မြိတ်ကျွန်းစုမှ အပျိုစင်ကျွန်းများသို့တစ်ခေါက်

Photo-Thet Htar Swe

ဒီနှစ် သြင်္ကန်ကာလမှာ မာရုသာမုန်တိုင်းကြောင့်မိုးတွေ ဆက်တိုက်ရွာနေလို့အစောပိုင်းကတည်းကစီစဉ်ထားတဲ့ မြိတ်ကျွန်းစုခရီးစဉ်ဟာ မိုးတွေလေ တွေကြားကခါတိုင်းနှစ်တွေနဲ့ မတူတဲ့အတွေ့ အကြုံသစ်တွေရခဲ့တယ်။

ညဘက်စထွက်လာတဲ့အချိန်မှာ မပြတ်တမ်း ရွာတဲ့မိုးတွေ၊ လေတွေကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ခဲ့ရသလို မြန်မာပြည်တောင်ပိုင်း ပင်လယ်ပြင်ထဲက ပစ္စည်းချင်း ဖလှယ်စားကြတဲ့ ဘာတာစနစ်ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ ခွင့်ရခဲ့တယ်။

သူငယ်ချင်းတွေစုပြီး မြန်မာပြည်တောင်ပိုင်းက မြိတ်ကျွန်းစုတွေဘက်ကို Road Trip ထွက်ကြဖို့ သြင်္ကန်မတိုင်မီ တစ်လကျော်လောက်ကတည်းက စီစဉ်နေခဲ့တာပါ။ Road Trip ဖြစ်တဲ့အတွက် ခရီးလမ်းကြောင်းအခြေအနေကို အရင်စုံစမ်းရပါတယ်။

ရန်ကုန်၊ ထားဝယ်၊ မြိတ် ကားလမ်းဆိုတာ ဟိုးအရင်ကာလက သံဖြူဇရပ်ကျော်ရင် စိတ်ချရတဲ့ အနေအထား မဟုတ်ဘူးလေ။ကားလမ်းက မကောင်း၊ လက်နက်ကိုင်တွေ ကြီးစိုးတဲ့နေရာဖြစ်သလို တောတွေ၊ တောင်တွေကျော်ပြီး ဘယ်ကမှန်းမသိ ရောက်ရောက်လာတဲ့ ဓားပြရန်ကလည်း ကြောက်ရတယ်။ အခုအချိန်မှာတော့ ကားလမ်းတွေလည်း တော်တော်လေးကောင်းလာပြီ ဖြစ်သလို နယ်မြေလည်း အေးချမ်းသွားပါပြီ။

လမ်းအဆင်ပြေတော့ တည်းခိုဖို့ စီစဉ်ရပါတယ်။ရန်ကုန်ကနေ မြိတ်အထိ မိုင်ပေါင်း ၆ဝဝ နီးပါးရှိပြီး ပုံမှန်ကားတွေက ၁၈ နာရီလောက် မောင်းရတယ်လို့ ပြောကြတယ်။ကျွန်မတို့အုပ်စုက တောက်လျှောက် မမောင်းနိုင်တဲ့အတွက်ကြားထဲမှာ တစ်ညအိပ် ဖို့ ထားဝယ်ကို ရွေးလိုက်တယ်။

ထားဝယ်နဲ့ မြိတ်ဘက်မှာ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေ တော်တော်များများရှိပြီး ဝန်ဆောင်မှု၊ နေရာ၊ Facility ပေါ်မူတည်ပြီး ဈေးနှုန်းအစားစားရှိပါတယ်။ အမြင့်ဆုံး ခြောက်သောင်းကျော်ကနေ အနိမ့်ဆုံး ၁၅ဝဝဝ လောက်ထိ ရှိပါတယ်။ထားဝယ်မှာဆို ဇေယျာထက်စံ၊ ရွှေမောင်းသံ၊ Grand Hotel တွေရှိသလို မြိတ်မှာဆို Grand Jade Hotel ၊ အိမ်တော်ဖြူဟိုတယ၊် ပုလဲသန္တာဟိုတယ်၊ မြင့်မိုရ်ဟိုတယ် စတဲ့ ဟိုတယ်တွေ ရှိပါတယ။် ဘတ်ဂျက်တည်းခိုခန်း အနေနဲ့ဆို မြိတ်မှာ Myeik Royal Guest House၊ ရွှေဟင်္သာ၊ Sun Guest House စတာတွေ ရှိပါတယ်။ ဟိုတယ်တွေကို ဒေသခံတွေဆီက တစ်ဆင့်စုံစမ်းသလို အွန်လိုင်း၊ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ရှာပြီး Booking လုပ်ပြီးတဲ့အခါမှာတော့ ခရီးထွက်ဖို့ အဆင်သင့်ပဲ။

ရန်ကုန်ကနေ ထားဝယ်ကို မိုင်ပေါင်း ၄ဝဝနီးပါးရှိပြီး ပုံမှန် ကားမောင်းချိန် ၁ဝ နာရီကျော်လောက် ရှိတယ်လို့ ပြောကြတယ်။ မော်လမြိုင်ဘက်ခြမ်းက နှစ်ဆန်းတစ်ရက်နေ့ထိ ရေပက်တတ်ပြီးကားတွေပိတ်မှာ စိုးတာနဲ့ ရန်ကုန်ကနေ အတက်နေ့ ညဘက် ၉နာရီလောက်ကတည်းက စထွက်ခဲ့ကြတယ်။ ကျွန်မတို့ ခရီးထွက်တဲ့ရက်က ရခိုင်ဘက်မှာ မုန်တိုင်းစဝင်တဲ့ရက်ပေါ့။

ရန်ကုန်က ထွက်စက ရာသီဥတုက သာသာယာယာပါ။ ဘုရားကြီးကျော်ပြီး ဝေါမြို့နယ်လောက် ရောက်ကတည်းက မာရုသာမုန်တိုင်းရဲ့ အစွမ်းက စပြတော့တာပါပဲ။ မိုးတောက်လျှောက်ရွာပြီး လေတွေတိုက်တဲ့အတွက် ကားကို ခပ်ဖြည်းဖြည်းပဲ ထိန်းမောင်းကြရတယ်။ ကားနှစ်စီး လူလေးဦး သွားကြတာပါ။ မော်လမြိုင် မရောက်ခင်စပ်ကြားမှာ သစ်ပင်တွေ လဲနေတာ၊လမ်းမပေါ် သစ်ရွက်တွေပြန့်ကျဲနေတာ တွေ့ရတယ်။

