မြန်မာ့တရားစီရင်ရေးကို ဘယ်လိုကယ်ထုတ်ကြမလဲ

၂၀၁၄-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်( ၁၈) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။

မော်ကွန်းသတင်းအဖွဲ့ရေးသည်။

တိမ်ကင်းစင်ပြီး ပူလောင်အိုက်စပ်သည့် နေရောင်အောက်တွင် လူများ၊ ကားများက ဥဒဟို လှုပ်ရှား သွားလာနေကြသည်။ ရန်ကုန်မြို့လယ် ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ အစိမ်းနုရောင် သုံးထပ်အဆောက်အအုံရှေ့ ပလက်ဖောင်း တစ်လျှောက်တွင် အစီအရီဖွင့်ထားသည့် ဈေးဆိုင်များတစ်လျှောက် လူများလှုပ်ရှားသွားလာနေသည်မှာ ပွဲတော်တစ်ခု အလား ထင်မှတ်မှားနိုင်စရာရှိသည်။

ယင်းနေရာကို လူအများက မစည်ကားအပ်သောနေရာ များထဲတွင် ထည့်သွင်းထားကြသော်လည်း စည်ကား လျက်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ အစိမ်းနုရောင်သုံးထပ်အဆောက်အအုံမှာ တရားရုံးဖြစ်နေသော ကြောင့်ပင် ဖြစ်သည်။

ထိုအနောက်ပိုင်းခရိုင်တရားရုံးသည် ရှေးဟောင်း အဆောက်အအုံဖြစ်ပြီး လွတ်လပ်ရေးမရခင် ဒုတိယကမ္ဘာစစ် အတွင်းကာလက ဗုံးဒဏ်ခံခဲ့ရသည့် အဆောက်အအုံလည်း ဖြစ်သည်။

တရားရုံးအဝင်ဝတွင် လူများပြည့်နေသည်။ ရုံးအတွင်း ပိုင်းသို့ ဝင်ကြည့်လိုက်လျှင် အဆောက်အအုံ နံရံအင်္ဂတေ များ ကွာကျနေသည်ကိုတွေ့ရ၏။ တချို့နေရာများတွင် ရေညှိများပင် တွယ်ကပ်နေသည်။ သစ်သားဖြင့် ပြုလုပ်ထားသော ကြောင်လိမ် လှေကားအတိုင်း မြေညီထပ်မှ အပေါ်ဆုံးထပ်သို့တက်သွားပါက အဆုံးတွင် ကြမ်းခင်းများ ပြိုကျနေသော ကြောင့် ရှေ့ဆက်မသွားရန် ကာထားသော သစ်သားတန်းကို တွေ့ရသည်။

ထိုသစ်သားတန်းရှေ့တွင် ကွမ်းတံတွေးများ၊ အမှိုက်များ၊ ဆေးလိပ်တိုများ ပြန့်ကျဲနေသည်။ အမှိုက်ပုံးဟု မှတ်ယူရသော ပလတ်စတစ်ပုံးငယ်လေးထဲမှာတော့ ဆေးလိပ်တိုနှင့် ကွမ်း တံတွေး အနည်းငယ်တွေ့ရသည်။

ထိုဒုတိယထပ်တွင်တော့ တရားစီရင်စစ်ဆေးဆုံးဖြတ် သော ရုံးခန်းများရှိသည်။

“တရားရုံးအတွင်း မည်သူမျှ ကွမ်းမစားရ၊ ဆေးလိပ် မသောက်ရ၊ အမှိုက်မပစ်ရ” ဟု ရေးထားသည့် ပလတ်စတစ် လောင်းထားသော စာရွက်များကို လျှောက်လမ်းနံရံများတွင် ကပ်ပေးထားသည်။

အင်္ကျီအဖြူနှင့်ပုဆိုး ဝတ်ဆင်ထားသော လူတစ်ယောက်သည် လက်ကြားတွင် ဆေးလိပ်ကိုညှပ်ကာ မီးခိုးငွေ့ များကို မှုတ်ထုတ်လျက် ထိုကပ်ထားသော သတိပေးစာရွက်ဘေးမှ ဖြတ်လျှောက်သွားသည်။

သူဖြတ်လျှောက်သွားသည့် အခန်းတစ်ခုအတွင်းမှ  လူ တစ်ဦးကလည်း ပျာယီးပျာယာ ထွက်လာပြီး ပါးစပ်ထဲရှိ ကွမ်းတံ တွေးများကို ပြတင်းပေါက်မှ “ဗျစ်”ခနဲ ထွေးချလိုက်ပြီး အခန်း ထဲသို့ ပြန်ဝင်သွားသည်။ ပြတင်းပေါက်ပေါင်များ တွင် ရဲရဲနီနေသော ကွမ်းတံတွေးများ၊ ကွမ်းဝါးဖတ်များနှင့် အစိမ်းရင့်ရောင် ငှက်ချေးများ ပေကျံနေသည်မှာ စုတ်ချက် ကြမ်းကြမ်းဖြင့် ရေး ဆွဲထားသောပန်းချီကားတစ်ချပ်အလား ထင်မှတ်မှားစရာပင်။

မျက်နှာကြက်တွင် လည်ပတ်နေသော ပန်ကာတစ်လုံးရှိနေပြီး ဘေးတံခါးများဖွင့်ထားသော တရားစီရင် စစ်ဆေးသည့်  အခန်းအတွင်းသို့ ကြည့်လိုက်တော့ လူတစ်ရပ်ခန့် အမြင့်ရှိသော ခုံတွင် ခေါင်းပေါင်းအဝါနှင့် တိုက်ပုံအနက် ဆင်မြန်းထားသော တရားသူကြီးကို တွေ့ရသည်။

ထိုတရားသူကြီးသည် စာရွက်တစ်ရွက်ကို ကောက်ကိုင်ကာ ဖတ်ကြားနေသည်။ ၁၀မိနစ်ခန့်ကြာပြီးသောအခါ သူ့အနီးရှိ ရုံးစာရေးက နောက်အမှုသည်တစ်ဦး၏ အမည်ကို ထပ်မံခေါ် လိုက်သည်။ အချိန်က နေ့လယ် ၃ နာရီဝန်းကျင်။

လက်ထိပ်ခတ်ထားသော အသက် ၆၅နှစ်အရွယ် လူတစ်ဦးကို ရဲက အခန်းထဲသို့ ခေါ်လာသည်။ နောက်တွင် သူ့မိသားစုများ၊ သူ၏ရှေ့နေ။ ထို့နောက် တရားလို မအေးအေး(အမည်လွှဲ)နှင့် သူ၏ရှေ့နေ ဝင်ရောက်လာသည်။ စာရေးစားပွဲခုံသုံးလုံးချထား သော အခန်းကျဉ်းထဲတွင် ရှေ့နေ၊ ရုံးဝန်ထမ်း၊ တရားခံ၊ တရားလို တို့ဖြင့် ပြည့်နေသည်။ ရုပ်ရှင်ထဲတွင် မြင်ရသောတရားရုံးတွေလို ကျယ်ကျယ်ဝန်းဝန်းမရှိ။ သားသားနားနားမဟုတ်။ အခန်းအပြင် တွင် အမှုသည်တချို့က မိမိနာမည်ခေါ်မည့်အချိန်ကို စောင့်ဆိုင်း နေရင်းနှင့် အခန်းထဲသို့ လှမ်းကြည့်နေကြသည်။

