ဧည့်မျှော်တဲ့ တောင်ပေါ်မြို့

ကျွန်တော်တို့ ပြင်ဦးလွင်တက်ကြဖို့ မိတ်ဆွေဖြစ်တဲ့ ဦးကျော်ဆန်း မိသားစုက အဖော်စပ်တယ်။ အဖော်စပ်တဲ့အချိန် က နှစ်ဆန်းပိုင်း ရာသီဥတုအေးတဲ့အချိန်။ ကျွန်တော်ရယ်၊ ကျွန်တော့်အိမ်သူရယ် ကလည်း အဖော်ကောင်းရင် ကျောက်မြောင်း တစ်ခေါက်ဆိုတဲ့ တွဲလက်ညီတဲ့ ဇနီးမောင်နှံတွေလေ။ ပြင်ဦးလွင်ကို တက်ဖို့ ရက် ရွေးကြတော့ သူတို့ကလေးတွေ ကျောင်းပိတ်ရက်နဲ့ ဆုံတဲ့ တနင်္ဂနွေနေ့ရယ်၊ ဦးကျော်ဆန်းအလုပ်အားတဲ့ ဥပုသ်နေ့ရယ် တိုက်ဆိုင်တဲ့ ဇန်နဝါရီ ၃ ရက်ကို ရွေးလိုက်ကြတယ်။ မနက်စော စောတက်ပြီး ညနေမှ ပြန်ကြမယ်။

ဇန်နဝါရီ ၃ ရက် မနက် မန္တလေးအနောက်ခြမ်းမှာရှိတဲ့ စိန်ပန်းရပ်က ဦးကျော်ဆန်းတို့အိမ်ကို ကျွန်တော်တို့လင်မယား ဆိုင် ကယ်နဲ့ ထွက်လာခဲ့ကြတယ်။ ဦးကျော်ဆန်းတို့အိမ် ရောက်ခါနီး တော့ ဦးကျော်ဆန်းရဲ့ မဟေသီ အန်တီဝါက အဆင်သင့်ဖြစ်နေ ကြောင်း ဖုန်းဆက်တယ်။

ကျွန်တော်တို့ကလည်း နောက်ထပ်နှစ်မိနစ်လောက်ဆိုရင် အိမ်ရှေ့ရောက်တော့မှာဖြစ်ကြောင်း အကြောင်းပြန်လိုက်တယ်။ ကျွန်တော်တို့ သူတို့အိမ်ရှေ့ ရောက်ချိန်မှာ သူတို့မိသားစုက အဆင်သင့်ဖြစ်နေပြီ။ ဆိုင်ကယ်ကို သူတို့အိမ်ထဲသွင်းပြီး လျှပ်စစ်မီးတွေ အန္တရာယ်ကင်းအောင် မိန်းချလိုက်တယ်။ သူတို့ကား (Toyota Wish) အဖြူရောင်လေးနဲ့ ကလေးသုံးယောက် အပါ အဝင် လူခုနစ်ယောက် သက်သောင့်သက်သာစီးပြီး ပြင်ဦးလွင်ကို တက်ခဲ့ကြတယ်။ ပြင်ဦးလွင်က ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃,၅ဝဝ ကျော်မြင့်တာမို့ ရာသီဥတုက တော်တော်အေးလိမ့် မယ်လို့ ထင်ပြီး ခေါင်းစွပ်တွေရော ခြေအိတ်တွေပါ ထည့်ခဲ့ကြတယ်။