Photo- Thet Htar Swe              သမီးလှကျွန်းအနီး Snorkeling နေရာ

မော်လမြိုင်ဘက်မှာ ညဘက်မောင်းတဲ့ကားတွေက ဘုရား ပွဲလှည့်သလို ကားမီးတွေကို ကားပတ်ပတ်လည်မှာ ထွန်းကြတယ်။ ကားနည်းနည်းမြင့်ရင် ကားနဖူးတန်းမှာ မီးကြီးတွေကို အတန်းလိုက် ထွန်းကြပြီးကားသေးဆိုရင် ကား မီးနေရာကနေ အောက်ခြေဘန်ဘာအထိ မီးလုံးအကြီးအသေးမျိုးစုံတပ်ပြီးထွန်းကြတယ်။ ညဘက် လမ်းမီးမရှိတဲ့နေရာတွေမှာ မိုးက သည်းနေအောင်ရွာတဲ့အချိန် တစ်ဖက်လမ်းကလာတဲ့ သူတို့ကားမီးစူးစူးတွေနဲ့ ကိုယ့်ကားမီး ဆုံမိရင် ရှေ့ကို ဘာမှ မမြင်ရအောင် ဖြစ်သွားတတ်တော့ အရမ်းအန္တရာယ်များပါတယ်။ မိုးထဲ လေထဲဘုရားတပြီး သွားနေရတာပါ။

ကားလမ်းတစ်လျှောက် ကားဘီးတွေအောက်မှာ ပြားတဲ့ဖားက ပြားနေပြီး ကျန်တဲ့ ဖားအရှင်ကို လိုက်ကောက်နေတဲ့ကလေး၊ လူကြီးတချို့ကို လေကြီးမိုးကြီးကျနေတဲ့ ညသန်းခေါင်အချိန်မှာ ဓာတ်မီးရောင်တလက်လက်နဲ့ ဟိုနားတစ်စု၊ ဒီနား တစ်စု တွေ့ ခဲ့ရတယ်။

လျှပ်စီးတွေ တဖျပ်ဖျပ်လက်ပြီး တဝုန်းဝုန်းရွာတဲ့မိုးကြားထိန်းမောင်းရင်းနဲ့ မော်လမြိုင်ရောက်တော့ မနက် သုံးနာရီလောက် ရှိပြီ။ အတူပါတဲ့ သူငယ်ချင်းတွေရဲ့ အသိအိမ်မှာ ခဏမှေးပြီး မနက် ၆ နာရီလောက် မော်လမြိုင်ကနေ ပြန်ထွက်လာကြတယ်။ မနက်စာကို အမှတ် ၉ ကျောင်းနားက မော်လမြိုင်ရဲ့နာမည်ကျော် ရေစိမ်မုန့်တီဆိုင်မှာ စားခဲ့တယ်။

မုဒုံဘက်ရောက်တော့ ရေပက်ခံဖို့ မော်လမြိုင်ဘက်ကိုတက်လာတဲ့ ကားတွေကို မနက်စောစော မိုးတွေလေတွေကြားထဲ တွေ့ခဲ့ရတယ်။ ဘယ်လောက် မိုးရွာရွာ ရာသီဥတုကို မမှုဘဲ သြင်္ကန်ကို ပျော်ကြတဲ့ မြန်မာပြည်တောင်ပိုင်းက လူတွေရဲ့ ချစ်စရာ ဓလေ့တစ်ခုပေါ့။

မုဒုံကျော်ပြီး သံဖြူဇရပ်ရောက်တဲ့အခါမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေဆောက်ခဲ့ပြီး မြန်မာအပါအဝင် အရှေ့တောင်အာရှဘက်က စစ်သုံ့ပန်း တစ်သိန်းကျော်လောက် အသက်ပေးခဲ့ရတဲ့ သေမင်းတမန် ရထားလမ်းနဲ့ပြတိုက်လည်း ရှိပါသေးတယ်။

တောက်လျှောက်ရွာတဲ့မိုးက ရေးမြို့နယ်အဝင်မှာ တစ်ချက်တိတ်ပြီး နေရောင်လေးတောင် လက်ခနဲ တွေ့ရလို့ ပျော်မိသေးတယ်။ ဒါပေမဲ့ ခဏပါပဲ။ ရေးမြို့က ထွက်ကတည်းကတောက်လျှောက်ရွာတာ ထားဝယ်အထိပါ။ ရေးမြို့မှာ အပေါ့အပါးအတွက် ခဏနားပြီး ဆက်ထွက်ခဲ့ကြတယ်။ ရေးမြို့ကိုကျော်ပြီး မလွှဲတောင်တက်တော့ စိမ်းစိုနေတဲ့ သစ်တောအုပ်တွေကြားထဲကို တိုးဝင်နေတဲ့ တိမ်စိုင်တိမ်မျှင်တွေကို တွေ့ရတယ်။သစ်ပင်တွေက မိုးတိမ်တွေကို ဆွဲငင်နေတဲ့ အလှတရားက သစ်ပင်သစ်တော မရှိတဲ့ ကျွန်မတို့ မြေပြန့်က လာသူတွေအတွက်မြင်ရခဲတဲ့ အလှတရားတစ်ခုပါ။

တောင်ပေါ်ရဲ့အချို့နေရာတွေမှာ တောင်ကျစမ်း   ရေတွေက  ရေတံခွန်အသေးစားတစ်ခုလို တဝေါဝေါနဲ့ ကျနေလေရဲ့။ ဒီလိုမျိုးရေတဝေါဝေါနဲ့ အရှိန်ပြင်းပြင်း စီးကျနေတာက နွေရာသီမှာတွေ့ဖို့ မလွယ်ပေမယ့်တစ်နေ့လုံးတစ်ညလုံးရွာတဲ့ မိုးကြောင့်သာပေါ့။မိုးလေတွေကြား သြင်္ကန်ပျော်ကြသူတွေကို ထားဝယ်မရောက်ခင်မြို့အဝင်နားမှာ အုပ်စုလိုက် တွေ့ရတယ်။ လောင်းသူနဲ့ ရေပက်ခံထွက်သူတွေကြား အပေးအယူမျှမျှ ပျော်နေကြပေမယ့် ကျွန်မကတော့ ကားထဲကနေ သူတို့ကို ကြည့်ပြီး တုန်နေအောင် အေးနေရော။

ထားဝယ်ကို ချောချောမောမောရောက်ခဲ့ပြီး ရန်ကုန်ကနေထားဝယ်ကို ကားမောင်းချိန် စုစုပေါင်း ၁၄ နာရီလောက် ကြာပါတယ်။ ကားလမ်းတွေလည်း ကောင်းပါတယ်။ မလွှဲတောင်အတက်လမ်းမှာ လမ်းတွေ ပြင်နေတာ၊ ချဲ့နေတာ တွေ့ခဲ့ရတယ်။1.3  Engine ကားတစ်စီးအတွက် ဆီဖိုး ၂ဝဝဝဝ လောက် ကုန်ပါတယ်။

Photo- Thet Htar Swe                ငါးမွေးမြူရေးစခန်း(ငါးဖောင်ကျွန်း)

ထားဝယ်ကို ရောက်ရောက်ချင်း သတိထားမိတာက လမ်းလေးတွေ သန့်ရှင်း သပ်ရပ်နေတာပဲ။ မြို့တွင်းလမ်းတွေက သိပ်မကျယ်ပေမယ့် လမ်းပေါ်မှာ ကွမ်းတံတွေးမရှိ၊ အမှိုက်မရှိနဲ့မို့ မြင်ရတာ စိတ်ချမ်းသာတယ်။ မြို့ရဲ့ သန့်ရှင်းရေးစနစ်က ပုဂ္ဂလိက ယူထားပုံရတယ်။ မနက်ပိုင်းမှာခေါင်းလောင်သံတချွင်ချွင်နဲ့ အမှိုက်ကားတစ်စီး အမှိုက်တွေ လိုက်သိမ်းနေတာ တွေ့ရတယ်။