တရားသူကြီးရှေ့တွင် နှစ်ဖက်ရှေ့နေများက မော်ကြည့်နေသည့်အနေအထားဖြင့် မတ်တတ်ရပ်ကာ လျှောက်လဲ ချက်များ တင်သွင်းနေကြသည်။ ၎င်းတို့လျှောက်လဲချက်များကို နားထောင်နေရသော တရားသူကြီးသည် စိတ်အိုက် နေသည်ပဲလား၊ အခန်းက ပူသဖြင့် ခန္ဓာကိုယ်ကပဲ အိုက်စပ်နေသည်လား မပြော တတ်။ ကော်ယပ်တောင်တစ်ချောင်းဖြင့် ယပ်ခတ်လျက်ရှိသည်။

မနက် ၁၀ နာရီကတည်းက တရားရုံးသို့ ရောက်နေသော တရားလို မအေးအေးသည် အခန်းထဲတွင် မတ်တတ်ရပ်သည့် အနေအထားဖြင့် သူ့အရှေ့ဘေးဘက်ရှိ တရားသူကြီး၏ ပြောဆို နေသံနှင့် ရှေ့နေများ၏ လျှောက်လဲချက်များကို နားထောင်နေ သည်။ ၁၅ မိနစ်ခန့် ကြာသောအခါ တရားခွင်ကြားနာမှု ပြီး ဆုံးသွား၏။ ရဲစစ်ချက်ယူရန် သက်သေတစ်ဦးဖြစ်သည့် ရဲသက် သေ မလာသောကြောင့် အမှုကို ရုံးချိန်းထပ်မံ ပေးလိုက်သည်။

အောက်တိုဘာ ၁၆ ရက်နေ့က မြင်တွေ့ရသည့် ထိုတရား ခွင်ကြားနာမှုကို ထည့်တွက်မည်ဆိုလျှင် ၎င်းအမှု အတွက် ရုံးချိန်း အကြိမ် ၄၀ နီးပါးရှိသွားပြီဖြစ်၏။ အချိန်ကာလအားဖြင့် တစ်နှစ် ကျော်လာပြီဖြစ်သည်။ သို့သော် ယနေ့ အချိန်ထိ အမှုက မပြီးပြတ်သေး။

“စိတ်ကုန်နေပြီ။ တစ်ရက်မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ် ကျော်သွားပြီ။ မျှော်လင့်ချက်လည်း မရှိတော့ဘူး။ ပြီးချင်ပြီး၊ မပြီးချင်နေ။ အဲဒီလိုပဲ သဘောထားတော့တယ်”ဟု တရားစီရင် ရေး အခန်းထဲမှ ထွက်လာသော မအေးအေးက ညည်းတွားသည်။

မအေးအေး၏ ခြောက်နှစ်ခွဲအရွယ် သမီးဖြစ်သူ အဓမ္မပြု ကျင့်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး တရားရုံးတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

(မအေးအေး၏ သမီးဖြစ်သူ အဓ္ဓမပြုကျင့်ခံရသည့် ဖြစ်စဉ်နှင့် မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်း ဖြစ်ပွားမှုနှုန်းမြင့်တက်နေသည့် အကြောင်းကို စက်တင်ဘာထုတ် မော်ကွန်းမဂ္ဂဇင်း (အမှတ် ၁၆) တွင် “သားရဲတို့လက်မှ သင့်ကလေးကို ဘယ်လို ကာကွယ်မလဲ” သတင်းဆောင်းပါးတွင် အကျယ်တဝင့် ဖော်ပြထားပါသည်။)

ရုံးချိန်းတစ်နှစ်ကျော်လာသည့်အချိန်တွင် မအေးအေး သည် အတော်ပင် စိတ်ဓာတ်ကျ၍နေသည်။ သူ့အလုပ်က ဈေး ရောင်းသည့် အလုပ်။ ယနေ့လို ရက်မျိုးတွင် ဈေးဆိုင်မဖွင့်နိုင်။ ဈေးဆိုင်မှ ရောင်းရသမျှအပေါ်တွင် သားအမိနှစ်ဦး မှီခိုစားသောက်နေရခြင်းဖြစ်သည်။ ခင်ပွန်းဆုံးပါးသွားသည့်နောက် တစ်ကိုယ်တည်း ရုန်းကန်လှုပ်ရှားနေရသည့် မအေးအေးတို့မှာ ငွေရေးကြေးရေး အခက်အခဲရှိသည်။ သူ့ဘက်မှ လိုက်ပေးသည့် ရှေ့နေက အခမဲ့လိုက်ပေးခြင်း ကြောင့်သာ တော်တော့၏။

“မဖြစ်မနေမို့လို့သာ လာရတာ။ ဖြစ်နိုင်ရင် အမှုကို အမြန်ဆုံး ဆုံးဖြတ်စေချင်တယ်။ အခုဆိုရင် တရားသူကြီးက သုံးယောက်ပြောင်းသွားပြီ”ဟု မအေးအေးက ပြောသည်။

တရားရုံးမှ ပြန်လျှင် အချိန်မီပါက ဈေးဆိုင်ဖွင့်မည်။ သို့ မဟုတ်ပါက ယနေ့အတွက်တော့ အလုပ်ပျက်မည်သာ။ ဤသို့ဆိုလျှင် သူတို့သားအမိနှစ်ယောက် အိမ်သုံးစရိတ်အတွက် ငွေ ချေးငှားရတော့မည်ဖြစ်သည်။

တပ်မတော်အစိုးရမှ အရပ်သားအစိုးရသို့ပြောင်းလာပြီး နောက် အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့တွင် အပြောင်းအလဲများရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်မှာ သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ် မလာသေးဘဲ တရားစီရင်မှုလုပ်ငန်းစဉ်မှာလည်း နှေးကွေးနေ သဖြင့် မအေးအေး၏ အမှုကိစ္စကဲ့သို့ အမှုမှန်ပေါ်ပေါက်ရေး ကြန့်ကြာနေခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်နေသည်။

“အမှုတွေကို မှန်မှန်နဲ့ မြန်မြန်ပြီးဖို့ တရားသူကြီးမှာ တာ ဝန်ရှိတယ်ဆိုပေမယ့် နှစ်ဖက်ရှေ့နေတွေ အပါအဝင် တရားစွဲ အဖွဲ့အစည်းတွေ အားလုံးပါဝင်ဆောင်ရွက်မှရမယ်” ဟု အငြိမ်းစားတိုင်းတရားသူကြီးတစ်ဦးက ထောက်ပြသည်။

“မှန်မှန်ဆိုတာက အရင်၊ မြန်မြန်ဆိုတာက ဒုတိယ။ မှန်ဖို့ အတွက် နည်းနည်းကြာသင့်ရင်တော့ လက်ခံတယ်။ မှန်လည်း မမှန်ဘူး၊ မြန်လည်း မမြန်ဘူးဆိုရင်တော့ အဲဒီတရားစီရင်ရေး စနစ်က မကောင်းဘူးပေါ့”ဟု ၎င်းက ဆိုသည်။

ထို့ပြင် တရားစီရင်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် လာဘ်ပေးလာဘ်ယူဖြစ်စဉ်များ ပြွမ်းတီးနေခြင်း တို့ကြောင့် မြန်မာနိုင်ငံ၏တရားစီရင်ရေးမဏ္ဍိုင်မှာ ယိုင်လဲနေဆဲဖြစ်ကြောင်း ပညာရှင်များနှင့်ပြည်သူလူထုက ဝေဖန် ထောက်ပြလျက်ရှိပါသည်။ တရားစီရင်ရေးတွင် မရိုးသားမှု၊ မပွင့်လင်းမှုနှင့် လာဘ်စားမှုတို့ရှိနေခြင်းကြောင့် တိုင်တန်းမှု အများဆုံးကဏ္ဍများထဲတွင်လည်း တစ်ခုအပါအဝင်ဖြစ်နေသည်။