(ဒါပေမဲ့ ကျွန်တော့်အထင် တက်တက်စဉ်အောင် လွဲခဲ့ တယ်။) အရင်တုန်းက ပြင်ဦးလွင်ကို တက်တဲ့အခါ လူထုမေတ္တာ တို့၊ HMVတို့၊ MMTA တို့နဲ့ တက်ခဲ့ရတာ အမှတ်ရစရာပဲ။ ကျွန်တော်တို့ အစ်ကိုတွေလက်ထက်က ဂျစ်ကားတွေနဲ့ ပြင်ဦး လွင်-မန္တလေး ပြေးဆွဲခဲ့ကြတာလေ။ ကျွန်တော်တို့ခေတ်ရောက် တော့ ဟိုင်းလပ်တွေနဲ့ ဖြစ်ကုန်ကြပြီ။ မနေတစ်နေ့ကအထိ ရှေ့ဆွဲ ဗင်တွေ၊ နောက်ဆွဲဗင်တွေနဲ့ ပြေးဆွဲကြတုန်း။ အခုတော့ ပြင်ဦး လွင်-မ္တနလေး ပြေးဆွဲတဲ့ ကားလိုင်းတွေက ခေတ်မီလာကြပြီ။ တိုယိုတာကရောင်းတွေ၊ အေဒီဗင်တွေ၊ ပရိုဘောက်စ်တွေနဲ့ ပြေး ဆွဲနေကြတာလေ။

ကျွန်တော်တို့ ပြင်ဦးလွင်ကို တက်တဲ့အခါ ရှေးမန္တလေး သားတွေရဲ့ လမ်းရိုးအတိုင်း ၃၅ လမ်းက မသွားဘဲ သိပ္ပံလမ်းဘက် က မောင်းခဲ့ကြတယ်။ သိပ္ပံလမ်းဘေးဝဲယာမှာ သူဌေးလက်သစ် တွေရဲ့  တိုက်တွေက အစီအရီ၊ ခြံကျယ်ဝင်းကျယ်ကြီးတွေနဲ့ တိုက် ကြီးတွေကလည်း ဟည်းထလို့၊ အကျိုးပေးတော့ အကြောင်းထင် ကြသူတွေလေ။

စကားတပြောပြောနဲ့ မောင်းလာလိုက်တာ အောင်ပင် လယ်ကန်ပေါင်ရိုးကို ရောက်လာရော။ အရင်ခေတ်တွေကတော့ အောင်ပင်လယ်ကန်ပေါင်က အောင်ပင်လယ်ဘိုးဘိုးကြီး နတ် နန်းရောက်ရင် ပြင်ဦးလွင်ကိုသွားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ အားလုံး ဘိုးဘိုးကြီးနတ်နန်းမှာ အ္တနရာယ်ကင်းအောင် ပန်း ဆက်ကြတယ်။ အခုတော့ ဘာသိဘာသာပဲ တက်သွားကြတော့တယ်။

အောင်ပင်လယ်အလွန်မှာ ဘီးခွန်ကောက်တဲ့ စခန်းရှိ တယ်။ ကျွန်တော်တို့ စီးလာတဲ့ ကားက ဘီးလှိမ့်ခွန် ဆောင်ပြီး သားမို့ ဆောင်စရာမလိုဘူး။ လမ်းမှာ ပုသိမ်ကြီးမြို့နယ်ထဲက လက်ကောင်း၊ ကျောက်မီးရွာတွေကို ဖြတ်ခဲ့တယ်။

ကျွန်တော့်မိတ်ဆွေကြီး ကိုနေမုန်းတို့ ဇာတိ တံတိုင်းရှည် ရွာမှာ ကားဘီးလေချိန်ဖို့ လေဆိုင်ရှေ့မှာ ခဏရပ်ကြတယ်။ လေ ဆရာက ဆိုင်ဖွင့်ထားပြီး ဘယ်ရောက်နေမှန်းမသိလို့ လေမချိန် ခဲ့ရဘဲ ဒီအတိုင်းဆက်မောင်းခဲ့ကြရတယ်။

ပုသိမ်ကြီးမြို့နယ်ထဲက အုန်းချော၊ ထုံးဘို၊ ကျောက်ချော ရွာတွေ ဖြတ်ပြီးချိန် လမ်းအသုံးပြုခကောက်ခံတဲ့ တိုးလ်ဂိတ်ကို  ဖြတ်ကြရတယ်။ ပြင်ဦးလွင်-မန္တလေးခရီးက တကယ်တော့ ဘာမှ ဝေးလှတာမဟုတ်ဘူး။ ၄၂ မိုင်တိတိသာ ဝေးတယ်။ တောင်ပေါ် ကို စတက်တော့မယ့်အချိန်မှာ မိုင်တိုင်အမှတ်က ၁၆။ မန္တလေးမြို့ ရဲ့ ၁၆ မိုင်အကွာအဝေးကို ရောက်လို့ နေခဲ့ပါပြီကော။

