အောက်တိုဘာလထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၈) မှ သတင်းဆောင်းပါးဖြစ်ပါသည်။
မောင်သင်တုန်း ရေးသည်။
တဖြူးဖြူး တိုက်ခတ်နေတဲ့ လေပြည်တွေကြားမှာ တစ်ထွာ လောက်ရှိတဲ့ စပါးပင်ကလေးတွေဟာ ယိမ်းထိုးလှုပ်ရှားနေကြ တယ်။ လေပြည်တစ်ချက်အဝှေ့မှာ အဝါနုရောင်သမ်းနေတဲ့ စပါး ပင်ထိပ်ဖျားကလေးတွေဟာ လယ်ကွင်းထဲက ရေတွေကို ငုံ့ သောက်နေကြသလို။
အဲဒီစပါးပင်ကလေးတွေကို ပြုစုပေးမယ့် လယ်လုပ်သမား နှစ်ဆယ်လောက်ဟာ ပေါက်တူးပေါက်ပြား ကိုယ်စီနဲ့ လယ်ကန် သင်းပေါင်ကို တူးဆွပြုပြင်နေကြတယ်။
အဲဒီလယ်ကွက်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ မြေသားလမ်း ကလေးပေါ်မှာတော့ လယ်တောကို ကြီးကြပ်သူတွေ စီးလာတဲ့ Pajero ကားတစ်စီး၊ Hilux SURF ကားနှစ်စီးနဲ့ လယ်ယာ လုပ်ငန်းသုံးပစ္စည်းတွေသယ်ယူတဲ့ ကုန်တင်ယာဉ်ငယ်တစ်စီး ရပ် ထားတယ်။
စပါးခင်းလယ်ကွက်တွေကို စတုရန်းပုံသဏ္ဌာန် လေး ထောင့်ကျကျအကွက်တွေ ဖော်ထုတ်ထားပြီး လယ်ကန်သင်း ပေါင်ပေါ်မှာတော့ လူတစ်ရပ်သာသာအမြင့်ရှိတဲ့ အုန်းပင်တွေက တစ်ပင်နဲ့တစ်ပင် ပေနှစ်ဆယ်စီခြားပြီး နေရာယူထားကြတယ်။
စပါးခင်းရဲ့အရှေ့ဘက်အစွန် ကန်သင်းပေါင် အောက်ခြေမှာတော့ ခြေသုံးလှမ်းစာအကျယ်ရှိတဲ့ မြောင်းတစ်ခုရှိနေတယ်။ ဝါးလုံး ရှည်တပ်ထားတဲ့ လယ်ယာသုံးခက်ရင်းခွနဲ့ ရေအနက်ကို တိုင်း ကြည့်လိုက်တော့ ရင်ဆို့လောက်အနက် (လေးပေကျော်လောက်) ရှိပြီး မြောင်းထဲမှာတော့ငါးကြင်းနဲ့ ငါးခူတွေ မွေးမြူထားတာ တွေ့ရပါတယ်။ အဲဒီမြောင်းပေါ်မှာတော့ ခြောက်ပေxရှစ်ပေ အကျယ်ရှိ ဘဲခြံတစ်ခုကို ခွပြီး တည်ဆောက်ထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ မြင်တွေ့ရလေ့ရှိတဲ့ သမားရိုးကျ ပုံစံမျိုးမဟုတ်တဲ့ ဒီလယ်ကွက်တွေကတော့ နေပြည်တော်၊ ပုဗ္ဗ သီရိမြို့နယ်၊ ရှားပင်ကုန်းအဝိုင်းအနီး ရာဇဌာနီလမ်းဘေးမှာ တည်ရှိတာပါ။ ဥပ္ပါတသန္တိစေတီတော်ကြီးကနေ ဆိုင်ကယ်နဲ့ သွားမယ်ဆိုရင် သုံးမိနစ်ဝန်းကျင်လောက်သာ ကြာပါတယ်။
အခုလို စပါးစိုက်ပျိုးရေးနဲ့တွဲပြီး ငါးမွေးမြူရေး၊ ဘဲမွေးမြူ ရေးကိုပါ လုပ်ထားတဲ့ လယ်ကွက်များပိုင်ရှင်ကတော့ ပြည် ထောင်စုမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်ပဲ ဖြစ်ပါတယ်။