တရားရေးမဏ္ဍိုင်တွင် တာဝန်ယူထားကြသည့် အဖွဲ့အစည်း နှင့် လူပုဂ္ဂိုလ်တို့သည် အချင်းချင်းအပြန်အလှန် အကာအကွယ် ပေးနေပြီး တရားရုံးအဆင့်ဆင့်ကလည်း အထက်အောက် အပြန် အလှန်အကာကွယ်ပေးနေသည်ဟု ပြည်သူ့လွှတ်တော် တရားစီ ရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ယခုနှစ် အောက်တိုဘာ ၃၀ ရက်က ကျင်းပသော ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။

“တရားရေးနယ်ပယ်မှာ ပါဝင်လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေထဲမှာ တချို့က လာဘ်ပေး၊ လာဘ်ယူ ယဉ်ကျေးမှုထဲမှာ ပျော်မွေ့နေတယ်လို့ ပြောရမလို ဖြစ်နေ တယ်”ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။

cp1

တိုင်ကြားမှုအခံရဆုံးမဏ္ဍိုင်

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက ထုတ်ပြန်သည့် အစီ ရင်ခံစာတွင် ကော်မတီသို့ ၂၀၁၃ ခုနှစ်အတွင်း တိုင်ကြားသည့် တိုင်ကြားစာ ခုနစ်ထောင်အနက် တရားစီရင်ရေးဆိုင်ရာ တိုင် ကြားစာမှာ သုံးထောင့်ငါးရာခန့်ရှိသည်ဟုဆိုပါသည်။ သဘောမှာ တိုင်ကြားမှုအားလုံး၏ ၅၀ ရာခိုင်နှုန်းမှာ တရားစီရင်ရေးနှင့် သက်ဆိုင်သည့် တိုင်ကြားစာများ ဖြစ်နေသည်ကို တွေ့ရသည်။

အဆိုပါကော်မတီ၏ အတွင်းရေးမှူးဖြစ်ပြီး လွှတ်တော် အမတ်တစ်ဦးလည်း ဖြစ်သည့် ဦးဝင်းမြင့်က အစီရင်ခံစာ ပြုစုရန်အတွက် တရားရုံးများကို ၎င်းတို့သွားရောက်လေ့လာသည့်အခါ မြင်တွေ့ခဲ့ရသည့် အခြေအနေများ နှင့်ပတ်သက်၍ ယခုလိုပြောပြသည်။

“ဆရာတို့ လာမယ်ဆိုကတည်းကိုက တချို့ရုံးတွေဆို အမှု တွေတောင် ပြန်ချိန်းထားကြတယ်။ သက်သေတွေ၊ အမှုသည်တွေ ဆရာတို့ မေးရင်ပြောမှာစိုးလို့ အဲဒီလိုလုပ်ထားတာတွေရှိတယ်”

မြို့နယ်၊ ခရိုင်နှင့် တိုင်းတရားရုံးများကို သွားရောက်လေ့ လာရာ၌ တရားစီရင်မှုများတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ချက်များကို တွေခဲ့ရသည်ဟု ဦးဝင်းမြင့်က ဆိုပါသည်။

လက်ရှိတရားစီရင်ရေးနှင့် ပတ်သက်ပြီးလည်း တရားစီရင် ရေးမဏ္ဍိုင်သည် ယိမ်းယိုင်နေလျက်ရှိကြောင်းနှင့် နိုင်ငံတော်သမ္မတနှင့်အစိုးရအဖွဲ့များကတော့ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရဟု ပြောနေသော် လည်း အောက်ခြေတွင် ထိထိရောက်ရောက်အကောင်အထည်မဖော်နိုင်သေးဟု ဦးဝင်းမြင့်က သူ့အမြင်ကို ပြောပါသည်။

တိုင်းပြည်၏ အခြားမဏ္ဍိုင်ကြီးနှစ်ရပ်ဖြစ်သော အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်တို့နှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက တရားစီရင်ရေးမဏ္ဍိုင်သည် တော်တော်လေး နောက်ကျကျန်ခဲ့သည်ကိုတွေ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းကလည်း ထောက်ပြပါသည်။

“အုပ်ချုပ်ရေးယန္တရားက အရင်ကထက် ဖြေလျှော့မှုတွေ အများကြီးလုပ်လာတာတွေ့ရတယ်။ ဒါပေမဲ့ တရားစီရင်ရေး ကဏ္ဍကို သာမန် ပြည်သူလူထုအနေနဲ့ကြည့်ရင် ထူးထူးခြားခြား ပြောင်းတာမျိုးမရှိဘူး”ဟု ဒေါ်ညိုညိုသင်း က ဆိုသည်။

မြန်မာနိုင်ငံ၏ တရားရေးဆိုင်ရာကဏ္ဍတွင် တရားသူကြီးများ မလုံလောက်သည့်ကိစ္စကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ထောက်ပြပါသည်။ မြို့နယ်အဆင့်၊ ခရိုင် အဆင့်တို့တွင်သာမက တိုင်းဒေသကြီးအဆင့် တို့တွင်ပင် တရားသူကြီးလုံလုံလောက်လောက်မရှိဟု သူကဆိုပါသည်။

နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အမိန့်တစ်ခုကျဖို့ ငါးလခန့်အထိ စောင့်ဆိုင်းရတာမျိုး ရှိသလို တိုင်းဒေသကြီးတရားလွှတ်တော်များတွင်လည်း အမိန့်တစ်ခုကျရန် လေးငါးလခန့်ကြာတတ်သည်ဟု ဦးရောဘတ်စန်းအောင်က ဆိုသည်။

ထိုသို့တရားသူကြီး မလုံလောက်သည့် အခြေအနေအပြင် ယခုတိုင် ဖြစ်ပေါ်နေဆဲပြဿနာတစ်ခုမှာ တရားရုံးများ တွင် အသုံးအဆောင်ပစ္စည်း မပြည့်စုံခြင်းပင်ဖြစ်ပြီး ယင်းသို့မပြည့်စုံခြင်းသည် လာဘ်ပေး၊ လာဘ်ယူသည့် အကျိုးဆက်သို့ဦးတည် သွားတတ်သည်ဟု ဥပဒေပညာရှင်များက ထောက်ပြပါသည်။

“ရန်ကုန်တရားလွှတ်တော်ရုံးခန်းတစ်ခုမှာ ပန်ကာ တောင် မရှိဘူး။ ကျွန်တော်တို့လျှောက်လဲချက်ပေးရတာ ချွေးဒီး ဒီးကျတယ်။ တရားသူကြီးလည်း ယပ်တောင်တစ်ချောင်းနဲ့ တရားထိုင်နေရတယ်”ဟု ဦးရောဘတ်စန်းအောင်က ဆိုသည်။

“ပြည်ထောင်စုတရားလွှတ်တော်ချုပ်လို နေရာမျိုးမှာတောင် မီးတွေပျက်နေတယ်။ ရန်ကုန်တရားလွှတ်တော်မှာ လည်း မီးပျက်တယ်။ မီးပျက်ရင်သုံးဖို့ မီးစက်တွေတပ်ပေးမထားဘူး။ မီးပျက်ရင် အမှောင်ထဲမှာနေရတယ်”ဟု သူက ဆက်၍ ပြောပြသည်။

