ဘလောက်တုံးတွေက ယာဉ်ကြော ကျပ်တည်းမှု အတွက် အဖြေလား၊ ပြ ဿ နာလား အပိုင်း(၂)

ယာဉ်တိုက်မှုပိုများလာ

ဘလောက်တုံးများစတင်ချထားသည့် ၂ဝ၁၄ မှ ၂ဝ၁၅ အကုန်ထိ နှစ်နှစ်တာကာလအတွင်း ယာဉ်တိုက်မှုဖြစ်စဉ်များကို နှိုင်းယှဉ်ပါက ဘလောက်တုံးများမချထားမီ ၂ဝ၁၃ တွင် ယာဉ် မတော်တဆ အမှုပေါင်း ၂,၁၄၃မှု ရှိခဲ့ရာမှ ၂ဝ၁၄ တွင် အမှုပေါင်း ၂,၂၃၁မှု၊ ၂ဝ၁၅ တွင် အမှုပေါင်း ၂,၇၂၉မှု ဖြစ်ပွားခဲ့ကာ သေ ဆုံးသူဦးရေမှာ ၂ဝ၁၃ တွင် ၃၂၅ ဦးရှိခဲ့ရာမှ ၂ဝ၁၄တွင် ၃၈၇ဦး၊ ၂ဝ၁၅ တွင် ၅၈၄ဦးအထိသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ (ယာဉ်မှုစစ်ဌာန) မှတ်တမ်းတွင် ဖော်ပြ ထားသည်။

အဆိုပါမှတ်တမ်းမှာ အကြောင်းအမျိုးမျိုးဖြင့် ဝင်တိုက် သော ယာဉ်တိုက်မှုများနှင့် ဘလောက်တုံးဝင်တိုက်သည့် ယာဉ် တိုက်မှုဖြစ်စဉ်တို့အား စုပေါင်းပြုစုထားသော စာရင်းများလည်း ဖြစ်ပါသည်။

၂ဝ၁၃ နောက်ပိုင်းတွင် မော်တော်ယာဉ်စီးရေ တစ်နှစ်လျှင် တစ်သိန်းကျော် ပိုများလာခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂ဝ၁၅ တွင် ယာဉ်စီးရေ ခုနစ်သိန်းကျော်အထိရှိလာပြီး ရန်ကုန် တစ်မြို့တည်းတွင် ယာဉ်စီးရေ ငါးသိန်းကျော်ရှိသည်ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများက ဖော် ပြထားသည်။

ထိုသို့ယာဉ်အစီးရေများပြားလာနေခြင်းကလည်း ယာဉ် ကြောကျပ်တည်းမှုနှင့် ယာဉ်တိုက်မှုပိုများလာခြင်း၏အကြောင်း ရင်းတစ်ရပ်ဖြစ်နိုင်ကြောင်း အမှတ်(၆) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရုံး၊ ယာဉ်မှုစစ်အဖွဲ့ခေါင်းဆောင် ဒုရဲမှူးဝင်းမြင့်ဦးက ပြောသည်။

ယာဉ်တိုက်မှုပိုမိုများပြားလာခြင်းသည် ဘလောက်တုံးကြောင့် ဟုပြောဆိုရန် ခက်ခဲနိုင်သော်လည်း ဘလောက်တုံးကို ဝင်တိုက် မိသည့် မော်တော်ယာဉ်များသည် ပျက်စီးဆုံးရှုံးမှုနှင့် ဒဏ်ရာရရှိ မှု ပိုမိုဖြစ်ပွားသည်ကို တွေ့ရသည်ဟု ဒုရဲမှူးဝင်းမြင့်ဦးက ရှင်းပြ သည်။ ထို့အတူ ဘလောက်တုံးအားဝင်တိုက်သည့် ယာဉ်တိုက်မှု အား သီးခြားစာရင်းပြုစုထားခြင်း မရှိသောကြောင့်လည်း နှိုင်း ယှဉ်ပြောဆိုရန် ခက်ခဲခြင်းဖြစ်ကြောင်း သူက ဆိုသည်။

ဘလောက်တုံးကို မော်တော်ယာဉ်နှင့်ဝင်တိုက်ကာ ကိုယ် တိုင်ယာဉ်တိုက်မှုဖြစ်ခဲ့သည့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဦးအောင်ခိုင်က လမ်းမများတွင် ဘလောက်တုံးချထားခြင်းအား ယခုလိုမှတ်ချက်ပြုသည်။