တောင်ပေါ်ခရီးမှာ ကုန်တင်ကားကြီးတွေရဲ့ ကလပ်ဘရိတ် ညှော်နံ့တွေ တူးတူးခါးခါး ရှူကြရတယ်။ ကားကြီးတွေက လီဗာ သံ တဗြင်းဗြင်းပေးပြီး ဂီယာကြီးနဲ့ ကုန်းရုန်းတက်နေကြရချိန်မှာ  ကျွန်တော်တို့ ကားလေးတွေက လှစ်ခနဲ အသာအယာမောင်းလာ ခဲ့ကြတယ်။ လမ်းတစ်ဝက် ၂၁ မိုင်က ဘာမှ မကြာလိုက်သလိုပဲ။ ၂၁ မိုင်အလွန်က စားသောက်ဆိုင်မှာ ဗိုက်ဖြည့်ဖို့ ကားခဏရပ် ကြတယ်။ ငယ်ငယ်က ပြင်ဦးလွင်တက်တဲ့အခါ ၂၁ မိုင် ရှုခင်းသာ ကနေ မန္တလေးမြို့ကြီး လှမ်းကြည့်ရတာ အမော။ ရာသီဥတုသာ သာယာယာ ရှိခဲ့ရင် တသွင်သွင်စီးနေတဲ့ ဒုဋ္ဌဝတီနဲ့ ရွှေစာရံစေတီ ကိုလည်း ဖူးတွေ့ရနိုင်တယ်။ တောင်ခြေအနီးမှာ တည်ဆောက် ထားတဲ့ ဘိလပ်မြေစက်ရုံ မီးခိုးခေါင်းတိုင်က မီးခိုးတအူအူထွက် နေတာကိုပါ တွေ့ရနိုင်တယ်။

၂၁ မိုင်က စားသောက်ဆိုင်မှာ ဦးကျော်ဆန်းတို့မိသားစုက ကြာဆံဟင်းသောက်ကြပြီး ကျွန်တော်က ကော်ဖီသောက်တယ်။ ကျွန်တော့်အိမ်သူက ကျွဲရိုင်းသောက်တယ်။ ဒီဆိုင်က ကြာဆံ ဟင်းကို ကြိုက်လို့ တစ်ခါတစ်ရံ သူတို့က မိသားစုလိုက် ချီတက် လာပြီး တကူးတကသောက်ကြသူတွေ။ ကျွန်တော်တို့နှစ်ယောက် ကိုလည်း ကြာဆံဟင်း သောက်ကြဖို့ တိုက်တွန်းပေမယ့် အစာ တဝကြီးမစားချင်လို့ ကျွန်တော်တို့ ငြင်းလိုက်ကြတယ်။ ကျွန် တော်ငြင်းလိုက်တာ မှားသွားမှန်း ကြာဆံဟင်းတွေ စားပွဲရှေ့ လာချမှ သိလိုက်ရတယ်။ သူတို့ပြောတာ မလွန်ဘူး။ ကြာဆံဟင်း က အငွေ့တထောင်းထောင်းနဲ့ ကြက်သားတွေရော ငါးဖယ်တွေပါ ထည့်ချက်ထားတာ မွှေးနေတာပဲ။ စားသောက်ပြီး ပြင်ဦးလွင်ကို ဆက်တက်လာခဲ့ကြတယ်။

