ဘိန်းနွံထဲက ရုန်းနေရဆဲ ငွေတောင်ပြည်

ဘိန်းနွံထဲက ရုန်းနေရဆဲ ငွေတောင်ပြည်

 

လွိုင်ကော်-ဖယ်ခုံကျောက်ခင်း ကားလမ်းမ ဘေးက မြေနီကုန်း ကျေးရွာထိပ်မှာ စိမ်းစိုနေတဲ့စိုက်ခင်းတစ်ခုရှိပါတယ်။ စိုက်ခင်းထဲမှာတော့ အပြာရောင် ပလတ်စတစ်ကော်ပိုက်လုံးတွေကို ကွန် ရက်သဖွယ် ချိတ်ဆက်သွယ်တန်းထားတယ်။ ပြီးတော့ သုံးပေခန့် အမြင့်ရှိတဲ့ အပြာရောင် ကော်ပိုက်တွေကိုလည်း ထိုးထိုးထောင် ထောင် တပ်ဆင်ထားပါတယ်။ ဒီပိုက်လုံးတွေရဲ့ ထိပ်ကနေ ရေတွေဟာ ‘တဖျပ်ဖျပ်’ အသံမြည်ကာ စိုက်ခင်းထဲ က အပင်တွေအပေါ် ဖြာကျလို့နေပါတယ်။

စိုက်ခင်းထဲမှာ တစ်ပေခန့်အမြင့်ရှိတဲ့ အပင်တွေကြားထဲမှာ တော့ အမျိုးသမီးငါးဦးဟာ မြေကြီးတွေကို တူးဆွနေပါတယ်။ စိုက်ခင်းကို ရုတ်တရက်ကြည့်လိုက်ရင် မုန်လာခင်းလို့ထင်စရာပါ။ ဒါပေမဲ့ ဒီစိုက်ခင်းဟာ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မြေနီ ကုန်းကျေးရွာက အသက် ၅၆ နှစ်အရွယ်ရှိတဲ့ ဦးနီ*ရဲ့ ဘိန်းစိုက် ခင်းပဲ ဖြစ်ပါတယ်။

ဒီဘိန်းစိုက်ခင်းကို လွိုင်ကော်-ဖယ်ခုံကားလမ်းမက လှမ်းကြည့်ရင် မြင် နိုင်သလို ကားလမ်းမကနေ လမ်းလျှောက် သွားမယ်ဆိုရင်လည်း တစ်မိနစ်လောက် လျှောက်လိုက်ရုံနဲ့ ရောက်ပါတယ်။ ဒီဘိန်း စိုက်ခင်းကို လက်ရှိအချိန်အထိ ဦးနီဟာ ကျပ် ၁၅ သိန်း အထိ ရင်းနှီးထားပြီး ဘိန်း စေးထွက်မယ့်အချိန် နောက်ထပ် နှစ်လ အထိ ရေဖျန်းရတဲ့အတွက် စက်ဆီဖိုးနဲ့ အ လုပ်သမားခ ကျပ် ငါးသိန်းလောက် ထပ် ကုန်ဦးမယ်လို့ ဆိုပါတယ်။

ဦးနီဟာ အသက်ကြီးလို့ ကိုယ်တိုင် အလုပ်မလုပ်နိုင်တော့ပေမယ့် နေ့စဉ် သူ့ရဲ့ ဘိန်းစိုက်ခင်းထဲကိုလာပြီး အလုပ်သမား တွေကို ကြီးကြပ်နေရတာပါ။ သူဟာ ညစ် ထေးနေတဲ့ အဖြူရောင်ရှပ် အင်္ကျီကို ဝတ် ထားပါတယ်။ ပုဆိုးကိုလည်း ဒူးအနား ထိရောက်အောင် ခပ်တိုတို ဝတ်ထား တယ်။ ခေါင်းပေါ်က သူ့ဆံပင်တွေဟာ အဖြူရောင်ကိုပြောင်းနေပါပြီ။

ဘိန်းစိုက်ပျိုးရေးကို ဘာလို့လုပ်နေ ရတာလဲလို့ မေးကြည့်တော့ ဦးနီက  ”ဘိန်းမစိုက်ရင် သမီးနှစ်ယောက်ကို ဘယ်ကျောင်းထားနိုင်မလဲ”လို့ မြန်မာ စကားသံဝဲဝဲနဲ့ ပြန်ဖြေပါတယ်။

မြေနီကုန်းကျေးရွာမှာ ဘိန်းစိုက် ပျိုးတာဟာ ဦးနီတစ်ယောက်တည်း မဟုတ်ပါဘူး။ ဦးနီတို့ မိသားစု အပါအဝင် ရွာထဲက အိမ်ထောင်စု ၁၄ စုရှိရာမှာ အိမ်ထောင်စုခြောက်စုက ဘိန်း စိုက်ပျိုး ကြတာပါ။

ဖယ်ခုံမြို့နယ်၊ မြေနီကုန်းကျေးရွာ ဟာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် အစပ်မှာရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ နယ်နိမိတ်ထဲမှာပါတာပါ။ ဒါပေမဲ့ ကယန်း ပြည်သစ်တပ်မတော်ရဲ့ စိုးမိုးတဲ့နယ်မြေ ဖြစ်ပြီး ကယန်းလူမျိုးတွေအများစုနေ ထိုင်တဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

ကယားပြည်နယ်မှာဆိုရင် လွိုင် ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့ နယ်နဲ့ ကယန်းလူမျိုးအများစုနေထိုင်တဲ့ ဖယ်ခုံမြို့နယ်တို့မှာ ဘိန်းအများဆုံးစိုက် ပျိုးကြပါတယ်။

အခုလို ကယားပြည်နယ်မှာ ဘိန်း စိုက်ပျိုးမှုတွေ ဆက်လက်ရှိနေတာဟာ ဘိန်းစိုက်တောင်သူမိသားစုတွေရဲ့ စား ဝတ်နေရေးနဲ့ အခြားစိုက်ပျိုးရေး လုပ် ကိုင်နိုင်ဖို့ လိုအပ်တဲ့ ပံ့ပိုးဆောင်ရွက်ပေး တာတွေကို နိုင်ငံတော်အစိုးရနဲ့ ပြည် နယ်အစိုးရက လုပ်ဆောင်ပေးနိုင်တာ မရှိသေးတာကြောင့်လို့ ကယားပြည်နယ် စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က ဆိုပါတယ်။ သူက အခုလို ဆက်ပြီး ပြောပါသေးတယ်။

”ဘိန်းအစားထိုးသီးနှံဆိုပြီးတော့ ပြည်နယ်အစိုးရက စီမံကိန်းရေးဆွဲထား တာ မရှိဘူး”