ဒီသမ္မတလယ်တောကို စိုက်ပျိုးမွေးမြူရေး ဘက်စုံပါဝင်တဲ့ အဆင့်မြင့် စက်မှုလယ်ယာစနစ်ကို အတုယူစိုက်ပျိုးနိုင်ဖို့ ၂ဝ၁၁ ခုနှစ်ကစပြီး ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။
Photo: Mg Thin Tone သမ္မတပိုင် လယ်ကွက်များ ခြံစည်းရိုးခတ်နေသည် ကိုတွေ့ရစဉ်
သမ္မတလယ်တော ဘယ်လိုပေါ်လာသလဲ
သမ္မတလယ်တောလို့ဆိုပေမယ့် စုစုပေါင်းမြေဧက ၅၁၇ ဧကရှိရာမှာ သမ္မတဦးသိန်းစိန်ပိုင်ဆိုင်တဲ့ လယ်ယာမြေ ၃၈ ဒသမ ၂၂ ဧက၊ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေ က ပိုင်ဆိုင်တဲ့ ဥယျာဉ်ခြံမြေက ၃၁ ဧကနဲ့ ဒေသခံ လယ်သမား ၁၆၅ ဦး ပိုင်ဆိုင်တဲ့ လယ်မြေက ၄၄၇ ဒသမ ၇၈ ဧက ပါဝင်ပေါင်း စပ်ထားတယ်လို့ သမ္မတလယ်တောရဲ့ စိုက်ပျိုးရေးနည်းပညာ ပေးတာဝန်ခံ ဦးခိုင်ဇော်သန်းက ပြောပါတယ်။
ဒါကြောင့် သမ္မတလယ်တောမှာ သမ္မတဦးသိန်းစိန်ပိုင်ဆိုင် တဲ့ လယ်ဧက ၃၈ ဧကကျော်အပြင် ဒေသခံလယ်သမားတွေ ပိုင် ဆိုင်တဲ့ လယ်ယာမြေတွေကိုပါ ပေါင်းထည့်ကာ အဆင့်မြင့်စက်မှုလယ်ယာစံပြစိုက်ခင်းအဖြစ် ဖော်ဆောင်ပြီး လယ်ကွက်ကန် သင်းပုံဖော်ခြင်း၊ ရေသွင်းရေထုတ်မြောင်းများ တူးဖော်ခြင်းနဲ့ လယ်ယာကုန်ထုတ် လမ်းဖော်ဆောင်ပေးခြင်းတွေကို သမ္မတ ဦးသိန်းစိန်ကပဲ လုပ်ပေးတာဖြစ်တယ်လို့ သမ္မတရဲ့ စံပြလယ် တောထဲမှာ ပါဝင်လုပ်ကိုင်နေတဲ့ လယ်သမားတွေက ရှင်းပြ ပါတယ်။
ဦးသိန်းစိန်ပိုင်ဆိုင်တဲ့ လယ်ယာမြေ ၃၈ ဧကကျော်ဟာ သူ သမ္မတရာထူးက အနားယူတဲ့အခါမှာလည်း သူပဲပိုင်ဆိုင်မှာ ဖြစ် တယ်လို့ ဦးခိုင်ဇော်သန်းက ပြောပါတယ်။
ဦးသိန်းစိန် သမ္မတမဖြစ်ခင် ၂ဝ၁၁ နှစ်ဦးပိုင်းကတည်းက ဒေသခံလယ်သမားတွေဆီက လယ်ကွက်တွေကို ဝယ်ယူ အကောင် အထည်ဖော်ခဲ့တာဖြစ်တယ်လို့ လယ်မြေတွေရောင်းချခဲ့ရတဲ့ လယ်သမားတွေက စာချုပ်စာတမ်းအထောက် အထားတွေပြပြီး ပြောကြပါတယ်။
ဒေသခံတွေဆီက လယ်ယာမြေအချို့ကို ကာလပေါက်ဈေး ကျပ်ဆယ်သိန်းဝန်းကျင်ရှိနေတဲ့အချိန်မှာ ကျပ်တစ်သိန်းပိုပေး ပြီး ဝယ်ယူခဲ့တာလို့ လယ်ယာမြေရောင်းချခဲ့တဲ့ လယ်သမားတွေ က မော်ကွန်းကို ပြန်ပြောပြပါတယ်။
လယ်ကွက်တွေကို ဒီလို ဈေးကောင်းပေးကာ ဝယ်ယူခဲ့ပေ မယ့် လယ်သမားတချို့ကတော့ မရောင်းလိုခဲ့ကြပါဘူး။ ဒါပေမဲ့ ယခင်တပ်မတော်အစိုးရလက်ထက်တုန်းက လယ်သိမ်း၊ ယာ သိမ်းခဲ့တဲ့ ဖြစ်စဉ်တွေကို တွေ့ကြုံဖူးခဲ့ပြီဖြစ်တဲ့ လယ်သမားတွေ က အသိမ်းခံရမှာကြောက်ပြီး ရောင်းချလိုက်ရတာမျိုးလည်း ရှိ ပါတယ်။
