ကြုံရဆုံရ စက်ခေါင်းမောင်းဘဝ အပိုင်း(၁)

ဇူလိုင်ပထမပတ်၏ နေ့လယ်ခင်းသည် တစွတ်စွတ်ရွာနေသော မိုးကြောင့် စိုထိုင်းထိုင်းရှိလှသည်။ မလွှကုန်းဘူတာအနီး မီးရထား စက်ခေါင်းမောင်းများနေထိုင်သည့် ဝန်ထမ်းလိုင်းခန်းတစ်ခုထဲတွင်  ဦးအောင်စန်းဝင်းတစ်ယောက် အိပ်စက်အနားယူနေသည်။

အလင်းရောင်ကောင်းကောင်းမရသဖြင့် အခန်းက မှောင်နေသည်။ သူ့အိမ်ကို ရောက်လာသော ကျွန်တော့်အသံကြားရ သည့်အခါ သူ အိပ်ရာကနေ လူးလဲထလာသည်။ ဆယ်ပေပတ် လည်သာသာရှိသော အိမ်ရှေ့ခန်းတွင် ကျွန်တော့်ကို  နေရာထိုင် ခင်းပေးပြီး ညနေ ဂျူတီဝင်ရန် ဦးအောင်စန်းဝင်းပြင်ဆင်သည်။

ပြင်ဆင်ပြီးချိန်တွင် လေးနာရီခွဲရှိချေပြီ။ အင်္ကျီအဖြူ၊ ဘောင်းဘီနက်ပြာ ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ဦးအောင် စန်းဝင်းသည် ဂျူတီဝင်ခါနီး အမြဲတမ်းဆောင်ရွက်နေကျဖြစ် သော ဘုရားစင်မှ သောက်တော်ရေများကို အသစ်လဲခြင်း၊ ဘုရားဝတ်ပြုခြင်းများကို ပြုလုပ်သည်။

ပြီးနောက် ဇနီးဖြစ်သူကိုနှုတ်ဆက်ပြီး အိမ်မှထွက်လာခဲ့ သည်။ အသက် ၅၂ နှစ်ရှိပြီး အရပ်ငါးပေခွဲခန့်ရှိသည့် ဦးအောင် စန်းဝင်းသည် ပြည့်ဖြိုးသောခန္ဓာကိုယ်ရှိသည်။ ဗိုက်ကတော့ အနည်းငယ်ထွက်နေသည်။ သူ့ကြည့်ရသည်မှာ ယူနီဖောင်းဝတ်စုံ နှင့် လိုက်ဖက်လှသည်။

သူဂျူတီဝင်မည့် မလွှကုန်းမီးရထားစက်ခေါင်းစက်ရုံသို့ ငါးမိနစ်သာသာခန့်လမ်းလျှောက်ပြီးသောအခါ မီးရထားစက် ခေါင်းများထားရှိရာနေရာသို့ ရောက်သည်။ ယနေ့ ဦးအောင်စန်းဝင်းက မော်လမြိုင်သို့မောင်းနှင်ရမည်ဖြစ်သည်။

ယနေ့သူမောင်းမည့်စက်ခေါင်းကို သူ့အရင်မောင်းခဲ့သည့် သူများအဆိုအရ မောင်းနှင်သည့် လမ်းတစ်လျှောက် မိုးယိုသည့် အတွက် အဝတ်သုံးစုံလဲရသည်ဟု ပြောနေကြသည်။ စိတ်မချရ သည့် စက်ခေါင်းဖြစ်သည့်အတွက် စက်ပြင်ဆရာ တစ်ယောက်ပါ လိုက်ဖို့ထည့်ပေးထားသည်။

စက်ပြင်ဆရာက ခေါင်မိုးပေါ် ကုတ်ဖဲ့တက်ကာ မိုးယိုသည့် နေရာကို ပလတ်စတစ်စဖြင့် ဖုံးဖိနေသည်။ စက်ပိုင်းဆိုင်ရာများ စစ်ဆေးပြီး စိတ်ကျေနပ်သောအခါ ဟွန်းသံရှည်ကြီးလေးချက်ဆွဲ ကာ စက်ခေါင်းစက်ရုံမှ ရန်ကုန်ဘူတာကြီးသို့ ထွက်လာခဲ့သည်။ မိုးလေးကခပ်ဖွဲဖွဲကျနေသည်။ ဘူတာကြီးရောက်သောအခါ လူ စီးတွဲများဖြင့်ချိတ်ပြီး ညနေခြောက်နာရီခွဲတွင် မော်လမြိုင်သို့ စတင်ထွက်ခွာလာခဲ့တော့သည်။