မြို့က သိပ်မကြီးသလို မြို့ကွက်ဖော်တာကလည်း လေးထောင့်စပ်စပ်နဲ့ စနစ်ကျတယ်။ လမ်းတွေက တစ်ခါသွားပြီးရင်မှတ်မိလွယ်တယ်။ အိမ်လေးတွေ၊ လမ်းလေးတွေ ပုံစံက ထိုင်းနိုင်ငံ ချင်းမိုင်မြို့လေးနဲ့ ခပ်ဆင်ဆင်ပဲ။ရှေးဟောင်းကနုတ်တွေနဲ့နှစ်ထပ်သစ်သားအိမ်ဟောင်းတွေ တော်တော်များများ တွေ့ရတယ်။

ဒေသစာအနေနဲ့ဆို ထားဝယ်မုန့်လက်သုပ်၊ ထားဝယ်မုန့်ဟင်းခါးက နာမည်ကြီးတယ်လေ။ တစ်ပွဲမှ သုံးရာ၊ အကြော်နဲ့လေးရာ ပေးရတယ်။ ငါးပြုတ်ရည် အကြည်ရောင်ထဲ မုန့်ဖတ်ထည့်၊ ကြက်သွန်စိမ်း၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ သံပရာရည် ညှစ်ထည့်ထားတဲ့ ချဉ်ချဉ်စပ်စပ်မုန့်လက်သုပ်က သရေစာအနေနဲ့ အဆာပြေစားလို့ကောင်းပါတယ်။ မုန့်ဖတ်ထဲ ငှက်ပျောခေါင်းနုနုလေးပါတဲ့ ငါးပြုတ်ရည် ပြစ်ပြစ်လေးထည့််၊ ငရုတ်သီး ဆီချက်လေးနဲ့က ထားဝယ်မုန့်ဟင်းခါးပါ။ ထားဝယ်က ထိုင်းနဲ့နီးပြီး ထိုင်းကို အလုပ်သွားလုပ်တာ၊ ကုန်သွယ်တာမျိုးနဲ့ ကူးလူးဆက်ဆံမှုများလို့ ထားဝယ်မှာ ထိုင်းအစားအစာကောင်းကောင်းလည်းရတယ်။

ထားဝယ်က ခရီးတစ်ထောက်နားမို့ ကျန်တဲ့နေရာတွေမလည်ခဲ့ရဘူး။ တကယ်က ထားဝယ်နဲ့ အနီးဝန်းကျင်မှာလည်းလည်စရာနေရာတွေ အများကြီးရှိပါတယ်။ မျှော်ရစ်၊ ပရှုးကြောက် ဘုရား၊ ရှင်ကိုးရှင် ဘုရားတွေဖူးပြီး ရေပူစမ်း၊ မြင်းခွာအော်ကမ်းခြေ၊ မောင်းမကန်ကမ်းခြေကို သွားလည်လို့ရပါတယ်။ရေအရမ်းကြည်ပြီး Snorkeling (ရေငုပ်)လုပ်လို့ အရမ်းလှတယ်ဆိုတဲ့ လောင်းလုံး ဘုတ်ကျွန်းက အခုချိန်မှာတော့ လည်ပတ်ခွင့်ပိတ်ထားတယ်။

ကျွန်းပေါ်မှာ ညအိပ်ချင်ရင် ထားဝယ်နဲ့ အနီးဆုံး အောချဝက်ရွာနားက Myanmar Paradise Island ဆိုတာ ရှိတယ်။ကျွန်းပေါ်မှာ ဘန်ဂလိုရှိပြီး တစ်ညကို လေးသောင်းပါ။ Air Con မရှိ၊ ပန်ကာမရှိ၊ လျှပ်စစ်အတွက် ဆိုလာစနစ်သုံးပါတယ်။ ဖုန်းလိုင်းလည်းမမိလို့ ပြင်ပကမ္ဘာကို အဆက်ဖြတ်ထားချင်သူတွေနားအေးပါးအေး လာရောက် ခိုလှုံစရာနေရာလေးတစ်ခုပေါ့။ဒီနေရာကို နိုင်ငံခြားသားတွေ အလာများပြီး ဘန်ဂလိုက အခန်းနည်းတဲ့အတွက် ဘွတ်ကင်တင်ရတာ တော်တော်ခက်ပါတယ်။ကျွန်မတို့ အဲဒီကျွန်းမှာ ညအိပ်ဖို့ စီစဉ်ပေမယ့် ဘွတ်ကင်ပြည့်နေတဲ့အတွက် လက်လျှော့ခဲ့ရတယ်။

ထားဝယ်ကနေ မနက် ၁ဝနာရီခွဲလောက်မှစပြီး မြိတ်ကိုထွက်ဖြစ်တယ်။ ရာသီဥတုက သာယာတယ်။ ထားဝယ်က စထွက်ကတည်းက လမ်းဘေးဝဲယာတစ်လျှောက် ရှုခင်းက ထန်းတောတွေ၊ လယ်ကွင်းတွေ၊ ဆီအုန်းတောတွေ၊ ရာဘာတောတွေကို မရိုးနိုင်အောင် တွေ့ရတယ်။ စိမ်းစိုနေတဲ့တောတောင်တွေကဖြတ်သန်းလာတဲ့ လေနုအေး လတ်လတ်ဆတ်ဆတ်ကိုလည်း ရှူရှိုက်ခွင့်ရတဲ့အတွက် ပင်ပန်းမှုတွေ ပြေပျောက်စေတယ်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲမှာ မြိတ်ကိုသွားတဲ့ လမ်းခွဲရှိပါတယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေ ရှိသလို လမ်းကလည်း ရှင်းရှင်းလင်းလင်းရှိလို့ လမ်းမှားမှာ စိတ်ပူစရာမလိုပါဘူး။

ကားလမ်းအနေနဲ့ဆို ထားဝယ်၊ မြိတ်ကြား လမ်းအနေအထားက အရမ်းမမြင့်တဲ့ တောင်တက် တောင်ဆင်းတွေရှိပြီး အကွေ့အကောက်လည်း နည်းနည်းပိုများတယ်။ အချို့နေရာတွေမှာ လမ်းကောင်းသလို အချို့နေရာကျ နဂိုလမ်းဟောင်းကို ထပ်ပိုး ထပ်ဖြည့်ပြီး လမ်းတွေ ချဲ့ထားတယ်။ ချိုင့်မရှိပေမယ့် လမ်းက အချို့နေရာတွေမှာ လှိုင်းနည်းနည်းရှိတာ တွေ့ရတယ်။ တံတားအသေးလေးတွေ ပြင်နေတဲ့အတွက် လမ်းလွှဲကနေ သွားရတာလည်း ရှိတယ်။

