၀က်ခြံတိုက်ခန်းတွေထဲက ကျွန်တော်တို့ဘဝ

၂၀၁၄-အောက်တိုဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၇)မှ အက်ဆေးဖြစ်ပါသည်။

ဝေလင်း ရေးသည်။

            ဝက်ခြံတိုက်ခန်းဆိုတာ ကျွန်တော် အခုနေနေတဲ့ အိမ်ကို ပြောချင်တာပါ။ ကိုယ်ပိုင်အိမ်တော့ မဟုတ်ပါဘူး။ တစ်လ ရှစ်သောင်းကျပ်နဲ့ ငှားထားရတဲ့ အိမ်ပါ။ အိမ်လို့ပြောရတာတောင် နည်းနည်းကြီးကျယ်နေမလားပဲ။ ဘာကြောင့်လဲဆိုတော့ မြေညီထပ်တိုက်ခန်းအပေါ်က ထပ်ခိုးအခန်းဖြစ်နေလို့ပါ။ တချို့ကမှန် ခန်းလို့လည်း ခေါ်ကြတယ်။ အခန်းအမြင့်က အရပ် ငါးပေလေးလက်မလောက် အမြင့် ရှိတဲ့ ကျွန်တော် လက်မြှောက်လိုက်ရင် မျက်နှာကြက်ကို လက်နဲ့ ထိနေပြီ။ အရှေ့မျက်နှာစာအကျယ်က ၁၅ ပေလောက်ရှိမယ်။ တိုက်ခန်းအရှေ့ကနေ အနောက်အထိကို အလျားက ၅၀ ပေ လောက် ရှိပါမယ်။ အိပ်ခန်းတစ်ခန်း ပါတယ်။ အနောက်ဘက်မှာ မီးဖိုချောင်နဲ့တွဲပြီး ရေချိုးခန်းနဲ့ သန့်စင်ခန်းတစ်ခန်းစီပါတယ်။

            တိုက်ခန်းရဲ့ ဘေးဘက်မှာ ပြတင်းပေါက်တွေပါပါတယ်။ ဒါပေမဲ့ မှန်အနက်နဲ့ Slide တံခါးလုပ်ထားပြီး အပြင်ဘက်ကနေ သံတန်းတွေနဲ့လည်း ကာထားတော့ အပြင်ကို ခေါင်းပြူထွက်လို့ မရဘူး။ အရှေ့ဘက်မျက်နှာစာ မှန်ပြတင်းပေါက်ကတော့ အပြင်ကို ခေါင်းပြူကြည့်လို့ရတယ်ဆိုရုံလောက်တော့ ကျယ်တယ်။  ပြီးတော့ အိမ်ထဲကို အဝင်အထွက် လုပ်ရတဲ့ တံခါးမကြီးတစ်ခုရှိမယ်။ တံခါးမကြီးကတော့ သစ်သားတံခါးအပြင် သံတံခါးပါ တပ်ထား တာပါ။

            ဒီတံခါးနှစ်ခုကို သော့နှစ်ခုခတ်ပြီး အထဲမှာနေနေရတဲ့ ဘဝဟာ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အကျဉ်းချထားသလို ခံစားရတယ်။ သစ်သားမီးခြစ်ဆံဘူးထဲမှာ ဝင်နေရသလိုမျိုးပါ လားလို့လည်း တွေးမိတယ်။ ဒီကြားထဲ တိုက်ထဲဝင်တဲ့ သံတံခါးကိုပါ လိုအပ်ရင် သော့ခတ်ထားရတာမျိုးက ရှိသေးတယ်။ ဒါက တော့ အခု ကျွန်တော်နေနေရတဲ့ အိမ်လို့ခေါ်ရမယ့် တိုက်ခန်း တစ်ခန်းပါ။

            တစ်ခါက စာရေးဆရာတစ်ယောက်က ဒီတိုက်ခန်းတွေကို ကြည့်ပြီး စာကလေးအသိုက်နဲ့တူတယ်လို့ ဆိုဖူးပါတယ်။ကျွန် တော့်အသိတစ်ယောက်ကတော့ ဝက်တွေလှောင်ထားတဲ့ ဝက်ခြံနဲ့ တူတယ်လို့ ဆိုပါတယ်။ ကျွန်တော့်မိတ်ဆွေပြောသလို တကယ်လည်း ဝက်ခြံနဲ့တူပါတယ်။ ဘာဖြစ်လို့လဲဆိုတာကို နည်းနည်း ရှင်းပြပါရစေ။ ကျွန်တော် ရန်ကုန်မရောက်ခင် နယ်မှာ နေခဲ့တုန်း က ခြံနဲ့ ဝင်းနဲ့ နေခဲ့တာပါ။ ခြံက ပေ ၈၀၊ ပေ ၁၀ဝ လောက် ကျယ် တယ်။ အဲဒီတုန်းက ကျွန်တော်က ခုနစ်တန်း၊ ရှစ်တန်း ကျောင်းသားအရွယ်ပေါ့။

