ကံကြမ္မာကို ယုံခဲ့ကြသူများ

 ၂၀၁၆-ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄) မှ အမေ့ခံ ဆောင်းပါး ဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

မိတ်ဆွေ၊ ကံကောင်းခြင်း၊ ကံဆိုးခြင်းဆိုတာတွေ ကို ယုံကြည်ပါသလား။ ကျွန်တော်တို့ လူအဖွဲ့အစည်း က ကံ ကံ၏အကျိုးကို ယုံကြည်သူတွေ စုဝေးနေ ထိုင်ရာ လူမှုအဝန်းအဝိုင်းဖြစ်တယ်။ကံနဲ့ပတ် သက်တဲ့ တေးသီချင်းတွေ၊ ကဗျာတွေ၊ ပုံတိုပတ်စ တွေ၊ စကားပုံတွေ အများကြီးရှိတယ်။ ကံ ကံ၏အကျိုးကို ယုံကြည်သူတွေ စုဝေးနေထိုင်တဲ့ လူ့ အဖွဲ့အစည်းအတွင်းမှာ ကျွန်တော်က ခြွင်းချက် မဟုတ်ပါဘူး။ ကံကို ယုံကြည်သူတွေထဲမှာ ကျွန်တော်လည်း ပါတာပေါ့။

ကံကို ယုံကြည်စွာနဲ့ပဲ လစဉ်နီးပါး အောင်ဘာလေထီထိုး ဖြစ်တယ်။ ကျွန်တော် လူမှန်းသိတတ်စအရွယ်ကတည်းက ထီ တွေထိုးလာလိုက်တာ အသက်လေးဆယ်ဝန်းကျင်ရောက်တဲ့ အထိ ဆိုပါတော့။ ကျွန်တော် ပထမဆုံးထိုးခဲ့တဲ့ ထီလက်မှတ်တန် ဖိုးက ငွေနှစ်ကျပ်သာ ပေးခဲ့ရတာ အမှတ်ရမိတယ်။ ထီလက်မှတ် ရဲ့ ဘယ်ဘက်ဘေး လက်သုံးလုံးလောက်ကျယ်တဲ့ ကွက်လပ်နေ ရာမှာ နာမည်ရယ်၊ နေရပ်လိပ်စာရယ်၊ အတိတ်ရယ် ပါတယ်။ နာမည်ရယ်၊ နေရပ်လိပ်စာရယ် နေရာတွေမှာ ထီထိုးတိုင်း အမြဲရေး ဖြစ်ပေမယ့် အတိတ်နေရာကိုတော့ မရေးဖြစ်ဘူး။ ဘာရယ် မဟုတ်ပါဘူး၊ မဖြစ်သေးတဲ့ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တွေကို တခြားသူတွေ သိသွားမှာစိုးတာလည်း ပါတာပေါ့။ ကျွန်တော့် ပတ်ဝန်းကျင်က ထီဝါသနာအိုးတွေကို မေးကြည့်တော့ သူတို့တွေ က အတိတ်တွေကို ယုံယုံကြည်ကြည် ရေးခဲ့ကြသူတွေလည်း ရှိ တယ်။ ပေါ့ပေါ့ပါးပါးရေးခဲ့ကြသူတွေလည်း ပါဝင်ကြတယ်။ အဲဒီ ခေတ် (၁၉၈ဝ ပြည့်လွန်နှစ်)တွေက အမြင့်ဆုံး ထီဆုကြေးငွေက ကျပ်တစ်သိန်းတိတိ။ ဒါကြောင့်လည်း အောင်ဘာလေသိန်းထီ လို့ခေါ်ကြတယ်။