ထားဝယ်ကနေ ပလောက်ထိ နှစ်နာရီကျော်လောက် သွားရတယ်။ ပလောက်ရောက်တော့ ထမင်းစားချိန်ကျော်နေပြီမို့ပလောက်အဝင် လမ်းညာဘက်ခြမ်းက ရင်ခုန်သံထမင်းဆိုင်မှာစားခဲ့တယ်။ နယ်မြို့လေးပေမယ့် ဟင်းတော်တော်စုံတာ တွေ့ရတယ်။ ကြက်သားချဉ်စပ် အရည်ကျဲ၊ ကြက်အာလူး၊ ငါးခြောက်ဒန့်သလွန်၊ ငါးသေတ္တာချက်၊ မှိုကြော်မှာလိုက်တာ စားလို့ကောင်းတယ်။ ကြက်ရိုးကျောက်ဖရုံသီးဟင်းချိုလေးကလည်း ချိုပြီးသောက်လို့ ကောင်းပါတယ်။ လေးယောက်စားတာ ကြံရည်အပါအဝင် တစ်သောင်းကျော်ပဲ ကျတယ်။

ပလောက်ကျော်ပြီး ပုလောဝင်ကတည်းက ဆိုင်ကယ်တွေအသွားအလာများတာ သတိထားမိတယ်။ လူငယ်တွေ အုပ်စုလိုက်၊ လူငယ်စုံတွဲလေးတွေရော အဝတ်အစား အသစ်လေးတွေနဲ့လှလှပပ ပြင်ဆင်ပြီး ပွဲတစ်ခုခုရှိလို့ တစ်နေရာကို ဦးတည်သွားနေတာမျိုး တွေ့ရတယ်။ တစ်လမ်းလုံး ဆိုင်ကယ်တွေကို သတိထားရှောင်ပြီး မောင်းလာရတယ်။ လမ်းဘေးတစ်နေရာမှာ အုပ်စုလိုက်ရပ်နေတဲ့ ဆိုင်ကယ်အုပ်စုနားကပ်ပြီး မေးလိုက်တော့ ပါဒစက်တော်ရာဘုရားပွဲ သွားမလို့တဲ့။

ဒီဘက်က ဆိုင်ကယ်တွေက ယိုးဒယားဘီးအသစ်တွေ အများစုဖြစ်ပြီး အင်ဂျင်ပါဝါကောင်းတော့ ကားနဲ့ အပြိုင်မောင်းနိုင်ကြတယ်။ လူစီးများတာ Honda Click ဘီးတွေဖြစ်ပြီး အခုနောက်ပိုင်း Honda PCX တွေ အစီးများတယ်လို့ သိရတယ်။ လူငယ်တွေ အများစုကတော့ အင်ဂျင်ပါဝါကြီးတဲ့ Honda MSX တွေ စီးကြတယ်။ ဆိုင်ကယ်တွေကအော်တိုတွေဖြစ်ပြီးကီလို ၁ဝဝ ကျော်လောက်ထိ မောင်းလို့ရတော့ တစ်ခါတလေကိုယ့်ကားက ရှေ့ကားကို ကျော်တက်ဖို့ ပြင်နေချိန် ဆိုင်ကယ်တွေက ကားဘေးကနေ ကပ်ပြီး ကျော်တက်တတ်လို့ မျက်စိရှင်ရှင်နဲ့သတိထားမောင်းရတယ်။

တစ်လမ်းလုံး ဆိုင်ကယ်တွေကို သတိထားမောင်းရင်း ခပ်လှမ်းလှမ်းက တံတားကြီးတစ်စင်းမြင်လိုက်ကတည်းက မြိတ်ရောက်ပြီလို့ ထင်လိုက်သား။ ကျွဲကူး ကျောက်ဖျာ တံတားကြီးပါ။ မြိတ်ကို ညနေ ၄ နာရီလောက်ရောက်ပါတယ်။ ထားဝယ်ကနေ မြိတ်အထိ ကားမောင်းချိန် ငါးနာရီကျော်ကြာပြီး ဆီဖိုး ၁၅,ဝဝဝ လောက် ကုန်ပါတယ်။

ရောက်ရောက်ချင်း ဟိုတယ်မှာ ခဏနားပြီး ရေချိုး၊ ညစာစားဖို့ ကမ်းနားလမ်းဘက် ပြန်ထွက်ပါတယ်။ မြိတ်မှာက ကမ်းနားလမ်းတစ်လျှောက် စားသောက်ဆိုင်တွေ တော်တော်များများရှိပြီး လူစည်ကားပါတယ်။ ကမ်းနားလမ်းမှာပဲ နာမည်ကျော ်သဘာဝငှက်သိုက်အိမ် ရှိပါတယ်။ ငှက်သိုက်က တစ်ကျပ်သားကို ၂၅,ဝဝဝ ကျပ်ပါ။ ကမ်းနားလမ်းကနေ ဟိုးတစ်ဖက်ခြမ်း ပင်လယ်ပြင်ထဲက ထိုးထွက်လာတဲ့ ပထော်ပထက်တောင်ရဲ့ နေဝင်ဆည်းဆာအလှကို ငေးမောခဲ့တယ်။

မြိတ်မြို့ပေါ်မှာ ကိုလိုနီလက်ရာ အိမ်တော်တော်များများ ကျန်သေးတယ်။ သစ်သားအိမ်နီကြီးတွေရော၊ အုတ်ခံ နှစ်ထပ်တိုက်တွေရော အများကြီးပဲ။ တလိုင်းစုရပ်ကွက်ရဲ့ လမ်းထောင့်ကခမ်းနားတဲ့ အဝါရောင်သုံးထပ်တိုက်က ပီနန်တိုက်လို့ လူသိများတယ်။ ဟိုအရင်ခေတ်က ပီနန်တွေ မြိတ်ကို ကုန်သွယ်ဖို့ လာရောက်ခဲ့စဉ်က ပီနန်က ကုန်သည်တစ်ယောက် ဆောက်ခဲ့တဲ့အိမ်ဖြစ်ပြီး လက်ရှိမှာလည်း သူ့မျိုးဆက်တွေ အစဉ်အဆက် နေထိုင်နေဆဲ ဖြစ်တယ်။

အဲဒီအိမ်နဲ့ လမ်းခြားပြီး လမ်းမကြီးပေါ်မှာ ရှေးဟောင်းအိမ်အမည်းကြီးက ကြည့်လိုက်တာနဲ့ ရှေးဟောင်းအိမ်မှန်း ပေါ်လွင်နေတယ်။ အိမ်ရဲ့ အောက်ထပ်မှာ လက်ဖက်ရည်ဆိုင်လေးဖွင့်ထားတယ်။ ရှေးဟောင်းအိမ် အများစုက ဈေးတန်းရပ်မှာ ရှိတယ်။

