၍ စာရေးထားပါသည်။ စေတနာရှိသလောက် ထည့် ခဲ့ကြပေါ့။ ကလေးတို့အမေ ကရင်အမျိုးသမီးကလေးက ”ဒါ စီး ပွားရေးလုပ်တာ မဟုတ်ဘူးလေ”ဟု ပြောပါသည်။

ကိုဇော်မင်းဦးတို့နှင့် ရင်းသည်မို့ သူက ကောက်ညှင်းဆန် ဖြင့် ဖောက်ထားသော ခေါင်ရည်ကို ဧည့်တည်သည်။ အရသာက အနည်းငယ်သက်ပြီး ပူနွေးသည်။ ”ခေတ်မီမီပြောရရင် မြို့ကလို Chemical(ဓာတုပစ္စည်း) တွေ မပါဘူး”ဟူ၍ သူက ပြောပါသည်။

သူတို့ခြံဝိုင်း သစ်ရိပ်အောက်ရှိ ဝါးကွပ်ပျစ်ပေါ်မှာ လူငယ် နှစ်ယောက် ဝါးကျည်တောက်ထဲမှ ခေါင်ရည်ကို ဝါးဆစ်စုပ်တံ ကလေးတစ်ချောင်းဖြင့် တစ်ယောက်တစ်လှည့် စုပ်ရင်း ငြိမ့်နေ ကြသည်။ သူတို့က လွယ်အိတ်နွမ်းနွမ်းကလေးတွေ လွယ်ထားပြီး ပုဆိုးကို ပေါင်လယ်လောက်အထိ လှန်ထားကြသည်။ ဘဝ အမောတွေကို စိတ်လွတ်ကိုယ်လွတ် ဖြေနေကြဟန်တူပါသည်။

သို့သော် ဌာနေများက ခေါင်ရည်လောက်နှင့်သာ တင်း တိမ်ပုံမရ။ အလုပ်အကိုင် သိပ်မရှိသည့်အခါ စိတ်ပြေရာပြေ ကြောင်း ယမကာ မှီဝဲကြဟန်တူပါသည်။ သူတို့ဆိုင်ကလေး နောက်မှာ အရက်ပုလင်းခွံများကို တစ်ပုံကြီး တွေ့ရပါသည်။

”ဒီက ထွက်တဲ့ တညင်း၊ ကော်ဖီ၊ ဒူးရင်း၊ လိုင်ချီးတွေကို မြို့ကို ရောင်း၊ အဲဒါတွေကို ဂရင်းဝီစကီနဲ့ လဲပေါ့။ ဒါ စီးပွားရေး လုပ်ကွက်ပဲ”ဟု ထိုကရင်အမျိုးသမီးကလေးက သူသိထားသော စီးပွားရေးနီတိကို ပို့ချလိုက်ပါသည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် ရေပူစမ်းဆိုင်ရှင် အမျိုး သမီး၏ စီးပွားရေးလုပ်ကွက်မျိုးနှင့်တော့ အလုပ်ဖြစ်မည်မဟုတ်။  ကမ္ဘာကြီးက ရွာတစ်ရွာလို ဖြစ်လာချိန်မှာ သူတို့ရွာက ကမ္ဘာတစ် ခု ဖြစ်ကျန်နေဆဲ။

သို့ရာတွင် ထိုင်းနိုင်ငံအရှေ့ခြမ်း ကုန်းတွင်းပိတ်ပြည်နယ် ဖြစ်သော မယ်ဟောင်ဆောင်နှင့် ဆက်သွယ်ထားသည့် လမ်းကို ဖွင့်လိုက်လျှင် လမ်းတစ်လျှောက်ရှိ ကျေးရွာများ ဖွံ့ဖြိုးလာလိမ့် မည်ဟု မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လည်း ဖြစ် သူ ဦးကိုကိုကြီးက ပြောပါသည်။