ကျွန်တော့်အသိ ထီဝါသနာရှင်တစ်ယောက်ရှိတယ်။

သူက ကျောင်းဆရာတစ်ယောက်။ လစဉ်လတိုင်း ထီကို မပျက်မကွက်ထိုးတယ်။ ထီထိုးပြီဆိုရင် ပြီးစလွယ် ဘယ်တော့မှ မထိုးဘူး။ သူ့မွေးနေ့ (စနေနေ့)တွေမှသာ ထိုးတယ်။ ထီထိုးတဲ့ အချိန်ကလည်း မနက်ပိုင်းတွေပဲ ရွေးထိုးတယ်။ နေအတက်၊ ရေ အတက်မှာ ထိုးရတယ်လို့လည်း အမြဲပြောတယ်။ ထီလက်မှတ် ဘေးက ကွက်လပ်မှာ အတိတ်ရေးရတဲ့ ခေတ်ကတော့ မမေ့ မလျော့ အတိတ်အမြဲရေးနေကျပေါ့။ စနေထီထိုး သိန်းဆုတိုး၊ မင်္ဂလာအချိန်ရောက် သိန်းဆုပေါက်။ တိုက်ဆောက်ကားစီး အလှူကြီးပေးရန် ဆိုတာမျိုးတွေ စိတ်ထဲရှိသလို အတိတ်ရေးလေ့ ရှိတယ်။

အခုခေတ်မှာ အောင်ဘာလေထီရဲ့ အမြင့်ဆုံးဆုကြေးငွေ က ခေတ်ကာလအလျောက် ကျပ်သိန်း ၁၅ဝဝ အထိ ဖြစ်သွားပြီ။  တိုက်ဆောက်ကားစီး အလှူကြီးပေးလို့တော့ လောက်မယ် မထင်ဘူး။ ထီလက်မှတ်ဘေးမှာလည်း အတိတ်ရေးစရာနေရာ လွတ်လည်း မရှိတော့ဘူးလေ။ ကျွန်တော့်မိတ်ဆွေ ကျောင်းဆရာ ကတော့ ထီတစ်စောင် နှစ်ကျပ်ခေတ်ကတည်းက ထိုးလာလိုက် တာ အခု ထီတစ်စောင်နှစ်ရာကျပ် (ပြင်ပဈေးကွက်မှာတော့ တစ်စောင် ၂၅ဝ-၃ဝဝ)ဖြစ်တဲ့အထိ ဇွဲကောင်းကောင်းနဲ့ လစဉ် လတိုင်း ထီထိုးတုန်းပဲ။ တစ်ချိန်ချိန်မှာ ထီဆုကြီးတစ်ဆုတော့ မလွဲမသွေ ပေါက်မယ်လို့ ယုံကြည်နေတုန်းပဲ။ အခုအချိန်အထိ တော့ တစ်ခါမှ မပေါက်သေးပေမယ့် ဇွဲမလျှော့သေးဘူး။ သူအမြဲ ပြောတဲ့ စကားတစ်ခွန်းရှိတယ်။

ကံကောင်းခြင်းစက်ဝိုင်းက အမြဲတမ်း ရွေ့လျားနေသတဲ့။ ကိုယ်တိုင်က မကြာခဏခုန်ပေးဖို့ လိုတာပေါ့။ ကံကောင်းခြင်း စက်ဝိုင်း ကိုယ့်ခေါင်းပေါ်တည့်တည့်ရောက်ချိန်မှာ မခုန်မိလို့ မစွပ်ခဲ့ရင် နောင်တရသွားလိမ့်မယ်။ ကံကောင်းခြင်းစက်ဝိုင်း ဘယ်အချိန် ကိုယ့်ခေါင်းပေါ်ရောက်မှန်း သေချာမသိရတော့ အမြဲခုန်နေရမှာပဲတဲ့။ သူ့အကြောင်းပြချက်နဲ့ သူတော့ ဟုတ်နေ တာပဲ။