သိမ်တော်ကြီးဘုရားဘေးက ကပ်ပြီး တောင်ကုန်းလေးပေါ်တက်သွားရင် ကိုလိုနီခေတ်က မြိတ်အရေးပိုင်လုပ်ခဲ့တဲ့ နာမည်ကျော် စာရေးဆရာ မော်ရစ်ကောလစ် နေခဲ့တဲ့အိမ်ရှိတယ်။ တစ်ချိန်က ခမ်းနားလှပခဲ့မယ့် ဒီအိမ်ကြီးက အခုအချိန်မှာတော့ မြက်ရိုင်းတွေ၊ ပစ္စည်းအစုတ်အပျက်တွေနဲ့ ထိန်းသိမ်းမှု အားနည်းတာ ပေါ်လွင်လှတယ်။ အခု ပြည်သူ့ဝန်ဆောင်မှုရုံး လုပ်ထားပြီး ကျွန်မတို့သွားချိန်က ရုံးပိတ်ရက်မို့ တံခါးတွေ အကုန်ပိတ်ထားပြီး အပေါ်တက် လေ့လာခွင့် မရခဲ့ဘူး။ Tourist Attraction အနေနဲ့ ပြစားရင် ပိုတန်ဖိုးရှိမယ်လို့ တွေးမိတယ်။ အုတ်ခံနှစ်ထပ်အိမ်ကြီးပေါ်ကနေ လှမ်းကြည့်ရင် ပင်လယ်ပြင်ကြီးနဲ့အတူ ပထော်ပထက်တောင်ကို မြင်ရတယ်။ ဒီလိုလှပတဲ့ မြင်ကွင်းကိုကြည့်ပြီး အနုပညာဓာတ်ခံနဲ့ ဝတ္ထုကောင်းတွေ ဖန်တီးခဲ့ပုံရတယ်။အဲဒီက အပြန် ပထက်တောင်က ရွှေသာလျောင်းဘုရားကို သွားဖူးတယ်။ စက်လှေငှားခကို ဒေသခံသူငယ်ချင်းက လိုက်ဆစ်ပေးလို့ အသွားအပြန် ၆ဝဝဝ ပေးရတယ်။ များသောအားဖြင့် ဧည့်သည်တွေကို တစ်သောင်းခွဲလောက် တောင်းလေ့ရှိတာပါ။ ကျွန်းကို ကူးချိန်က ၁ဝ မိနစ်လောက်ပဲကြာပါတယ်။ ပင်လယ်ရေဆိုတော့ စိမ်းပြီး ကြည်နေတာပဲ။

ဘုရားက ပြန်ပြင်နေလို့ ငြမ်းတွေ ဆင်ထားတယ်။ အခြားနေရာတွေက လျောင်းတော်မူတွေနဲ့ မတူတာက လျောင်းတော်မူကိုယ်လုံးတော် အောက်ခြေတစ်လျှောက် လူသွားလမ်းတွေ ဖောက်ပေးထားတယ်။ လူသွားလမ်းဘေး တစ်ဖက်တစ်ချက်မှာ ဆင်းတုတော်တွေ၊ ဇာတ်နိပါတ်တော်ထဲက သရုပ်ဖော်ပန်းချီတွေ ရေးဆွဲထားတယ်။

ပြန်လာတော့ ဈေးထဲမှာ မြိတ်မြို့ရဲ့ နာမည်ကျော် ငါးပိငါးခြောက်၊ ပင်လယ်စာ အခြောက်အခြမ်းတွေ ဝင်ဝယ်ကြတယ်။ ဒီဘက်မှာ ရေလုပ်ငန်းက အဓိက ဖြစ်ပြီး ပင်လယ်စာ အစိုအခြောက်က ရခိုင်ထက် ပိုစုံတယ် ထင်ရတယ်။ ဒူးရင်းသီး ကြိုက်တဲ့လူတွေအတွက် ကျွန်းစုဘက်ကလာတဲ့ ဒူးရင်းသီးတွေကိုကမ်းနားလမ်းမှာတင် အပုံလိုက် ရောင်းနေကြတယ်။ အလုံးကြီးဆို သုံးထောင်၊ လေးထောင်လောက် ရှိပါတယ်။ ကျွန်းစုက သူငယ်ချင်းပြောတာတော့ သူတို့ဘက်မှာ ငါးရာ တစ်ထောင်လောက်ပဲ ရှိတယ်တဲ့။

ကျွန်းလည်ဖို့ ခရီးစဉ် စုံစမ်းတော့ အားလုံးက Package ဆွဲထားပြီးသား ခရီးစဉ်တွေပဲရှိပါတယ်။ နေ့ချင်းပြန်ခရီးစဉ်ကိုနေ့လယ်စာ၊ အဆာပြေ မုန့်အပါအဝင် တစ်ဦးကို ၇ဝဝဝဝ ကျပါတယ်။ လူအနည်းအများပေါ် မူတည်ပြီး Speed Boat အကြီးအသေးထွက်ပေးတယ်။ ငါးမွေးမြူရေးစခန်း၊ လေးကျွန်း၊ သမီးလှကျွန်းပါတဲ့ Package က မြိတ်က ထွက်ရင် ပိုနီးပြီး ကျွန်းပေါ်မှာနေချိန်ပိုရတယ်။ ဒုံညောင်မှိုင်း(ဆလုံရွာ)၊ ရေတံခွန်နဲ့ နှစ်ဖက်လှကျွန်းက နည်းနည်းပိုဝေးတဲ့အတွက် ကျွန်မတို့က လေးကျွန်းခရီးစဉ်ကို ရွေးလိုက်ပါတယ်။

Photo-Thet Htar Swe                     ရေငုပ်ပြီးဖမ်းလာသည့် ပင်လယ်ခရု

ညနေဘက် ဒေသခံတွေနဲ့ ထိုင်ဖြစ်တော့ လေးကျွန်းကမ်းခြေကနီးလို့ နှစ်သောင်းခွဲလောက်ပဲ တန်တယ်လို့ပြောတယ်။ ဒါပေမဲ့ မြိတ်မှာ ကျွန်းခရီးစဉ် စီစဉ်တဲ့ ကုမ္ပဏီတိုင်း ဒီခရီးစဉ်၊ ဒီဈေးနှုန်း ပုံသေယူကြတာပါ။ ဝန်ဆောင်မှုကလည်း သိပ်မကွာပါဘူး။ ရေလမ်းခရီးဖြစ်တဲ့အတွက် လိုက်ပို့ပေးမယ့် Speed Boat ကြံ့ခိုင်မှု၊ စက်အနေအထား၊ Life Jacket ကအစ စိတ်ချရအောင် သေချာမေးမြန်းစုံစမ်းဖို့ လိုပါတယ်။ အကယ်၍ ပင်လယ်ပြင်မှာအန္တရာယ်တစ်စုံတစ်ရာကြုံခဲ့ရင် အသက်ကယ်ဖို့၊ အကူအညီတောင်းဖို့ သူတို့ဘက်က ဘယ်လို ပြင်ဆင်ထားသလဲဆိုတာလည်းကြိုမေးထားဖို့ လိုပါမယ်။