သမ္မတလယ်တောနဲ့ လမ်းတစ်ခုသာခြားတဲ့ ညောင်ပင်ကြီး စုကျေးရွာမှာ နေထိုင်တဲ့ ဦးသိန်းဟန်ဆိုရင် လွန်ခဲ့တဲ့ လေးနှစ် ကျော်က ယူနီဖောင်းဝတ်စစ်ဗိုလ်အပါအဝင် အရပ်ဝတ်ငါး ယောက်က ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အတူ သူပိုင်ဆိုင်တဲ့ လယ် ယာမြေသုံးဧကခန့်ကို အိမ်အထိလာရောက်ဝယ်ယူခဲ့တာကြောင့် မိသားစုဝင်တွေ တုန်လှုပ်ကြောက်လန့်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်တုန်းကတော့ မရောင်းချင်လည်း ရပါတယ်လို့ ဆိုတာကြောင့် ဦးသိန်းဟန်က သူ့လယ်တွေကို မရောင်းခဲ့ပါဘူး။
ဒါပေမဲ့ မတ်ပဲတွေ စိုက်ထားတဲ့ သူ့လယ်မှာ တစ်ရက် ဆေး သွားဖျန်းတဲ့အခါမှာတော့ အလံတိုင်တွေစိုက်၊ မှန်ပြောင်းတွေနဲ့ ချိန်ပြီး မြေတိုင်းနေတဲ့ သူတွေကို တွေ့လိုက်ရပါတယ်။
ဒီအခါကျမှ ”သိမ်းသွားရင် ဘာမှရမှာ မဟုတ်ဘူးဆိုပြီး ရောင်းလိုက်တာ”လို့ ဦးသိန်းဟန်က ဆိုပါတယ်။
”မရောင်းလည်း သိမ်းမယ့်သဘော”လု့ိ သူက ခံစားမှုမဲ့တဲ့ မျက်နှာနဲ့ ပြန်ပြောင်းပြောပြတယ်။
ညနေခင်းလိုအချိန်မှာ ရောင်းမယ်လို့ သွားပြောတော့ နောက်တစ်ရက်မှာပဲ စာချုပ်စာတမ်းတွေနဲ့ လာဝယ်သွားတာပါ။ အဲဒီတုန်းက သူ့လယ် သုံးဧကနီးပါးကို ကျပ်သိန်းသုံးဆယ်နဲ့ သုံးသောင်းရလိုက်ပါတယ်။
နေပြည်တော်မပေါ်ခင်က ဦးသိန်းဟန်မှာ လယ်မြေ ၁၂ ဧကလောက် ပိုင်ဆိုင်ခဲ့ပါတယ်။ နေပြည်တော်ပေါ်လာတဲ့အခါ မြို့တော်သစ်ဖော်ဆောင်တာကြောင့် လယ်မြေသိမ်းယူတာခံခဲ့ ရပြီး လယ် ၂ ဒသမ ၇ ဧကသာကျန်ရှိပါတော့တယ်။ အဲဒီ လက် ကျန်လယ်မြေကို မရောင်းချင်ဘဲ ရောင်းလိုက်ရတဲ့ နောက်ပိုင်း သူ့လယ်လုပ်ငန်းမှာသုံးတဲ့ နွားတစ်ရှဉ်းကိုပါ ရောင်းထုတ်လိုက် ရတယ်။
အဲဒီအချိန်ကစပြီး သူတစ်သက်လုံးလုပ်လာတဲ့ လယ် သမားဘဝကို စွန့်လွှတ်လိုက်ရပါတော့တယ်။ လယ်ရောင်းလို့ရ လာတဲ့ ငွေနဲ့ ငွေတိုးချေးစားခဲ့တယ်။ နေပြည်တော်တည်ဆောက် စဉ်က အသိမ်းခံရတဲ့ လယ်မြေအစား ပြန်ပေးထားတဲ့ ပေ ၄ဝxပေ ၆ဝ အကျယ်ရှိ ခြံမြေကွက်နဲ့ အတူပါတဲ့ တစ်ထပ်တိုက်တစ်လုံး ကို ငှားရမ်းပြီးစားသောက်နေခဲ့တယ်လို့ သူ့ဘဝရဲ့တစ်ဆစ်ချိုးကို ပြောပြတယ်။
