ရန်ကုန် – ဇန်နဝါရီ ၃ဝ၊ ၂၀၁၇
မင်းလွင်ရေးသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုံခြုံရေးကို ပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်နေတယ်လို့ လေကြောင်းကွပ်ကဲမှုအဖွဲ့ခွဲမှူး ရဲမှူးကြီးဝင်းမင်းသိန်းက မော်ကွန်းကိုပြောပါတယ်။
“မနေ့ကအခြေအနေ(ဦးကိုနီလုပ်ကြံခံရမှု)ကို ခင်ဗျားတို့ ဘယ်လိုသဘောပေါက်လဲတော့မသိဘူး။ လေဆိပ်ဆိုတာက အများပြည်သူသွားလာတဲ့ Public Area ခင်ဗျ။ အဲဒါကို ကျွန်တော်တို့က စစ်လားဆေးလားနဲ့ သွားလုပ်ရင် ပြည်သူတွေအနှောက်အယှက်ဖြစ်မယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ပုံမှန်အတိုင်းပဲဆောင်ရွက်နေပါတယ်” ဟု ၎င်းကဆိုပါတယ်။
ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်ပဆိုက်ရောက် Terminal အပြင်ဘက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဥပဒေအကြံပေးအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်သမားတစ်ဦးက အနီးကပ်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး သေနတ်သမားကို ဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေဝင်းလည်း သေနတ်ပစ်ခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။
ဒါကြောင့် လေဆိပ်လုံခြုံရေးနဲ့ပတ်သက်ပြီး မော်ကွန်းကသွားရောက်မေးမြန်းရာမှာ ရဲမှူးကြီးက ယခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ယနေ့မှာ တာဝန်ကျနေတဲ့ တပ်ဖွဲ့ဝင်လေးဦးကို လုံခြုံရေးနဲ့ ပတ်သက်လို့မေးမြန်းတဲ့အခါမှာ သက်ဆိုင်ရာဌာနအနေနဲ့ ထူးထူးခြားခြားညွှန်ကြားထာတာမရှိဘူးလို့ မော်ကွန်းကိုဖြေကြား ပါတယ်။
လေဆိပ်အတွင်းမှာ အငှားယာဉ်မောင်အလုပ်လုပ်ကိုင်နေတဲ့ ဦးဉာဏ်ထွန်းကတော့ “ဒီနေရာမျိုးက ကိုယ့်ပြည်သူတွေ တင်မဟုတ်ဘူး၊ နိုင်ငံတကာဧည့်သည်တွေလဲဝင်ထွက်နေတော့ လုံခြုံရေးနဲ့ပတ်သက်လို့ ဒီထက်ပိုပြီး လုံခြုံစိတ်ချရ အောင်လုပ်ရမယ်။ အခုက အင်အားအရမ်းနည်းနေတယ်” လို့ လေဆိပ်လုံခြုံရေးနဲ့ပတ်သက်တဲ့ သူ့အမြင်ကို ပြောပါတယ်။
လတ်တလောတာဝန်ယူထားတဲ့ လေကြောင်းရဲတပ်ဖွဲ့အင်အားကို ပြောဆိုဖို့တော့ ရဲမှူးကြီးဝင်းမင်းသိန်းက လုံခြုံရေးအရ ငြင်းဆိုပါတယ်။
ဦးကိုနီကို ရေဝေးသုဿာ န်ရှိ စွန္နီမွတ်စလင်(မ်) ကဗရ်စတာန်ဥယျာဉ်တော်တွင် အစ္စလာမ်ဘာသာရေးထုံးစံများအတိုင်း ယနေ့ညနေက သြင်္ဂိုဟ်ခဲ့ပြီး အငှားယာဉ်မောင်းဦးနေဝင်းကိုတော့ မနက်ဖြန် (၃၁.၁.၂၀၁၆) တွင် ရေဝေးသုဿာန်၌ သြင်္ဂိုဟ်မှာဖြစ်ပါတယ်။ ။