ကယန်းပြည်သစ်တပ်မတော်၊ ဗဟို ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင်ကလည်း ပြည်နယ်ဝန်ကြီး ဦးပိုး ရယ်ရန်အောင်နဲ့ တစ်သဘောတည်းပါ။ ဘိန်းစိုက်တောင်သူတွေရဲ့ အသက်ရှင် ရပ်တည်ရေးအတွက် အစိုးရကလုပ် ဆောင်ပေးတာမျိုး မရှိသလို ဒီဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်းလုပ်ဆောင်ပေးတာမျိုး မရှိတာ ကြောင့် ”ဘိန်းစိုက်ပျိုးမှုက လျော့နည်း ပပျောက်ဖို့ မဖြစ်နိုင်သေးဘူး”လို့ မှတ် ချက်ပြုပါတယ်။

ဦးနီက တစ်ဧကကျော်ရှိတဲ့ တောင် ယာပေါ်မှာ စပါးနဲ့ ပြောင်းအစား ဘိန်းကို ၂ဝ၁၁ လောက်ကနေ စတင်စမ်းသပ်စိုက် ပျိုးလာတာ အခုဆို လေးနှစ်ထဲ ရောက် လာပါပြီ။ ယခင်နှစ်တွေကတော့ ဘိန်းကို လူအင်အားနဲ့ ရေခပ်လောင်းပြီး စိုက်ပျိုး ခဲ့တာပါ။

ဒါပေမဲ့ ဘိန်းစိုက်ပျိုးရေးက ပိုပြီး အမြတ်အစွန်းကျန်တာကြောင့် ဒီနှစ်မှာ တော့ စိုက်ခင်းတစ်ခုလုံးကို ပိုက်တွေ သွယ်တန်းကာ ရေတင်စက်အသုံးပြုပြီး ပို မိုရင်းနှီးမြှုပ်နှံတာဖြစ်တယ်လို့ ကွမ်းချေး ထူထပ်နေတဲ့ သွားတွေပေါ်အောင်ရယ် လျက် ”ထပ်ပြီး ကံစမ်းသဘောစိုက်တာ ပါ” လို့ ပြောပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ ဝတ်မှုဆိုင်ရာရုံး(UNODC) ရဲ့ ၂ဝ၁၅ အစီရင်ခံစာမှာတော့ ကယားပြည်နယ် တစ်ခုလုံးမှာ ဘိန်းစိုက်ပျိုးမှု ဧရိယာဟာ ဟက်တာ ၄၆ဝ (၁,၁၃၇ ဧက) ရှိ တယ်လို့ ဖော်ပြထားပါတယ်။

Photo: Thet Oo Mon                                       ဒေါရောက်ခူကျေးရွာက ဘိန်းခင်းတစ်ခင်းမှ ဘိန်းစောင့်တဲ

ဘိန်း ဘာကြောင့်စိုက်

ကယားပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ကို ဆောင်းသီးနဲ့ နွေသီးဆိုပြီး တစ်နှစ်မှာ နှစ်ကြိမ် စိုက်ပျိုးကြပါတယ်။ ဆောင်းသီး ကို ဇူလိုင်လမှာ ရွာသွန်းတဲ့မိုးရေနဲ့ စိုက် ပျိုးပြီး နိုဝင်ဘာနဲ့ ဒီဇင်ဘာထဲမှာ ဘိန်း စေးထုတ်ယူကြပါတယ်။ နွေသီးကိုတော့ နိုဝင်ဘာလဆန်းပိုင်းမှာ တောင်ကျ ချောင်းရေကိုယူကာ ရေတင်၊ ရေလောင်း စနစ်နဲ့ စိုက်ပျိုးပြီး ဖေဖော်ဝါရီလအကုန် မှာ ဘိန်းစေးတွေကို ထုတ်ယူကြပါတယ်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ထဲက အိမ်ခြေ ၅ဝ နီး ပါးရှိတဲ့ ဆီပူးပလော့ ကျေးရွာက တောင်သူတွေဟာ ဘိန်းဈေး ကျနေတာကြောင့် ပြီးခဲ့တဲ့နှစ်မှာ ချင်းနဲ့ ပဲပုတ် ပင်တွေကို စိုက်ပျိုးခဲ့ကြပါတယ်။

ချင်းတစ်ဧက စိုက်ပျိုးရင် ပိဿာ      နှစ်ထောင်အထိ ထွက်ပါတယ်။ အခု ချင်း ဈေးနှုန်းက တစ်ပိဿာ    ကို တစ်ထောင် ကျပ်ဖြစ်လို့    ပိဿ      နှစ်ထောင်ရောင်းရပါ က ကျပ်သိန်း ၂ဝ ရမှာဖြစ်တာကြောင့် မိသားစုစီးပွားရေးလုံလောက်တယ်လို့ ဆီပူးပလော့ကျေးရွာက တောင်သူတွေက ဆိုပါတယ်။

”ဒါပေမဲ့ ချင်းကို ဝယ်မယ့်သူမရှိ ဘူး။ ဟိုမှာ ထောင်ထားတာ ချင်းအိတ် တွေပဲ”လို့ ဒီးမော့ဆိုမြို့နယ်၊ ဆီပူးပလော့ ကျေးရွာမှ ယခုနှစ် ချင်းကို ပြောင်းလဲ စိုက်ပျိုးခဲ့တဲ့ တောင်သူတစ်ဦးက ဆိုပါတယ်။

ချင်းရောင်းလို့ရနိုင်မယ့် ဈေးကွက် မရှိတဲ့အတွက် တစ်ပတ်ကို သုံးရက်ဖွင့်တဲ့ ဒီးမော့ဆိုဈေးမှာ ပိဿာ     ချိန်နဲ့ လက်လီ သွားရောင်းနေရတယ်လို့ ဆီးပူးပလော့ ကျေးရွာမှ တောင်သူတွေက ပြောပါတယ်။

ဒီးမော့ဆိုမြို့ကနေ ဆီပူးပလော့ ကျေးရွာကို ရောက်ဖို့အတွက် တောင်တွေ ကို ကွေ့ပတ်ပြီးဖောက်လုပ်ထားတဲ့ မြေ သားလမ်းအတိုင်း ဆိုင်ကယ်နဲ့ နှစ်နာရီ ကျော်ကြာ မောင်းသွားရပါတယ်။ မြေ လမ်းက ဆိုင်ကယ်နဲ့ထော်လာဂျီမောင်းလို့ရပေမယ့် မိုးရာသီဆိုရင်တော့ တောင် ယာထွက်ကုန်သယ်ဖို့ အသာထား၊ လူနဲ့ ဆိုင်ကယ်သွားလာဖို့တောင်  ခက်ခဲတယ် လို့ ဒေသခံဘိန်းစိုက်တောင်သူတွေက ပြောပါတယ်။

ကရင်နီပြည် လူငယ်များသမဂ္ဂ အဖွဲ့ဥက္ကဋ္ဌ ဦးထင်အောင်ကျော်က ကယားပြည်နယ်က ဘိန်းစိုက်ပျိုးတဲ့ ကျေးရွာတိုင်းမှာ ဘိန်းမစိုက်ဘဲ အခြား သီးနှံစိုက်ပျိုးမယ်ဆိုရင် စိုက်ခင်းကနေ ဈေးကွက်ရှိတဲ့နေရာကို တစ်ရက်ကျော် ကြာ သယ်ယူကြရတယ်လို့ ဆိုပါတယ်။