အဲဒီအချိန်တုန်းက လယ်ယာမြေလာဝယ်တဲ့သူတွေဟာ ကျေးရွာဥက္ကဋ္ဌအိမ်ကို ညဘက်ဆိုရောက်လာတယ်။ ပြီးရင် လယ်သမားတွေကိုဆင့်ခေါ်ပြီး လယ်ယာမြေတွေ ရောင်း၊ မရောင်း မေးမြန်းခဲ့ကြတယ်။ တစ်လ တစ်ကြိမ်နှုန်းနဲ့ သုံးကြိမ် လောက်လာပြီးတဲ့အခါမှာတော့ လယ်သမားတွေက အသိမ်းခံ ရမှာ စိုးရိမ်တာကြောင့် ရောင်းချပေးခဲ့လိုက်ရတယ်လို့ ညောင်ပင် ကြီးစုကျေးရွာမှ လယ်သမားတွေက ပြောပါတယ်။
လယ်ယာမြေ လာဝယ်တဲ့သူတွေက သမ္မတလယ်တော စီမံကိန်းအတွက် ဝယ်ယူတယ်ဆိုတာကို အဲဒီတုန်းက မပြောခဲ့ ပါဘူး။ လယ်သမားတွေက စစ်တပ်ထားမယ်လို့သာ သိထားပြီး သမ္မတလယ်တော ဖြစ်ပေါ်လာမှာကို လုံးဝမသိခဲ့ဘူးလို့ ပြောပါတယ်။
သမ္မတလယ်တော စံပြကွက်တွေ ဖော်ထုတ်ပြီးတဲ့ လပိုင်း အတွင်းမှာတော့ လယ်ယာမြေဈေးနှုန်းတွေဟာ ယခင်က တစ် ဧကကို ကာလပေါက်ဈေးကျပ် ၁ဝ သိန်းဝန်းကျင်တန်ဖိုးရှိခဲ့ တာကနေ ကျပ်သိန်း ၄ဝ ဝန်းကျင်အထိ စတင်ဈေးပေါက်ခဲ့ပြီး တော့ သုံးပတ်အတွင်းမှာပဲ အချို့လယ်တွေဟာ တစ်ဧကကို ကျပ်သိန်း ၁ဝဝ အထိ ဈေးပေါက်ခဲ့တယ်လို့ လယ်သမားတွေက ပြန်ပြောပြပါတယ်။
အဆင့်မြင့်လယ်ယာတွေ ဖော်ထုတ်တော့မယ်ဆိုတာ ကြောင့် လယ်ယာမြေတွေ ဈေးတက်လာတာလို့ လယ်သမားတွေ က ပြောကြတယ်။
အဲဒီလိုဈေးကောင်းရလာတဲ့အတွက် ပြီးခဲ့တဲ့နှစ်နှစ်က သမ္မတရဲ့ တပည့်တွေဆီကို လယ်ငါးဧက ရောင်းချခဲ့တယ်လို့ ဘောဂဝတီရပ်ကွက်မှ လယ်သမား ဦးမြမောင်က ယခုလို ပြော ပြပါတယ်။
”သမ္မတ လယ်တောထဲကို ကုန်းကွက်(ဥယျာဉ်မြေ) လေး ဧကလောက်ကတော့ မရောင်းချင်ဘဲ ရောင်းလိုက်ရတယ်။ နောက်ငါးဧကကတော့ ဈေးကောင်းရလို့ ကျေကျေနပ်နပ်နဲ့ ရောင်းလိုက်တာ”လို့ သူက ဆိုပါတယ်။
ပထမရောင်းလိုက်ရတဲ့ လယ်လေးဧကကို ၂ဝ၁၁ ခုနှစ် တုန်းက လာဝယ်တော့ သူက ငြင်းဆိုခဲ့တယ်။ နောက်ပိုင်း သူ့ လယ်ထဲမှာ သူ့ကိုအသိမပေးဘဲ ကြံတွေ လာစိုက်တာကို ကြောက်လို့ မပြောရဲခဲ့ဘဲ ”အသိမ်းခံရရင် ငတ်မယ့်အတူတူတော့ တစ်ဧက (ကျပ်) ၁၉ သိန်းနဲ့ရောင်းလိုက်တယ်။ သိမ်း(ခံရ)ရင် ဘာမှ ရမှာ မဟုတ်ဘူး” လို့ သူက ဆိုတယ်။
အသက် ၅ဝ ရှိပြီဖြစ်တဲ့ ဦးမြမောင်က သမ္မတ ဦးသိန်းစိန်နဲ့ ကုမ္ပဏီတွေထံကို စုစုပေါင်းမြေကိုးဧက ရောင်းချခဲ့သူ ဖြစ်ပါတယ်။
ဒီလိုနဲ့ပဲ သမ္မတဦးသိန်းစိန်ရဲ့ စံပြလယ်တောကြီး ထွက်ပေါ် လာပါတော့တယ်။
Photo: Mg Thin Tone စနစ်တကျ စိုက်ပျိုး ထားသည့် သမ္မတလယ်တောရှိ နဂါးမောက်သီးခြံ
ပေါင်းစည်းလယ်ယာစနစ်