အရင်က ၂၁ မိုင်ကျော်ပါပြီဆိုကတည်းက ရာသီဥတုက သိသိသာသာ အေးခဲ့ဖူးတယ်။ ဒီဘက်နှစ်တွေမှာတော့ ၂၁ မိုင် ကျော်သွားပေမယ့် ရာသီဥတုက အေးမသွားဘူး။ ပြင်စာ၊ အောင် ချမ်းသာ၊ အနီးစခန်း၊ ဒိုးပင်တို့ကို ဖြတ်သန်းခဲ့ကြတယ်။ ကား နောက်ခန်းမှာ ထိုင်ကြတဲ့ အိမ်ရှင်မတွေဆီက အလှကုန်တွေ အကြောင်း၊ ကိုရီးယားကားတွေအကြောင်း အတိုင်းသားကြား နေရတယ်။ သတင်းစာ၊ ဂျာနယ်တွေမှာ မပါတဲ့ ရုပ်ရှင်မင်းသမီး၊ မင်းသားတွေရဲ့ အတွင်းရေးတွေလည်း သူတို့နှစ်ယောက် အတိုင် အဖောက်ညီညီ ဆွေးနွေးကြတယ်။ ရှေ့ခန်းမှာ ထိုင်နေကြတဲ့ ဦးကျော်ဆန်းနဲ့ ကျွန်တော်တို့ကလည်း ကားဈေး၊ မြေဈေး အကြောင်း ကရားရေလွှတ်ပြောကြတာပဲ။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့လို့ပဲ ပြောရမလားပဲ။ ကား နောက်ခန်းမှာ ထိုင်နေကြတဲ့ ကလေးတွေဆီကတော့ ဘာသံမှ မကြားရဘူး။ ငြိမ်လို့၊ တိတ်လို့၊ ဆိတ်လို့။

ပြင်ဦးလွင်ကို ရောက်တော့ မိုးက အုံ့လိုက်ပူလိုက် ဖြစ်နေ တယ်။ ပထမဆုံး ဝင်ဖြစ်တာတာက Feel စားသောက်ဆိုင်။ စက် ဘီးအဟောင်းတွေကို ထုပ်တန်းပေါ်တင်ထားပြီး ဆိုင်ကို အလှ ဆင်ထားတယ်။ ရုပ်ရှင်မင်းသားဝင်းဦးရဲ့ ဓာတ်ပုံကြီးတွေကို မှန် ပေါင်သွင်း ချိတ်ဆွဲထားတယ်။ ဆိုင်မှာ ရနိုင်တဲ့ စားသောက်ဖွယ်ရာစာရင်းကို တံခါးရွက်အဟောင်းကြီးပေါ်မှာ သင်္ဘောဆေးတွေ နဲ့ ရေးထားတယ်။ တိုင်တွေမှာတော့ မီးအိမ်အဟောင်းတွေ ချိတ် ဆွဲထားတယ်။ ဆိုင်ထဲ ဝင်လိုက်တာနဲ့ စစ်ကြိုခေတ် ရောက်သွား သလို ခံစားရအောင် လုပ်ထားတဲ့ ဆိုင်ရှင်စိတ်ကူးကို သဘောကျ မိတယ်။