ဒေသခံ သူငယ်ချင်းတွေနဲ့ ထိုင်စကားပြောတော့ မြိတ်သားတွေက ပြည်မက လာတဲ့လူတွေ ပြောစကားကို ပုဂံသားစကားလို့ပြောတယ်။ သူတို့ မြိတ်သားတွေ ပြောတဲ့ မြန်မာစကားက ဝဲလွန်းလို့ ကျွန်မတို့ မနည်းနားထောင်ပေးရတယ်။ဖြစ်ချင်တော့ ကျွန်မတို့ခရီးစဉ်ဝယ်ထားတဲ့ ကုမ္ပဏီက လူက ဆိုင်ထဲဝင်လာတယ်။ ကျွန်မတို့ သူငယ်ချင်းနဲ့ ရင်းနှီးသူဖြစ်နေတော့ သူငယ်ချင်းက ဒီဈေးယူရပါ့မလားလို့ လှမ်းပြီး နောက်တယ်။

ဟိုက ပြန်ပြောတာက ပုဂံသားတွေမို့ ဒီဈေးယူတာ၊ ဒေသခံတွေ၊ အသိတွေဆို ဘယ်ယူမလဲတဲ့။ ရှပ်ပြေးနဲ့သွားရင် လူများများ ဆံ့တော့ ဈေးသက်သာပြီး Speed Boat ကို လူနည်းနည်းနဲ့ ထွက်ပေးရရင် သူတို့အတွက် မကိုက်ဘူးတဲ့။ ဒေသခံဈေးပဲ ယူရင်တော့ ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်လာအောင် ဘယ်သူက လုပ်ချင်မှာလဲ။ အများနည်းတူ ပုံမှန်ဈေးနဲ့ပဲ သွားရမှာပေါ့။

ညနေပိုင်းကိုတော့ အညွှန်းများတဲ့ ကမ်းနားလမ်းက ရွှေရာစုမှာ ထိုင်ဖြစ်တယ်။ ပင်လယ်စာအစုံရတယ်။ ပုလဲများရမလားမျှော်လင့်ချက်နဲ့ ကမာအစိမ်းဝယ်စားတာ တစ်ကောင် ၁,၈ဝဝတဲ့။ ငါးကောင်မှာတာ သုံးကောင်ပဲရတယ်။ ရေခဲအုပ်ပြီး လာချတော့ ပထမ မစားရဲဘူး။ စားဖူးတယ်ရှိအောင်အားတင်းပြီး မြိတ်ချဉ်နဲ့ တို့စားတော့ စားကောင်းတယ်။ အရသာက အုန်းသီးအနုလေး စားရသလိုပဲ။ အစိမ်းဆိုတော့ နည်းနည်းတော့ ညှီတာပေါ့လေ။

Tiger ပုစွန်တစ်ကောင် သုံးထောင်ပါ။ တစ်ထွာကျော်ကျော်လောက် ရှိမယ်။ အကင်ဆိုတော့ ချိုမွှေးနေတာပဲ။ နောက်ပြီး ကင်းပုစွန်ကို ဒီဘက်က မကန်းလို့ခေါ်တယ်။ ဆိုင်မှာ ပထမမရဘူးတဲ့။ သွားဝယ်ပေးရမလားမေးတော့ ဝယ်ခိုင်းလိုက်တာ။ခဏနေတော့ ဗန်းလေးထဲ ထည့်ပြီး လာပြတာ လေး၊ ငါးကောင်။အဲဒီအထဲ အကြီးဆုံးအကောင်က လက်ဖျံတစ်ဝက်စာလောက်ရှိတယ်။ တစ်ကောင် ၄၅ဝဝ။ သူလည်း တော်တော်ချိုတယ်။

နောက်တံငါသည်ဟင်းချို မှာလိုက်တော့ ဂုံးတွေ၊ ခရုတွေ၊ ငါး၊ ကင်းမွန်၊ ပုစွန်တွေအစုံပါတယ်။ နောက်ပြီး ကဏန်းပျော့၊ကြက်ဥမွှေလည်း စားလို့ကောင်းတယ်။ စွန်လိပ်ခြောက်ကို ရေစိမ်ပြန်ကြော်ပြီး ကြက်သွန်စိမ်း သံပရာရည်နဲ့ သုတ်ပေးတဲ့ စွန်လိပ်သုပ်က ဆိတ်သားခြောက်သုပ်နဲ့ဆင်တယ်။ စားလို့ကောင်းတယ်။

နောက်နေ့မနက် Tour ကုမ္ပဏီကားက ဟိုတယ်လာကြိုပေးပြီး မနက် ၇နာရီ ၅ဝ လောက်ကတည်းက ဆိပ်ငယ်တံတားကနေ Speed Boat စထွက်တယ်။

နာရီဝက်ကျော်သွားပြီးတော့ ငါးမွေးမြူရေးစခန်းကို ရောက်တယ်။ ဆားကျွန်းမှာ ၁၅ပေ ပတ်ပတ်လည်လောက်ရှိတဲ့ ပလတ်စတစ်ဖောင်ကြီးတွေကို လေးထောင့်စပ်စပ် တွဲပြီး ရေထဲမှာပိုက်ကွန်တွေချပြီး ငါးမျိုးစုံမွေးထားတာ၊ အဓိက ကကတစ်မွေးတယ်။ ကျောက်ငါးတွေလည်း ရှိတယ်။ လေးကျွန်းမှာ ကင်စားဖို့ အဲဒီကနေ ငါးတွေ ဝယ်သွားလို့လည်း ရတယ်။

ငါးဖောင်ပေါ်မှာ ခွေးကလေးတွေလည်း ရှိတယ်။ စက်လှေကပ်တော့ အပြေးလာကြိုတယ်လေ။ ဧည်သည်တွေက မုန့်တွေကျွေးတတ်လို့၊ ကိတ်မုန့်လည်း ကြိုက်ကြတယ်။ ကျွန်မတို့တွေက ကြိုမသိတော့ သူတို့အတွက် မုန့်ပါမသွားဘူး။လှေပေါ်ပါလာတဲ့ကိုယ်စားဖို့ ဝေစုထဲကပဲ ကျွေးလိုက်ရတယ်။ငါးမွေးမြူရေးစခန်းကနေ ပြန်ထွက်ပြီး တစ်နာရီကျော်လောက် ဆက်သွားလိုက်ရင် သမီးလှကျွန်းနားမှာ Snorkeling လုပ်လို့ရတဲ့နေရာ ရှိတယ်။ အဲဒီနေရာမှာ လှေခဏရပ်ပေးတယ်။ရေငုပ်ကျွမ်းကျင်သူတွေအတွက်တော့ ပျော်စရာကြီးပဲ။ ရေအောက်က သဘာဝအလှအပတွေ မျက်မြင်တွေ့ရတယ်။ ရေမကူးတတ်လည်း Life Jacket ဝတ်၊ ရေငုပ်မျက်မှန်တပ်ပြီးရေအောက်ကြည့်လို့ရတယ်။ သန္တာကျောက်တန်းတွေ၊ ခရုတွေ၊ငါးအကြီးကြီးတွေ အုပ်စုလိုက် ရေကူးနေတာတွေ တွေ့နိုင်တယ်။ရေငုပ်ပြီး ပြန်ထွက်ဖို့ လုပ်တော့လှေက စက်နှိုးမရ ဖြစ်နေတယ်။ပင်လယ်ပြင်မှာ လှိုင်းနဲ့အတူ လှေက မျောနေတော့ သွားပါပြီပေါ့။ခဏကြာမှ စက်ပြန်နှိုးတော့ သမီးလှကျွန်းကမ်းခြေမှာ ခဏရပ်ပေးတယ်။ ကျွန်းပေါ်မှာ ရေတံခွန်ရှိပေမယ့် နွေရာသီမို့ ရေကနည်းနည်းပဲကျတယ်။ သမီးလှကျွန်းကလည်း သဲဖြူပြီး ရေကြည်တယ်။ ကမ်းခြေနဲ့ မနီးမဝေးမှာ ကျောက်ဆောင်တွေ ရှိတယ်။ဓာတ်ပုံရိုက်ဖို့ တော်တော်လှတဲ့ နေရာလေးပေါ့။

