ရန်ကုန် – ၂၀၂၄ ဧပြီ ၂၆ (မော်ကွန်း)
စစ်မှုထမ်းဒုတိယအသုတ်ခေါ်ယူမှာကို စိုးရိမ်တဲ့ ရန်ကုန်မြို့က လူငယ်တချို့ဟာ နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိလာတယ်လို့ အဲဒီလို တိမ်းရှောင်နေတဲ့ ကာယကံရှင် လူငယ်တချို့နဲ့ ဒေသခံတွေက ပြောပါတယ်။
“ဒီတပတ်အတွင်း ခေါ်မယ်လို့တော့ ရပ်ကွက်ထဲပြောနေကြတာရှိတယ်။ ၅၄၊ ၅၅ ရပ်ကွက်တွေမှာ ပါတဲ့ စာရင်းတွေလုပ်နေတယ်၊ ရှောင်တဲ့လူတွေလည်း ရှောင်နေကြတယ်” လို့ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
အရှေ့ဒဂုံမြို့နယ်မှာနေထိုင်တဲ့ လူငယ်တစ်ဦးကတော့ စစ်ကောင်စီလက်အောက်မှာ စစ်မှုထမ်းဖို့ ဆန္ဒမရှိတဲ့အတွက် ဆွေမျိုးတွေရှိရာ နယ်တစ်ခုကို အခုရက်ပိုင်းမှာ တိမ်းရှောင်သွားပြီလို့ ပြောပါတယ်။
“မိသားစုလည်း မဝင်စေချင်ဘူး။ ကျွန်တော်လည်း ဝင်ဖို့ ဆန္ဒမရှိဘူး၊ အိမ်ကလည်း လာခေါ်ရင် ဘာဖြစ်ဖြစ်ရှင်းမယ်ပြောတော့ ထွက်လာလိုက်တယ်။ ကျွန်တော့်လိုပဲ ဘော်ဒါတွေထဲမှာ ရှောင်နေတဲ့သူတွေ အများကြီး၊ တချို့လည်း နယ်စပ်တွေသွားဖို့ ကြိုးစားနေတာရှိတယ်” လို့ ၎င်း တိမ်းရှောင်နေတဲ့ လူငယ်က မော်ကွန်းကိုပြောပါတယ်။
တောင်ဒဂုံမြို့နယ်က အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူတစ်ဦးကတော့ လက်ရှိအချိန်ထိတော့ ဒုတိယအသုတ်ခေါ်ယူဖို့ ညွှန်ကြားချက်တစ်စုံတစ်ရာ မရသေးဘူးလို့ မော်ကွန်းကို ပြောပါတယ်။
“ပုံမှန်ဆိုရင်တော့ ခေါ်မယ်ဆိုရင် ထွေအုပ်တွေ အစည်းအဝေးခေါ်တာ၊ အုပ်ကြီးတွေကို ညွှန်ကြားတာတွေ လုပ်ရမှာပေါ့၊ အခုထိတော့ အဲဒီလို ညွှန်ကြားတာမရှိသေးပါဘူး။ အရင်တစ်သုတ်ပြီးမှ ခေါ်မလား ဘယ်လိုလာမလဲတော့ သေချာမသိသေးဘူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သူ့အစီအစဉ်နဲ့သူ ကြိုလုပ်တာတွေတော့ ရှိတော့ရှိတယ်” လို့ ၎င်းကပြောပါတယ်။
ရန်ကုန်တိုင်း ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး အစရှိတဲ့ မြို့နယ်တွေမှာတော့ အခုရက်ပိုင်းမှာ စစ်မှုထမ်းသင်တန်း ဒုတိယအသုတ်အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက မဲနှိုက်ရွေးချယ်ဖို့ စီစဉ်နေတယ်လို့ အဲဒီ မြို့နယ်တွေမှာ နေထိုင်သူတချို့က ပြောပါတယ်။
ကွမ်းခြံကုန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးကတော့ “အရင်ရက်ကတော့ မဲနှိုက်ရမယ်ပြောသွားပြီး အခု ထပ်တော့မလာသေးဘူး။ သူတို့ဖာသာ နီးစပ်ရာ ဆွဲခေါ်လိုက်တယ်လည်း ကြားတယ်။ ရပ်ကွက်တွေ၊ ရွာတွေထဲတော့ လူငယ်တွေ မရှိသလောက်ဖြစ်နေပြီ” လို့ ပြောပါတယ်။
ယခုလ ၂၂ ရက်နေ့က မကွေးတိုင်း၊ နတ်မောက်မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရပ်ကွက်ထဲဝင်ပြီး လူငယ် ၁၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကို ကိုးကားပြီး သတင်းဌာနတချို့က သတင်းဖော်ပြခဲ့ပါတယ်။
အလားတူပဲ ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ လူငယ် ၈၀ ဦးခန့် ယခုလ ၂၁ ရက်မှာ ဖမ်းဆီးခံလိုက်ရပြီး မိသားစုတွေနဲ့လည်း အဆက်အသွယ်မရဖြစ်နေတယ်လို့ သတင်းတချို့မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့ပြီး တိုင်းနဲ့ ပြည်နယ်အသီးသီးက လူငယ် ၅,၀၀၀ ကို တက်သုတ်ရိုက်စုဆောင်းခဲ့ပြီး စစ်မှုထမ်းအပတ်စဉ် (၁) သင်တန်းကို သင်္ကြန်မတိုင်မီ ဧပြီလ ၈ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
လက်ရှိအချိန်ထိတော့ သင်တန်း အမှတ်(၁)က စစ်သင်တန်းဆင်းတာ မတွေ့ရသေးပေမယ့် နောက်ထပ် ဒုတိယအသုတ်ခေါ်ယူမယ့်သတင်းတွေ ထွက်ပေါ်နေပြီး ပြည်သူလူထုက စိုးရိမ်မှုတွေ ရှိနေတာပါ။
စစ်ကောင်စီဟာ သင်တန်းအပတ်စဉ် (၁) အတွက် လူသစ်စုဆောင်းရာမှာ စစ်မှုထမ်းဥပဒေ နည်းဥပဒေထွက်ရှိမှုကိုပင် မစောင့်တော့ဘဲ သူတို့ရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကနေတဆင့် ခြေလှမ်းသွက်သွက်နဲ့ အတင်းအကျပ် စစ်သားစုဆောင်းကာ စစ်သင်တန်းတွေကို အတင်းအကျပ်ပို့ဆောင်ခဲ့တယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ယခုလ ၁၈ ရက်မှာ ထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်မှု အခြေအနေစာတမ်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် သင်တန်း ပထမအသုတ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်တို့မှာ စစ်ကောင်စီက ပစ်မှတ်ထားကာ လူဦးရေအများဆုံး စုဆောင်းခဲ့ပြီး လူငယ်ပေါင်း ၂၀၀ ကျော်ခန့်ဟာ အတင်းအဓမ္မ တပ်သားသစ်အဖြစ် စုဆောင်းခံလိုက်ရတယ်လို့ အဲဒီ BACS ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပုံစာ – ယခုလ ၈ ရက်က စတင်ခဲ့တဲ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲမြင်ကွင်း
ဓာတ်ပုံ – စစ်ကောင်စီသတင်းနဲ့ ပြန်ကြားရေး