            ညနေဖြစ်စေ၊ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေဖြစ်စေ ကျွန်တော်တို့ခြံထဲမှာ ကလေးကစားဝိုင်းက သုံး၊ လေးဝိုင်းရှိတယ်။ ဘောလုံးကန်တဲ့သူတွေ၊ ပိုက်ဆံထောင်ပစ်တဲ့သူတွေ၊ ကျောက်ဒိုးနဲ့ ကျင်းလှိမ့်တဲ့သူတွေ စသဖြင့် ကစားဝိုင်းတွေနဲ့ အမြဲစည်ပါတယ်။ ခြံထဲမှာ အမြဲတမ်းလိုလို ပြေးလွှားဆော့ကစား ဖြစ်ခဲ့တယ်။ သီချင်းဆိုရင်လည်း ရွာအလယ်ပိုင်းက ကြားတဲ့အထိ ကို အော်ဆိုလို့ရတယ်။ အဲဒီတုန်းကတော့ ကျွန်တော်က ပိန်ပိန်ကျစ်ကျစ်ပေါ့ဗျာ။

            ဒါနဲ့ရန်ကုန်ကို ပြောင်းလာတယ်။ ပထမနေတဲ့နေရာက မင်္ဂလာဒုံမှာပါ။ နောက် အင်းစိန်ဖော့ကန်ဘက်ကို ပြောင်းခဲ့တယ်။ အဲဒီတုန်းက ပေါင်ချိန်စက်ပေါ်တက်လိုက်ရင် အနီရောင် လက်တံလေးက ၁၁၀ အနားကို မရောက်နိုင်ဘူး။ အဲဒီလိုဖြစ်ရင် စိတ်ထဲ ရှက်သလိုလိုဖြစ်မိတယ်။ ကောင်မလေးကို ထီးကိုင်ပြီး ရည်းစားစကား လိုက်ပြောတဲ့ ကောင်လေးတစ်ယောက် လေထဲ မြောက်တက်သွားတဲ့ Appeton Weight Gain ကြော်ငြာကို ပြေးမြင်မိတယ်။

            ဒါနဲ့ ကမာရွတ်လှည်းတန်းဘက်ကို ပြောင်းလာပြီး တိုက် ခန်းတစ်ခု ငှားနေတယ်။ ဝက်ခြံထဲ စဝင်ရတဲ့အချိန်ပေါ့။ အဲဒီ နောက်ပိုင်း ပေါင်ချိန်စက်တွေ့လို့ စိတ်ကူးရပြီး ချိန်ကြည့်ရင် လက်တံအနီလေးဟာ ၁၁၀ ဆိုတဲ့ နေရာကို အသာလေးကျော် တက်သွားပြီး ၁၂၀ ဆိုတဲ့ နေရာမှာတောင် နည်းနည်းလေး အစွန်းထွက်ချင်သလို လုပ်နေတတ်တယ်။

            အခုဆိုရင် ဒီဝက်ခြံလိုတိုက်ခန်းမှာ နေလာတာ ငါးနှစ် ကျော်လာပါပြီ။ ပြီးခဲ့တဲ့ရက်က ဆေးဆိုင်ရောက်လို့ ပေါင်ချိန် စက်ပေါ်တက်ကြည့်လိုက်တယ်။ အနီရောင်လက်တံလေးဟာ ၁၁၀ ဆိုတဲ့ နေရာကို ဂရုတောင်မစိုက်ဘူး။ ၁၂၀ ကိုလည်း အသာ လေးပဲ။ ၁၅၀ ဆိုတဲ့နေရာကိုလည်း ကျော်ပြီး ၁၆၅ ဆိုတဲ့နေရာမှာ လှုပ်နေတယ်။ ခေါင်းငုံ့ကြည့်လိုက်ရင် လက်တံအနီလေးက ၁၇၀ မှာ။ ခေါင်းမော့လိုက်ရင် ၁၆၅ မှာ။ ကျွန်တော့်မိတ်ဆွေပြော တဲ့ ဝက်ခြံဆိုတာ တကယ် ဟုတ်ပါလားလို့ ကိုယ်တွေ့ တွေ့လိုက် ရတယ်။