မီးရထားကို အသုံးပြုကာ ခရီးသွားလာနေကြသော ပြည်သူများမှာ မြန်မာ့မီးရထား အချိန်နောက်ကျလျှင် အပြစ်ဆိုကြ ပြောကြသည်။ ထိုသို့လည်းပြောချင်စရာ၊ မြန်မာနိုင်ငံတွင် မီး ရထားဝန်ဆောင်မှုကို အဆင့်မြှင့်တင်ရန် များစွာလိုအပ်နေသေး သည်။ သို့သော် မီးရထားတွင် လိုက်ပါစီးနင်းကြသော ခရီးသည် များအသက်ကို အန္တရာယ်ကင်းကင်းနှင့် လိုရာခရီးသို့ ပို့ဆောင် ပေးနေကြရသည့် စက်ခေါင်းမောင်းများ၏ ဘဝအခက်အခဲကို သိသူက ရှားပါးလှ၏။

ခရီးသည်များ လူစီးတွဲပေါ်တွင် အိပ်ချင်အိပ်၊ လှဲချင်လှဲနိုင် ကြသော်လည်း စက်ခေါင်းမောင်းများကတော့ စက်ခေါင်းထဲတွင် ကျဉ်းကျဉ်းကျပ်ကျပ်နှင့် ဖြစ်သလိုပင် နေထိုင်စားသောက်ရ သည်။ အပေါ့အပါးသွားချင်လျှင် စက်ခေါင်းခန်းအတွင်း အိမ်သာ မပါသောကြောင့် ကြွပ်ကြွပ်အိတ်ဆောင်ထားကြသည်။

”အိမ်သာတက်အပေါ့သွားရင် ကြွပ်ကြွပ်အိတ်နဲ့ ဟိုဘက် (စက်ခေါင်းအတွင်းက လူကို ကျောခိုင်းကာ)လှည့်ပေါက်ပြီးပစ်ချ ရတာပဲ”ဟု ဦးအောင်စန်းဝင်းက ဆိုပါသည်။

”အစားအသောက်ဆိုလည်းတွေ့ရာ စားရတာပဲ။ ဗိုက် ပြည့်သွားပြီးရော”

စက်ခေါင်းခန်းကလည်း ကျဉ်းမြောင်းပြီး မိုးတွင်းဆိုလျှင် ကြမ်းပြင်မှာစိုစွတ်ကာ အေးစက်နေတတ်သည်။ ထိုအပေါ်တွင် ပလတ်စတစ်ထိုင်ခုံဖြင့် ထိုင်ကာ လမ်းအချက်ပြများ သံလမ်း အခြေအနေများကို မျက်ခြည်မပြတ် စောင့်ကြည့်နေရသည်။ တစ်ခါတစ်ရံ အထက်မှာ ဖော်ပြခဲ့သလို မိုးမလုံသည့်အခါ မိုးစို တတ်သေးသည်။

ထိုသို့အနေအထိုင် ဆင်းရဲရုံမက အန္တရာယ်ကလည်း အမျိုးမျိုးရှိသေးသည်။ ယခုလိုမိုးတွင်းကာလဆိုလျှင် ရထားလမ်း ချော်ခြင်းများနှင့် တောင်ပေါ်ဒေသများဆိုလျှင် တောင်ကျရေ များကြောင့် ရထားလမ်းများ ပျက်စီးခြင်းတို့လည်း ရှိသည်။

သေကံမရောက်

ဦးအောင်စန်းဝင်းတို့က ခရီးသည်များ၏ အသက်အန္တရာယ် နှင့် မီးရထားလုံခြုံဘေးကင်းစေဖို့ အမြဲတမ်းဂရုတစိုက် မောင်း နှင်နေသော်လည်း မိုးတွင်းဘက်ဆိုလျှင် ပိုမိုသတိထားရသည်။

