ခေါင်က မလုံ အပိုင်း(၇)

ညောင်ဦးစည်ပင်ဝန်းထဲရောက် နေသော စောင်းတန်းဟောင်းနှင့်ခြင်္သေ့ကြီးများ

Photo : Than Htike

၂၀၁၅ ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်းအမှတ်(၂၂)၊မှမျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။

ရှေးဟောင်းအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိသော စည်ပင်ဝင်းအတွင်း၌ပင် ရှေးဟောင်းအမွေအနှစ် များ လျစ်လျူရှုခြင်းခံနေရသည်။

          ပုဂံညောင်ဦးလမ်းဟောင်းဘေး ရွှေစည်းခုံဘုရားအနီးတွင် စောင်းတန်းအဟောင်းတစ်ခုရှိသည်။ ယင်းစောင်းတန်းကို ရှေး ဟောင်းသုတေသနဦးစီးဌာနက ထိန်းသိမ်းထားသည်ဟူသော ဆိုင်းဘုတ်ချိတ်ထား၍ သစ်သားတန်းလေးများဖြင့် ကာရံထားသည်။

ယင်းစောင်းတန်းနှင့် မနီးမဝေးတွင် အခြားစောင်းတန်း တစ်ခုလည်း ရှိနေသေးသည်။ စောင်းတန်းဟုဆိုသော်လည်း စေ့ စေ့ကြည့်မှသာ ရေးရေးပေါ်နိုင်သည့်စောင်းတန်းဖြစ်နေသည်။ အဝတ်အစားအစုတ်များ၊ အမှိုက်သရိုက်များ၊ ရေဆိုးများနှင့် ထနောင်းရွက်ကြွေများက ယင်းနေရာတွင်ပြည့်နှက်နေသည်။ အုတ်တံတိုင်းအသစ်များ၊ ခြံစည်းရိုးများအောက်တွင် ယင်း စောင်းတန်းအုတ်ရိုးများက မြုပ်နေသည်။

တစ်နေရာတွင် စောင်းတန်းလျှောက်လမ်းကို ဝါးထရံများ ဖြင့် ပိတ်ကာထားသည်။ ဝါးထရံတစ်ဖက်တွင်တော့ စောင်းတန်း သည်ထင်ရှားစွာရှိနေပြီး စောင်းတန်းအဝတွင် ခြင်္သေ့ကြီး နှစ် ကောင်ကို ကားများအနောက်တွင် တွေ့နေရသည်။

ခြင်္သေ့ကြီးများနှင့် စောင်းတန်းအပိုင်းတချို့ ရောက်နေ သည့်နေရာကတော့ ညောင်ဦးမြို့နယ်စည်ပင်သာယာရေး အဖွဲ့ ဝင်းအတွင်းပင်ဖြစ်သည်။

ရှေးယခင်အခါများက ရွှေစည်းခုံဘုရားဖူးရန် လာသူတို့ ကို ဆီးကြိုခဲ့ကြမည့် ခြင်္သေ့တို့သည် ယခုအချိန်တွင်တော့ စည် ပင်ကားများကို စောင့်ကြပ်နေရဟန်တူသည်။ ခြင်္သေ့များ၏ခန္ဓာ ကိုယ်တွင် ကွန်ကရစ်များကွာလျက် အုတ်များအချပ်လိုက်ပေါ် နေပြီး ယင်းအုတ်များကြားတွင်လည်း မြက်ပင်များ ပေါက်နေ သည်။ ဝမ်းဗိုက်အောက်တွင်လည်း ပိုက်လုံးအတိုအစများ၊ ခွက် များ၊ ပုလင်းများနှင့် တိုလီမုတ်စများ ပြည့်နေလေသည်။

‘သခင်မင်းပြုသောအခါဤမြေကြီး၌ ခမ်းနားသိုက်မြိုက် ခြင်းသည် ကောင်းကင်ဘုံ၏ခမ်းနားသိုက်မြိုက်ခြင်းနှင့် တူလတ္တံ’ဟု ကျန်စစ်သားရေးထိုးခဲ့သည့် ရွှေစည်းခုံကျောက်စာနှင့် ဆန့် ကျင်စွာပင် ဤစောင်းတန်းသည် ယခုအချိန်တွင်တော့ ကျက် သရေညှိုးနွမ်းလျက်ရှိသည်။