ထီရဲ့သက်တမ်းက ရွှေပြည်ကြီးမှာ သက်တမ်းတစ်ရာကျော် ခဲ့ပြီ။ တိတိကျကျပြောရရင် ပဒေသရာဇ်ခေတ် မင်းတုန်းမင်း လက်ထက်ကတည်းက ရှိခဲ့တယ်။ မန္တလေးဈေးချိုတော်ကြီးရဲ့ တောင်ဘက်မှာ ထီရုံတော်ကြီးတွေဆောက်ပြီး ထီဖွင့်ပွဲတွေ လုပ် ခဲ့တယ်။ နောက်ပိုင်းမှာ ပြည်သူတွေက စီးပွားရေး၊ ကြီးပွားရေး လုပ်ငန်းတွေ မစဉ်းစားဘဲ ထီကိုပဲ အာရုံစိုက်နေကြလို့ ပိတ်သိမ်း ပစ်ရတဲ့အထိ ပြည်သူတွေက ထီပေါ်မှာ ရူးသွပ်ခဲ့ကြတယ်။

ထီနဲ့ပတ်သက်ရင် ပြည်သူတွေက သိပ်အရူးအမူးဖြစ်ကြ တာကလား။ အောင်ဆုပန်ထီဆိုင်ဆိုတာ စာနယ်ဇင်းတွေမှာ တစ်ခေတ်တစ်ခါက မပါမဖြစ်ကြော်ငြာပေါ့။ သတို့သားလောင်း က ယောက္ခမလောင်းဆီ အလည်သွားတော့ သတို့သမီးလောင်း ရဲ့ အဖေက သူ့မိန်းမနားကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်။      ”ကောင်လေးကို အပြတ်မငြင်းလိုက်နဲ့နော်၊ သူ့အိတ်ထောင်ထဲ မှာ အောင်ဆုပန်က ထိုးထားတဲ့ ထီလက်မှတ်ရှိတယ်”တဲ့။ စာ နယ်ဇင်းကြော်ငြာတစ်ခုသာဖြစ်ပေမယ့် ပရိသတ်ကြားမှာ ပေါက်ခဲ့တဲ့ ကြော်ငြာတစ်ခုဖြစ်တယ်။ ကန်ကော်လေးတို့၊ ကန် တော်လေးတို့လည်း စာနယ်ဇင်းတွေမှာ ကြော်ငြာခဲ့သေးတယ်။ထီဆိုင်တစ်ဆိုင် အောင်မြင်ပြီဆိုရင် နောက်ဆိုင်တွေက ဆင်တူ ယိုးမှားလုပ်ကြတာလည်း ထုံးစံလိုဖြစ်နေပြီ။ အောင်ဆုပန်ထီဆိုင် အောင်မြင်တော့ အောင်ခရုပန်၊ ကန်တော်လေး၊ ကန်ကော်လေး၊ ကန်တော်ကလေး ဆင်တူယိုးမှားတွေက ဗွက်တွေကို ပေါက်နေ တော့တာပဲ။ သင့်ဘဝမဂ္ဂဇင်းမှာ ဓနထီဗေဒင်ဆိုတဲ့ ထီဆိုင်လည်း လစဉ်နီးပါး ကြော်ငြာထည့်တာ အမှတ်ရမိတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ထီတစ်စောင် နှစ်ကျပ်ခေတ် ကတည်းက ထီထိုးခဲ့သူတစ်ယောက်ဖြစ်တယ်။ ထီဈေးတွေ တဖြည်းဖြည်းမြင့်လာလိုက်တာ ထီတစ်စောင် ၂၅ဝ-၃ဝဝ ဖြစ်တဲ့ အထိ လစဉ်နီးပါး ထီထိုးနေတုန်းပဲ။