အသုံးအဆောင်ပစ္စည်းများ မလုံလောက်မှုနှင့် ပတ်သက်၍ ရှေ့နေဦးဖိုးဖြူတွင်လည်း ပြောစရာများရှိနေသည်။ အဓိကက တော့ တရားစီရင်သည့်အခန်းများ ကျဉ်းလွန်းသဖြင့် တစ်ဖက် ခန်း၏အသံကို တစ်ဖက်မှ ကြားနေရသဖြင့် အမှုကို လွတ်လွတ် လပ်လပ်စစ်ရန် အခက်အခဲများ ရှိနေသည်ဟု ဆိုပါသည်။

ထို့ပြင် တရားသူကြီးများ နားနေခန်း၊ ရှေ့နေ နားနေခန်း များ ကောင်းကောင်းမွန်မွန် မရှိသလို တရားသူကြီးများ လေ့လာနိုင်သည့် စာကြည့်တိုက်လည်း မရှိဟုဆို၏။

နောက်တစ်ချက်မှာ မြန်မာနိုင်ငံရှိ တရားရုံးများတွင် လက်နှိပ်စက်များကိုသာ အသုံးပြုနေကြဆဲဖြစ်ပြီး ကွန်ပျူတာ အစားထိုး မသုံးစွဲနိုင်သေးပါ။ လက်နှိပ်စက်အများစုသည် အလွန် ဟောင်းနွမ်းနေပြီဖြစ်ပြီး ယင်းတို့နှင့်ပင် အဆင်ပြေသလို အသုံး ပြုနေရခြင်းဖြစ်သည်။ တချို့သော တရားရုံးများတွင် လက်နှိပ် စက်မရှိသဖြင့် လက်ရေးဖြင့်သာ ရေးမှတ်ကြရသည် ဟု ရှေ့နေ များကဆိုပါသည်။

တချို့သော လက်ရေးများသည် တော်တော်ဆိုးသဖြင့် အမိန့်ချသည့်အခါတွင် ဖတ်မရခြင်းများဖြစ်တတ်ပြီး ဖြစ်သလို လုပ်လိုက်ရခြင်းများပင် ရှိတတ်သည်ဟု ဦးရောဘတ်စန်းအောင် က ရှင်းပြသည်။

တရားရုံးလုပ်ငန်းအသုံးစရိတ်ဆိုင်ရာ ဖြည့်ဆည်းပေးရမှုအပိုင်းတွင် ပျက်ကွက်နေခြင်း၊ ဝန်ထမ်းများ၏ နေထိုင်စားသောက်မှုအတွက် လုံလုံလောက်လောက် မဖြည့်ဆည်းပေးနိုင်ခြင်းတို့၏ နောက်ဆက်တွဲသည် တရားရေး မဏ္ဍိုင်အား အာဏာ အရင်းအမြစ်ကြီးတစ်ခုသဖွယ် သဘောထားလာကြပြီး ယင်းကို မှီပြီးနေထိုင်စားသောက်မှု၊ လူမှုဖူလုံမှု အတွက် ပြန်လည် အသုံးချကြတော့သည်ဟု ဦးဖိုးဖြူကဆိုသည်။

တရားသူကြီးခန့်ထားရာတွင်လည်း အဂတိလိုက်စားမှု များရှိနေသည်ဟု ရှေ့နေဦးဖိုးဖြူက ထောက်ပြပါသည်။

“တရားသူကြီးကို စာမေးပွဲစစ်ပြီးခေါ်တယ်။ အဲဒါနဲ့ ပတ် သက်တဲ့ဝင်ခွင့်မှာ အဂတိလိုက်စားမူဆိုင်ရာ ကိစ္စရပ်တွေက ပြည် သူတွေကြားထဲမှာ ပွထနေတာ။ ဝင်ခွင့်ကတည်းက ငွေကို ပုံပေး ပြီးဝင်ထားတဲ့ တရားသူကြီးက သုံးနှစ်၊ ငါးနှစ်အတွင်း သူအရင်းကြေဖို့အတွက် ပြည်သူဆီက ကုပ်သွေးမစုပ်ရင် ဘယ်သူ့ဆီက ကုပ်သွေးစုပ်မလဲ။ ကျားပေါက်ကလေးဘဝကတည်းက သိပ်စား ချင်ဝါးချင်နေပြီဆိုရင် အာဏာတွေပိုကြီးလာလေ ပိုစားလေဆို တဲ့ ဘဝကို ရောက်လာမှာပေါ့”

တရားသူကြီးစာမေးပွဲအောင်မြင်ရန် စာမေးပွဲစစ်သူများ နှင့် အောင်စာရင်းထုတ်သူများကိုလည်း ငွေကြေး ပေးကမ်းရသည်ဟု မကြာသေးမီက တရားသူကြီး စာမေးပွဲဖြေဆိုခဲ့သည့် မယမင်းကျော့မှူးက ပြောပြသည်။

နေရာကောင်း၊ မြို့နယ်ကောင်းကောင်းရရန်အတွက်ဆိုလျှင် ငွေပိုပေးရသည်ဟုဆိုသည်။

“စီနီယာတွေမဖြေခင်က (ငွေ)ပေးတာတော့မှတ်မိတယ်။ တရားသူကြီးဖြစ်ဖို့နဲ့ မြို့နယ်ကောင်း(ရ)ဖို့ ပေးရတာ တွေရှိတယ်။ ရန်ကုန်ဝန်းကျင် ရအောင်ဆိုရင် (ကျပ်) သိန်းတစ်ရာလောက် ပေးရတယ်။ ဒါတောင် လွန်ခဲ့တဲ့ဆယ်နှစ်က။ သူဆို အခုတရားသူကြီးဖြစ်နေတယ်”ဟု ၎င်းအတွေ့အကြုံကိုပြောပြသည်။

ပြန်ပေးဆွဲခံရသော တရားစီရင်ရေး

မြန်မာ့တရားစီရင်ရေးသည် လွတ်လပ်ရေးရပြီးသည့် အချိန်မှ ၁၉၆၂ခုနှစ် စစ်တပ်အာဏာသိမ်းသည့် အချိန် မတိုင်ခင် ကြားကာလအထိ လွတ်လပ်စွာတရားစီရင်နိုင်သည့် အခြေအနေတွင် ရှိခဲ့သည်။ အိမ်နီးချင်းပတ်ဝန်းကျင် နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်လည်း ထိပ်ဆုံးတွင်ရှိခဲ့သည်ဟု ဥပဒေပညာရှင်များက ပြန်ပြောင်းပြောပြ ကြသည်။

ဝန်ကြီးချုပ်ဦးနုက တရားစွဲသည်ဆိုလျှင်တောင် ဥပဒေ အတိုင်းပဲ ဆောင်ရွက်ဆုံးဖြတ်ခဲ့ကြသည်ကို ထိုစဉ်က စီရင်ထုံး များကို ပြန်ကြည့်လျှင် သိနိုင်သည်ဟု ဥပဒေပညာရှင်များက ထောက်ပြကြသည်။

တရားရေးမဏ္ဍိုင်သည် ပါလီမန်ဒီမိုကရေစီခေတ်တွင် အလွန်ကောင်းမွန်သည့် အခြေအနေရှိခဲ့သည့်တိုင် စစ်တပ်အုပ် ချုပ်ခဲ့သည့်ခေတ်အဆက်ဆက်မှာတော့ အုပ်ချူပ်ရေးပိုင်း၏ လွှမ်းမိုးမှုကိုခံခဲ့ရသည်။ ပြောရလျှင် အဆက်ဆက်သော စစ်အုပ်ချုပ်ရေးယန္တရား၏ ပြန်ပေးဆွဲခြင်းကိုခံလိုက်ရပြီး ပြန်ပေးဆွဲသူတို့အလိုကျ လိုက်ပါအသုံးတော် ခံခဲ့ရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံရေးရည်ရွယ်ချက်အလို့ငှာ တရားရေးယန္တရားကို အစောပိုင်း ကာလ ကတည်းက အသုံးချခဲ့သည်ဟု ရှေ့နေဦးဖိုးဖြူက မှတ်ချက်ချသည်။

