ရန်ကုန် – ၂၀၂၄ ဧပြီ ၂၉ (မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့အနီးက ကျေးရွာတွေမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတာ သီတင်းတစ်ပတ်ကျော်ရှိလာပြီးနောက် သံတွဲမြို့မှာ နေထိုင်သူတွေ မြို့ကိုစွန့်ခွာတိမ်းရှောင်လာကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ သံတွဲမြို့ပေါ်နဲ့ ၁၀ မိုင်ခန့်ပဲ ကွာဝေးတာကြောင့် ဒေသခံတချို့ဟာ စိုးရိမ်နေကြပြီး သံတွဲကနေ ရန်ကုန်၊ ဧရာဝတီတိုင်းစတဲ့ ဒေသတွေကို အရေးပေါ်ရွှေ့ပြောင်းသူတွေလည်း အများအပြားရှိတယ်လို့ သံတွဲမှာနေထိုင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“အခုပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ သံတွဲကနေထွက်နေကြတယ်။ ရှောင်နေကြတာတွေရှိတယ်။ တချို့လည်း ပိုက်ဆံမတတ်နိုင်ဘူး၊ ဒီနေရာကို သံယောဇာဉ်ကြီးတဲ့သူတွေကလည်း မသွားတဲ့သူတွေကတော့ မသွားကြဘူးပေါ့။ အထူးသဖြင့် ငွေကြေးတတ်နိုင်တဲ့သူ တော်တော်များများတော့ ရှောင်သွားကြပါပြီ” လို့ ၎င်း ဒေသခံကပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ သံတွဲမြို့အဝင်အထွက်တွေကို စစ်ဆေးရေးတင်းကြပ်ထားပြီး ခရီးသွားဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေဆီက ထောက်ခံစာတွေလိုအပ်တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော် (AA) ဟာ သံတွဲ-တောင်ကုတ် ကားလမ်းအနီးက သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ယခုလ ၂၂ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲဟာ ဒီနေ့အထိ ဆက်လက်ဖြစ်နေပြီး သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးက ကျေးရွာတွေမှာ ဆက်လက်တိုက်ပွဲပြင်းထန်နေတာပါ။
သံတွဲတိုက်ပွဲမှာ စစ်ကောင်စီဟာ လေကြောင်းသာမကဘဲ ရေတပ်ကစစ်သင်္ဘောတွေပါအသုံးပြုပြီး လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ သံတွဲမြို့နယ် ဂျိတ်တောကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“လက်နက်ငယ်သံတော့ မကြားရဘူးပေါ့၊ လက်နက်ကြီးသံတွေတော့ မနက်လင်းတာနဲ့ ကြားရပြီ၊ တစ်နေ့ကို ၁၀ ချက်၊ အချက် ၂၀ လောက်ထိ တောက်လျှောက်ပစ်နေတယ်” လို့ ၎င်း ဒေသခံက ပြောပါတယ်။
သူဌေးရေအားလျှပ်စစ်စီမံကိန်းနဲ့ အနီးတစ်ဝိုက်က ရွှေလှေ၊ ပုရစ်ရေကောက်၊ ဒေါ်မြ စတဲ့ကျေးရွာတွေက ဒေသခံတွေနဲ့ ရေအားလျှပ်စစ်စီမံကိန်းဝန်ထမ်းတွေ ထောင်နဲ့ချီကာ သံတွဲမြို့ပေါ်ကို စစ်ဘေးရှောင်နေကြရပါတယ်။
ဒါ့အပြင် ရေလုပ်ငန်းနဲ့ အများစုအသက်မွေးဝမ်းကျောင်းပြုနေတဲ့သံတွဲမှာ အခုရက်ိပုင်းအတွင်း ပင်လယ်ပြင်ကို ငါးဖမ်းထွက်ခွင့်တွေလည်းပိတ်ထားပြီး ဒေသခံတွေရဲ့ စားဝတ်နေရေးအခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။
သံတွဲဒေသခံ ရေလုပ်ငန်းလုပ်ကိုင်သူကတစ်ဦးကတော့ ” ပင်လယ်မဆင်းရဘူးဆိုပြီး ရပ်ကျေးကနေ အသိပေးထားတယ်၊ စစ်သင်္ဘောတွေလည်း တောက်လျှောက်လှည့်နေတယ်။ အဓိကတော့ ထောက်ပံ့ရေးသင်္ဘောတွေ ဟိုသွားဒီသွားလုပ်မှာစိုးတဲ့အတွက် ပင်လယ်မဆင်းရတော့ဘူးပြောတာပေါ့” လို့ အဆိုပါဒေသခံက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့အများစုကို ထိန်းချုပ်လာနိုင်ပြီးနောက် AA တပ်တွေဟာ တောင်ပိုင်းဒေသကကျောက်ဖြူ၊ ရမ်းဗြဲ စတဲ့မြို့တွေကနေ သံတွဲမြို့ထိပါ ဖြန့်ကျက်လာတာပါ။
အာရက္ခတပ်တော် (AA) ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ခဲ့တဲ့ထိုးစစ်မှာ ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ၁၀ မြို့နယ်ထိ သိမ်းပိုက်ထားနိုင်ပြီး ကျန်ရှိတဲ့ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေနဲ့ အမ်း အစရှိတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကိုလည်း ပိတ်ဆို့တိုက်ခိုက်နေပြီး ရခိုင်ပြည်နယ်တဝန်းမှာ တိုက်ပွဲတွေပြင်းထန်နေတာပါ။
ပုံစာ – သံတွဲမြို့အဝင်ဆိုင်းဘုတ်
ဓာတ်ပုံ – MoI