            ဒါဟာ ကျွန်တော့်ကျန်းမာရေးအတွက် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ အလုပ်နားလို့ဖြစ်စေ၊ အလုပ်က ပြန်လာတဲ့အချိန်ဖြစ်စေ လမ်းလျှောက်ထွက်ချင်တယ်၊ ဘောလုံး ကန်ချင်တယ်၊ ကြက်တောင်ရိုက်ချင်တယ်။

            ဒါပေမဲ့ ဒီအခန်းလေးထဲမှာ ဘယ်လိုမှ လုပ်လို့မရဘူး။ တခြားမှာ သွားလုပ်မယ်ဆိုတော့လည်း နီးနီးနားနားမဟုတ်ဘူး။ သီးသန့်အချိန်ပေးရမယ်။ ဒီလိုဆင်ခြေတွေနဲ့ပဲ ဒီဝက်လှောင်အိမ် နဲ့တူတဲ့ တိုက်ခန်းလေးထဲမှာ နေပြီး ကျွန်တော်ဟာ ဝက်တစ် ကောင်လို အသားတွေတိုးပြီး ဝ၀ လာတယ်။ နောက်တစ်ခုက ဒီ တိုက်ခန်းမှာ နေရတဲ့ ကျွန်တော်ဟာ မနက်ဆိုရင် နှိုးစက်တွေနဲ့ အိပ်ရာထရပါတယ်။ နှိုးစက်ဆိုလို့ ကျွန်တော်သံပတ်ပေးထားတဲ့ နာရီလည်း မဟုတ်သလို ဖုန်းလည်း မဟုတ်ပါဘူး။ ကျွန်တော်နေတဲ့ အခန်းအပေါ်ထပ်က ‘ဒုံး…ဒုံး’ဆိုတဲ့ ငရုတ်ဆုံထောင်းသံ၊ ဒါမှ မဟုတ် မီးမွှေးဖို့အတွက် ‘တောက်…တောက်…တောက်…တောက်…’ဆိုတဲ့ ထင်းရှူးသားကို ဓားနဲ့ ခွဲတဲ့အသံ၊ ဒါမှမဟုတ် ဘေးအိမ်က ရေစက်မောင်းသံ။

            မနက် ၆ နာရီခွဲ၊ ၇ နာရီဆိုရင် ဒီအသံတွေက ကြားရပြီ။ အရင်ကဆိုရင် မနက်လေးနာရီခွဲ၊ ငါးနာရီလောက် ငရုတ်ဆုံ ထောင်းနေလို့ မြေပိုင်ရှင်ကို အကြောင်းကြားပြီး အပေါ်ထပ်ကို  တက်ပြောရသေးတယ်။ ဒါကြောင့် နောက်ပိုင်း အချိန်ပြောင်း သွားတာပါ။ ပြီးတော့ ငရုတ်သီးထောင်းတယ်ဆိုရင်တောင် ငရုတ် ဆုံအောက်က  အဝတ်တစ်ခုခံပြီး ထောင်းတယ်ထင်ပါရဲ့၊ အသံ လည်း တိုးသွားတယ်။

            တစ်ခါတလေ ညဘက်အိပ်ရာဝင်တာနောက်ကျလို့ နည်းနည်းလောက်ပိုအိပ်ချင်တယ်ဆိုရင်တောင် ငရုတ်ဆုံ ထောင်းသံ၊ ထင်းရှူးသားခွဲတဲ့အသံနဲ့ ရေစက်မောင်းတဲ့အသံတွေကို ဥပေက္ခာပြုပြီး ဆက်အိပ်ရတယ်။ ဆက်ပြီး အိပ်ပျော်သွားလို့ ၉ နာရီကျော်၊ ၁၀ နာရီထိုးသွားမှာကိုတော့ စိတ်ပူစရာမလိုပါဘူး။

            ဘာလို့လဲဆိုတော့ အိမ်ရှေ့က ဆိုက်ကားသံ၊ ကားသံ၊ ထီ ရောင်းလှည်းက သီချင်းသံ၊ မျိုးစုံတဲ့ အလှူခံအသံတွေက ကျွန်တော်ဆက်အိပ်မှာကို မလိုလားတဲ့ အဆူညံဆုံး နှိုးစက်တွေပါ။ ဒီအသံတွေဟာ မနက်အိပ်ရာနိုးတိုင်း ကြားရတဲ့ အသံတွေပါ။ မနက်ဆို ဒီအသံတွေနဲ့ အိပ်ရာထပြီး ရေချိုး၊ စားသောက်၊ ပြီးရင် အလုပ်သွားပေါ့။