မိုးတွင်းကာလတွင်ဖြစ်ပျက်ခဲ့သည့် ခါးသီးသည့် အတွေ့ အကြုံကလည်း သူ့မှာရှိနေသည်။ လွန်ခဲ့သော ၁၄ နှစ်၊ သြဂုတ် ၂ဝ ရက်တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ အဲဒီအချိန်က သူသည် ရေးနှင့်ထားဝယ်လမ်းကြောင်းကို မောင်းနေရသည်။

ရေး၊ ထားဝယ်လမ်းပေါ်ရှိ ကလိန်အောင်ဘူတာနှင့် ဂန့်ဂေါ်တောင်ဘူတာကြား၌ ရထားသံလမ်းအောက်တွင် ရေစီး ရေလာကောင်းစေရန် ကိုးပေပတ်လည် ကွန်ကရစ်ပိုက်လုံးဖြတ် ထားသည့် နေရာတစ်ခုရှိသည်။ ထိုနေရာမှာ တောင်ကျရေ တိုက် စားမှုကြောင့် ပိုက်လုံးနှင့် မြေကြီးများ မျောပါသွားကာ သံလမ်း နှစ်ချောင်းတည်း ပတ္တလားကဲ့သို့ဖြစ်နေ၏။ ထို့အပြင် အရှည်က ပေ ၆ဝ ကျော်  ၈၃ ပေ အနက် ချောက်ကြီးလည်း ဖြစ်နေသည်။ ထိုသို့ ဖြစ်နေသည်ကို သူမသိ။ သတင်းလည်း မရ။ ထို့ကြောင့် ပုံမှန်အတိုင်းပင် မောင်းလာခဲ့သည်။

မိုးတွင်းဖြစ်သည့်အတွက်လည်း သတိထားကာ ရထားကို တစ်နာရီ ၁၅ မိုင်နှုန်းဖြင့်သာ မောင်းလာသည်။ တဖြည်းဖြည်း ချောက်နှင့်နီးလာသည်။ အဝေးက လှမ်းကြည့်လိုက်တော့ ထို နေရာတွင် ဝါးပင်သုံးပင်လဲနေသည်ကို လှမ်းတွေ့ရသည်။ စိတ်ထဲ ကတော့လေတိုက်သောကြောင့် လဲတာဟု မှတ်ထင်လိုက်သည်။

တဖြည်းဖြည်းနှင့် ပေ ၅ဝ ခန့် အကွာသို့ ရောက်သော အခါတွင်တော့ ချောက်ကြီးကို လှမ်းတွေ့လိုက်ရတော့သည်။ မြင်သည်နှင့် တစ်ပြိုင်နက် စက်ခန်းအတွင်း ပျာယာခတ်သွား သည်။ ပုံမှန် တစ်နာရီမိုင် ၄ဝ နှုန်းမောင်းခဲ့လျှင်တော့ ချက်ချင်း ရပ်ပစ်ဖို့ မဖြစ်နိုင်။

လက်တွေကလည်း ရထားတွင်ရှိသမျှ ဟမ်းဘရိတ်၊ လျှပ် စစ်ဘရိတ်၊ လေဘရိတ်၊ တွဲဘရိတ်အားလုံးကို အလိုအလျောက် သုံးမိလျက်သားဖြစ်သွားသည်။ ရထားက ချောက်ထဲကျခါနီး လေးပေလောက်အလိုတွင် ရပ်သွားခဲ့သည်။

”သုံးစက္ကန့်လောက်နောက်ကျရင် ချောက်ထဲကျပြီ”

ရထားရပ်သွားသည့်အခါ လူလေးယောက်က သူ့ကိုပြေး လာပြီးကန်တော့သည်။ ထိုခေတ်က မိုင်းတွေရှိလျှင် ကာကွယ်နိုင် ရန် စက်ခေါင်းရှေ့တွင် တွဲပက်လက်အခွံတစ်စီးကို တပ်ဆင်ထား သည်။ မိုင်းထိလျှင်ထိုမိုင်းကာတွဲ ထိမည်ဖြစ်သည်။