Photo- Thet Htar Swe                                             မြိတ်ဆိပ်ကမ်း

အဲဒီက ထွက်မယ်လုပ်တော့စက်က ထပ်ပျက်သေးတယ်။ နာရီဝက်လောက်စောင့်လိုက်ရတယ်။ ထွက်လာပြီး ပင်လယ်ထဲမှာ နာရီဝက်၊ ၄၅ မိနစ်လောက်ကြာအောင် ငါးဖမ်းလှေကြီးတွေ လိုက်ရှာကြတယ်။ တစ်စီးတွေ့လို့ အနားကပ်ပြီး ဘာတွေရပြီလဲဆိုတော့ လှေသူကြီးက ဒီနေ့မှ ထွက်လာလို့ ဘာမှမရသေးလို့ပြန်ပြောတယ်။ နောက်ထပ် ဆက်သွားတော့လှေတစ်စီးထပ်တွေ့တယ်။

အနားကပ်ပြီး မေးတော့ သူတို့ဆီမှာတော့ ရှိတယ်။ ဒါနဲ့ကျွန်မတို့လှေမှာ ပါတဲ့ ကိတ်၊ အချိုရည်၊ အသီးအနှံတွေ၊ စီးကရက်တွေနဲ့ သူတို့ဖမ်းမိထားတဲ့ ပုစွန်၊ ကဏန်း၊ ကင်းမွန်တွေအလဲအလှယ် လုပ်ခဲ့ကြတယ်။ဘာတာစနစ်က ပင်လယ်ပြင်မှာရှိနေတုန်းပဲ။

သူတို့က ပိုက်ဆံနဲ့ မရောင်းဘူး။ ပိုင်ရှင်မသိဘဲ ငါးခိုးရောင်းတယ် ဖြစ်မှာစိုးလို့လေ။ ခုနက ပြောသလို စားစရာတွေနဲ့ပဲ လဲစားကြတယ်။ ဒီလှေက ထွက်လာတာ တစ်လလောက်ရှိပြီ။ သူတို့ဆီက ငါး၊ ပုစွန်၊ ပင်လယ်ကဏန်း၊ ကင်းမွန်တွေ ကြွပ်ကြွပ်အိတ်အကြီးတစ်ထုပ်မက ပေးလိုက်တယ်။ ရေခဲပါ အဆစ်ထည့်ပေးလိုက်တယ်။

ကျွန်မကတော့ သူတို့တွေဆီက ပိုက်ဆံပေးပြီး ဝယ်မယ့်အစား အခုလို သူတို့လိုအပ်တဲ့ စားသောက်စရာတွေနဲ့ လဲစားတဲ့အလေ့အထကို ပိုသဘောကျတယ်။ ပိုင်ရှင်မသိဘဲ ငါးခိုးရောင်းစားတာမျိုး အဖြစ်မခံတဲ့ စိတ်ဓာတ်တွေကို လေးစားတယ်။ ဒီအလေ့အကျင့်ကောင်းတွေကို ပိုက်ဆံနဲ့ မဖျက်ဆီးစေချင်တာအမှန်ပါ။

သူတို့ဆီက ထွက်လာပြီး လေးကျွန်းရောက်တယ်။ လှတယ်လို့ နာမည်ကျော်တဲ့အတိုင်း တကယ်ကို လှလွန်းပါတယ်လေ။ လှေဆိပ်မှာ ရေထဲကျနေတဲ့ တံတားကို တွယ်ပြီး အပေါ်တက်၊ ပြီးတော့ သစ်သားတံတားအရှည်လေးအတိုင်း ကမ်းခြေဘက်ကို လျှောက်သွားရတယ်။ လှေဆိပ်နားမှာလည်း ရေကကြည်လွန်းလို့ အောက်ထဲက သံပခြုပ်တွေ၊ အမျိုးအစားမတူတဲ့ ငါးသေးသေးလေးတွေ၊ ငါးရောင်စုံလေးတွေ အုပ်စုလိုက် ကူးနေတာ တွေ့ ခဲ့ရတယ်။

ကမ်းခြေကဆိုင်လေးမှာ ခဏနားပြီး ပါလာတဲ့ ပုစွန်၊ကဏန်းတွေ ကင်ခိုင်းတယ်။ ကိုယ်တွေက ရေထဲဆင်းတယ်။သောင်ပြင်မှာ သဲက ဖြူဖွေးပြီး နူးညံ့နေတာပဲ။ ရေကကြည်တာမှစိမ်းပြာလဲ့နေပြီး ငွေဆောင်၊ ငပလီထက်တောင် သာတယ်လို့တောင် ထင်မိတယ်။

ကုန်းတွင်းပိုင်းကို မျက်နှာမူထားတဲ့ ကွေ့ပုံစံရှိလို့ လှိုင်းတော့ သိပ်မရှိဘူး။ လှိုင်းစီးမယ်စိတ်ကူးရင်တော့ အဆင်မပြေပါဘူး။ ကမ်းခြေက သိပ်မပြန့်ဘဲ ဇောက်လည်း နည်းနည်းရှိတဲ့အတွက် ရေမကူးတတ်ရင် သိပ်အဝေးကြီး ရောက်မသွားဖို့ သတိထားရမယ်။ ကမ်းခြေမှာ ကနူးလှေအပျော်စီးလို့ရပြီး တစ်စီးကိုငှားခ ၅,ဝဝဝ ကျပ်ပါ။ လူနှစ်ယောက် ကြိုက်သလောက်စီးလို့ရတယ်။

အခုမှ လူသိများတဲ့ နေရာတွေ ဖြစ်လို့ သဘာဝအတိုင်း လှနေသေးပြီး လာလည်တဲ့ သူတွေအနေနဲ့ အမှိုက်ဖွတာ၊  စည်းကမ်းမဲ့ စွန့်တာတွေကို ကိုယ့်အသိစိတ်ဓာတ်လေးတွေနဲ့ ထိန်းနိုင်ကြရင်တော့ အကောင်းဆုံးပါ။

အခု လေးကျွန်းပေါ်မှာ ရေချိုရပြီး ညအိပ်ချင်တယ်ဆိုရင် ရွက်ဖျင်တဲလေးတွေနဲ့ အိပ်လို့ရတယ်။ စက်လှေခ၊ အစားအသောက်၊ ကျွန်းအသုံးပြုခ အပါအဝင် တစ်ညအိပ်ရင် တစ်ယောက်ကို တစ်သိန်းခွဲ ယူတယ်။