ခရီးထွက်တာများတဲ့ လတွေမှာတော့ မေ့မေ့လျော့လျော့နဲ့ ထီမထိုးဖြစ်ခဲ့တာတွေလည်း ရှိခဲ့တာပါပဲ။ ဒီလောက် ထီထိုးသက် ကြာတာတောင် ထီလက်မှတ်မှာ အတိတ်ရေးတဲ့ အစဉ်အလာ ဘယ်တုန်းက ပျောက်သွားမှန်း စဉ်းစားလို့ မရဘူး။ အတိတ်ရေး တဲ့ ဓလေ့နဲ့အတူ ထီလောကမှာ ပျောက်ဆုံးသွားတဲ့ အရာတစ်ခု က ရွက်ဆုတ်ဆိုတဲ့ ဝေါဟာရပဲ။ အခုခေတ် ထီဆိုင်တွေမှာ ရွက် ဆုတ်ဆိုတာ မရှိတော့ဘူး။ ရွက်ဆုတ်ထီလက်မှတ်ဆိုတာ ထီအုပ် ထဲကနေ ကိုယ်ကြိုက်တဲ့ ထီလက်မှတ်ကို ယူပြီး ထိုးတာကို ခေါ် တာပါ။ ပဒေသာပေါက်မဲစနစ်ကြောင့် ရွက်ဆုတ်ထိုးတဲ့ ဓလေ့ ပျောက်ကွယ်ခဲ့ရတာဖြစ်တယ်။ ဂဏန်းတူ၊ အက္ခရာလွဲ၊ အက္ခရာ တူ နောက်ဆုံးဂဏန်းလွဲ စတဲ့ ပဒေသာစနစ် ထွက်ပေါ်လာချိန်မှာ ထီဆိုင်တွေက ငါးလုံးတိုက်၊ နှစ်မြွှာအသည်း၊ ဆယ်စောင်တွဲ၊ သုံး စောင်တွဲ၊ ငါးစောင်တွဲ စတဲ့ အတွဲတွေ စုထုတ်ပြီး ဈေးကွက်တိုးချဲ့ ရှာလာကြတယ်။

ထီနဲ့ပတ်သက်ရင် ကျွန်တော်တို့ လူတွေက သီချင်းတောင် စပ်ဆိုကြတာ။ ကျွန်တော် ခပ်ငယ်ငယ် အလယ်တန်းကျောင်းသား ဘဝက ကြားဖူးတဲ့ ထီသီချင်းတစ်ပုဒ်ရှိတယ်။

အောင်ဘာလေxxxသိန်းဆုကြီးxxxထင်ထင်ရှားရှားxxxပေါက်ပါစေဗျာxxxမိန်းမလှလေးနဲ့ ညားxxxသင်္ဘောသားလေး ဖြစ်ရပါလို၏xxxတဲ့။ ဘယ်သူဆိုထားမှန်းတော့ မသိပါဘူး။ ရပ် ကွက်ထဲက ရွာတော်ရင် နတ်နန်းမှာ နတ်ကန္နားပေးတိုင်း နတ် ဆိုင်းက အဲဒီသီချင်း အမြဲဆိုတာ မှတ်မိတယ်။

ထီနဲ့ပတ်သက်တဲ့ ပုံတိုပတ်စတွေလည်း ရှိတာပဲ။ ဟော့ ဟော့ရမ်းရမ်း သုံးစွဲနေတဲ့ လူငယ်တွေကို လူကြီးတွေက အမြင် မတော်တဲ့အခါ ‘ဒီကောင် အိုင်ယာလန်ထီ ပေါက်ထားသလား အောက်မေ့ရတယ်’ဆိုတဲ့ အပြောမျိုး ပြောတတ်ကြတယ်။ အိုင် ယာလန်ထီရဲ့ ဆုကြေးငွေပမာဏက ဘယ်လောက်မှန်း တိတိကျ ကျသိတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလိုပြောလိုက်ပြီဆိုတာနဲ့ ပြောတဲ့သူရော အပြောခံလိုက်ရတဲ့သူပါ ငွေတွေ ဗုံးပေါလအော သုံးနေတယ်လို့ အလိုလိုနားလည်ပြီးသား ဖြစ်သွားတယ်။