စားသောက်ပြီးတာနဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ် ဘက်ကို သွားကြတယ်။ အမျိုးသားကန်တော်ကြီးဥယျာဉ်ကို အရင်က ရုက္ခဗေဒဥယျာဉ် (Botinical Garden) လို့ ခေါ်ခဲ့ကြ တယ်။ အခုတော့ ဥယျာဉ်ရဲ့ စီမံခန့်ခွဲမှုအဝဝကို ထူးကုမ္ပဏီက တာဝန်ယူပြီး လုပ်ကိုင်နေတယ်။ ဥယျာဉ်ဝင်ကြေးက တစ် ယောက် ကျပ်တစ်ထောင် သတ်မှတ်ထားတယ်။ ဒီဥယျာဉ်ကြီးကို ကိုလိုနီခေတ်မှာ အင်္ဂလိပ်တွေက လက်ကျန်တောတွေ ထိန်းသိမ်း ပြီး ဥယျာဉ်အဖြစ် အမြော်အမြင်ရှိရှိ လုပ်ခဲ့ကြတာပါ။ ကျွန်တော် တို့သွားတဲ့နေ့က ဥပုသ်နေ့ရော တနင်္ဂနွေနေ့ပါ တိုက်ဆိုင်နေ တော့ ဥယျာဉ်ထဲ လာတဲ့သူတွေ အများကြီးပဲ။ ဘော်ဒါကျောင်း သူကျောင်းသားတွေက ဂိမ်းဆော့နေကြတယ်။ ကျွန်တော်တို့ ကန်စပ်က မြက်ခင်းစိမ်းစိမ်းတွေပေါ် ခြေပစ်လက်ပစ်ထိုင်ကြ တယ်။ ပြင်ဦးလွင်က ရာသီဥတုသာယာတဲ့ မြို့ဖြစ်လို့ ဥယျာဉ်ထဲ မှာ ရောင်စုံပန်းတွေ ပွင့်နေကြတယ်။ ကလေးငယ်တွေက ဟိုဟို ဒီဒီ ပြေးလွှားခုန်ပေါက် ကစားနေတာမြင်တော့ ငယ်ဘဝကို လွမ်းရပြန်တယ်။

ကျွန်တော်တို့ ပန်းခြံထဲမှာ အေးအေးသက်သာပဲ အနားယူ နေကြတယ်။ ခဏနေတော့ အန်တီဝါ့မိတ်ဆွေက သူတို့လည်း ပြင်ဦးလွင်ရောက်နေကြောင်း ဖုန်းဆက်တယ်။ သူတို့က မဟာ အံ့ထူးကံသာ (ပြည်ချစ်ဘုရား)ရောက်နေကြပြီး ကျွန်တော်တို့က ဥယျာဉ်ထဲမှာ ရောက်နေကြတယ်။

ဥယျာဉ်ရဲ့ အရှေ့ဘက်က ခေတ်မီကစားကွင်းထဲကို ဝင်ကြ ပြန်တယ်။ ခေတ်မီကစားကွင်းထဲ ဝင်တော့လည်း ဝင်ကြေးသီး သန့်ပေးရပြန်တယ်။ ခေတ်မီကစားကွင်းဆိုင်းဘုတ် ချိတ်ဆွဲထား ပေမယ့် ကျွန်တော့်စိတ်ထဲတော့ ထူးပြီး ခေတ်မီလှတယ်လို့ မထင် ပါဘူး။ ဒန်းတွေ ရှိတယ်။ ဆီးဆောရှိတယ်။ လျှောစီးတဲ့ လျှောစင် ရှိတယ်။ ကျွန်တော်တို့နဲ့ ပါလာတဲ့ ကလေးတွေကတော့ ဆော ြ့ကတယ်။

ကစားကွင်းက ပြန်ထွက်တော့ မွန်းတည့်ချိန်ရောက်ပြီ။ ဗိုက်ကလည်း ဟာလာဟင်းလင်းဖြစ်နေပြီ။ နေ့လယ်စာစားဖို့ ဆိုင်ရွေးကြတော့ ဒီဇင်ဘာခြံကိုပဲ ကန့်ကွက်မဲမရှိ အတည်ပြုနိုင် ခဲ့ကြတယ်။ ဒီဇင်ဘာခြံက ပြင်ဦးလွင်မြို့အထွက်မှာ ရှိတာကြောင့် တိုးလ်ဂိတ်ကို ဖြတ်ချိန်မှာ ယာဉ်ဖြတ်သန်းခ ပေးကြရတယ်။ မိုင် လေးဆယ်စွန်းစွန်းရှိတဲ့ မြို့ကို သွားလည်တာ တိုးလ်ဂိတ်သုံးခု ဖြတ်ရတယ်။