သမ္မတလယ်တောက စက်မူလယ်ယာ ဆည်ရေသောက် ဖြစ်တဲ့အတွက် ပဲနဲ့ စပါးကို တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်ပါတယ်။ လယ်တော စတင်ဖော်ဆောင်ချိန်ကတည်းက သမ္မတဦးသိန်း စိန်ဟာ စပါး၊ ငါး ပေါင်းစည်းလယ်ယာစနစ်ကို စတင်စိုက်ပျိုး ခဲ့တယ်လို့ စံပြလယ်ကွက်ထဲမှာ ပါဝင်နေတဲ့ လယ်သမားတွေက ပြောပါတယ်။
သမ္မတရဲ့ စံပြလယ်ကွက်တွေမှာ ငါး၊ ဘဲ၊ စပါး ပါဝင်တဲ့ ပေါင်းစည်းလယ်ယာစနစ်ကို အကောင်ထည်ဖော်ထားပါတယ်။ ဘဲတွေကို ထိုင်းနိုင်ငံက တင်သွင်းလာတာဖြစ်ပြီး ၁၈ လသား အရွယ် ဥစတင် ဥခါစ ဘဲအကောင်ကြီးတစ်ကောင်ကို ၅,ဝဝဝ ကျပ် တန်ကြေးရှိတယ်လို့ ဘဲခြံတာဝန်ခံက ဆိုပါတယ်။
လယ်ကွက်ရဲ့ ရေထုတ်မြောင်း၊ ရေသွင်းမြောင်းတွေကို လည်း ကွန်ကရစ်နဲ့ ပြုလုပ်ထားပြီး ကောက်စိုက်ချိန်ကနေ ရိတ် သိမ်းချိန်အထိ ကောက်စိုက်စက်၊ လယ်ထွန်စက်၊ ရိတ်သိမ်းခြွှေ လှေ့စက်တွေကို အသုံးပြုပါတယ်။
သာမန်လယ်သမားတွေရဲ့ စိုက်ခင်း၊ သီးနှံခင်းတွေမှာ ပေါင်းမြက်ပင်တွေကို အလွယ်တကူတွေ့မြင်ရပေမယ့် သမ္မတ လယ်တောထဲက သီးနှံခြံတွေမှာတော့ ပေါင်းပင်ဆိုတာ တော် တော်ရှာယူပြီး ကြည့်တာတောင် မတွေ့ရသလောက်ပါပဲ။ အလုပ် သမားတစ်ဒါဇင်ကျော်လောက်က သမ္မတရဲ့ သီးနှံခြံတွေကို ပိတ် ရက်မရှိ လာရောက် အလုပ်ဆင်းကြတာပါ။
လယ်တောတာဝန်ခံတွေရဲ့ တစ်ခုချင်း တန်ဖိုးသတ်မှတ် ချက်တွေကို ပေါင်းကြည့်မယ်ဆိုရင်တော့ ပေါင်းစည်းလယ်ယာ စနစ်အတွက် ငါးမွေးကန်ကုန်ကျစရိတ်မပါဘဲ ဘဲခြံ၊ ဘဲတန်ဖိုး၊ စပါးထွန်ယက်စိုက်ပျိုးခ၊ ရိတ်သိမ်းချိန်အထိ အပါအဝင် တစ်ဧက ကုန်ကျစရိတ် ကျပ်ငါးသိန်းကျော် ရှိပါတယ်။ ဒါဟာ သာမန်လယ် တစ်ဧက ကုန်ကျစရိတ်ရဲ့ နှစ်ဆနီးပါးပါပဲ။
သမ္မတရဲ့စံပြလယ်ကွက်အတွင်းမှာရှိတဲ့ လယ်ပိုင်ရှင်တွေ ကတော့ စိုက်ပျိုးရေးနည်းပညာပေးတာ၊ စက်ငှားရမ်းတာနဲ့ စိုက် ပျိုးရေအတွက် ငလိုက်ဆည်နဲ့ ကျွဲချင်းဆည်ကနေ ရေကို အချိန် မရွေး ရရှိနေတယ်လို့ ဆိုပါတယ်။
”တခြားကွင်းတွေတော့ မသိဘူး၊ ကျွန်တော်တို့ကွင်းက သမ္မတလယ်တောဆိုတော့ ရေတော်တော် လွယ်တယ်”လို့ သမ္မတရဲ့ စံပြလယ်တောအတွင်းမှာ လယ်ကိုးဧက ပိုင်ဆိုင်တဲ့ ပြန်ကပြေးကျေးရွာမှ လယ်သမား ဦးမြင့်ဆွေက ပြောပါ တယ်။