အခုနေအခါမှာတော့ စိတ်လိုလက်ရရှိရင် စင်ကာပူနိုင်ငံက ထီကိုတောင် ပြည်တွင်းမှာ ထိုးလို့ရနေပြီ။ ဆုကြေးငွေကလည်း အများကြီး။ တကယ်လို့ ပေါက်ခဲ့ရင် မြန်မာငွေဘီလီယံချီပြီး ရ မှာလေ။ ကျွန်တော့်မိတ်ဆွေအချို့ကတော့ စင်ကာပူထီကို ထိုးကြ သဗျ။ မြန်မာငွေနဲ့ဆို စင်ကာပူထီတစ်စောင် ကျပ် ၃,ဝဝဝ လောက် ပေးကြရတယ်။

အမြန်သူဌေးဖြစ်နည်း သုံးနည်းရှိတယ်။ မိတ်ဆွေတို့ကို ခင်လို့ လက်တို့ပါမယ်။ (၁) မကောင်းမှုဒုစရိုက်များ လုပ်ခြင်း (ချဲထီရောင်း၊ ဓားပြတိုက်၊ မူးယစ်ဆေးဝါးဖြန့်ချိ အကုန်ပါတယ်။) ဥပဒေပြင်ပလုပ်ငန်းတွေဖြစ်လို့ ကျွန်တော်တော့ မလုပ်ရဲဘူး။ (၂) သူဌေးသမီးကို ရအောင်ယူခြင်း (ဒီနည်းက သိတာနောက် ကျသွားပြီ။ အခုတော့ ကျွန်တော့်အတွက် အလုပ်မဖြစ်တော့ဘူး။) (၃) လစဉ် မပျက်မကွက်ထီထိုးခြင်း (ဒီနည်းပဲ အားကိုးစရာရှိလို့ စာမူခလေးတွေ ရတိုင်း မမေ့မလျော့ ထီထိုးနေရတယ်။) မိတ် ဆွေတို့လည်း ကိုယ်နဲ့ လိုက်လျောညီထွေ ဖြစ်မယ့်နည်းကိုသာ ကျင့်သုံးကြပေတော့။ ကျွန်တော်ကတော့ နံပါတ် (၃) နည်းကိုပဲ လက်ရှိကျင့်သုံးနေတယ်။

ကျွန်တော်က ထီထိုးဖို့တော့ မပျင်းပေမယ့် ထီပေါက်စဉ် ဝယ်ဖို့ ဘယ်တော့မှ အဆင်သင့်မဖြစ်ဘူး။ ဖုန်းနံပါတ်တွေ အမြဲ တောင်းတဲ့ ထီဆိုင်က အရောင်းစာရေးမချောချောလေးတွေကို အယုံလွယ်တာလည်း ပါတာပေါ့။

အခုနောက်ပိုင်း အွန်လိုင်းပေါ်မှာတင် ထီတိုက်လို့ ရနေပြီ ဆိုတော့ ထီပေါက်စဉ်ဝယ်တယ်ဆိုတာ အပိုဖြုန်းတီးမှုသက်သက် လို့ ထင်ခဲ့သေးတာ။ လက်တွေ့မှာတော့ ဆယ်ခါရံ တစ်ခါတောင် အွန်လိုင်းသုံးထီ မတိုက်ဖြစ်ဘူး။ ကော်နက်ရှင်မကောင်းတာနဲ့၊ ဝက်ဘ်ဆိုက်ဝင်ဖို့ အဆင်မပြေတာနဲ့ မတိုက်ဖြစ်တာများတယ်။ ကျွန်တော့်လို ထီထိုးပြီး ထီမတိုက်ဖြစ်သူ ဘယ်လောက်ထိ များ လဲဆိုရင် နှစ်စဉ်နှစ်တိုင်း နိုင်ငံတော်ဘဏ္ဍာဖြစ်သွားတဲ့ ငွေဆို တာ နည်းလျော့သလား။ အမြင့်ဆုံးဆုဆိုတဲ့ ကျပ်သိန်း ၁၅ဝဝ တွေတောင် ပါလိုက်သေးတယ်။