ထိုတွဲပေါ်တွင် ရထားရဲလေးယောက်က အေးအေးလူလူ ထိုင်ကာ ထမင်းစားနေကြသည်။ ရထားရပ်သွားသည့်အခါမှ ချောက်ကြီးကို သူတို့မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် တွဲပေါ်မှ ခုန်ဆင်းလာကြကာ ”ထိုင်ရှိခိုးကြတာ”ဟုသူက ပြုံးလျက်     ပြောသည်။

ထိုသို့လူ့အသက်များနှင့် မီးရထားကိုပျက်စီးမှုမှကာကွယ် သည့်အတွက် ဆုငွေငါးသောင်းရခဲ့သည်။ ဒီလိုအဖြစ်မျိုး ကြုံခဲ့ရ တော့ မည်သို့ခံစားရသလဲဟုမေးသောအခါ သူက သိပ်တော့ မတုန်လှုပ်မိဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော် သူက သွေး အေးသောကြောင့်ဖြစ်သည်ဟုဆိုသည်။

”ကိုယ်က စိတ်ငြိမ်တဲ့အထဲပါတယ်။ ဘောလုံးကန်တုန်းက လည်း ပယ်နယ်တီရရင် ကိုယ်ပဲကန်တာ။ ပယ်နယ်တီကန်တဲ့ အမျိုးအစားကလည်း ဝင်ရင် နာမည်မကြီးဘူး။ မဝင်ရင်သာ နာ မည်ပျက်တာ။ လူတိုင်းမကန်ရဲဘူး”

သူကျောင်းသားဘဝက ဘောလုံးကန်ခြင်းကို ဝါသနာပါခဲ့ ပြီး အချိန်အတော်ကြာဘောလုံးကန်ခဲ့ဖူးသည်ဟု သူကဆိုသည်။ ထိုခေတ်က ဘောလုံးသမားဘဝဖြင့် ရပ်တည်မရသောကြောင့် ကျောင်းစာဘက်ကို အာရုံပြန်စိုက်ခဲ့သည်ဟု ဆိုပါသည်။

ထို့ကြောင့်လည်း ပညာကို ဘွဲ့ရသည်ထိ သင်ယူခဲ့ပြီးနောက် စက်ခေါင်းမောင်းဘဝကိုရောက်ဖို့ အကြောင်းဖန်လာခဲ့ခြင်း ဖြစ်သည်။

 

မီးရထားမောင်းချင်သည့် ဝါသနာ

ဦးအောင်စန်းဝင်းဇာတိက မန္တလေး၊ ပုသိမ်ကြီးမြို့နယ်။စက်ခေါင်းမောင်းမဖြစ်ခင်က အစိုးရဌာနငါးခုလောက်မှာ အလုပ် လုပ်ခဲ့ဖူးသည်။ ထိုအချိန်က သူ့အသက်က နှစ်ဆယ်ဝန်းကျင်။ထိုခေတ်အခါက A.G.T.I (အင်ဂျင်နီယာဘွဲ့ )နှင့် ဘွဲ့ရထားသည့် သူ့အတွက် အလုပ်အကိုင်က မရှား။

ဝန်ကြီးဌာနတစ်ခုတွင်လည်း ဒုဦးစီးမှူး စာမေးပွဲဝင်ဖြေခဲ့ သောအခါ အောင်ခဲ့သေးသည်။ သို့သော် ထိုအလုပ်တွေကို သူက ဝါသနာမပါ၍ မလုပ်ခဲ့။ မီးရထားကြီးတစ်စီးကို ကိုင်တွယ်မောင်း နှင်ချင်သော ဝါသနာအရ စက်ခေါင်းမောင်းဘဝထဲသို့ ခြေစုံပစ် ဝင်ခဲ့လိုက်သည်။

”မျိုးရိုးထဲမှာလည်းမရှိဘူး။ တစ်ယောက်တည်းချွန်ပြီး တော့ရောက်နေတာ။ မွဲချင်လို့” ဟု သူက တစ်ခွိခွိနှင့် ရယ်ရင်း ဆိုသည်။