ဒါ့အပြင် လယ်ထွန်စက်နဲ့ ရိတ်သိမ်းခြွေလှေ့စက်တွေကို လည်း အလွယ်တကူ ငှားရမ်းပေးတယ်လို့ ဆိုတယ်။ စပါးခင်းတွေ ရဲ့ နည်းပညာ၊ ပိုးမွှားနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးပညာရှင်တွေကို လည်း ချက်ချင်းအကြောင်းကြားရင် လာရောက်စစ်ဆေး ဆောင်ရွက်ပေးတယ်လို့ လယ်သမားတွေက ဆိုပါတယ်။
သမ္မတလယ်တောမှာရှိတဲ့ လယ်သမားတွေက စက်မှု လယ်ယာစနစ်အတိုင်း စိုက်ပျိုးလုပ်ကိုင်ကြတဲ့အတွက် လယ်တစ် ဧက ကုန်ကျစရိတ်က ပိုးသတ်ဆေးခ၊ ပေါင်းနုတ်ခအပါအဝင် ရိတ်သိမ်းခြွေလှေ့ချိန်အထိ ကုန်ကျစရိတ်အားလုံးက ကျပ်နှစ် သိန်းခွဲ ကုန်ကျတယ်လို့ လယ်သမားတွေက ဆိုတယ်။
ဒါ့အပြင် သမ္မတလယ်တော စံပြကွက်တွေအတွင်းမှာ ပါ ဝင်တဲ့ လယ်သမားတွေကို အကျိုးတူ ပူးပေါင်းစနစ်အဖြစ် မြေ သြဇာကို ဒေါ်လာပေါက်ဈေးနဲ့တွက်ပြီး မျိုးစပါး၊ အာမိုမြေသြဇာ တစ်အိတ်၊ ပုလဲမြေသြဇာတစ်အိတ်၊ စိုက်စရိတ်အတွက် ကျပ်ငွေ ငါးသောင်းကို အရင်းအနှီးအနေနဲ့ ကြိုတင်ထုတ်ပေးပါတယ်။
စပါးပေါ်ချိန်မှာ စပါး ၃၃ တင်းပြန်ပေးသွင်းရတဲ့စနစ်ကို ကုမ္ပဏီနဲ့ ကြိုတင်သဘောတူပြီး စပါးပေါ်ချိန်မှာ အနည်းဆုံး တစ်တင်းကို ကျပ် ၄,၅ဝဝ နဲ့ဝယ်ယူဖို့ သမ္မတလယ်တောမှာ ပါဝင် လုပ်ကိုင်နေတဲ့ လယ်သမားတစ်ရာကျော်က စာချုပ်ချုပ်ဆိုထားကြတယ်လို့ဆိုပါတယ်။ တကယ်လို့ ကုမ္ပဏီက ဝယ်တဲ့ဈေးကို လယ်သမားက မကြိုက်ဘူးဆိုရင် ”သူတို့ကို ၃၃ တင်းပဲ ပေး၊ ကျန်တာ ကိုယ့်ဘာသာ ကြိုက်တဲ့နေရာ ရောင်းလို့ရတယ်”လို့ လယ်သမားဦးမြင့်ဆွေက ရှင်းပြပါတယ်။
သမ္မတရဲ့ စံပြလယ်ကွက်တွင်း မပါဝင်တဲ့ လယ်သမားတွေ မှာတော့ အဲဒီလို အခွင့်အရေးမရှိကြပါဘူး။
သမ္မတ ဦးသိန်းစိန်ရဲ့ ပေါင်းစည်းလယ်ယာစနစ်ဟာ ကုန် ကျစရိတ်မြင့်တာကြောင့် သာမန်လယ်သမားတွေအတွက် လက် လှမ်းမမီဘူးလို့ ဆိုကြပါတယ်။ သမ္မတကိုယ်ပိုင်လယ်ကွက်နဲ့ သမ္မတရဲ့ စံပြလယ်ကွက်ထဲမှာ ပါဝင်စိုက်ပျိုးနေတဲ့ လယ်သမား တွေရဲ့ လုပ်နိုင်စွမ်းက ကွာခြားသလို စံပြကွက်ထဲမှာ မပါဝင်တဲ့ လယ်သမားတွေဆီမှာတော့ အခက်အခဲပေါင်းစုံရှိနေတာကြောင့် စံပြလယ်ယာဖြစ်ဖို့ကပိုပြီး အလှမ်းကွာဝေးတာ တွေ့ရပါတယ်။
ဝေးလံခေါင်သီတဲ့ ဒေသတွေမှာရှိတဲ့ လယ်သမားတွေ မဆို ထားနဲ့၊ သမ္မတရဲ့စံပြလယ်တောနဲ့ လမ်းမကြီးတစ်ခုသာခြားပြီး ပေတစ်ရာဝန်းကျင်လောက်သာ အကွာအဝေးမှာရှိတဲ့ လယ် သမားတွေမှာတောင် အခွင့်အရေးနဲ့ လုပ်နိုင်စွမ်းတွေက ကွာ ခြားလွန်းလှပါတယ်။