အခုနောက်ပိုင်းမှာတော့ ကျွန်တော်ဝယ်နေကျ ထီပေါက် စဉ်ရောင်းတဲ့ ကောင်လေးနဲ့ တွေ့ရင်ဝယ်တယ်။ ထီဆိုင်တချို့က ထီပေါက်စဉ်တစ်စောင်မှ ကျပ်တစ်ရာပဲ ပေးရပေမယ့် ကျွန်တော့် ဖောက်သည်ကောင်လေးက ထီပေါက်စဉ်တစ်စောင်ကို ကျပ်နှစ် ရာနဲ့ ရောင်းတာလေ။ ကျွန်တော် လိုလိုချင်ချင်ပဲ နှစ်ရာကျပ်ပေး ပြီး သူ့ဆီက ထီပေါက်စဉ်ဝယ်တယ်။ သူက စတုတ္ထတန်း ကျောင်း သားလေးတစ်ယောက်။ ထီဖွင့်ရက်တွေမှာ ထီပေါက်စဉ်ရောင်းပြီး ကျောင်းစရိတ်ရှာသူ ဖြစ်လို့ပါပဲ။ တချို့လတွေမှာ ခရီးထွက်တာ များလို့ ထီမထိုးဖြစ်တဲ့ လတွေတောင်မှ အဲဒီကလေး ထီပေါက်စဉ် ရောင်းတာနဲ့ ကြုံကြိုက်တဲ့အခါ တိုက်စရာ ထီလက်မှတ်မရှိပေ မယ့် ကျွန်တော်ဝယ်ယူအားပေးဖြစ်ခဲ့တဲ့ လတွေရှိတယ်။ ကျွန် တော် ထီထိုးတယ်၊ မထိုးဘူးဆိုတာ သူ့ကို ဘယ်တော့မှ မပြောခဲ့ ဘူး။ ပြောဖို့လည်း မလိုအပ်ဘူးလို့ ယုံကြည်ထားတယ်။

ခရစ်နှစ် ၂ဝဝဝ ပြည့်လွန်နှစ်တွေက အောင်ဘာလေထီကို အခုလို လဆန်းရက်တစ်ရက်တည်း ဖွင့်ခဲ့တာမဟုတ်ဘူး။ ရက် သတ္တပတ်တစ်ပတ်လောက်ကြာအောင် ဖွင့်ခဲ့ကြတယ်။ ဉာဏ် ကြီးရှင် ရွှေလူမျိုးတွေရဲ့ ထုံးစံအတိုင်း ပဒေသာပေါက်မဲရဲ့ ရှေ့ဆုံး နှစ်လုံးကို နှစ်လုံးထီဂဏန်းအဖြစ် ထိုးသားရော ဒိုင်ပါ သဘောတူ ညီ ကစားခဲ့ကြတယ်။

နောက်ပိုင်းနှစ်တွေမှာတော့ လောင်းကစား ပပျောက်စေ ဖို့ ထီဖွင့်ပွဲကို တစ်ရက်တည်းသာ အပြီးကျင်းပခဲ့တယ်။ ဒါပေမဲ့ လည်း လောင်းကစားမလုပ်ရရင် စားမဝင်အိပ်မပျော်တဲ့ လူတန်း စားတွေကတော့ ကြံဖန်ပြီး လောင်းကြတာပါပဲ။ အခုတော့ အိမ် နီးချင်းနိုင်ငံက စတော့ဈေးကွက်ကိုပဲ မနက်တစ်ကြိမ် ညနေတစ် ကြိမ် ပျော်ပျော်ကြီး လောင်းနေကြပြန်ရဲ့။ နှစ်လုံးထီ၊ ချဲထီကြောင့် ဘဝပျက်တဲ့သူတွေ ကျွန်တော့်ပတ်ဝန်းကျင်မှာ မရေတွက်နိုင် အောင်ပါပဲ။