”လမ်းပန်းဆက်သွယ်ရေးခက် တော့ (သယ်ယူတဲ့)ကုန်ကျ စရိတ်တအား မြင့်တယ်။ တောင်သူအတွက် ဘာမှမကျန် ဘူး။ ဘိန်းက ဝါးဘူးလေးနဲ့သယ်လာရင် ရတယ်”လို့ စိုက်ပျိုးသီးနှံတွေကို ဈေး ကွက်ရောက်ဖို့အတွက် လမ်းပန်းဆက် သွယ်ရေးခက်ခဲပုံကို ဦးထင်အောင်ကျော် က ရှင်းပြပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲက နောက်ထပ် ဘိန်းစိုက်ပျိုးတဲ့ ကျေးရွာတစ်ခုကတော့ အိမ်ခြေ ၂၈ဝ ရှိတဲ့ ဒေါရောက်ခူဆိုတဲ့ ကျေးရွာပါ။ အဲဒီရွာမှာ ဘိန်းစိုက်တဲ့ တောင်သူဟာ တစ်ရာကျော်ရှိပြီး ကျန် တောင်သူတွေကတော့ စပါး၊ ပြောင်း၊ ပဲစင်းငုံ စတဲ့သီးနှံတွေကို စိုက်ပျိုးကြတယ် လို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဘေ တိုးက ဆိုပါတယ်။

ဒေါရောက်ခူကျေးရွာက တောင် သူတစ်ဦးစိုက်ထားတဲ့ ဘိန်းခင်းတစ်ခင်း ကို ကျွန်တော်တို့ ရောက်သွားကြပါတယ်။ ဘိန်းခင်းတွေဟာ ဇူလိုင်မှာ စိုက်ထားတဲ့ဆောင်းသီးဖြစ်တာကြောင့် အပွင့်တွေ ပွင့်နေပြီး ဘိန်းစေးစတင်ထုတ်ယူနေတဲ့ စိုက်ခင်းဖြစ်ပါတယ်။ အဲဒီဘိန်းစိုက်ခင်း ပိုင်ရှင်ဟာ အခုဆိုရင် ဘိန်းစေးသုံးလုံး (သုံးပိဿာ     )ရရှိထားပြီးဖြစ်ပါတယ်။

သူက ”ဒီဘိန်းခင်းက နောက်ထပ် နှစ်လုံးလောက် ထပ်ရနိုင်သေးတယ်”လို့ ဆိုပါတယ်။

ဒေါရောက်ခူကျေးရွာက ဘိန်းစိုက် တောင်သူတွေကတော့ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးဖို့ဆိုရင် ဘိန်းစိုက်ပျိုးရောင်း ချလို့ရတဲ့ ဝင်ငွေလောက်ရမယ်ဆိုရင် တော့ ပြောင်းလဲစိုက်ပျိုးမယ်လို့ဆိုပါ တယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဘိန်းကိုပဲ ဆက်လက် စိုက်ပျိုးသွားမှာပါ။ လုံးဝ မစိုက်ရဘူးလို့ တားမြစ်မယ်ဆိုရင်တောင် ကျေးရွာနဲ့အလှမ်းဝေးတဲ့ တောင်တွေ အပေါ်မှာ သွားရောက်စိုက်ပျိုးမယ်လို့ ဒေါရောက်ခူကျေးရွာမှ ဘိန်းစိုက်တောင် သူတွေက ဆိုပါတယ်။

ဘိန်းစိုက်ပျိုးမှုဟာ ဒေသခံတွေရဲ့ စားဝတ်နေရေးအခက်အခဲကို အလွယ် တကူ ဖြေရှင်းပေးသလို ဒေသနဲ့ကိုက်ညီ တဲ့ စီးပွားရှာမှုလည်းဖြစ်တဲ့အတွက် ကယားပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုဟာ ဆက်လက်ရှိနေဦးမှာပဲလို့ ဒေသအခြေ စိုက်လူမှုအဖွဲ့အစည်းတွေက မှတ်ချက်ပြု ပါတယ်။

UNODC က ၂ဝ၁၅ မှာ ထုတ်ပြန် တဲ့ အစီရင်ခံစာမှာတော့ ကယားပြည် နယ်မှာ ဘိန်းစိုက်ပျိုးရခြင်းရဲ့ အဓိက အကြောင်းအရင်းကို ဖော်ပြထားရာမှာ ၆ဝ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှုကြောင့် ဖြစ်ပြီး ၄ဝ ရာခိုင်နှုန်းကတော့  ငွေရလွယ် ကူတာ၊ ဝင်ငွေပိုရတာကြောင့် ဖြစ်တယ် လို့ ဖော်ပြထားပါတယ်။

ကျွန်တော်တို့ရောက်ခဲ့တဲ့ ကျေးရွာ တွေမှာ တိုက်အိမ်တွေ ဆောက်လုပ်ထား ပြီး ကားဝယ်စီးနိုင်ကြတာကို တွေ့ရပါ တယ်။ ဒေါရောက်ခူကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူး ဦးဘေတိုးကလည်း သူ့ရွာမှာ အိမ်ကောင်းကောင်းဆောက်နိုင်ကြတာဟာ ဘိန်းစိုက်ပျိုးကြလို့ဟု မှတ်ချက်ပေး ပြောပါတယ်။

UNODC ရဲ့ ၂ဝ၁၅ မှာထုတ်ပြန် တဲ့အစီရင်ခံစာမှာတော့ ဘိန်းစိုက်တာက နေရတဲ့ ဝင်ငွေတွေကို အစားအစာ အစား ဝယ်ယူဖို့အတွက် အဓိကအသုံးပြုတယ်လို့ ဆိုပါတယ်။ အကြွေးဆပ်ဖို့နဲ့ အိမ်အတွက် လိုအပ်တဲ့ ပစ္စည်းပစ္စယဝယ်တာတွေက နောက်က လိုက်တယ်လို့ဆိုပါတယ်။

ကယားပြည်နယ်မှာ ခြွင်းချက် အဖြစ်နဲ့ ဘိန်းကရတဲ့ ဝင်ငွေအများစုကို အကြွေးဆပ်ဖို့ အသုံးပြုရတယ်လို့ ဆို ပါတယ်။ အခြားအသုံးစရိတ်တွေကတော့ ဆေးဖိုးဝါးခအတွက်ရယ်၊ ပညာရေး အတွက်ရယ်ဆိုပြီး သုံးစွဲကြတယ်လို့ ဆို ပါတယ်။