”တုံးတွေကို မထိလိုက်နဲ့၊ ထိလိုက်တာနဲ့ ကားရော လူရော အထိနာတာပဲ”

ကောင်းဆိုးနှစ်ထွေ

ကားလမ်းမများတွင် ဘလောက်တုံးများချထားမှုသည် ကောင်းမွန်သည့်အချက်များရှိသလို ဆိုးသည့်အချက်များက လည်း ဒွန်တွဲ၍နေသည်။ ကောင်းမွန်သည့်အချက်များတွင် ယာဉ် မောင်းများစည်းကမ်းလိုက်နာရန် ဖိအားပေးသည့် ပုံစံဖြစ်စေ ခြင်း၊ ယာဉ်များ တစ်ဖက်ယာဉ်ကြောသို့ အလွယ်တကူကျော်ခွ မောင်းနှင်မှု မပြုနိုင်ခြင်း၊ စည်းကမ်းချိုးဖောက်သူအချို့ကြောင့် အခြားယာဉ်များ ထိခိုက်ပျက်စီးမှု နည်းပါးစေခြင်းတို့ရှိသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန(လမ်းနှင့်တံတား)မှ ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က ပြောသည်။

အခြားယာဉ်များ ထိခိုက်ပျက်စီးမှုနည်းပါးခြင်းဆိုရာတွင် ဘလောက်တုံးအား ဝင်တိုက်သည့်ယာဉ်သာ ပျက်စီးမှုရှိနိုင်ပြီး တစ်ဖက်ယာဉ်ကြောပေါ်မှ ကားများကို ထပ်ဆင့်ထိခိုက်မှုလျော့နည်းစေသည်ဟု သူက ရှင်းပြသည်။

မထသ ၃၄ ယာဉ်လိုင်းမှ ယာဉ်မောင်းလုပ်သက် ၁၅ နှစ်ရှိ အသက် ၄၂ နှစ်အရွယ် ဦးမြတ်စိုးမင်းက ဗိုလ်တထောင် လမ်း ၅ဝ မှ လမ်းမတော်မြို့နယ် မော်တင်အထိ ဘတ်စ်ကားသီးသန့်ယာဉ် ကြောအဖြစ် ဘလောက်တုံးများ သတ်မှတ်ပေးလိုက်ခြင်းသည် ယာဉ်မောင်းအတွက် အဆင်ပြေသည်ဟုဆိုသည်။

 

 သို့သော်လည်း အိမ်စီးကားနှင့်အငှားယာဉ်များက ဘတ်စ် ကားသီးသန့်ယာဉ်ကြောသို့ ဝင်ရောက်မောင်းနှင်ခြင်းကို အရေး ယူဆောင်ရွက်ခြင်းမရှိသောကြောင့် လမ်း ၅ဝ မှ မော်တင်အထိ ကားမှတ်တိုင်အရေအတွက် ခုနစ်မှတ်တိုင်ခန့်သာရှိသော်လည်း ယခင်က နာရီဝက်မောင်းရသည့်ခရီးကို တစ်နာရီကျော်ကြာ မောင်းနှင်နေရသဖြင့် ယာဉ်လိုင်းရော ခရီးသည်တွေပါ အချိန် ကြန့်ကြာမှုတွေ ရှိနေသည်ဟု သူက ဆိုသည်။

ထိုသို့ အချိန်ကြန့်ကြာမှုတွေဖြစ်သောကြောင့် ”တစ်ရက် ဝင်ငွေ တစ်သောင်းခွဲလောက် လျော့သွားတယ်” ဟု ဦးမြတ်စိုး မင်းက ညည်းတွားသည်။

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် အုန်းမွှေးလုံးဟု အခေါ် များသည့် ကွန်ကရစ်ဖျော်စက်ကားမောင်းနေသည့် ဦးငြိမ်းချမ်း ဝင်းတို့လို ယာဉ်ကြီးမောင်းသူများအတွက် ဘလောက်တုံးများ ရှိနေခြင်းက ကွေ့ကြောများတွင် အနည်းငယ် အခက်အခဲရှိ သလို မြို့တွင်းရှိဘတ်စ်ကားသီးသန့်ယာဉ်ကြောနှင့် တစ်လမ်းမောင်း စနစ်များကြောင့် သီးသန့်ယာဉ်ကြောကိုဖြတ်၍ တစ်ဖက်ယာဉ် ကြောသို့မောင်းဝင်ရာတွင်လည်း အန္တရာယ်အလွန်များပြီး ခက်ခဲ မှုရှိသည်ဟု ပြောပါသည်။