            ရန်ကုန်မှာ အလုပ်လုပ်ရတာကလည်း အလုပ်ကပင်ပန်း တာထက် အလုပ်သွား၊ အလုပ်ပြန်အချိန်တွေဟာ တော်တော် လေးကို စိတ်ပင်ပန်းစရာကောင်းပါတယ်။

            မနက် ရုံးကို ရောက်ဖို့ လိုင်းကားအတင်းတိုးဝှေ့စီးရတယ်။ ရုံးက ပြန်လာရင် ပိုတောင်ဆိုးပါသေးတယ်။ လူသံတွေ၊ ကားသံ တွေ ဆူညံနေတာကို မေ့ထားနိုင်တယ်ထားဦး။ လိုင်းကားထဲမှာ လူကျပ်၊ ချွေးထွက်ပြီးနေရတဲ့ ဒုက္ခဟာ တော်တော်ကြီးပါတယ်။ အခုဆိုရင် ယာဉ်ကြောတွေ ကျပ်လာတဲ့အတွက် လိုရာခရီးက တော်တော်နဲ့ မရောက်တဲ့အခါ ဒီဝဋ်ဒုက္ခကို အရင်ကထက် ပိုပြီး ခံစားလာရတယ်။ တစ်နေ့တာကုန်ဆုံးပြီဆိုရင် လူက မလှုပ်ချင် လောက်အောင်ကို ပင်ပန်းပြီး ကျန်ခဲ့တာ။

            တစ်ခါတလေ စိတ်ပန်း၊ လူပန်းလို့ မလှုပ်ချင်လောက် အောင် ဖြစ်နေပြီဆိုရင် အိမ်ရောက်တာနဲ့ ကြမ်းပြင်ပေါ်မှာ ခြေပစ်၊ လက်ပစ်ကို လှဲချပစ်လိုက်တယ်။ မျက်စိကိုမှိတ်၊ ခန္ဓာကိုယ် တစ်ခုလုံးက အကြောတွေကို ခဏလောက် လျှော့ချလိုက်ပြီး ငြိမ် နေလိုက်တယ်။ ခန္ဓာကိုယ်တစ်ခုလုံး အရည်ပျော်ကျသွားသလိုမျိုး စိတ်ကူးပြီးကို လျှော့ချပစ် လိုက်တာ။ သက်ပြင်း၊ သက်မသုံး၊ လေးချက်လောက်ချပေါ့။

            ဒါပေမဲ့ ကျွန်တော့်အိမ်(တိုက်ခန်း)မှာ ဒီလိုမျိုး အေးအေး ဆေးဆေး ကြာကြာနေလို့မရပါဘူး။ ပတ်ဝန်းကျင်ကို ခဏ လောက် မေ့ထားလို့မရဘူး။ အရင်ဆုံးနဲ့ အနီးဆုံးနှောင့်ယှက်တာ က ‘ခြင်’တွေပါ။ လက်ကို လာနားတယ်၊ လက်လှုပ်လိုက်တယ်။ ခြေထောက်လာနားတယ်၊ ခြေထောက်ယမ်းလိုက်တယ်။ နား ရွက်အနားမှာ လာအော်တယ်၊ ကိုယ့်နားရင်း ကိုယ်ပြန်ရိုက်လိုက် တယ်။ မျက်နှာမှာ လာနားတယ်၊ ကိုယ့်မျက်နှာ ကိုယ်ပြန်ရိုက်ရတယ်။

            ညနေအလုပ်က ပြန်လာလို့ အေးအေးဆေးဆေးနားလို့ မရတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ ကျွန်တော်နေ တဲ့ တိုက်ခန်းအရှေ့က လမ်းပဲ။ သံလမ်းလို့ ခေါ်ပါတယ်။ တချို့က တော့ ကမာရွတ်သံလမ်းလို့ ခေါ်ကြတယ်။ တကယ်က လှိုင်မြို့ နယ်ထဲမှာ ရှိတာပါ။ ၂၄ နာရီ လူမပြတ်တဲ့ လမ်း၊ ဘုရားပွဲဈေး တစ်ခုလို စည်ကားတဲ့လမ်း၊ တော်ရုံတက္ကစီမောင်းသမား မဝင်ချင်တဲ့ လမ်းပါ။