၁၉၈၇ တွင် မြန်မာ့မီးရထားသို့ အလုပ်ဝင်သည်။ ထိုစဉ်က သူ့အိမ်ထောင်သက်မှာ နှစ်လသာရှိသေးသည်။ ထိုနှစ်လသာ အတူနေလိုက်ရပြီး မိတ္ထီလာရှိ စက်ခေါင်းမောင်းသင်တန်းသို့ သွားတက်ရသည်။ နောက်တစ်နှစ် ၈၈ အရေးအခင်းကြီး ဖြစ်လာ တော့ တစ်နှစ်တက်ရသည့် သင်တန်းက တစ်နှစ်ခွဲလောက် ကြာသွားသည်။

ထို့ကြောင့် သူ၏ ပထမဆုံးသားကလေး မွေးသည့်အချိန်  တွင် ဇနီးသည်အနားမှာ သူရှိမနေခဲ့။ ကလေး သုံးလသားအရွယ်မှ ပြန်ရောက်လာလေသည်။ စက်ခေါင်းမောင်းတစ်ယောက်၏ ဇနီးဖြစ်လာသည့် ဒေါ်တင်စောမြိုင်က ခင်ပွန်းဖြစ်သူနှင့် အမြဲ တမ်းခွဲခွာနေရသည်မှာ သူ့အတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဟု ဆိုသည် ။

”ငယ်တုန်းကတော့ လွမ်းတာပေါ့။ နောက်တော့လည်း ရိုးသွားပြီ”ဟု အိမ်ရှေ့ခန်းက ပလတ်စတစ်ခုံလေးပေါ်ထိုင်ရင်း သူ့ရှေ့ မှာရှိနေသည့် ဦးအောင်စန်းဝင်းကိုကြည့်ရင်း ပြောပြသည်။

ထို့ပြင် ”ကလေးတွေနေမကောင်းဖြစ်ရင် စိတ်အညစ်ရဆုံးပဲ။ ကလေးတွေ နေမကောင်းဖြစ်ရင် ဘယ်တော့မှ (ဦးအောင်စန်း ဝင်း)မရှိဘူး” ဟုလည်း ဒေါ်တင်စောမြိုင်က ရင်ဖွင့်သည်။ လက် ရှိမှာတော့ သားနှစ်ယောက်က ကုမ္ပဏီအသီးသီးတွင် အလုပ်လုပ် ကိုင်နေပြီး အိမ်ကို အထောက်အပံ့ပြုနေသည်။

 နေ့မနား ညမအား စက်ခေါင်းသမား

ယခင်က စက်ခေါင်းမောင်းခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိ စက် ခေါင်းမောင်းများကို ကြီးကြပ်နေရသည့် ဦးအောင်ထွန်းဦးက       ”စက်ခေါင်းမောင်းတွေရဲ့ဘဝက သိပ်ကိုသနားဖို့ကောင်းပါ တယ်”ဟု ဆိုပါသည်။

တစ်နိုင်ငံလုံးအနေအထားနှင့် ရထားမောင်းသူ ၅ဝဝ ခန့် ရှိသည်ဟု ဦးအောင်ထွန်းဦးက ဆိုသည်။ ရန်ကုန်မှာတော့ ဦးအောင်စန်းဝင်းအပါအဝင် ၁၅ဝ ခန့်သာရှိသည်။

သူတို့မှာ အားလပ်ရက်မရှိ တာဝန်ထမ်းဆောင်နေရသည့် အခါ လူမှုရေး၊ ကျန်းမာရေးနှင့် မိသားစုကိစ္စတွေမှာ လစ်ဟင်းမှု တွေ ရှိနေသည်ဟု ဦးအောင်ထွန်းဦးကဆိုသည်။ သူကတော့ ထို သို့လုပ်ကိုင်နေရသော စက်ခေါင်းမောင်းများကို ထိုက်တန်သည့် လစာနှင့် ခံစားခွင့်များကို ပေးသင့်သည်ဟု ယူဆသည်။