”တုံးတွေချထားတော့ ကျော်တက်လို့လည်း အဆင်မပြေ၊ သတ်မှတ်နေရာကို ရောက်ဖို့ကလည်းအရေးကြီးဆိုတော့ စိတ် မောလူမောဖြစ်ရတယ်” ဟု သူကဆိုသည်။

တာမွေလေးရပ်ကွက်မှ အငှားယာဉ်မောင်း ဦးကျော်မိုး၏အဆိုအရ ဘလောက်တုံးချ၍ လမ်းပိတ်မှုဖြစ်သည်မှာ ရာနှုန်း ပြည့်မဟုတ်နိုင်သကဲ့သို့ ”ဒါတွေချလို့လည်း ယာဉ်ကြောရှင်း သွားမယ်လို့တော့ မထင်ဘူး”ဟု သူ့အမြင်ကို ပြောသည်။

အခက်အခဲများအနက် လှည်းတန်းလမ်းဆုံအနီးနှင့် ခုံး ကျော်တံတားအဆင်းတစ်လျှောက် တုံးများပိတ်ဆို့ချထားသည့် အတွက် အနီးနားရပ်ကွက်အတွင်းသို့ ကွေ့ဝင်လိုသည့် ယာဉ် များမှာ လမ်းပေါ်တွင်တန်းစီနေရ၍ ”ယာဉ်ပိတ်တာ လျော့မသွား ဘဲ ပိုတောင်ဆိုးသွားတယ်လို့ မြင်ပါတယ်” ဟု ဦးကျော်မိုးက ဆိုသည်။

ထိုဖြစ်စဉ်မှာ သာဓကတစ်ခုအနေဖြင့်ပြောခြင်းဖြစ်ပြီး အခြားသောမြို့နယ်၊ ရပ်ကွက်များရှိလမ်းများ၌လည်း အလားတူ ပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း ဦးကျော်မိုးက ပြောပါသည်။

ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန် ဘလောက်တုံး များ ချထားသည့်စနစ်အား ကျင့်သုံးခဲ့ခြင်းသည် မြို့တော်၏ အလှတရားများကို ရုပ်ဆိုးအကျည်းတန်စေသည်ဟု မြို့ပြစီမံခန့် ခွဲမှုဆိုင်ရာပညာရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းအချို့က ဝေဖန်ထောက်ပြကြသည်။

အမှတ်၂၇ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်စုမှူး ဒုရဲမှူးဝင်း လွင်ကတော့ ၎င်းတို့အနေနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး လုပ်ဆောင်ရာတွင် ယာဉ်မောင်းများက ယာဉ်ထိန်းရဲရှိနေသည့် နေရာများ၌ ဘလောက်တုံးအတွင်းမှစည်းကမ်းတကျ မောင်းနှင် သည်ကို တွေ့ရသော်လည်း ယာဉ်ထိန်းရဲမရှိသည့်နေရာများတွင် ထင်သလိုမောင်းနှင်ကြသဖြင့် ”တုံးတွေက ဘယ်လောက်အထိ အထောက်အကူဖြစ်စေလဲဆိုတာ အဲဒီဖြစ်စဉ်ကိုကြည့်ရင် သိနိုင် ပါတယ်” ဟု သူက ပြောပါသည်။

ရန်ကုန်ယာဉ်ကြောကျပ်တည်းမှု ကြီးကြပ်ရေးကော်မတီ အကြံပေးအဖြစ်လုပ်ခဲ့ဖူးသူ ဒေါက်တာမောင်အောင်ကလည်း ဘလောက်တုံးချထားမှုအပေါ်မှာ ယခုလို မှတ်ချက်ပြုသည်။

”တုံးချရတဲ့ ရည်ရွယ်ချက် မအောင်မြင်ဘူးလို့ ပြောရ မှာပဲ”

မထသမှ ဒု-ဥက္ကဋ္ဌ ဦးလှသောင်းမြင့်ကလည်း ဘလောက် တုံးချထားမှုကြောင့် ကောင်းမွန်မှုအချို့ ရှိနိုင်သည့်တိုင် ”အခြား ဖြေရှင်းနည်းတွေလည်း အများကြီးရှိမှာပါ။ ဒါမှ ဒါဆိုတာမျိုး မလုပ်သင့်ဘူး” ဟု သူ့အမြင်ကို ပြောသည်။

၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

မင်းလွင် ရေးသည်။

အပိုင်း(၁)သို့|အပိုင်း(၃)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."