အာဏာသိမ်းအုပ်ချုပ်သူ စစ်အစိုးရတို့သည် ဖြောင့်ဖြောင့်မတ်မတ် ကိုင်တွယ်ဆုံးဖြတ်ကြသည့် တရားသူကြီးများ အား နယ်မြို့များသို့ပို့ခြင်း၊ ရာထူးဖြုတ်ခြင်း၊ ဒုက္ခမျိုးစုံပေးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။

ထိုအခါ တရားသူကြီးတို့သည် ၎င်းတို့၏မိသားစုမျက်နှာကို ကြည့်လာကြကာ စစ်အစိုးရအုပ်ချုပ်ရေး၏ ဩဇာခံများ ဖြစ်လာကြသည်။ အုပ်ချုပ်သူလူတန်းစားများ၏ òန်ကြားချက်အတိုင်း တရားစီရင်ခြင်းဖြင့် နောက်ပိုင်းတွင် တရားစီရင်ရေးမဏ္ဍိုင်သည် ယိမ်းယိုင်ရာမှ ဗုန်းဗုန်းလဲကျသွားသည်အထိ အခြေအနေဆိုး ရွားသွားခဲ့ သည်။

ကျပ်တည်းကျဉ်းမြောင်းသောခေတ်ကြီးတွင် တရားရေးမဏ္ဍိုင်မှ ပုဂ္ဂိုလ်အချို့ မိမိတို့၏စားဝတ်နေရေးအတွက် ရုန်းကန် ဖြေရှင်းရင်းဖြင့် အဂတိလိုက်စားမှုများ၊ လာဘ်ယူမှုများ အများ အပြား ဖြစ်ပွားလာခဲ့သည်။

တပ်မတော်အစိုးရလက်ထက်တွင် တရားရေးမဏ္ဍိုင်သည် အုပ်ချုပ်သူလူတန်းစားနှင့် အပေါင်းအပါများ၏ လက်ကိုင်တုတ်သဖွယ် ဖြစ်ခဲ့ရသည်ဟုလည်း ဥပဒေပညာရှင်များက ထောက်ပြကြသည်။

အမှုတစ်ခုဖြစ်ပြီဆိုပါက ထိုအမှုဖြစ်သည့် မြို့နယ်တွင် လုပ် ပိုင်ခွင့်အာဏာအရှိဆုံးသော ပုဂ္ဂိုလ်ကို အမှုသည် များက ချဉ်းကပ်တတ်ကြသည်ဟု ၂၀၁၀ မတိုင်ခင်ကမှ အငြိမ်းစားယူခဲ့သော အမည်မဖော်လိုသူ တိုင်းတရားသူကြီး ဟောင်းတစ်ဦးက ပြောပြသည်။

၂၀ဝ၄ မတိုင်ခင်အထိ ဩဇာရှိပြီး ဘုန်းမီးနေလထွန်း တောက်ကြသူတို့မှာ တပ်မတော်ထောက်လှမ်းရေးမှ ပုဂ္ဂိုလ်များ ဖြစ်ကြရာ ၎င်းတို့ကို အမှုသည်တို့က ပုံစံအမျိုးမျိုးဖြင့် ချဉ်းကပ် ကြသည်။ ထိုအခါမျိုးတွင် ထောက်လှမ်းရေးမှ ပုဂ္ဂိုလ်များက ၎င်းထံသို့ လာရောက်တွေ့ဆုံ၍သော်လည်းကောင်း၊ တယ်လီဖုန်းမှ တစ်ဆင့်သော်လည်းကောင်း ညွှန်ကြားမှုများ ပြုလုပ်သည်ဟုဆိုပါသည်။

“ထောက်လှမ်းရေးထဲမှာလည်း အတုတွေရှိတဲ့အတွက် သူတို့ကိုယ်ပိုင်နံပါတ်ကို မေးတဲ့အခါ သူတို့က စိတ်ဆိုး တယ်။ ဖုန်းထဲကပြောတဲ့သူက လမ်းဘေးကဆိုက်ကားသမားဆို ဦးတို့ဘယ်လိုလုပ်မလဲ” ဟု တရားသူကြီး ဟောင်းတစ်ဦးကဆိုသည်။ထောက်လှမ်းရေးပုဂ္ဂိုလ်များ အကူအညီတောင်းသည့်အခါတွင်လည်း လိုက်လျောမပေးနိုင်ခဲ့ ခြင်းနှင့် ပတ်သက်၍ ထောက်လှမ်းရေးများ၏ အငြိုအငြင်ခံခဲ့ရသည်ဟု တိုင်းတရားသူကြီးဟောင်းက ဆိုသည်။

“ထောက်လှမ်းရေးခေတ်တုန်းက ရန်ကုန်တိုင်းဆို ပိုဆိုး တယ်။ တရားသူကြီးတွေရဲ့ ဖုန်းရသွားပြီဆိုရင် ]ကျုပ်က ထောက် လှမ်းရေးက ဗိုလ်ကြီးဘယ်သူဗျ။ ဘယ်သူနဲ့ ဘယ်သူအမှုမှာတော့ ဘယ်သူ့ဘက်ကိုအနိုင်ပေးလိုက် ဒါက ဦးခင်ညွန့်တစ်ခေတ်လုံးကြုံခဲ့ရတာ” ဟု အဆိုပါ တိုင်းတရားသူကြီးဟောင်းက ပြန်ပြောင်းပြောပြသည်။

တပ်မတော်ထောက်လှမ်းရေးအဖွဲ့ကို ၂၀ဝ၄ နှောင်းပိုင်း တွင် ဖျက်သိမ်းခဲ့ပြီး ၎င်းအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်ခဲ့သူ ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်ကို အမိန့်အာဏာဖီဆန်မှု၊ အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့သည်။

အတုပ်နှောင်ခံ တရားစီရင်ရေး

ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည်ဆိုသော သမ္မတဦးသိန်းစိန်လက်ထက်တွင်လည်း မြန်မာနိုင်ငံ၏\တရားရေးမဏ္ဍိုင်သည် အုပ်ချုပ်ရေးမဏ္ဍိုင်၏ လွှမ်းမိုးချုပ်ကိုင်ခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်းများကို ခံနေရဆဲ ပင်ဖြစ်ကြောင်း တရားသူကြီးနှင့် ရှေ့နေများက မှတ်ချက်ပေး ပြောဆိုကြသည်။

သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်ကို တရားစီရင်ရာတွင် အများပြည်သူရှေ့မှောက်တွင် မဟုတ်ဘဲ တံခါးပိတ်တရားစီရင်ခြင်းကို ဤဘက်ခေတ်၏ အဆိုးရွားဆုံးပြယုဂ်အဖြစ် ဥပဒေပညာရှင်များက ထောက်ပြ ကြသည်။