သူတို့စက်ခေါင်းမောင်းဘဝမှာ နားရက်ဆိုသည်မှာ မျှော်လင့်လို့မရ။ အများပြည်သူ ရုံးပိတ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေ ဝေလာဝေး၊ အခါကြီးရက်ကြီးများအပြင် ယုတ်စွအဆုံး သြင်္ကန် တွင်းပင်မနားရပါ။ ပုံမှန်အလှည့်ကျဖြင့် ခရီးစဉ်များအလိုက် ရထားကို ပြေးဆွဲနေရပါသည်။ ကျန်းမာရေးကိစ္စများဖြစ်သည့် အခါတွင်တော့ ခွင့်ရက်များခံစား၍ရသည်။

ထိုသု့ိ နေ့မနား ညမအား တာဝန်ထမ်းဆောင်နေရသည့် သူတို့လို စက်ခေါင်းမောင်းတွေအတွက် ခံစားခွင့်ကတော့ ထူးထူး ထွေထွေမရှိလှ။ ရသည့်လစာနှင့်လောက်ငအောင်ပင် မနည်း သုံးစွဲရသည်။ တုံးလုံးစာ မဆိုထားနှင်၊့ မတ်တတ်စာပင် အလျင် မမီ။ မိသားစုများလျှင် လစာက မလုံလောက်။ အိမ်ရှိဇနီးနှင့် သားသမီးများပါ စားဝတ်နေရေးအတွက် ဝန်ကူထမ်းကြရ ပါသည်။

 

ရထားပေါ်က ဗိုက်ကြီးသည်

ရထားမောင်းသမားဘဝတွင်ကြုံရသည်က များပြားလှ သည်။ ထိုသို့ ဘဝခါးခါးထဲပျော်ရွှင်ကြည်နူးစရာလေးတွေလည်း ကြုံရသေးသည်။ တစ်ခါတုန်းက မြစ်ကြီးနားနှင့် မန္တလေးကို ဆွဲ သည့် လမ်းကြောင်းပေါ်တွင်ဖြစ်သည်။ စစ်ကိုင်းဘူတာမရောက် ခင် ရွာထောင်ဘူတာသို့ ဆိုက်သောအခါ ပုံမှန်အတိုင်း ခရီးသည် အတင်အချပြီးသည်နှင့် ထွက်ဖို့ပြင်သည်။ ရထားထွက်ဖို့လည်း လမ်းကြောင်းရှင်းလက်မှတ်ရထားပြီးဖြစ်သည်။

ထွက်ခါနီးဆဲဆဲတွင် ရထားနောက်ဘက်မှ  လူတစ်ယောက် သူ့ဆီ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။ ရထားပေါ် တွင် ပါလာသည့်ကိုယ်ဝန်ဆောင်ခရီးသည်မှာ မီးဖွားခါနီးဖြစ်နေသည် ဟု သူ့ကို လာအကြောင်းကြားခြင်း ဖြစ်သည်။ သူလည်း ရထားကို ရပ်ထားလိုက်သည်။ တွဲပေါ်တွင်ပါလာသော ရထားဆရာဝန်များ ကို ခေါ်ခိုင်းကာ မီးဖွားဖို့ စီစဉ်ပေးသည်။

ရထားပေါ်တွင်ပင် ရှောရှောရှူရှူမွေးဖွားနိုင်ခဲ့ပါသည်။ ကလေးက သားဦး။ ယောကျ်ားကလေးဖြစ်သည်ဟု သူဆိုသည်။  ကိုယ့်ရထားပေါ်တွင် မီးဖွားသည့်ကိစ္စကို မင်္ဂလာရှိသောကိစ္စ အဖြစ် သူတို့လောကသားတွေယူဆသည်။ ကလေးနှင့်မိခင်ကို အနီးရှိဆေးရုံသို့ ဘူတာဝန်ထမ်းများက လိုက်ပို့ဖို့ စီစဉ်ပေးပြီးမှ ဘူတာမှထွက်လာခဲ့သည်။

သူ့စိတ်ထဲလည်း ထိုသို့ကူညီခွင့်ရလိုက်သည့်အတွက် ပျော် ရွှင်မိပြီး ”ကိုယ်လည်း ကုသိုလ်ရတယ်”ဟု ပြုံးရွှင်လျက်ဆိုသည်။       အပိုင်း(၂)သို့

၂၀၁၆-သြဂုတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၇) မှ ပုံရိပ်လွှာဆောင်းပါး ဖြစ်ပါသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."