ရေကူးပြီး နေ့လယ်စာစားတော့ ကြက်ဘူး၊ ပုစွန်ဟင်း၊အစိမ်းကြော်၊ ငရုတ်သီးဆားထောင်းက ပုံမှန်ကျွေးပုံရတယ်။ကျွန်းပေါ်မှာ ချက်ပြုတ်ဖို့၊ အလုပ်လုပ်ဖို့ ရောက်နေသူတွေကဒေသခံမဟုတ်ဘဲ အညာဘက်ကလို့ သိရတယ်။ ဒေသတစ်ခုမှာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရင် ဒေသခံတွေကို အလုပ်အကိုင်၊ အခွင့်အလမ်းတွေ များများ ဖန်တီးပေးနိုင်ပြီး ကိုယ့်ဒေသကို ချစ်မြတ်နိုးစွာနဲ့ ထိန်းသိမ်းစောင့်ရှောက်စေချင်တယ်။

ကျွန်မတို့တွေကတော့ ပုံမှန်ကျွေးတဲ့ ဟင်းတွေအပြင် ခုနက ယူလာတဲ့ ပုစွန်ကင်၊ ကင်းမွန်ကင်၊ ကဏန်းပြုတ်တွေနဲ့ အားရပါးရစားခဲ့ရတယ်။ ထမင်းစားပြီး စက်လှေမှာ အတူပါလာတဲ့သူတွေ ဝယ်ကျွေးတဲ့ ဒူးရင်းသီးအချိုတည်းတယ်။ အသီးက အသားထူပြီး ချိုလွန်းလို့ အခါးဘက်တောင် ရောက်တယ်။

ဆလုံရွာ သွားရင်တော့ ကလေးတွေအတွက် ပညာရေးနဲ့ပတ်သက်ပြီး အသုံးဝင်မယ့် စာအုပ်၊ ဘောလ်ပင်၊ ပုံဆွဲပစ္စည်းလေးတွေ စတာတွေ ယူသွားနိုင်ရင် သူတို့အတွက် အဆင်ပြေတယ်။အခု သူတို့ဆီမှာလည်း ဖုန်းတွေ ဘာတွေ သုံးတာရှိသလို ဆိုလာစနစ်တွေ တောင် အသုံးပြုနေတာမျိုး ရှိတယ်လို့ မနေ့ကမှ အဲဒီဘက် သွားလည်ခဲ့တဲ့ အဖွဲ့တွေက ပြောတယ်။

ညနေဆို လှိုင်းကြီးမှာစိုးလို့ စောစောပြန်ထွက်မယ်ဆိုပြီး နေ့လယ်နှစ်နာရီလောက် ပြန်ထွက်လာကြတယ်။ မနက်ခင်းသွားတုန်းက လှိုင်းငြိမ်သလောက် နေ့လယ် ပြန်ချိန်ကျ လှိုင်းကတဝုန်းဝုန်းနဲ့ ရိုက်တာ ဘုရားတလာရတယ်။ စက်လှေက သေးတာလည်း ပါတယ်။ လှိုင်းကို ထိုးခွင်းရာက ထွက်လာတဲ့ ရေမှုန်ရေမွှားတွေက မျက်နှာနဲ့ မျက်လုံးတွေ လာစဉ်လို့ စပ်ဖျဉ်းဖျဉ်းငန်ကျိကျိအရသာ ခံစားရင်း ပြန်လာခဲ့တယ်။

Photo-Thet Htar Swe                              ကျွန်းပတ်သွားသည့် မော်တော်ဘုတ်အသေး

လိုက်ပို့တဲ့ဂိုက် ပြောတာက လမ်းတွေကောင်းသွားလို့ ခရီးသွားတွေ တက်လာတယ်။ ထိုင်းမှာ သွားအလုပ်လုပ်တဲ့သူတွေတောင် ဒီနှစ်ထဲ ပြန်လာကြပြီတဲ့။

ဒီဘက်ခြမ်းက ဒေသခံတွေကတာ များတယ်။ အချို့လည်း ကိုယ့်ဒေသပြန်လာပြီး ကိုယ်တတ်လာတဲ့ ပညာကို ပြန်အသုံးချကြတယ်။ တွေ့ရသလောက် ထိုင်းဘက်က စားသောက်ဆိုင်တွေမှာ လုပ်ခဲ့ပြီး ကိုယ့်ဒေသပြန်ရောက်တဲ့အခါ စုဆောင်းမိတဲ့ ပိုက်ဆံတွေနဲ့ ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်၊ရာဘာခြံလေးတွေ ဝယ်ကြတာ ရှိသလို ပိုက်ဆံမစုဆောင်းနိုင်တဲ့သူတွေကလည်း ဒီက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ စားဖိုမှူး ဝင်လုပ်ကြသူတွေလည်း ရှိတယ်။

မီးခိုးမထွက်တဲ့ စီးပွားရေးလို့ တင်စားကြတဲ့ ခရီးသွားလုပ်ငန်းတွေ ပိုပြီး ဖွံဖြိုးလာရင် ဒေသအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာနိုင်သလို ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်တဲ့သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ ကလေးလိင်လုပ်သားတွေ၊မူးယစ်ဆေးပြဿနာတွေ၊ သယံဇာတခိုးယူမှုတွေ စတာတွေကိုလည်း ပြည်နယ်အစိုးရပိုင်းက ထိထိရောက်ရောက်အရေးယူကိုင်တွယ်ဖို့ အရေးကြီးပါတယ်။

လူအသွားအလာများရင်လည်း လူတွေနဲ့အတူ အမှိုက်တွေပါလာသလို ကမ်းခြေတစ်လျှောက် အမှိုက်သရိုက်တွေ အပြည့်ဖြစ်ပြီး သန့်ရှင်းမှုအားနည်းသွားတဲ့ ပြည်တွင်းက အခြားကမ်းခြေလိုမျိုး မဖြစ်ရလေအောင် နမူနာယူရမှာပါ။

လူအထိအတွေ့နည်းသေးပြီး သာယာလှပလွန်းတဲ့ မြန်မာပြည်တောင်ပိုင်းက ကမ်းခြေတွေဆီ အရောက်လှမ်းရင်း အနာဂတ်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာဖို့ မျှော်လင့်နေမိတယ်။

မြန်မာပြည်ရဲ့ တောင်ဘက်အစွန်းက လူသူအရောက်အပေါက်နည်းပြီး သဘာဝအတိုင်း လှနေသေးတဲ့ မြိတ်ကျွန်းစုတွေဆီကို အခွင့်ရရင် နောက်တစ်ခေါက်ထပ်လာဖို့ တွေးတောရင်း မွန်းကျပ်လှတဲ့ ရန်ကုန်မြို့ကြီးဆီ ပြန်လာခဲ့ပါတယ်။      ။

၂၀၁၇-ဇွန်လထုတ်၊  မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၇)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

သက်ထားဆွေ ရေးသည်။

 

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."