ထို့ပြင် နှစ်ပေါင်းများစွာ ဖြစ်တည်ကြီးထွားလာသော ခြတောင်ပို့မှ ရုန်းထွက်ရန် ကြိုးစားပါကလည်း ပုံစံအပေးခံရသည်များလည်း ရှိသည်ဟုဆိုပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့မှ ဒုတိယတရားသူကြီး ဦးမင်းသော်ထွေးဆိုလျှင် ထိုခြတောင်ပို့မှ ရုန်းထွက်ရန်ကြိုးစားရာမှ ပြဿနာဖြစ်ကာ ရာထူးမှ အဖြုတ်ခံလိုက်ရသည်ဟု ဆိုသည်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သော ဦးမင်းသော်ထွေး အရာတော်တရားရုံးသို့ရောက်သောအခါ ထိုတရားရုံးတွင် အဓိကလွှမ်းမိုးထားသည်မှာ ရုံးစာရေးကြီးများ ဖြစ်ပြီး ၎င်းတို့နှင့် တိုင်း တရားသူကြီးအကြားတွင် အဂတိလိုက်စားမှုများရှိနေသည်ကို တွေ့လိုက်ရသည် ဟုဆိုသည်။

ထိုစာရေးကြီးများ၏ အဂတိလိုက်စားမှုများကို ဦးမင်းသော်ထွေးက မပြောရဲသော်လည်း ကိုယ်တိုင်မပါဝင် ကင်းလွတ်အောင်နေခဲ့သောကြောင့် ပါတနာများဖြစ်နေကြသည့် စစ်ကိုင်းတိုင်းတရားသူကြီးချုပ်နှင့် စာရေးကြီးတို့မှာ ၎င်းအပေါ် အငြိုးအတေးထားခဲ့ကြသည်ဟု သူကပြောပါသည်။

ထိုသို့ အငြိုးအတေးထားပြီး အပြစ်ရှာသည့်အနေဖြင့် တရားခွင်အတွင်း ခေါင်းပေါင်းမဆောင်းခြင်း၊ လမ်းတွင် အရာတော်မြို့မှ NLDဥက္ကဋ္ဌနှင့် စကားပြောဆိုခြင်းကဲ့သို့သော ကိစ္စ များကို အကြောင်းပြု၍ လာရောက်စစ်ဆေးကာ ရာထူးတိုး ရပ်ခြင်း အပြစ်ဒဏ်ပေးပြီး နေရာပြောင်းရွှေ့ခဲ့ပါသည်။

ထိုသို့ အပြစ်ပေးခံရမှုတို့ကြောင့် ဦးမင်းသော်ထွေးမှ သူ့ တွင် အပြစ်မရှိကြောင်း နေပြည်တော်တိုင်း တရားသူကြီးချုပ်၊ လွှတ်တော်၊ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တရားဥပဒေစိုးမိုးရေးကော်မတီတို့ထံ တိုင်ကြားစာများ ပေးပို့ခဲ့သည်ဟု ဆိုပါသည်။

ထိုသို့ပေးပို့ပြီးနောက်တွင် ၎င်းကို အထက်လူကြီးအပေါ် သစ္စာမရှိဘဲ စည်းလုံးညီညွတ်မှုပျက်ပြားစေသည့် အပြု အမူကို ဆောင်ရွက်ခြင်းကြောင့်ဟုဆိုကာ ၂၀၁၄ ခုနှစ် ဇွန် ၁၆ တွင် ဒုတိယတရားသူကြီးအဖြစ်မှ ဖြုတ်ပစ်ခဲ့သည်ဟု ဆိုပါသည်။

“သုံးလအတွင်းမှာ ငါ့ကို စာရေး၊ စာရေးမတို့က စိတ်တိုင်း ကျ ဥပဒေမဲ့ ဆောင်ရွက်မပေးနိုင်တဲ့ တရားသူကြီး ဆိုပြီး အကြောင်းမဲ့၊ ဒီအရေးမကြီးတဲ့ ကိစ္စနဲ့ နေရာရွှေ့ပြီး တရားသူကြီး အဖြစ်ကနေ ရုပ်သိမ်းပစ်လိုက်တယ်။ ပြောရရင် တရားစီရင်ရေးက တရားသူကြီးတစ်ယောက် ဒီလိုပေါင်းမစားနိုင်ရင် ဝိုင်းတွယ်ဆိုတဲ့ သဘောဖြစ်နေတယ်”ဟု ဦးမင်းသော်ထွေးက ဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းတရားသူကြီးချုပ် အား မော်ကွန်းမဂ္ဂဇင်းမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားရာ မရရှိခဲ့ပေ။

လာဘ်ပေးလာဘ်ယူ ထူပြောသော တရားစီရင်ရေး

မြန်မာနိုင်ငံ၏ တရားရေးမဏ္ဍိုင်တွင် နောက်ထပ် မပြောင်းလဲသေးသည့် အကြောင်းအရာတစ်ခုမှာ လာဘ်ပေး၊ လာဘ်ယူမှုပင်ဖြစ်သည်။ ယင်းတရားရေးမဏ္ဍိုင်၏ လာဘ် စားမှုများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းရေး တွင် ယခင်ကဲ့သို့ပင် ဘာမှမပြောင်းလဲသေးဘဲ ဆက်လက်ရှိနေသေးဆဲဖြစ်သည်ဟု တရားသူကြီး၊ လွှတ်တော် ကိုယ်စားလှယ်နှင့် ရှေ့နေများက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် တရားရင်ဆိုင်နေရသော အမှုသည်များကို မော်ကွန်းမဂ္ဂဇင်းမှ သွားရောက် တွေ့ဆုံမေးမြန်းရာတွင်လည်း တရားရုံးဝန်ထမ်းများအား လာဘ်ပေးရသည့် ဖြစ်စဉ်များကို ရင်ဖွင့်ပြောကြားခဲ့ကြသည်။

ထိုအဂတိလိုက်စားမှုများကို အမှုသည်များစုပေါင်းကာ နေပြည်တော်ရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီအထိ သွားရောက်တိုင်ကြားခဲ့သည်ဟု ကိုယ်တိုင်သွားရောက်ခဲ့သူ အသက် ၅၁ နှစ်အရွယ် ဒေါ်သန်းအေးက ပြောပြသည်။

စစ်ကိုင်းတိုင်းတရားသူကြီးချုပ်ကိုလည်း ဆန္ဒပြရန်တင်ပြတောင်းဆိုခဲ့သော်လည်း ခွင့်ပြုချက်မရသောကြောင့် မပြဖြစ်ခဲ့ရဟု ဒေါ်သန်းအေးက ဆိုပါသည်။

“အစ်မက ထောင်ကျမှာစိုးလို့မလုပ်တော့တာ။ ပုဒ်မ ၁၉ နဲ့ ငြိတော့မှာလေ။ … သူက အကြီးဆုံးလေ။ သူက ကြီးကြပ်ရမှာ။ မကြီးကြပ်တော့ ပြမလို့”ဟု သူ့အဖြစ်ကို ပြောပြသည်။

ယခင်က တရားရုံးများတွင် ပိုက်ဆံတောင်းခြင်းများ အလွန်ခေတ်စားခဲ့ကြသော်လည်း ယခုနိုင်ငံရေးအသွင်ကူး ပြောင်းခဲ့သည့် နောက်ပိုင်းတွင် အလွယ်တကူ ပိုက်ဆံတောင်းခြင်းမျိုးမဟုတ်တော့ဘဲ သတိထားပြီး အပေးအယူ လုပ်လာကြသည်ဟု ပြည်သူမှ တင်ပြလာသည်များကို ကိုးကား၍ ရန်ကုန်  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။

တရားစီရင်ရေးသည် တရားသူကြီးအဖွဲ့၏ ငွေရှာသည့် လုပ်ငန်းတစ်ခုသဖွယ် ဖြစ်နေပြီး ကြီးပွားချမ်းသာသော လုပ်ငန်း တစ်ခုအနေနှင့်သာ ဆောင်ရွက်နေကြသည်ကို တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊ သူရဦးအောင်ကို ဦး ဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေရေးရာကော်မတီများ၏ ထုတ်ပြန်ချက်များကိုကိုးကား၍ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ဖြည့်စွက် ပြောကြားသည်။