            ညနေဘက် သံလမ်းထဲကိုဝင်လာတာနဲ့ ‘ကလင်… ကလင်’ ဆိုတဲ့ ဆိုက်ကားဘဲလ်တီးသံတွေ ကြားရမယ်။ တချို့ဆိုက်ကား ဆရာတွေဆိုရင် ဘာကြောင့်မှန်းမသိဘူး၊ ဆိုက်ကားကို နင်းပြီး လမ်းတစ်လျှောက်လုံးကို ဘဲလ်တီးသွားတတ်ကြတယ်။ လမ်းပိတ်တာ နည်းနည်းလေးဖြစ်မယ်မကြံနဲ့၊ ဆိုက်ကား ဘဲလ်တီး သံတွေဟာ နားရွက်အနားမှာ ခေါင်းလောင်းလာတီးနေသလား မှတ်ရအောင်ကို ဆူညံတာပါ။ ဒီလမ်းထဲမှာ ဆိုက်ကားစီးရေက တစ်ရာဝန်းကျင်လောက်ရှိပါတယ်။

            နောက်တစ်ခုက ကျွန်တော်တို့အိမ်ရှေ့မှာ ထီရောင်းတဲ့ ဆိုင်ရှိတယ်။ ထုံးစံအတိုင်း သီချင်းသံလေးနဲ့ပေါ့။ ဒါက ပြဿနာ မဟုတ်သေးဘူး။ အဲဒီဆိုင်က အမျိုးသမီးရဲ့ ယောကျာ်းက တွန်းလှည်းနဲ့ အရပ်တကာလှည့်ရောင်းတာ။ ညနေစောင်းလို့ မှောင် ပြီဆိုရင် သူ့မိန်းမဆီ တွန်းလှည်းလေး တွန်းပြီး ပြန်လာပြီ။

            သူ့လှည်းမှာ တပ်ထားတဲ့ ဆောင်းဘောက်စ်နှစ်လုံးက ထွက်လာတဲ့ သီချင်းသံဟာ သူ့မိန်းမရဲ့ ထီဆိုင်(ကျွန်တော့်အိမ်ရှေ့)ကို မရောက်ခင် တော်တော်လှမ်းလှမ်းကကို ကြားနေရပါပြီ။ ကျွန်တော့်အိမ်ရှေ့ရောက်လို့ သူတစ်ယောက်တည်းဆိုရင် နည်း နည်းသက်သာမယ်။

            ဒါမှမဟုတ်ဘဲ သူ့ရဲ့ မိတ်ဆွေ ထီရောင်းသမားနောက်တစ် ဦးပါ ရောက်လာပြီဆိုရင်တော့ ဘုံကထိန်လှည့်တဲ့အခါ အဖွဲ့နှစ်ဖွဲ့ လမ်းမှာထိပ်တိုက်တွေ့သလိုမျိုးကို ဖြစ်တော့တာပါပဲ။ အပိုဆု အနေနဲ့ကတော့ ဒီကျယ်ကျယ်လောင် လောင်ဖွင့်ထားတဲ့ သီချင်း ကို ကျော်ပြီး တစ်ဖက်လူကြားအောင် ပြောတဲ့ အိမ်ရှေ့က ထီရောင်းတဲ့ အမျိုးသမီးရဲ့အသံပါ။ အဲဒီလိုဆိုရင်တော့ ဆူညံသံတွေ သက်သာအောင် အိမ်ရှေ့ပြတင်းပေါက် မှန်တံခါးကို ပိတ်လိုက် ရပါတယ်။

            လာတော့မယ့် ပွင့်လင်းရာသီဆိုရင် အိမ်ရဲ့ မလှမ်းမကမ်း မှာရှိတဲ့ ဓမ္မာရုံက အသံတွေ ဆက်တိုက်ဆိုသလို ကြားရတော့ မယ်။ အခုကတော့ ဥပုသ်ရက်လောက်နဲ့ အမြည်းသဘောမျိုး ပြီး ပြီးသွားတယ်။ နှစ်ရက်၊ သုံးရက် အသံမစဲ ပဋ္ဌာန်းရွတ်တော့မယ် ဆိုရင် ခရီးထွက်ဖို့အတွက်ပဲ ကျွန်တော်စဉ်းစားမိတယ်။