သမ္မတလယ်တောရဲ့ အရှေ့ဘက်မှာလည်း ရွာသစ်ကွင်းလို့ ခေါ်တဲ့ လယ်ဧက လေးရာကျော်ရှိပါတယ်။ သမ္မတလယ်တော လိုတော့ စပါးခင်းတွေက ညီညီညာညာမဟုတ်၊ ကုန်ထုတ်လမ်း ဆိုတာလည်းမရှိ၊ လယ်ကန်သင်းပေါင်တွေကလည်း လမ်းတောင် ကောင်းကောင်းလျှောက်လို့မရ၊ ရေသွင်းရေထုတ် ရေသွယ် မြောင်းတွေလည်း မရှိ။
အဲဒီရွာသစ်ကွင်းထဲမှာ လယ်သုံးဧက ပိုင်တဲ့ အသက် ၄၈ နှစ်ရှိတဲ့ လယ်သမားဦးထွန်းငွေကို သမ္မတလယ်တော ပေါင်းစည်း လယ်ယာစနစ်ကို လုပ်ကိုင်နိုင်သလားဟု မေးမြန်းကြည့်တော့ ”ဘဲခြံတွေ၊ ငါးကန်တွေ ငွေကုန်ကြေးကျ များမှာလေ။ တောင်သူ တွေက(အဲဒီလို)ဖြစ်ဖို့ ခဲယဉ်းပါတယ်။ အင်အားမှမရှိတာ” လို့ လယ်ကွက်ထဲမှာ ပေါင်းပင်တွေကို ဆွဲနုတ်ရင်း ပြောပြတယ်။
သမ္မတလယ်တောပေါ်လာချိန်မှာတော့ ရွာသစ်ကွင်းက လယ်ဧက ၄ဝဝ အတွက် ငလိုက်ဆည်ကထွက်လာတဲ့ ဆည်ရေ သောက်မြောင်းတစ်ခုကို လယ်ကွက်တွေရဲ့အစွန်မှာ ဖောက် ပေးခဲ့ပါတယ်။ ဒါကြောင့် မိုးကောင်းရေသောက်ဘဝကနေ ဆည်ရေသောက်ဘဝနဲ့ စိုက်ပျိုးရေအလွယ်တကူရတော့မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် လက်တွေ့ မှာတော့ ဖြစ်မလာခဲ့ဘူးလို့ ဆို ကြပါတယ်။
ဆည်ရေသောက်မြောင်းထဲမှာတော့ ရေစိုစွတ်ရုံသာ ရှိနေ ပြီး ရေစီးရေလာ မတွေ့ ခဲ့ရပါဘူး။
”သမ္မတလယ်တောဘက်မှာဆိုရင် ရေတွေ ပေါတယ်။ ခံပြင်းတာပေါ့ကွာ။ သူတို့က လုပ်ချင်တိုင်း လုပ်လို့ရတယ်။ အဘတို့ က ရေမရလို့ ဟိုတစ်နေ့က ဓားထိုးမှုတောင်ဖြစ်တော့မလို့။ ရေယူ တာ သူအရင်ယူမယ်၊ ကိုယ်အရင်ယူမယ် ဖြစ်လို့ ရန်ဖြစ်ကြတာ”လို့ လယ်သမားဦးထွန်းငွေက သမ္မတလယ်တောဘက်ကို လက် ညှိုးထိုးပြီး ပြောပါတယ်။
ယခုနှစ်မိုးစပါးမစိုက်ခင် ဇူလိုင်လကုန်တုန်းကတော့ အဲဒီ ဆည်ရေသောက်မြောင်းကနေ ရေတစ်ခါသာရခဲ့ဖူးပြီး လက်ရှိမှာ တော့ မိုးရေကိုသာ မျှော်လင့်နေရတယ်လို့ ဆိုပါတယ်။
မိုးကလည်းထင်သလောက်မကောင်းတဲ့အတွက် ”ဆည် ရေ မရဘူးဆိုရင် (စပါး)ရိတ်သိမ်းရမှာတောင်မဟုတ်ဘူး”လို့ သူ က လယ်ကန်သင်းပေါင်ပေါ် ငုတ်တုတ်ထိုင်နေလျက်က ပြော ပြတယ်။
စံပြလယ်ကွက်တွေထဲကလို ကုန်ထုတ်လမ်းတွေလည်း မရှိ တာကြောင့် စပါးရိတ်သိမ်းချိန်တွေမှာ ကိုယ့်လယ်ကွက်ရဲ့ အထက်က လယ်သမားတွေက စပါးမရိတ်သိမ်းရသေးရင် စပါးပုံ ကို လယ်ကွင်းထဲမှာ အနည်းဆုံး သုံးညအိပ်စောင့်ပြီးမှ သယ်ယူရ တယ်လို့ လယ်သမားတွေက ပြောပါတယ်။