နောက်ဖြစ်စဉ်တစ်ခုကတော့ ပုဂံပြတိုက်ကြီး တည် ဆောက်လိုက်သည့် ကိစ္စပင်ဖြစ်သည်။ မြို့ရိုးတံတိုင်းအတွင်း မြေ ၁၀ ဒသမ ၉၇ ဧကပေါ်တွင် တည်ဆောက်သော ယင်းပြတိုက်ကြီး တည်ဆောက်ခဲ့စဉ်ကလည်း ပညာရှင်များနှင့် ဒေသခံများက ကန့်ကွက်ခဲ့ကြသေးသည်။ ပြတိုက်ဝင်းထဲတွင် ဘုရားလေး ဆူရှိသည်။

ယင်းပြတိုက်ကြီးသည် ရှေးဟောင်းဒေသမြင်ကွင်းကို အဟန့်အတားအနှောင့်အယှက်ဖြစ်နေခြင်းနှင့် ယင်းနေရာတွင် လည်း တူးဖော်ရန် ရှေးဟောင်းအမွေအနှစ်များ ရှိနေနိုင်သည်ဟူ သော အကြောင်းပြချက်နှင့် ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါအဆောက်အအုံသည် ၁၉၉၈ ဥပဒေမပေါ်ထွက် ခင်က တည်ဆောက်ထားသောကြောင့်ဟု ဆိုနိုင်သော်လည်း ယင်းဥပဒေထွက်ပေါ်ပြီး နောက်ပိုင်းတွင်လည်း နန်းတော်ရာနှင့် နန်းမြင့်မျှော်စင်ကဲ့သို့သော ဥပဒေနှင့်မညီသော အဆောက်အအုံ တို့ကို ဆောက်လုပ်ခဲ့ကြပြန်သည်။

သို့သော် ယင်းကာလအတွင်းတွင်ပင် နန်းတော်ရာနှင့် သရပါဂိတ်ဟိုတယ်ကဲ့သို့သော အဆောက်အအုံတို့ကို ဆောက် လုပ်စေခဲ့သည်။ ဦးသူရကလည်း ယင်းသို့တည်ဆောက်မှုများနှင့် ပတ်သက်၍ ယခုလိုမေးခွန်းထုတ်သည်။

“ဥပဒေကို မလိုက်နာတာက သူတို့ကိုယ်တိုင်။ သူတို့ထုတ် တဲ့ ဥပဒေမို့လို့ သူတို့လိုက်နာစရာမလိုဘူးလား”

ယင်းသို့ နန်းတော်ရာတည်ဆောက်ခဲ့မှုကို ဦးသူရ၊ ဦးဝင်း မောင်နှင့် ဝါရင့်ဧည့်လမ်းညွှန်များဖြစ်သည့် ဦးခင်မောင်အေး၊ ဦးဇော်ဝင်းချိုတို့ ကန့်ကွက်ခဲ့သလို ပြည်သူ့လွှတ်တော်ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူးဖြစ်သည့် ဦးအောင်ကြိုင်ပင်လျှင် ယင်းနေရာသို့ မသွားရောက်ခဲ့ပေ။

ရှေးဟောင်းအမြင်အရ ယင်းနန်းတော်ပြတိုက်တို့သည် ယဉ်ကျေးမှုအမွေအနှစ်များကို အနှောင့်အယှက်ဖြစ်ကြောင်း ဦးအောင်ကြိုင်က ပြောသည်။ သို့သော် ဗိုလ်ချုပ်ကြီးများက မြန်မာလူမျိုးများ ခန့်ခန့်ညားညားနှင့် နေထိုင်ခဲ့သည်ကို ပြသလို ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လုပ်ချင်ခဲ့တာလေ၊ သူ့ သဘောပေါ့”

သို့ပေမဲ့ ပုဂံမြို့သူမြို့သားများမကြိုက်သဖြင့် ယင်းနန်း တော်ရာနေရာသို့ သွားရောက်ခြင်းမရှိပေ။

“ရှေးဟောင်းက ပါပါတယ်ဖြစ်မှာစိုးလို့ မသွားရဲဘူး”ဟု ဦးအောင်ကြိုင်က ရယ်ရင်းပြောသည်။

အပိုင်း(၆)  |  အပိုင်း(၈)

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."