            ကိုယ်ကိုယ်တိုင်က ပဋ္ဌာန်းသံမကြားနိုင်လို့ အဝေးကို ထွက် ပြေးသွားရတဲ့ မကောင်းဆိုးဝါး တစ်ကောင်ဖြစ်နေမလားလို့ တစ် ခါတစ်ခါ တွေးမိတယ်။ ဒီလိုဆိုရင် ထွက်ပြေးရတဲ့ အကြောင်းက ပဋ္ဌာန်းကြောင့်မဟုတ်ဘဲ ဓမ္မာရုံက ဖွင့်တဲ့ လော်စပီကာသံကြောင့် လို့ပဲပြောရမှာပဲ။

            ဓမ္မာရုံက ပုဂ္ဂိုလ်တွေရဲ့ အတွေးမှာတော့ ဝေးဝေးက ကြားရအောင် ကျယ်ကျယ်ဖွင့်တဲ့သဘောမျိုး ဖြစ်နိုင်ပေမယ့် အနီး အနားမှာရှိတဲ့သူတွေကျတော့ တော်တော်ကို နားထောင်ရဆိုးပါ တယ်။ တောမှာဆိုရင် ညဘက်အိပ်ရာဝင်တဲ့အခါ ပဋ္ဌာန်းသံနား ထောင်ပြီး အိပ်ပျော်သွားတတ်ပေမယ့် ကျွန်တော့်အိမ်အနီးနား ဓမ္မာရုံက ကြားရတဲ့ ကျယ်လောင်လွန်းတဲ့ ပဋ္ဌာန်းသံကတော့ ငိုချင်စိတ်ပဲ ဖြစ်မိပါတယ်။  ဒါတောင် တစ်နှစ်မှ နှစ်ခါ၊ သုံးခါ လောက်သာ ပဋ္ဌာန်းရွတ်ဖတ်ကြတာပါ။

            ဒီထက်ပိုဆိုးတာကတော့ ဘာသာရေးနှိုးဆော်တဲ့ သီချင်းတွေပါ။ သီချင်းအနောက်က လိုက်ဆိုနိုင်တဲ့အထိ အဲဒီသီချင်းတွေကို ကျွန်တော် နားရည်ဝနေတာပါ။ သီချင်းတစ်ပုဒ်ဆိုရင် အသံဆူ တယ်ဆိုတာထက် သီချင်းရဲ့ အဓိပ္ပာယ်က ပြဿနာဖြစ်အောင် နှိုး ဆော်ပေးနေသလိုမျိုးဖြစ်တော့ တော်တော်ကို နားမထောင်ချင်တဲ့ သီချင်းပါ။ အဲဒါကို ထပ်ခါထပ်ခါ ဖွင့်နေတော့ ထပ်ခါထပ်ခါ အိမ်ထဲက ကြားနေရတယ်။

            အခုလို ဓမ္မာရုံက ဖြစ်တာမျိုးကတော့ ဥပုသ်ရက်တွေနဲ့ ပွင့်လင်းရာသီ အခါကြီးရက်ကြီး ဘာသာရေး ပွဲတော်အချိန်တွေမှ ကြုံရတာပါ။ နေ့တိုင်းဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ကျွန် တော်အခုနေနေတဲ့ တိုက်ခန်းမှာ နေ့တိုင်းကြုံတွေ့ရတဲ့ နောက် တစ်ခုကို ထပ်ပြောပါရစေဦး။

            ကျွန်တော်တို့အိမ်အောက်ထပ် (မြေညီထပ်)မှာ ၂၄ နာရီ စတိုးဆိုင်တစ်ဆိုင်ရှိပါတယ်။ အရင်ကတော့ အလှပြင်ဆိုင်တစ်ခု ဖွင့်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကျွန်တော် ညနေအိမ်ကို ပြန် ရောက်လို့ တိုက်ခန်းထဲဝင်လိုက်တာနဲ့ အောက်ထပ်က ဆံပင် ဖြောင့်တဲ့ ဆေးနံ့က နှာခေါင်းထဲ တန်းဝင်လာတယ်။ ဆေးနံ့ကို နေ့တိုင်းရှူရတယ်။

            အလှပြင်ဆိုင်ပြောင်းသွားပြီး သိပ်မကြာဘူး၊ အောက်ထပ် မှာ ၂၄ နာရီဖွင့်တဲ့ ဝယ်လွယ်ဆိုင်တစ်ဆိုင် လာဖွင့်တယ်။ ပထမ တော့ တော်တော်ဝမ်းသာခဲ့တာပါ။ သိပ်မကြာဘူး၊ ညဘက် ၁၁ နာရီကျော်၊ ၁၂ နာရီလောက်မှာ သီချင်းတွေ အကျယ်ကြီးဖွင့်ကြ တယ်။ ဆိုင်မှာ ပစ္စည်းလာချတဲ့ ကားဆိုရင် ညတိုင်းလိုလို ညဘက် နှစ်နာရီ၊ နှစ်နာရီခွဲလောက်မှာ ရောက်လာတတ်တယ်။ ရောက်လာရင်လည်း အဲဒီကားက သီချင်းကို အသံအကျယ်ကြီး ဖွင့်ထားတယ်။