ဒီဇင်ဘာခြံထဲမှာလည်း ကားတွေက ရပ်ထားလိုက်ကြတာ အပြည့်ပဲ။ ကျွန်တော်တို့အားလုံး ဘူဖေးပဲ စားကြတယ်။ ဧည့် သည်ကျချိန်မို့ ဟင်းတွေက ထည့်မလောက်ဘူး။ ဒီဇင်ဘာခြံထဲမှာ ကလေး၊ လူကြီးအားလုံး ဓာတ်ပုံရိုက်ကြတယ်။ ရှုခင်းရှုကွက်ရယ်၊ မြေယာအလှပြင်ထားတာရယ်က ဓာတ်ပုံရိုက်ဖို့ ဖိတ်ခေါ်နေတယ်။

ဒီဇင်ဘာခြံက အပြန်မှာ မဟာအံ့ထူးကံသာဘုရားကို ဝင် ဖူးကြတယ်။ ကုန်းမြင့်ပေါ်မှာ တည်ထားတဲ့ ဘုရားဖြစ်လို့ မြောက် ပြန်လေက တဟူးဟူး တိုက်နေတယ်။ ဒီဘုရားကြီးက စကျင် ကျောက်နဲ့ ထွင်းထုထားတဲ့ ဆင်းတုတော်ကြီး။ တရုတ်ပြည်ကို ပို့ ဖို့ ပင့်ဆောင်တဲ့အခါ ပွဲကောက်ရေတံခွန်အနီး မြေခခဲ့တယ်။ မြေခခဲ့တဲ့ နေရာအနီး ကုန်းမြင့်ပေါ်မှာပဲ စေတီတည်ထား ကိုး ကွယ်ခဲ့ကြတယ်။ ဘုရားရင်ပြင်တော်ပေါ် လမ်းလျှောက်နေတုန်း မတွေ့ဖြစ်တာ ဆယ်စုနှစ်လောက်ကြာတဲ့ မိတ်ဆွေတစ်ယောက် နဲ့ ဆုံဖြစ်သေးတယ်။

ဘုရားက အပြန် မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ပွဲကောက်ရေ တံခွန်ကို ဝင်ခဲ့ကြတယ်။ ပွဲကောက်ရေတံခွန်ကို ဘီအီးဖောလ် (BE Fall) လို့လည်း ခေါ်ကြပြန်သေးတယ်။ စစ်အင်ဂျင်နီယာ တွေက ထိန်းသိမ်းစောင့်ရှောက်ထားတဲ့အတွက် ဘီအီးဖောလ်လို့ ခေါ်တာပါ။ ထုံးစံအတိုင်း ဝင်ကြေးပေးရသေးတယ်။ ပွဲကောက်ရေ တံခွန်က မြန်မာဗီဒီယိုကားတွေထဲမှာ မကြာခဏ ထည့်ရိုက်ရတဲ့ ဇာတ်လိုက်ကျော်။ ပွဲကောက်ရေတံခွန်ကို ကျွန်တော်တို့ ရောက် ချိန်မှာ ညနေပိုင်းဖြစ်ပေမယ့် ဧည့်သည်တွေနဲ့ စည်ကားနေတယ်။ ရေတံခွန်က ကျလာတဲ့ ရေတွေနဲ့ ရေကစားနေကြတဲ့ လူငယ်တွေ လည်း အများကြီးပဲ။

ကျွန်တော့်အိမ်သူနဲ့ ဦးကျော်ဆန်းရဲ့ မဟေသီ အန်တီဝါက တော့ ပွဲကောက်ရေတံခွန်က ဈေးတန်းမှာ အိမ်ရှင်မတွေပီပီ ဈေး ဝယ်နေကြတယ်။ သူတို့ကြည့်ရတာ ရောက်လေရာမှာ ဈေးဝယ် မယ်လို့ အခိုင်အမာ သန္နိဋ္ဌာန်ချထားကြပုံ။ ဈေးတန်းမှာ ရောင်းချ တဲ့ ပစ္စည်းတွေက အစုံပဲ။ ဆေးဖက်ဝင် သစ်ဥသစ်ဖုတွေ၊ ဟင်းသီး ဟင်းရွက်တွေ၊ မက်မန်းဝိုင်၊ မလိုင်မုန့်၊ ဆွယ်တာ၊ စုံနေတာပဲ။ ကျွန်တော်ကတော့ ခရီးသွားဆောင်းပါးအတွက် ဓာတ်ပုံတွေပဲ တဖျပ်ဖျပ် ရိုက်နေမိတယ်။