တချို့တောင်သူတွေက သူတို့ရဲ့စား ဝတ်နေရေးအတွက် မဖန်တီးပေးနိုင်ဘဲနဲ့ သူတို့စိုက်ထားတဲ့ ဘိန်းခင်းတွေကို ဖျက် ဆီးတာဟာ သူတို့အတွက် ဆင်းရဲတွင်း ပိုနက်စေတယ်ဆိုပြီး ပြောကြတာမျိုး တွေရှိကြတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မူးယစ်တားဆီးနှိမ်နင်းရေးဌာနမှ ဌာနမှူး ရဲမှူးကြီးရွှေညာမောင်က ဆိုပါတယ်။ ဒါ ပေမဲ့ တချို့လူတွေကတော့ ”ချမ်းသာချင် လို့ ဘိန်းစိုက်ကြတာ” လို့ သူက မှတ်ချက် ပေးပါတယ်။

အခွန်ဆောင်ပြီး စိုက်ကြတဲ့ ဘိန်းခင်း

ကယားပြည်နယ်မှာ ဘိန်းစိုက်ပျိုး မယ်ဆိုရင် စိုက်ချင်တိုင်း စိုက်လို့မရပါဘူး။ ဘိန်းစိုက်တောင်သူတွေဟာ ဘိန်းစိုက်ပျိုး မယ်ဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးဆီ သွားပြီး ဘိန်းစိုက်ပျိုးမယ့် အကြောင်း စာရင်းပေးသွင်းရပါတယ်။

တချို့ဘိန်းစိုက်တောင်သူတွေက ဘိန်းစိုက်ပျိုးပြီးမှ စာရင်းပေးသွင်းတာ လည်း ရှိပါတယ်။ ဘိန်းစိုက်ပျိုးမှုစာရင်းကို ကျေးရွာ အုပ်ချုပ်ရေးမှူးကတစ်ဆင့် သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးထံကို ထပ်မံ စာရင်းပေးသွင်းရပါတယ်။

ဘိန်းစိုက်ရာသီ တစ်ရာသီကို ဘိန်း စိုက်တောင်သူတစ်ဦးအနေနဲ့ သူစိုက်ပျိုး တဲ့ ဧကအကျယ်နဲ့ ဘိန်းစိုက်ခင်းကောင်း၊ မကောင်းအပေါ် မူတည်ပြီး ကျပ် ၁၅,ဝဝဝ ကနေ ကျပ် ၅ဝ,ဝဝဝ အထိ အုပ်ချုပ်ရေး မှူးထံ ပေးသွင်းရတယ်လို့ ဘိန်းစိုက် တောင်သူတွေက ပြောပါတယ်။

ဘိန်းစေးထုတ်ယူတဲ့အချိန်ရောက်ပြီဆိုရင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ လက် နက်ကိုင်အဖွဲ့အစည်းတွေက ကျေးရွာအုပ် စု အုပ်ချုပ်ရေးမှူးတွေထံကို လာရောက် ပြီး ဘိန်းခွန်တောင်းခံကြပါတယ်။ ဒီ အခါမှာ အုပ်ချုပ်ရေးမှူးက အဖွဲ့အစည်း တစ်ခုကို ကျပ်တစ်သိန်းကျော်ကနေ ကျပ် နှစ်သိန်းအထိ ပေးဆောင်ရတယ်လို့ ဆိုပါ တယ်။ တစ်ခါတလေ အခွန်ကောက်သူ တွေဟာ တစ်ရာသီမှာ သုံး၊ လေးကြိမ် လာရောက်တောင်းခံတာမျိုးလည်းရှိ  ပါတယ်။

ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူး တွေဆီ လာရောက်တဲ့ အဖွဲ့အစည်းပေါင်း စုံရဲ့ ဧည့်ခံကျွေးမွေးစရိတ်တွေကို ဘိန်း စိုက်တောင် သူတွေက ပေးဆောင်ထားတဲ့ အခွန်ငွေထဲက ကျခံရတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲက အမည် မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးအဆိုအရ ဘိန်းစေးထွက်တဲ့အချိန် ဟာ အလုပ်ရှုပ်ဆုံးအချိန်လို့ ဆိုပါတယ်။ အဲဒီအချိန်ရောက်ရင် သက်ဆိုင်ရာ အဖွဲ့ အစည်းတွေ ရောက်လာကြပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအားလုံးလည်း စုဝေး ကာ အစည်းအဝေးလုပ်ကြရတယ်လို့ ဆို ပါတယ်။ တစ်ခါတလေ နှစ်စဉ်ခေါင်းရှုပ် စရာတွေနဲ့ ကြုံတွေ့ရပြီး ဘိန်းစိုက်တောင် သူ အချို့ရဲ့ စိန်ခေါ်တာ၊ မိုက်ကြေးခွဲတာ ကိုလည်း ခံရတယ်လို့ သူက ဆိုပါတယ်။

ဥပမာ-ကျေးရွာဖွံ့ဖြိုးရေးအတွက် ခွဲတမ်းအဖြစ် ကောက်ခံတဲ့အခါ မပေး ဆောင်တဲ့အပြင် ”မင်းတို့အုပ်ချုပ်ရေးမှူး တွေကို မပေးတော့ ဘာလုပ်ချင်လဲ။ မပေး နိုင်ဘူး” လို့ လူမိုက်ဆန်ဆန် ပြောဆိုတာ တွေ ရှိတယ်လို့ သူက ရှင်းပြပါတယ်။

သူဟာ ၂ဝ၁၂ ကစပြီး အုပ်ချုပ်ရေး မှူးတာဝန်ယူခဲ့တာပါ။ ဒါပေမဲ့ ဘိန်းစိုက် တောင်သူတွေဆီကနေ အခုလို အခွန် ကောက်တာ၊ ဘိန်းစိုက်ပျိုးရေးနဲ့ပတ် သက်ပြီး ညှိနှိုင်းတာတွေကို မလုပ်ချင် တော့တာကြောင့် လာမယ့်နှစ် အုပ်ချုပ် ရေးမှူးရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးမခံတော့ဘူးလို့ သူက ဆိုပါတယ်။

ဘိန်းစိုက်ပျိုးခြင်းအပေါ် အခွန် ကောက်ခံရတာနဲ့ ပတ်သက်ပြီး သူက အခုလို မှတ်ချက်ပေးပါတယ်။

”ဒီကိစ္စကို အစိုးရကလည်း မျက်စိ တစ်ဖက်မှိတ် မျက်စိ တစ်ဖက်ဖွင့်ထားတယ်”

ဘိန်းစိုက်တောင်သူတွေအနေနဲ့ အခွန်ပေးရင် ဘိန်းစိုက်ပျိုးနိုင်တယ်၊ တရားဝင်ဖြစ်တယ်၊ အခွန်ပေးဆောင် ထားသဖြင့် ဘိန်းစိုက်ခင်းကို ဖျက်ဆီး ခြင်းမခံရဘူးဆိုတဲ့ အသိတွေ ရှိနေတာ ကြောင့် နှစ်စဉ်ဘိန်းစိုက်ပျိုးမှုက ဆက်ရှိ နေမယ်လို့ ကျွန်တော်တို့သွားခဲ့တဲ့ ဘိန်း စိုက်တဲ့ကျေးရွာတွေမှ ကျေးရွာအုပ်ချုပ် ရေးမှူးတွေက ပြောကြပါတယ်။

တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ ၂ဝ၁၅ ကစပြီး အခွန်ကောက်ခံတာ မရှိတော့ဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဆိုပါတယ်။

”ကယန်းပြည်သစ်တပ်မတော် အနေနဲ့ ဘိန်းစိုက်တောင်သူတွေထံက အခွန်လုံးဝမကောက်ပါဘူး”လို့ ကယန်း ပြည်သစ်တပ်မတော်မှ ဗိုလ်မှူးကြီးစော လွင်က ပြောပါတယ်။

သက်ဆိုင်ရာရဲဝန်ထမ်းတွေအပါ အဝင် လက်နက်ကိုင်အဖွဲ့ အစည်းတွေက သူတို့ရဲ့ မူဝါဒအရ ဘိန်းစိုက်ပျိုးမှု အခွန် ကောက်ခံခြင်းကို တားမြစ်ထားပေမယ့် အောက်ခြေဝန်ထမ်းတွေဟာ လာဘ်ပေး လာဘ်ယူကိစ္စတွေမှာ ပါဝင်ပတ်သက်မှု တွေ ရှိနေတယ်လို့ ကယားပြည်နယ်အခြေ စိုက်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

”အာဏာရှိသူတွေနဲ့ လက်နက် ကိုင်အဖွဲ့အစည်းတွေရဲ့ လာဘ်ပေး လာဘ်ယူကိစ္စ မကင်းရှင်းနိုင်သမျှ ဘိန်း စိုက်ပျိုးမှုက ဆက်လက်ရှိနေမှာပဲ”လို့ မေတ္တာဖောင်ဒေးရှင်း၊ ကယားပြည်နယ် ရုံး ညှိနှိုင်းရေးမှူး ဦးခွန်မြင့်နိုင်က ဆိုပါတယ်။

ဘိန်းစိုက်တောင်သူတွေဆီကနေ ရဲဝန်ထမ်းတွေက အခွန်ယူ၊ လာဘ်ပေး လာဘ်ယူနေတာတွေနဲ့ပတ်သက်လို့ ပြည် ထဲရေးဝန်ကြီးဌာနအောက်ရှိ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးဌာနမှ ဌာနမှူး ရဲမှူးကြီးရွှေညာမောင်က ”ဘယ် အဖွဲ့အစည်းကတော့ ဘယ်လို ပတ်သက် တယ်ဆိုတာ တိကျတဲ့ သတင်းတွေနဲ့ လာရောက်ပြီးတော့ သတင်းပို့တိုင်ကြား တာ တစ်ခါမှ မရှိသေးဘူး”လို့ ဆိုပါတယ်။

ဒါကြောင့် အရေးယူတာမျိုးလည်း မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

အဖျက်ပြတဲ့ ဘိန်းခင်း

ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ နောက်ထပ် လုပ်ရ တဲ့အလုပ်တစ်ခုက သူတို့ကျေးရွာက ဘိန်းစိုက်တောင်သူတွေရဲ့ ဘိန်းခင်းတွေ အဖျက်မခံရဖို့ ကိစ္စပါ။ သက်ဆိုင်ရာ အုပ် ချုပ်ရေးဌာနနဲ့ အဖွဲ့အစည်းတွေက နှစ်စဉ် ဘိန်းခင်းဖျက်ဆီးကြတာမျိုး ရှိပါတယ်။ သက်ဆိုင်ရာရဲဝန်ထမ်းတွေ ဘိန်းခင်းကို ဖျက်ဆီးဖို့ လာရောက်ကြတဲ့အခါ အဆင် သင့်ဖျက်ဆီးနိုင်ဖို့ ကျေးရွာတွေမှာ ဘိန်း စိုက်ခင်းတစ်ခုကို အမြဲတမ်း ကြိုတင်ရွေး ချယ်ထားရပါတယ်။

ဘိန်းဖျက်ခင်းအဖြစ် ရွေးချယ်ခံရ တဲ့ ဘိန်းစိုက်တောင်သူရဲ့ စိုက်ပျိုးစရိတ် ကုန်ကျငွေကိုတော့ ကျေးရွာက ကျန်တဲ့ ဘိန်းစိုက်တောင်သူတွေက ခွဲတမ်းနဲ့ ပြန်ပေးကြရတယ်လို့ ကျေးရွာအုပ်ချုပ် ရေးမှူးတွေက ရှင်းပြပါတယ်။

ဒီအခါ ကျေးရွာက သတ်မှတ်ပေး တဲ့ ဘိန်းဖျက်ခင်းတွေမှာ သက်ဆိုင်ရာ ရဲ တပ်ဖွဲ့တွေက ဝင်ရောက်ဖျက်ဆီးပြီး ဓာတ် ပုံမှတ်တမ်းယူကြတယ်။ နောက်တစ်မျိုး က ဘိန်းခင်းဖျက်ဆီးမှုပုံစံကို ရှုထောင့် ပေါင်းစုံက ဓာတ်ပုံမှတ်တမ်းယူကာ ဖျက် ဆီးခံရတဲ့ ဘိန်းစိုက်တောင်သူ မနစ်နာစေ ဖို့ အနည်းငယ်သာ အဖျက်ပြပြီး ကျန်ရှိ တဲ့ဘိန်းပင်တွေကို အကောင်းအတိုင်း ထားပေးဖို့ ညှိနှိုင်းပေးရတာလည်း ရှိ တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

အခွန်ပေးဆောင်မှုအပေါ် မူတည် ပြီး ဘိန်းခင်းဖျက်ဆီးမယ့် အချိန်ကို ညှိ နှိုင်းရတာမျိုးလည်း ရှိပါတယ်။ တချို့ ကျေးရွာတွေမှာဆိုရင် ဘိန်းစေးထုတ်ပြီး ချိန်မှသာ ဘိန်းစိုက်ခင်းကို လာရောက် ဖျက်ဆီးကြတယ်လို့ ဆိုကြပါတယ်။

တချို့ကျေးရွာတွေမှာဆို နှစ်စဉ် ဘိန်းခင်းဖျက်ဆီးခြင်း ခံရပေမယ့် အချို့ ကျေးရွာတွေမှာ အခွန်ပေးဆောင်မှုပေါ် မူ တည်ပြီး လုံးဝလာရောက် မဖျက်ဆီးတာ တွေလည်းရှိပါတယ်။

”တစ်ခါတလေတော့ တကယ် ကောင်းတဲ့ ဘိန်းခင်းတွေလည်း ဖျက်ပါ တယ်”လို့ ဒီးမော့ဆိုမြို့နယ်ရှိ ဆောင်ဒူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတိုးက ပြော   ပါတယ်။