            တစ်ရက်မှာတော့ အသံတိုးတိုးဖွင့်ဖို့ အောက်ဆင်းပြီး အေးအေးဆေးဆေး သွားပြောတယ်။ နောက်နှစ်ရက်ကြာတော့ ထပ်ဖွင့်တယ်။ အိမ်ရှေ့ပြတင်းပေါက်ကနေ ခေါင်းပြူပြီး ကျွန်တော် လှမ်းပြောလိုက်တယ်။ နောက်တစ်ရက် ညဘက် ၁၂ နာရီ လောက်မှာ အဲဒီစတိုးဆိုင်က တူထုသံတွေ ကြားရတယ်။ ဘယ်လိုမှ အိပ်မရတာနဲ့ “ဘယ်အချိန်လောက်ပြီးမလဲ၊ ကျွန်တော်အိပ် မရလို့ပါ”လို့ ဆင်းပြောလိုက်တော့ သိပ်မကြာဘူး၊ အသံတိတ် သွားတယ်။

            နောက်နှစ်ရက်လောက်ကြာတော့ ညဘက် နှစ်နာရီ၊ သုံး နာရီနီးပါးလောက်မှာ အောက်ထပ်က ၂၄ နာရီဆိုင်က ပစ္စည်းတင်တဲ့ သံပြား၊ သံချောင်းတွေကို အရွှေ့အပြောင်းလုပ်တယ် ထင်ပါတယ်။ ဆူညံနေတယ်။ ကျွန်တော် အိပ်ရာက လန့်နိုးလာ တယ်။ သူတို့လုပ်နေတာ ပြီးမလားလို့ စောင့်ကြည့်တယ်။ နာရီ ဝက်လောက်ကြာတော့ နားမခံနိုင်တော့ဘူး။

            စိတ်ထဲလည်း ဒေါသတော်တော်ထွက်သွားတယ်။ သန်းခေါင်အချိန်တွေမှာ အရမ်းကြီးမဆူဖို့လည်း သုံး၊ လေးခါလောက် ဆင်းပြောထားပြီးသား။ ဒီလူတွေ ပတ်ဝန်းကျင်ဆိုတာကို ခေါင်းထဲ နည်းနည်းလေးမှ မထည့်တော့ ဘူးလား။ ကျွန်တော် အောက် ထပ်ကို ဆင်းပြီးအော်ဟစ်ပစ်လိုက်တယ်။ ရိုင်းရိုင်းစိုင်းစိုင်း ပြောပစ်လိုက်တယ်။

            အဲဒီဆိုင်ထဲမှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်က ပစ္စည်းတွေတင်တဲ့ သံပြား၊ သံချောင်းတွေကို မနိုင်မနင်းမçပြီး နေရာရွှေ့နေတာကို တွေ့လိုက်တယ်။ ဒါကို တွေ့ တော့လည်း ဒေါသက ထင်သလောက် ထွက်မလာတော့ဘူး။ ဒေါသက ညဘက်မှ ဆိုင်ပြင်ခိုင်းတဲ့ အလုပ်ရှင်ဆီ ရောက်သွားတယ်။

            ဆိုင်ထဲက ကောင်လေးက ဆိုင်အဝမှာ လာရပ်တဲ့ ကျွန် တော့်ဆီ ပြေးလာပြီး တောင်းပန်တယ်။ ထပ်မလုပ်တော့ဘူးဆို တာကို တောင်းတောင်းပန်ပန်နဲ့ ပြောတယ်။ အခုလို မလုပ်ဖို့ ခဏခဏ ပြောဖူးထားတဲ့အကြောင်းနဲ့ အခုလို လုပ်ခိုင်းတာကို အပေါ်ထပ်က လူက ခွင့်မပြုဘူးဆိုတဲ့အကြောင်း ဆိုင်ရှင်ကို အသိပေးလိုက်ဖို့ ပြောပြီး ကျွန်တော် အိမ်ပေါ်ပြန်တက်လာတယ်။ လမ်းထဲက မအိပ်သေးတဲ့ လူတချို့ ထွက်ကြည့်နေတာ တွေ့လိုက်ရတယ်။ တချို့က တိုက်ခန်းပြတင်းပေါက် တွေကနေ ခေါင်းလေးတွေ ပြူပြီး ကြည့်နေကြတယ်။