ထိုင်းနှင့် ကုန်သွယ်ရေး ရွှေလမ်းငွေလမ်းဖောက်ဖြစ်ပုံကို လည်း သူက ပြောပြသည်။

”၂ဝဝ၉ မှာ ထိုင်းက ဒုကုန်သွယ်ရေးဝန်ကြီး ချာယုက မြန် မာနဲ့ အနီးစပ်ဆုံး မယ်ဟောင်ဆောင်မှာ နယ်စပ်ကုန်သွယ်ရေး လုပ်ဖို့ ကမ်းလှမ်းတယ်။ ကျွန်တော်အပါအဝင် ငါးဦး တာဝန်ပေးခံ ရတယ်။ အဲဒီမှာ တောင်ငူနဲ့ သိပ်မဝေးတဲ့ ဖားဆောင်းကို ရွေးပေး ခဲ့တယ်။ ကေအင်န်ယူနဲ့ကလည်း ငြိမ်းချမ်းရေးယူထားပြီးပြီဆို တော့ အဆင်ပြေတာပေါ့။ ကျွန်တော်တို့ ထိုင်းဘက်က ကွေ့ သယောင်းမြို့မှာ ကုန်စည်အရောင်းအဝယ် လုပ်ခဲ့ကြတယ်”

တောင်ငူ၏ တည်နေရာက နေပြည်တော်လိုပင် မြန်မာ နိုင်ငံ၏ အလယ်ဗဟိုနားမှာ ရှိနေသည်။ ရန်ကုန်-မန္တလေး ကား လမ်း၊ ရထားလမ်းပေါ်မှာ ရှိနေသောကြောင့် အချက်အချာကျ သည်ဟု ဆိုနိုင်ပါသည်။ ယခုဆို အနောက်ဘက်တွင် အုတ်တွင်း၊ ပေါက်ခေါင်းမှတစ်ဆင့် ပြည်သို့ လမ်းပေါက်နေပြီ။ အရှေ့ဘက် တွင် လိပ်သိုမှ တစ်ဆင့် လွိုင်ကော်သို့ သွားနိုင်သည်။ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်နှင့် လမ်းကလည်း ပြီးနေပြီ။ ထိုလမ်း ဖွင့်လိုက်လျှင် ထိုင်းသို့ နေ့ချင်း ရောက်နိုင်တော့မည်။

မြဝတီနှင့် ရန်ကုန်တို့သို့ တိုက်ရိုက်ကူးသန်းရောင်းဝယ် ခြင်းများလည်း ရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်၊ မြို့မိမြို့ဖလည်း ဖြစ်သူ ဦးမြင့်ညိုက ပြောပါသည်။ သူ့အဆို နေ့စဉ် ယာဉ်ခုနစ်စီးခန့်က ထိုသို့ ကုန်စည်များအား သယ်ယူပို့ဆောင်ပေး နေပါသည်။

ထို့ကြောင့် ထိုင်းကုန်စည်များဖြစ်သည့် စားသောက်ကုန် အမျိုးမျိုး၊ အထူးသဖြင့် အချိုရည်မျိုးစုံ၊ ဆေးဝါး၊ အလှကုန်၊ စာ ရေးကိရိယာနှင့် စတီးလ်ပစ္စည်းများကို အရောင်းစင်များပေါ်မှာ ပေါပေါများများ တွေ့နေရတာ ဖြစ်ပါသည်။ လျှပ်စစ်ပစ္စည်းများ ကတော့ တရုတ်ဘက်မှ အဝင်များကြောင်း ဝင်းမတ်စတိုးဆိုင် များ ပိုင်ရှင် ဒေါက်တာဝင်းရဲခိုင်က ပြောပါသည်။

တောင်ငူ၏ လူမှုစီးပွားဘဝကို ဦးမြင့်ညိုအား မေးကြည့် တော့ သူက မြို့မှာ ကရင်၊ ဗမာ၊ ရှမ်း၊ ပအို့ဝ်၊ တရုတ်စသည့် လူမျိုး ပေါင်းစုံနေထိုင်ကြောင်း၊ ဗုဒ္ဓဘာသာသာသနာ ထွန်းကားကြောင်း ပြောပြသည်။

”ခရစ်ယာန်လည်း ထွန်းကားတယ်၊ ဟိန္ဒူ၊ အစ္စလာမ် လည်း ရှိတယ်၊ စီးပွားရေးလည်း လျှမ်းလျှမ်းတောက် မဟုတ်ပေ မယ့် မြို့တစ်မြို့ အင်္ဂါရပ်နဲ့အညီ ရပ်တည်နိုင်တယ်”