ရဲမှူးကြီးရွှေညာမောင်ကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ ဘိန်းစိုက်တောင်သူ အားလုံးရဲ့ ဘိန်းစိုက်ခင်း သုံးဆယ်ရာခိုင် နှုန်းကို ပြည်ထဲရေးဝန်ကြီးဌာနက ဖျက် ဆီးနိုင်တယ်လို့ဆိုပါတယ်။

တခြားရောဂါပိုးကျတာ၊ အမြစ် ပုပ်တာ၊ နှင်းခါးရိုက်တာနဲ့ သဘာဝရာသီ ဥတုကြောင့် ပျက်စီးတာတွေလည်း ရှိ တယ်လို့ဆိုပါတယ်။ ကောင်းကောင်းမွန် မွန် အောင်မြင်သွားတဲ့ဘိန်းစိုက်ခင်းဟာ ”သုံးဆယ်ရာခိုင်နှုန်းပဲရှိတယ်”လို့ ရဲမှူး ကြီး ရွှေညာမောင်က ဆိုပါတယ်။

”ဒီနှစ်(၂ဝ၁၅) ကယားပြည်နယ် မှာ ၂၅ ဧက ဖျက်ဆီးထားတယ်”လို့ ရဲမှူးကြီးရွှေညာမောင်က ဆိုပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကိန်း ဂဏန်းအရ ကယားပြည်နယ်အတွင်း ၂ဝ၁၄ မှာ ဟက်တာ ၅ဝဝ (၁,၂၃၅ ဧက) စိုက်ပျိုး ခဲ့ပြီး ၂ဝ၁၅ မှာ ဟက်တာ ၄၆ဝ (၁,၁၃၇ ဧက) စိုက်ပျိုးတာကြောင့် ရှစ်ရာခိုင်နှုန်း အထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။

    Photo: Thet Oo Mon                    ခြစ်ပြီးသား ဘိန်းစေးများ

ဘိန်းအစားထိုးသီးနှံ စီမံကိန်း

ဖယ်ခုံမြို့နယ်က ဘိန်းစိုက်တောင် သူတွေကို ဘိန်းအစားထိုးသီးနှံစိုက်ပျိုး နိုင်ဖို့ အဖွဲ့အစည်းအချို့က လာရောက် လေ့လာမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ     ဘိန်းအစားထိုးသီးနှံစိုက်ပျိုးနိုင်ဖို့ အကောင်အထည်ဖော်ပေးသွားတာ မရှိ ဘူးလို့လည်း ဖယ်ခုံမြို့နယ်၊ စလောင်း ကျေးရွာမှ ဘိန်းစိုက်တောင်သူတွေက ဆိုပါတယ်။

စလောင်းကျေးရွာက တောင်သူ အားလုံးနီးပါးဟာ ဘိန်းတစ်မျိုးတည်း ကိုသာ မိသားစုစီးပွားရေးအနေနဲ့ လုပ် ကိုင်စားသောက်ကြပါတယ်။ တောင်သူ တချို့သာ ဘိန်းနဲ့ တောင်ယာစပါးကို တွဲဖက်စိုက်ပျိုးကြတာပါ။ ဘိန်းစိုက် တောင်သူတွေက သူတို့မြေယာမှာ အခြား သီးနှံစိုက်ပျိုးဖြစ်ထွန်းနိုင်မှု ရှိ၊ မရှိကို စမ်းသပ်စိုက်ပျိုးတာမျိုး မလုပ်ဖူးဘူးလို့ ပြောပါတယ်။

ဘိန်းစိုက်တောင်သူတွေဟာ စလောင်းကျေးရွာအနီးက တောင်ကုန်း တွေမှာ ဘိန်းကို စိုက်ပျိုးကြတာပါ။ ရွာက နေ ဆယ်မိနစ်ဝန်းကျင် လမ်းလျှောက် သွားတာနဲ့ ဘိန်းစိုက်ခင်းတွေကို ရောက် ပါတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်မှာ ဘိန်းစေး ထုတ်ယူနေတဲ့ စိုက် ခင်းတစ်ကွက်သာ ကျန်ပါတော့တယ်။ ကျန်ဘိန်းခင်းတွေကတော့ အသီးခြောက် နဲ့ အပင်ခြောက်တွေသာ တွေ့ရပါတော့တယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာရှိတဲ့ ဘိန်းစိုက်ပျိုးတဲ့ ကျေးရွာတစ်ရွာမှာဆိုရင် လမ်းပန်း ဆက်သွယ်ရေးအဆင်ပြေပေ မယ့် လယ်ယာမြေအသစ်တွေ ထပ်မံ မဖော်ထုတ်ပေးနိုင်တာနဲ့ ဘိန်းအစားထိုး သီးနှံ မလုပ်ပေးနိုင်တာကြောင့် တောင် ယာတွေကို ခုတ်ထွင်ရှင်းလင်းလိုက်ရုံနဲ့ အလွယ်တကူစိုက်ပျိုးလို့ရတဲ့ ဘိန်းစိုက် ပျိုးမှုသာ ဆက်လက်စိုက်ပျိုးနေခြင်းဖြစ်တယ်လို့ အဲဒီကျေးရွာက အုပ်ချူပ်ရေးမှူး က ပြောပါတယ်။

”ကျေးရွာမှာ တောင်ကုန်းအလွတ် တွေရှိတယ်။ အစိုးရက လက်ဖက်ခင်းလုပ် မယ်။ ကော်ဖီလုပ်မယ်ဆိုပြီးလာတယ်။ လက်တွေ့မှာ မလုပ်ပေးဘူး”လို့ ၂ဝ၁၃ နှစ်ကုန်ပိုင်းမှာ အစိုးရအဖွဲ့က ဘိန်းအစား ထိုးသီးနှံလုပ်ပေးမယ်ဆိုပြီး နှစ်ကြိမ်တိုင် တိုင် လာရောက်လေ့လာမှုတွေ လုပ်ခဲ့ တာကို ရည်ညွှန်းပြီး သူက ဆက်ပြော ပါတယ်။

ကယားပြည်နယ်ထဲက ကျေးရွာ တွေမှာ ရေကန်တည်ဆောက်ခြင်း၊ ဘိန်းစိုက်ခြင်းရဲ့ ဆိုးကျိုး၊ ကောင်းကျိုးနဲ့ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး ဟော ပြောပွဲတွေကို လိုက်လံကူညီဆောင်ရွက် ပေးနေတဲ့ မေတ္တာဖောင်ဒေးရှင်း၊ ကယား ပြည်နယ်ရုံး ညှိနှိုင်းရေးမှူး ဦးခွန်မြင့်နိုင် ကတော့ ဘိန်းစိုက်တောင်သူတွေ တွေ့ ကြုံနေရတဲ့ လမ်းပန်းဆက်သွယ်ရေး၊ အစားထိုးသီးနှံဈေးကွက်ရရှိရေး၊ ရင်းနှီး စရိတ်နဲ့ စိုက်ပျိုးရေးနည်းပညာတွေကို အစားထိုးမပေးနိုင်သရွေ့ဘိန်း စိုက်ပျိုးမှု တွေ ဆက်လက်ရှိနေဦးမယ်လို့ မှတ်ချက် ပေးပါတယ်။