            အိမ်ပေါ်ပြန်ရောက်တဲ့အထိ ဒေါသအရှိန်ကြောင့် လက် တွေ တဆတ်ဆတ်တုန်နေတယ်။ ‘တောက်’ ခေါက်ရတာလည်း အရသာတွေ့သလား မမေးနဲ့။ အိပ်ရာထဲဝင်ပြီး လှဲလိုက်ပေမယ့် မျက်လုံးက ပြူးနေတယ်။ မှိတ်မရဘူး။ သက်ပြင်းလုံးကြီးတွေ လေး၊ ငါးချက် ချလိုက်တယ်။ ပြီးတော့ ကိုယ်လုပ်ခဲ့တာကို ပြန်ဆင်ခြင်ကြည့်တယ်။ “ငါ ဒီလိုတောင် လုပ်တတ်နေပြီလား”လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တယ်။

            အိပ်ရာထဲမှာ ကိုယ့်ဘာသာကိုယ် မေးခွန်းတွေ ထုတ်၊ အဖြေတွေ ရှာ၊ သက်ပြင်းတွေချ၊ အတွေးတွေ ဟိုရောက်၊ ဒီရောက်ဖြစ်။ အားလုံးကို သတ္တုချကြည့်လိုက်တော့ ရန်ကုန်ကို စိတ်နာတယ်။ ဒီလိုတိုက်ခန်းတွေထဲမှာ နေနေရတဲ့ ဘဝကို စိတ် ကုန်လာတယ်။ ‘ရန်ကုန်မှာ မနေချင်တော့ဘူးကွာ’လို့ အဖြေ ထွက်သွားတယ်။ ဆိုင်ဝန်ထမ်းနှစ်ယောက်အပေါ်လည်း ဒေါသ မဖြစ်တော့ဘူး။  သူတို့ကို သွားတောင်းပန်ချင်တယ်။ သူတို့အလုပ် ကိုလည်း သွားကူညီချင်တဲ့စိတ်ဖြစ်မိတယ်။ ဒါပေမဲ့ မနက်မိုး လင်းခါနီးမှာ ကျွန်တော်အိပ်ပျော်သွားတယ်။

            နောက်ရက်တွေမှာ အောက်ထပ်က ၂၄ နာရီဆိုင်က ဆူဆူ ညံညံတော့ မလုပ်တော့ပါဘူး။ ဒါပေမဲ့ ညဘက် အရက်ဝယ်တဲ့သူ တွေ စကားပြောကြ၊ စကားများကြတဲ့ အသံတော့ ရှိတယ်။ အရက်လာဝယ်တဲ့ ရဲတစ်ယောက်ရဲ့  ဆိုင်ကယ်စက်သံကလည်း မကြာခဏဆိုသလို ကြားရတယ်။ ပစ္စည်းချတဲ့ ကားကလည်း အရင်လို သီချင်းအကျယ်ကြီး မဖွင့်ပေမယ့် သူရောက်လာပြီဆို ရင် ပြိုင်ကားရဲ့ အိပ်ဇောသံလိုမျိုး ကြားရပြီ။ ‘တဝူးဝူး’နဲ့ လီဗာကို ခဏခဏနင်းတယ်။ အချိန်က ညသန်းခေါင်ကျော် နှစ်နာရီခွဲ၊ သုံး နာရီအချိန်။

            ဒါတွေဟာ ကျွန်တော့်အိမ် (တိုက်ခန်း)၊ ဒါမှမဟုတ် ဝက်ခြံတိုက်ခန်းထဲမှာ မနက်မိုးလင်းမိုးချုပ် ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေပါ။ ရန်ကုန်မြို့မှာရှိတဲ့ လူတွေအများစုလည်း ကျွန်တော့်လို အိမ်တွေ ပိုင်ဆိုင်ထားကြမယ်လို့ ကျွန်တော်ထင်ပါတယ်။

            ကျွန်တော်ကတော့ ဒါမျိုးတွေ နေ့စဉ်ကြုံတွေ့နေရတော့ အခုရက်ပိုင်းတွေမှာဆိုရင် ‘ရန်ကုန်ဟာ နေလို့မကောင်းတော့ဘူး ကွာ၊ ရန်ကုန်မှာ ရေရှည်မနေဘူး’ လို့ မကြာခဏရေရွတ်မိ တော့တယ်။

[ ပြီးပါပြီ။ ]

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."