ညနေစောင်းမှာ ဘီအီးဖောလ် (ပွဲကောက်ရေတံခွန်)က ပြန်ထွက်ခဲ့တယ်။ အဆာပြေစားဖို့ ကန်တော်ကြီးအနီးမှာရှိတဲ့ ထီးလှိုင်အအေးဆိုင်ကို သွားကြတယ်။ ထီးလှိုင်ရောက်ရင် ခြံ ထွက် စတော်ဘယ်ရီလတ်လတ်ဆတ်ဆတ် စားရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်လည်း ပါတာပေါ့။ ဒါပေမဲ့ စတော်ဘယ်ရီတွေက မသီးသေးဘူး။ ကလေးတွေက သင်္ဘောသီးထောင်းနဲ့ အာပူလျှာ ပူမှာကြတယ်။ ကျွန်တော်က နို့အေးမှာသောက်တယ်။ ဦးကျော် ဆန်းရဲ့ တူတော်မောင်က ခေါက်ဆွဲပြုတ်ကို ကြက်ဥနဲ့လို့ မှာ တယ်။ ထီးလှိုင်ဆိုင်မှာလည်း ဧည့်သည်တွေနဲ့ စည်ကားနေလို့ စောင့်ရပြန်တယ်။ ခဏနေတော့ အငွေ့တထောင်းထောင်းနဲ့ အာပူလျှာပူရယ်၊ ခေါက်ဆွဲပြုတ်ရယ် ရောက်ချလာတယ်။

ထီးလှိုင်ဆိုင်ကထွက်တော့ ညနေတော်တော်စောင်းပြီ။ မန္တလေးမြို့အထွက်မှာ ကားတန်းကြီးက ရှည်လျားလှတယ်။ မြို့ထဲလမ်းမကြီးပေါ် ကားကို တစ်လှိမ့်ချင်း မောင်းခဲ့ရတယ်။ ပြင် ဦးလွင်မြို့ထွက် မရောက်ခင်မှာပဲ ကားမီးဖွင့်ပြီး မောင်းကြရတယ်။ မြို့ပြင်ရောက်ချိန်အထိ ကားတွေက ဥဒဟိုသွားလာနေကြတယ်။ အဆင်းလမ်းတစ်လျှောက်လုံး ကားတွေနဲ့ ပြည့်ကျပ်နေသလို ဘေးချင်းယှဉ်လျက်ရှိတဲ့ အတက်ကားလမ်းမှာလည်း ကားတွေ၊ ဆိုင်ကယ်တွေက စီတန်းနေတယ်။

ပြင်ဦးလွင်က ကျွန်တော်တို့ ငယ်ငယ်ကလို အခါကြီးရက် ကြီး လပြည့်နေ့တွေမှ စည်ကားတဲ့ မြို့ မဟုတ်တော့ဘူး။ မန္တလေး သားတွေ စိတ်ကူးပေါက်တဲ့အခါ ဝူးခနဲတက်ပြီး ဝေါခနဲပြန်ဆင်း တဲ့ မြို့ ဖြစ်နေပြီ။ ပြင်ဦးလွင်မြို့ခံ ကဗျာဆရာမတစ်ယောက် ဖွင့် ထားတဲ့ မေမြို့အိမ်ကို ရောက်အောင်သွားဖို့ စီစဉ်ထားပေမယ့် အချိန်မရတော့လို့ မဝင်ဖြစ်ခဲ့ဘူး။ ပြင်ဦးလွင် နေ့ချင်းပြန်ခရီးစဉ် က ကျွန်တော်တို့အားလုံးအတွက် ပျော်စရာဖြစ်ခဲ့ပါတယ်။       ။

 

၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂) မှ ခရီးသွားဆောင်းပါးဖြစ်ပါသည်။

 

သန်းနိုင်ဦး ရေးသည်။

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."