ဦးရောဘတ်စန်းအောင် ပြောပြသည်က အထူးသဖြင့် တရားမမှုများတွင် အဂတိလိုက်စားမှု ပိုမိုများပြားသည်ဟု          ဆိုသည်။

“ ခရိုနီနဲ့ပတ်သက်တာဆို ကြောက်ရတယ်။ ဝန်ကြီးဟောင်း သားသမီးတွေနဲ့ ပတ်သက်တာဆိုရင်လည်း အမှန်တရားကမနီးစပ်ဘူး။ ဖိအားပေးတာတွေရှိတယ်။ တရားစီရင်ရေးမှာ အဲဒါတွေကို တရားသူကြီးတွေအနေနဲ့ တွန်းလှန် နိုင်အောင် စိတ်ဓာတ်ရေးရာ အင်အားဖြည့်ပေးဖို့လိုတယ်”ဟု ဦးရောဘတ် စန်းအောင်က ဆိုသည်။

ဝန်ကြီးဟောင်းသားသမီးများက စွဲဆိုသည့်အမှုများတွင် တရားခံဘက်မှ လိုက်ရသည့်ရှေ့နေက မျက်နှာငယ်ရခြင်းမျိုး ရှိတတ်ပြီး ၎င်းတို့ပြောသောစကားများက အရာမရောက်ဘဲ တစ်ဖက်သို့ချိန်ခွင်လျှာ စောင်းသွား တတ်သည်ဟု ဆိုပါသည်။

ထို့အတူ ခရိုနီများနှင့် ပတ်သက်လျှင်လည်း တရားခံက တရားရုံးရောက်သည်နှင့် ထောင်ကျဖို့က ၉၉ ရာခိုင်နှုန်း ဖြစ်သွားတတ်သည်ဟုဆိုသည်။ ခရိုနီများက တရားသူကြီးများ၏ လစာမလုံလောက်မှုကို အခွင့်ကောင်းယူ နင်းခြေဖျက်ဆီးပြီး လိုရာဆွဲအမိန့်ချခိုင်းခြင်းများရှိတတ်သည်ဟု ဦးရောဘတ်စန်းအောင်က ဆက်လက်၍ ရှင်းပြသည်။

ဓာတ်ပုံ- ဇေယျာလှိုင်
ဓာတ်ပုံ- ဇေယျာလှိုင်

ရုပ်သေးတရားသူကြီး

နောက်ထပ် ပြဿနာတစ်ခုမှာ အုပ်ချုပ်ရေးပိုင်းက တရားသူကြီးများကို သူတို့ကြိုးဆွဲရာကပြရမည့် ရုပ်သေးများသဖွယ် သဘောထားသည့်ကိစ္စပင်ဖြစ်သည်။

ဥပဒေပညာရှင်များထောက်ပြသည်က မြို့နယ်တရားသူ ကြီးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးခေါ်သည့် အစည်း အဝေးသို့ တက်ရသည်။ ခရိုင်တရားသူကြီးသည်လည်း ခရိုင်အုပ် ချုပ်ရေးမှူးခေါ်သည့် အစည်းအဝေးသို့ ပုံမှန်တက်ကြရသည်။

“ယနေ့အချိန်ထိပဲ လွတ်လွတ်လပ်လပ် ရပ်တည်ခွင့်မရှိ ဘူး။ သူတို့နိုင်ငံရေးရည်ရွယ်ချက်တွေအတွက်၊ သူတို့ စီမံအုပ်ချုပ်ဖို့ ရည်ရွယ်ချက်တွေအတွက် တရားသူကြီးတွေကို အမိန့်ပေးခိုင်းစေသလိုဖြစ်နေတယ်” ဟု ဦးဖိုးဖြူက ဆိုသည်။

တရားစီရင်ရေးတွင် လွတ်လွတ်လပ်လပ်မရှိဟုဆိုခြင်းမှာ အထူးသဖြင့် နိုင်ငံရေးနှင့် ပတ်သက်သည့် အမှုများတွင် တရားသူကြီးတို့သည် အမှုကိုစီရင်ပေးရာတွင် “စက်ရုပ်လို” စီရင်ပေးနေရသည်ကို တွေ့ရကြောင်း ဦးရောဘတ်စန်းအောင် က ဆိုသည်။

အုပ်ချုပ်ရေးအာဏာပိုင်များက ၎င်းတို့၏ အစည်းအဝေး တွင် တရားသူကြီးများကို လာတက်ခိုင်းပြီး တရားစီရင်ရေးတွင် အုပ်ချုပ်ရေး၏ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ရခြင်းများရှိသည်။ အုပ်ချုပ်ရေးအာဏာပိုင်တို့၏ လမ်းညွှန်ချက်အတိုင်း မလုပ်ဆောင်သည့် တရားသူကြီးတို့သည် တစ်နည်းနည်းဖြင့် နှိပ်စက်ဒုက္ခပေးခံရတတ်သည်ဟု ဦးရောဘတ်စန်းအောင်က ဆိုလေသည်။

“အုပ်ချုပ်ရေး အစည်းအဝေးကို တရားသူကြီး တက်စရာ အကြောင်းလုံးဝမရှိဘူး။ ဥပဒေဝန်ထမ်းလည်း အုပ်ချုပ်ရေး အစည်းအဝေးတက်စရာ လုံးဝမရှိဘူး။ အုပ်ချုပ်ရေးနဲ့ တရားစီရင် ရေးဆိုတာ ဘာမှအစည်းအဝေး လစဉ်လုပ်ပြီး ညှိနှိုင်းနေစရာမလိုဘူး”ဟု သူက ဆိုသည်။

သူက ဆက်လက်၍ “အုပ်ချုပ်ရေးဆိုတာ ဖိနှိပ်ရေးယန္တရား ပဲ။ တရားစီရင်ရေးက အမှန်တရားကို ဖော်ထုတ်ပြီး လူ့အခွင့်အရေးနဲ့အညီ စီရင်ဆုံးဖြတ်ဖို့။ အနေအထားကလုံးဝမတူဘူး။ မတူတာကို ပေါင်းစပ်ညှိနှိုင်းဖို့ဆိုတော့ အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းဖို့လုပ်နေတဲ့ လုပ်ရပ်ဆိုးတွေဖြစ်တော့ အုပ်ချုပ်ရေးစွက်ဖက်မှုကို ပြတ်ပြတ်သားသား ဖယ်ရှားပေးဖို့လိုတယ်။ ဒါမှတရားစီရင်ရေးတိုးတက်လာမှာ”

လွန်ခဲ့သည့်နှစ်လက ရန်ကုန်တိုင်း၏ မြို့နယ်တစ်ခုတွင် မြို့နယ်အစည်းအဝေးသို့ အချိန်ပြည့်မတက်သည့် အမျိုးသား တရားသူကြီးတစ်ဦးအား တရားရေးကိစ္စနှင့် မည်သို့မျှမသက်ဆိုင်သည့် အမျိုးသမီးရေးရာအဖွဲ့ဝင်အဖြစ် တာဝန်ပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ဦးရောဘတ်စန်းအောင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်တရားသူကြီးတချို့သည် အမှုကို အမိန့်မချခင် တိုင်းအုပ်ချုပ်ရေးမှူးထံ အစီရင်ခံရခြင်း မျိုးလည်းရှိသည်။ တရားရုံးအမိန့်သည် ကြားနာသည့် တရားသူကြီး၏ ဆင်ခြင်တုံတရားနှင့် လွတ်လွတ်လပ်လပ်ဆုံးဖြတ်ရမှာ ဖြစ်ပြီး မည်သည့်တိုင်းဦးစီးမှူး၊ ပြည်နယ်ဦးစီမှူးထံသို့ ဩဝါဒ ခံယူစရာမလိုကြောင်း ဦးရောဘတ်စန်းအောင်က ရှင်းပြသည်။