ဘိန်းစိုက်ပျိုးမှု ကျဆင်းမသွားရတဲ့ အကြောင်းကို ရဲမှူးကြီးရွှေညာမောင်က လည်း အခုလို မှတ်ချက်ပေးပါတယ်။

”ဒီဘိန်းစိုက်တောင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ဈေးကွက်စီးပွားရေးစနစ်၊ လမ်းပန်းဆက် သွယ်ရေး၊ ဒါတွေကို ကိုယ်တို့က အပြည့် အဝ မဖန်တီးပေးနိုင်ဘူး”လို့ ဆိုပြီး သူက ဆက်၍ ”အပြည့်အဝဆောင်ရွက်ပေးနိုင်ဖို့ဆိုတာက နိုင်ငံတော်ချမ်းသာဖို့လို တယ်”လို့ ဆိုတယ်။

ကယန်းပြည်သစ်တပ်မတော်၊ ဗဟို ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင်ကလည်း ဘိန်းအစားထိုးသီးနှံ လုပ်ပေးမယ်ဆိုရင် သူတို့ကယားပြည်နယ် မှာ ဘိန်းစိုက်ပျိုးရေး ပပျောက်သွားနိုင် မယ်လို့ ယုံကြည်တယ်လို့ဆိုပါတယ်။ ဘိန်း အစားထိုးသီးနှံလုပ်ဖို့အတွက် အရင်ဆုံး ရေရအောင် လုပ်ပေးရမှာဖြစ်သလို နောက် တစ်ခုကတော့ အစားထိုးသီးနှံတွေ ရောင်းချနိုင်မယ့် ဈေးကွက်နဲ့ ဈေးကွက် ကို ရောက်ဖို့အတွက် လမ်းပန်းဆက်သွယ် ရေးကောင်းဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

ပြီးတော့ သူက ”ငွေကြေးအမြောက် အမြားသုံးစွဲပြီးတော့မှပဲ ဖန်တီးလို့ရ မယ်”လို့ အကြံပြုပါတယ်။

Photo: Thet Oo Mon                                  ဖယ်ခုံမြို့နယ်၊ မြေနီကုန်းကျေးရွရှိ ဦးနီ* ရဲ့ နွေရာသီ ဘိန်းစိုက်ခင်း

ဘိန်းဈေးကျလို့ တောင်သူတွေ စိတ်ပျက်

ဘိန်းစိုက်တောင်သူအချို့က စိုက် ပျိုးစရိတ်အရင်းအနှီးနဲ့ အခွန်ပေးဆောင် နိုင်ဖို့အတွက် ကျေးရွာရှိ အတိုးနဲ့ ငွေချေး သူတွေထံက ရယူကြပါတယ်။ အချို့က တော့ ဘိန်းစေးရောင်းဝယ်သူတွေထံက ချေးငွေထုတ်ယူကြပါတယ်။ ဘိန်းစေး ရောင်းဝယ်သူတွေထံက ချေးငွေထုတ်ယူ သူတွေက ဘိန်းထွက်ရာသီရောက်ရင် ဘိန်းစေးရောင်းပြီး ငွေကြေး ပြန်လည် ပေးဆပ်ကြရပါတယ်။

ဘိန်းစေးဝယ်ရောင်းသူတွေက ဘိန်းစေးထုတ်ယူချိန်တွေမှာ ဘိန်းစိုက် ခင်းနဲ့ ဘိန်းစိုက်တောင်သူတွေရဲ့ အိမ်တွေ အထိ လာရောက်ပြီး ဘိန်းကိုဝယ်ယူကြ ပါတယ်။

ဒီလိုရောင်းဝယ်ကြတဲ့နေရာမှာ ဘိန်းစေးဝယ်ယူသူတွေရဲ့ နာမည်နဲ့ ဘယ် နေရာမှာ နေထိုင်တယ်ဆိုတာကို မေး မြန်းတာမျိုး ရောင်းသူနဲ့ဝယ်သူကြား မေးမြန်းလေ့မရှိကြပါဘူး။ ဘိန်းစေးဝယ် ရောင်းလုပ်သူတွေက ဘယ်အိမ်မှာ ဘိန်း စေးရှိတယ်ဆိုတာ သိထားကြတယ်လို့ ဘိန်းစိုက်တောင်သူတွေက ရှင်းပြပါ တယ်။ တချို့ကျေးရွာတွေမှာတော့ ဘိန်း စိုက်တောင်သူအချင်းချင်း ဝယ်ယူထား တာတွေလည်း ရှိကြပါတယ်။

မိုးရာသီစိုက်ပျိုးပြီး ဆောင်းရာသီ ထွက် ဘိန်းစေးက တစ်လုံး(တစ်ပိဿာ    )ကို ဒီနှစ်မှာ ကျပ်ငါးသိန်းဈေးပေါက် ပါတယ်။ ရေတင်ပြီး စိုက်ပျိုးတဲ့ နွေရာသီ ထွက်ဘိန်းစေးက တစ်လုံးကို ကျပ် ခြောက်သိန်းဝန်းကျင်အထိ ဈေးရနိုင် တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ၂ဝ၁၃ ကစပြီး ဘိန်းဈေး ကျလာတာဟာ မနှစ်ကဆိုရင် ဆောင်းသီး ထွက်ဘိန်းစေးတစ်လုံး(တစ်ပိဿာ    )ကို ကျပ်နှစ်သိန်းခွဲပဲ ရရှိခဲ့ပါတယ်။ နွေသီး ဘိန်းစေးတစ်လုံး(တစ်ပိဿာ    )  ကို ကျပ်သုံး သိန်းအထိ ဈေးနှုန်းကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီဈေးနှုန်းဟာ ဘိန်းစိုက်ပျိုးကုန်ကျစရိတ်အောက်ကို ရောက်နေလို့ ဘိန်း တောင်သူတွေအတွက် အရှုံးပြခဲ့ပါတယ်။ ၂ဝ၁၃ မတိုင်ခင်က ဘိန်းစေးတစ်လုံးကို ကျပ်ခုနစ်သိန်း၊ ဆယ်သိန်းအထိ ဈေး ရရှိ ခဲ့တယ်လို့ ဘိန်းစိုက်တောင်သူတွေက ဆို ပါတယ်။

၂ဝ၁၅ မှာတော့ ဘိန်းစေးဈေးနှုန်း က အနည်းငယ် ဈေးပြန်မြင့်တက်လာပါ တယ်။ ဒီနှစ်မှာ ဆောင်းသီးဘိန်းတစ်ဧက စိုက်ပျိုးမယ်ဆိုရင် ခန့်မှန်း ကျပ်ဆယ် သိန်းဝန်းကျင် ကုန်ကျပါတယ်။ ရေတင် စိုက်ပျိုးတဲ့ နွေသီးဘိန်းစိုက်ခင်းဆိုရင် တစ်ဧက ကျပ်သိန်းနှစ်ဆယ်ဝန်းကျင် ကုန်ကျတယ်လို့ ဘိန်းစိုက်တောင်သူတွေ ထံက သိရပါတယ်။