တောင်ငူမြို့ခံများက သူတို့မြို့သည် ဆင်းရဲချမ်းသာ ကွာဟ မှု နည်းနည်းမျှတသည်ဟု ဆိုပါသည်။ ”အိမ်ထောင်စုတစ်စုရဲ့ မီး ဖိုချောင်စရိတ်က သိပ်မကြီးဘူး။ သာမန်လူတွေအတွက် တစ် ရက် သုံးထောင်ရှိရင် အသားဟင်းကလေးတစ်ခွက်၊ အသီးအရွက် ဟင်းတစ်ခွက် ချက်နိုင်တယ်”ဟု သတင်းထောက် ကိုကျော်သူ ဝင်းက ပြောပါသည်။

ရေပူစမ်းက မိသားစုလိုမျိုး ချို့ချို့ငဲ့ငဲ့ နေနေကြရသော ကျေးလက်ဘဝကတော့ အချိန်ကာလနှင့်အတူ၊ မြို့ပြတိုးတက်မှု များနှင့်အတူ စီးမျောလိုက်ပါနိုင်သေးဟန် မတူ။ တောင်သူဦးကြီး အများစု ဝမ်းစာဖူလုံရေးအဆင့်ကနေ သိပ်ပြီး တက်မလာနိုင် သေးသည်ကို ဦးကိုကိုကြီးက သူ့ဖခင် ဆန်စက်ပိုင်ရှင်ဘဝ၊ သူ့ လက်ထက်နှင့် ယခု သူ့သားတို့ခေတ် မျိုးဆက်သုံးဆက်ကို နှိုင်း ယှဉ်ပြောပြပါသည်။

”ကျွန်တော့်အဖေက ဟိုတုန်းက သူ့မိတ်ဆွေ လယ်သမား ကြီးတစ်ယောက်ကို ‘ဦးပွား ဝမ်းစာလောက်ရဲ့လား’မေးတော့ ‘လောက်ပါတယ် သူဌေး’ဆိုပြီး ဖြေတယ်။ ကျွန်တော့်လက်ထက် အဲဒီလယ် သမားကြီးသားကို ‘ဝမ်းစာ ဘယ်လိုလဲ’မေးတော့ ‘လောက်ရုံပါပဲ’တဲ့။ အခု ကျွန်တော့်သားလက်ထက် လယ်သမား ကြီးရဲ့ မြေးကို မေးတော့ ‘ဝမ်းစာတောင်အနိုင်နိုင်ပဲ’ ဖြစ်နေတယ်”

အရင်တစ်ခေတ်က လူတွေ ဆင်းရဲအောင်၊ ပညာမတတ် အောင် တမင်လုပ်ထားခဲ့သည်ဟု ဦးကိုကိုကြီးက ပြောပါသည်။ သည်တော့ လူအများကိုယ်ကျင့်တရား ပျက်ပြားခဲ့ရလေသည်။

ဆင်းရဲပြီး ပညာဉာဏ်ချို့တဲ့ခြင်းကြောင့် အမြင်တိုကာ အတ္တကြီးလာကြသည်။ တချို့ ချမ်းသာသော်လည်း ပညာမတတ် ပြန်သောကြောင့် အမြော်အမြင် မကြီးနိုင်ကြ။ ထိုနည်းတူ ပြည့်စုံ ကုံလုံပြီး ပညာတတ်သော်ငြား ကိုယ်ကျိုးစီးပွားကိုပဲ ဗဟိုပြုနေ ပြန်လျှင် ရှေ့က လူတွေနှင့် ဘာများ ကွာခြားဦးမည်နည်း။ သည် လိုလူတွေ များနေလျှင် မြို့ ရေရှည်ဖွံ့ဖြိုးရေးအတွက် စိတ်ဓာတ် တွေ ညီညွတ်နိုင်ဖို့ဆိုတာ လွယ်မည်မဟုတ်။

ရန်ကုန်သို့အပြန်မှာ ဂန္ထဝင်တောင်ငူခရီးသည်တင်ယာဉ်က အမြန်လမ်းမကြီးပေါ် တက်လိုက်တော့ ကျွန်တော်က တောင်ငူ ဘက်ဆီ သမင်လည်ပြန်ကြည့်လိုက်မိသည်။ မုတ်သုံ၏ အငွေ့ အသက်လေပဲလားတော့ မပြောတတ်။ မြို့ကောင်းကင်ယံမှာ အလင်းငွေမျှင်စတို့ ပြိုးပြက်နေသော်ငြား တိမ်ညိုစတို့ကလည်း အုံ့ဆိုင်းနေလေသည်။      ။

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၆)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

ထင်အောင်ကျော် ရေးသည်။

    အပိုင်း(၁)သို့

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."