သမ္မတလယ်တော အရှေ့ဘက် အဝင်ဝမှာ ”တောင်သူ ဦးကြီးများအတွက် ကူညီဆောင်ရွက်ပေးနေပါသည်။ စိုက်ပျိုး ရေလိုအပ်ချက်များကို အောက်ပါပြည်သူ့ဝန်ထမ်းများဖြင့် ညှိ နှိုင်းဆောင်ရွက်နိုင်ပါသည်”ဆိုတဲ့ ဆည်မြောင်းဦးစီးဌာန ဆိုင်း ဘုတ်ကြီး ထောင်ထားတာကို တွေ့မြင်ခဲ့ရပါတယ်။
ဒီဆိုင်းဘုတ်ထဲမှာဖော်ပြထားတဲ့ ဆည်မြောင်းဦးစီးဌာန က ဒုဦးစီးမှူး ဦးအောင်ကျော်လွင်ကို လယ်သမားတွေပြောပြတဲ့ ဆည်ရေအခက်အခဲနဲ့ပတ်သက်ပြီး မော်ကွန်းမဂ္ဂဇင်းက ဖုန်း ဆက်မေးမြန်းကြည့်တဲ့အခါ ဆည်ရေမြောင်းတွေဟာ သမ္မတ လယ်တောအတွက်ပဲ ဖောက်ထားတာဖြစ်တယ်လို့ ပြန်လည်ဖြေ ကြားပါတယ်။
Photo: Mg Thin Tone သမ္မတလယ်တောရှိ ပဲသန့်စင်စက်
ရွာသစ်ကွင်းဘက်ကို အလှည့်ကျ တစ်ပတ်ကို နှစ်ရက်ရေ လွှတ်ပေးပြီး လယ်သမားတွေ ”ရ၊ မရတော့ မသိဘူး၊ အပေါ် က(မြောင်းနဲ့ နီးတဲ့) လယ်ကွက်တွေတော့ ရမယ်ထင်တယ်”လို့ သူက ရှင်းပြပါတယ်။
သမ္မတလယ်တောအဝင်ဝက ဆိုင်းဘုတ်နဲ့ ပေငါးရာကျော် သာ ကွာဝေးပေမယ့် လယ်သမား ဦးထွန်းငွေကတော့ သူ့လယ်ထဲ ကို ”ဘယ်စိုက်ပျိုးရေး ပညာရှင်မှ မရောက်ဖူးသလို ပိုးကျရင် လည်း စိုက်ပျိုးရေးဆေးဆိုင်ကိုပဲ အားကိုးရတယ်” လို့ ဆိုပါတယ်။
လယ်သမားတွေကလည်း စိုက်ပျိုးရေးပညာရှင်တွေကို တော့ ဆက်သွယ်ခဲ့တာမျိုး မလုပ်ကြဘူးလို့ ဆိုကြပါတယ်။
ရွာသစ်စိုက်ကွင်းထဲက လယ်သမားတွေဟာ ကျွဲ၊ နွားတွေ နဲ့ ထွန်ယက်စိုက်ပျိုးပြီး ကုန်ကျစရိတ်က ရိတ်သိမ်းချိန်အထိ ပိုး သတ်ဆေးဖိုးအပါအဝင် တစ်ဧကကိုကျပ် ၂၈ဝ,ဝဝဝ ကုန်ကျ တယ်လို့ လယ်သမားတွေက ပြောပါတယ်။
သမ္မတရဲ့ စံပြကွက်ထဲမှာပါဝင်လုပ်ကိုင်နေတဲ့ လယ် သမားတွေကတော့ စက်တွေနဲ့ ထွန်ဖို့ အကူအညီရတာကြောင့် စိုက်စရိတ်တစ်ဧကကို ကျပ် ၂၅ဝ,ဝဝဝ သာ ကုန်ကျတာကို တွေ့ ရတယ်။ ဒီကုန်ကျစရိတ်တွေက စိုက်ပျိုး၊ ထွန်ရက်၊ ရိတ်သိမ်းစတဲ့ စပါးနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်သီးသန့်ပါ။
သမ္မတပိုင်တဲ့လယ်စပါးခင်းတွေလို စပါးစိုက်ပျိုးရင်း ငါး မွေးကန်၊ ဘဲမွေးခြံတွေပါတဲ့ ပေါင်းစည်းလယ်ယာစနစ်မျိုးတော့ မလုပ်နိုင်ကြပါဘူး။
သမ္မတလယ်တော စံပြကွက်ထဲမှာ လယ်သုံးဧကပိုင်တဲ့ လယ်သမားဦးသာဒွန်းကတော့ သမ္မတလယ်ကွက်တွေကို သွားကြည့်ပြီး ”အားကျ၊ ပြန်လာရုံပဲ။ ကိုယ်မှ မလုပ်နိုင်တာ”လို့ လေသံခပ်ပျော့ပျော့နဲ့ ပြောတယ်။