ဘိန်းဈေးနှုန်းကျဆင်းလာတာက ကယားပြည်နယ် မူးယစ်တပ်ဖွဲ့က ဘိန်း စိုက်ခင်းတွေကို မဖျက်ဆီးပေမယ့် ဘိန်း စေး လာရောက်ဝယ်ယူတဲ့သူတွေကိုတော့ ထိထိရောက်ရောက် ဖမ်းဆီးတာကြောင့် ဖြစ်တယ်လို့ လူမှုအဖွဲ့အစည်းတွေက ဆို ပါတယ်။

”ထွက်ရောင်းတဲ့(ကျေးရွာက ဘိန်းစေးရောင်းဝယ်တဲ့သူ)ထဲမှာ မိတာ ရှိတယ်။ လွတ်တာလည်း ရှိတယ်ပေါ့။ အဂတိလိုက်စားမှုကြောင့် လွတ်သွားတာ လည်းရှိတယ်။ ရဲက နည်းနည်းကြပ်လိုက် တာ ဈေးကတော်တော်လေးကျသွား တော့ စိုက်ပျိုးတာ လျော့သွားတယ်”လို့ ကရင်နီပြည်လူငယ်များသမဂ္ဂဥက္ကဋ္ဌ ဦးထင်အောင်ကျော်က ပြောပါတယ်။

အာဏာပိုင်အဖွဲ့အစည်းတွေက ဘိန်းစေးဝယ်ရောင်းလုပ်သူတွေကို လိုက် လံဖမ်းဆီးနေတာဟာ ဘိန်းစိုက်တောင် သူတွေ ဘိန်းစိုက်ပျိုးနေရတဲ့အပေါ် စိတ် ပျက်သွားအောင်လုပ်တဲ့ ပုံစံမျိုး ဖြစ်သွား ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ဘိန်း စိုက်တောင်သူ မိသားစုစားဝတ်နေရေးနဲ့ လူထုအခက်အခဲတွေကိုတော့ ထည့်သွင်း စဉ်းစားထားတာမရှိဘူးလို့ သူက ဆက် ပြောပါတယ်။

ရဲမှူးကြီးရွှေညာမောင်ရဲ့ ပြော ကြားချက်အရ ကယားပြည်နယ် ဘိန်း ရောင်းဝယ်မှုအတွက် ၂ဝ၁၅ အတွင်း ဖမ်း ဆီးအရေးယူထားတဲ့ အမှုခြောက်မှုရှိ တယ်လို့ သိရပါတယ်။

ယခုနှစ်မှာ ဒီလိုဘိန်းဈေးမကောင်း တာကြောင့် ဘိန်းစိုက်ပျိုးတဲ့ကျေးရွာ တွေမှာ ဘိန်းစိုက်ပျိုးမှုလျော့ကျသွားတာမျိုးရှိတယ်လို့ ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

လွိုင်ကော်မြို့ကနေ ဆိုင်ကယ်နဲ့ တစ်နာရီဝန်းကျင်လောက် သွားရတဲ့ လွိုင်ကော်မြို့နယ်ထဲက ပိန်းချစ်ကျေးရွာ မှာဆိုရင်လည်း တခြားဒေသကလာပြီး မြေငှားရမ်း ဘိန်းစိုက်နေကြတဲ့ တောင် သူအပါအဝင် ဘိန်းစိုက်ပျိုးသူ ၃ဝ ခန့် မှာလည်း ဘိန်းဈေးနှုန်းကျပြီး အရှုံးပေါ် တာတွေကြောင့် တချို့က ဘိန်းစိုက်ချင် စိတ် မရှိကြတော့ဘူးလို့ ပိန်းချစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံမတ်က ပြောပါတယ်။

ပိန်းချစ်ကျေးရွာမှာဆိုရင် ကြက် သွန်ဖြူ၊ ပဲစင်းငုံ၊ ပြောင်း ဖူး၊ ပဲပုတ်နဲ့ စပါး တွေ စိုက်ပျိုးလို့ရပေမယ့် အခြားကျေးရွာ တွေမှာ ဘိန်းစိုက်ပျိုးလို့ ငွေကြေး အဆင် ပြေတာကို လိုက်တုပြီး ဘိန်းစိုက်ပျိုးလာ ကြတာလို့ ဒေသခံ ဘိန်းစိုက်တောင်သူ တွေက ဆိုပါတယ်။

ပိန်းချစ်ကျေးရွာက တောင်သူတစ် ဦးဆိုရင် ဘိန်းစိုက်လာတာ သုံးနှစ်ဆက် တိုက်ပါ။ အခု ဘိန်းဈေးတွေကျနေတာ ကြောင့် ဘိန်းစိုက်ပျိုးတာကို ရပ်နားထား ပါတယ်။ သူ့မှာ လယ်ယာမြေ ငါးဧက အထိရှိပြီး ဒီနှစ်မှာ ကြက်သွန်ဖြူ နှစ်ဧက လောက်ပဲ စိုက်ပျိုးခဲ့ပါတယ်။

ကျန်ရှိတဲ့လယ်ယာမြေကို နေ့စား အလုပ်သမား တစ်ရက် ကျပ်ငါးထောင်နဲ့ မငှားရမ်းနိုင်တာကြောင့် ဘာမှ မစိုက်ပျိုး နိုင်ဘဲ ဒီအတိုင်းထားတယ်လို့ ဆိုတယ်။

သူ့မှာ မိသားစုဝင် ခုနစ်ယောက် ရှိတာကြောင့် ဝင်ငွေကောင်း ကောင်းရတဲ့ ဘိန်းကို စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။ ဒါပေ မဲ့ မနှစ်ကတည်းက ဘိန်းဈေး အဆမတန် ကျဆင်းသွားတာကြောင့် ဘိန်းစိုက်ပျိုးမှု ကိုတော့ စွန့်လွှတ်တော့မယ်လို့ ပြောပါတယ်။

အခုလို ဘိန်းဈေးနှုန်းတွေကျပြီး တောင်သူတွေဘိန်းစိုက်ပျိုးခြင်းအပေါ်  စိတ်ပျက်နေတဲ့အချိန်မှာ အစိုးရအနေနဲ့ လုပ်သင့်တဲ့ အလုပ်တစ်ခုကို မေတ္တာ ဖောင်ဒေးရှင်း၊ ကယားပြည်နယ်ရုံး ညှိ နှိုင်းရေးမှူး ဦးခွန်မြင့်နိုင်က အခုလို အကြံ ပြုပါတယ်။

”အခုအချိန်ဟာ(ဘိန်း)အစားထိုး သီးနှံ လုပ်ဖို့ အကောင်းဆုံး အချိန်ပဲ” ။         ။

၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၂)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။

 

မောင်သင်တုန်းနှင့် သက်ဦးမွန် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."