ဘယ်လို ပြန်မတ်မလဲ

တရားရေးမဏ္ဍိုင်ကို ပြန်မတ်မည်ဆိုလျှင်လည်း စိန်ခေါ် ချက်များစွာရှိနေဦးမည်ဟု ဥပဒေပညာရှင်များက ဆိုပါသည်။

စစ်အာဏာရှင်စနစ်အောက်တွင် နှစ် ၅၀ကျော် နေခဲ့ရသည့် တရားစီရင်ရေးစနစ်ကို လေး၊ ငါးနှစ်မျှကာလအတွင်း ပြန်လည်ကောင်းမွန်တည့်မတ်ရန် လုပ်ဆောင်နေမှုမှာ မည်သို့မျှဖြစ်နိုင်မည်မဟုတ်ဟု အမည်မဖော်လိုသည့် အငြိမ်းစားတိုင်း တရားသူကြီးက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သည့် ဦးသန်းမောင် (စစ်တွေ)က တရားရေးမဏ္ဍိုင်ကို ပြုပြင်မည်ဆိုလျှင် အောက်ခြေကနေ အပေါ်အထိ ဘယ်က စပြင်ရမှန်းမသိလောက်အောင်ကို အခြေအနေဆိုးရွားနေသည်ဟု ဆိုပါသည်။

“အခုပြင်မယ်လည်းလုပ်တော့ မုန့်လုံးစက္ကူကပ်။ အပေါ်က ပြင်ရမလား၊ အောက်က ပြင်ရမလားဖြစ်နေတယ်။ တရားရေးလောက၊ တရားသူကြီးလောကဆိုတာသည်  အလွန်ကောင်းသော စားပေါက်ကြီးတစ်ခုဆိုတဲ့ အမြင်မျိုး ဖြစ်နေကြတယ်”ဟု ဦးသန်းမောင်က ဝေဖန်သည်။

“ကောင်းချင်တဲ့တရားသူကြီးတွေ ရှိဦးတော့။  သူတစ် ယောက်တည်းနဲ့လုပ်လို့မရဘူး။ သူ့အဆင့်တစ်ခုတည်းနဲ့ လုပ်လို့ မရဘူး။ ရေလိုက်ငါးလိုက် မလွှဲသာမရှောင်သာ လုပ်ခဲ့ရတာတွေရှိတယ်”ဟု ဦးသန်းမောင်က အခြေအနေအချို့ တွင် ဖြစ်တတ်သည့်  သဘောသဘာဝများကို ရှင်းပြသည်။

တရားသူကြီးအားလုံးကို လာဘ်စားနေသည်ဟု မဆိုလိုသော်လည်း အထက်လူကြီး ငြိုငြင်မည်ကို စိုးသည့် အတွက် အမိန့်မချသင့်သည့်အမှုများကို ချပေးလိုက်ရတတ်သည့် တရားသူကြီးများလည်း ရှိတတ်သည်ဟု ဦးသန်းမောင်က ဆိုပါသည်။

“အမှန်အတိုင်းဆုံးဖြတ်။ နံပါတ်တစ် သူအရင်ကွဲမယ်။ ငွေရတာ၊ မရတာ အပထား။ အုပ်ချုပ်သူ လူတန်းစား အကြိုက်ကို လုပ်ပေးရတာတွေ ရှိတယ်” ဟု သူကဆိုသည်။

ပညာရှင်အများစု သုံးသပ်ကြသည်ကတော့ မြန်မာနိုင်ငံ၏ တရားရေးမဏ္ဍိုင်ကို လွတ်လပ်ပြီး တရားမျှတစွာ စီရင်ဆုံးဖြတ်နိုင်သော မဏ္ဍိုင်တစ်ခုဖြစ်လာစေရန်အတွက်မှာ တရားရေးနှင့် ပတ်သက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တချို့ကို ပြင် ဆင်ရမှာဖြစ်သကဲ့သို့ တချို့သော ဥပဒေများလည်း ထပ်မံပြဋ္ဌာန်း ရမည်ဖြစ်သည်ဟုဆိုသည်။

ဦးဝင်းမြင့်ကလည်း ကောင်းမွန်သော တရားစီရင်ရေးဖြစ်လာရန် တရားသူကြီး ဥပဒေအရာရှိနှင့် ပြည်သူ့ရဲ၊ ရှေ့နေများနှင့် တာဝန်ရှိသူများအားလုံးက အခြေခံစိတ်ဓာတ်များ ပြောင်းလဲရ မည်ဟု အကြံပြုသည်။

ရှေ့နေများဆိုလျှင်လည်း အမှုနိုင်ရန် တရားသူကြီးများနှင့် ပေါင်းခြင်းများကို ရှောင်ရှားသင့်ပြီး ဥပဒေအရ အကာအကွယ် ပေးနိုင်ဖို့ ကြိုးစားသင့်သည်ဟု ထောက်ပြပြောဆိုသည်။

တချို့သော ပြည်သူတို့သည် မည်သည့်တရားသူကြီးသို့ ငွေ ဘယ်လောက်ပေးလိုက်ရသည်ဆိုတာကို ပိုက်ဆံနံပါတ်နှင့်တကွ လာရောက်တိုင်ကြားကြသော်လည်း တကယ်တမ်း အရေးယူဖို့ ပြင်ဆင်သည့်အခါတွင် တိုင်ကြားသူက ၎င်း၏ နာမည်အား အသုံးမပြုရဲခြင်းမျိုး ရှိတတ်ကြသည်။ ထို့ကြောင့် ပြည်သူများ အနေဖြင့်လည်း သတ္တိရှိရန် လိုအပ်ပြီး ယင်းသို့သတ္တိရှိမှသာလျှင် နောက်လူများ အဆင်ပြေမှာဖြစ်သလို အနည်းဆုံး ကိုယ့်ကိုယ် ကိုယ် ကာကွယ်နိုင်လာလိမ့်မည်ဖြစ်သည်ဟု သူက ဆက်လက် အကြံပြုပြောထားသည်။

“တရားစီရင်ရေးမှာ ပြည်သူတွေက စွန့်စွန့်စားစားလမ်း လျှောက်နေကြရတယ်။ အခုချိန်အထိဘာမှ မပြောင်းလဲဘူး။ သတင်းမီဒီယာတွေမှာ ပြောလို့ သတင်းမီဒီယာတွေထဲ ရောက် သွားမှာစိုးလို့ နည်းနည်းလေး လက်ရှောင်နေတဲ့ အဆင့်ပဲရှိတယ်။ အဂတိလိုက်စားမှုတွေ၊ ဥပဒေနဲ့မညီ၊ တလွဲတရားရေး စီမံခန့်ခွဲမှုတွေကတော့ အောက်ရော၊ အထက်ရော၊ တရားလွှတ် တော်ချူပ်မှာရော အားလုံးရှိနေတာပဲ” ဟု ဦးဖိုးဖြူက ဆိုသည်။

ရှေ့နေဦးဖိုးဖြူက ယခုလိုလည်း ဆိုသေးသည်။

“ တရားဥပဒေ တကယ်စိုးမိုးချင်တယ်ဆိုရင် တရားရုံးတွေကို အုပ်ချုပ်ရေး လက်အောက်ခံမထားပါနဲ့။ ဩဇာ မပေးပါနဲ့” ။        ။

 

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."