အစိုးရထီရဲ့ အောင်ဘာလေထီဖွင့်ပွဲတွေမှာ ရေခဲစိမ် ပေ သီးဆိုတဲ့ ဝေါဟာရ ရပ်ကွက်ထဲမှာ တွင်ကျယ်ခဲ့ဖူးတယ်။ ဟုတ် သော်ရှိ၊ မဟုတ်သော်ရှိ ကောလာဟလဆိုတာ တောမီးလိုပဲ တယ်ပြီး ပျံ့နှံ့လွယ်သကိုး။ အောင်ဘာလေဆုကြီးတွေရဲ့ ပေါက်မဲ နံပါတ်တွေကို ပေသီး (ဂေါ်လီ)နှိုက် ရွေးချယ်ရာမှာ ရေခဲစိမ်ထား တယ်လို့ ကောလာဟလ ထွက်ပေါ်လာတာလေ။ ကောလာဟလ ထုံးစံအတိုင်း ယုံတဲ့သူတွေရှိသလို မယုံတဲ့သူတွေကလည်း မယုံ ကြဘူး။

ထီဆုမဲတွေမှာ ထီလက်မှတ်တစ်စောင်တည်းက ဆုမဲတစ် မဲထက် ပိုပေါက်ရင် ဆုကြီးကိုသာ ခံစားရမယ်ဆိုတဲ့ စည်းကမ်း ချက်ရှိတယ်။ ကျွန်တော်တစ်ဦးတည်း သဘောကတော့ ထီတစ် စောင်တည်းက ဘယ်နှဆုပေါက်ပေါက် ပေါက်ဂဏန်းမှန်သမျှ ထုတ်ခွင့်ရစေချင်တယ်။ ပေါက်ဖို့ဆိုတာ လွယ်မှမလွယ်ဘဲ။ ပေါက် မဲအဖြစ်ပေးတဲ့ ဆုကြေးငွေတွေကလည်း နိုင်ငံတော်ဘဏ္ဍာထဲ က စိုက်ထုတ်ပေးရတာမှ မဟုတ်တာ။ ထီရောင်းရငွေတွေရဲ့ သတ်မှတ်ရာခိုင်နှုန်းကို ဖြတ်တောက်ထားပြီးသား။ ပေးသင့် တယ်လို့ ယူဆထားတဲ့ လက်ကျန်ရာခိုင်နှုန်းထဲက ဆုကြေးငွေ ထုတ်ပေးတာ။ ဒါတောင် ပေါက်ရဲ့သားနဲ့ လာမထုတ်ကြလို့ နိုင်ငံ့ ဘဏ္ဍာ ဖြစ်ရတာတွေက မနည်းဘူး။

ကျွန်တော့်ကြီးတော်တစ်ယောက်က ထီနဲ့ပတ်သက်ပြီး အခုလို မှတ်ချက်ချဖူးတယ်။ ပေါက်တာ၊ မပေါက်တာ အပထား၊ ထီထိုးပြီးရင် စိတ်ကူးယဉ်ရတာနဲ့ကို တန်ပါသတဲ့။ ကျွန်တော် လည်း ပုထုဇဉ်လူသားမို့ ထီလည်း ထိုးဖြစ်တယ်။ ညအိပ်ရာဝင် မျက်စိလည်း ကြောင်နေတယ်ဆိုရင် စိတ်ကူးယဉ်လိုက်တော့တာ ပဲ။ ထသွားလာသွားစီးဖို့ ကားခပ်လတ်လတ်တစ်စီး ဝယ်တာ လည်း ပါတယ်။ မြို့သစ်ဘက်မှာ ပေ ၄ဝ x ပေ ၆ဝ မြေကွက်လွတ် ဝယ်ပြီး ဝရန်တာမှာ သံဆန်ခါကွက်တွေ ကာထားတဲ့ လှေကား သုံးထစ်နဲ့ တက်ရတဲ့ တစ်ထပ်အိမ်တစ်လုံးဆောက်ပြီး နေမယ် ဆိုတာလည်း ပါတယ်။

ဟိုဟိုဒီဒီသွားတဲ့အခါ မှတ်တမ်းမှတ်ရာလေးတွေ တင်ဖို့ DSLR ကင်မရာတစ်လုံးလောက်ရယ်၊ လက်တော့ပ်တစ်လုံးရယ်၊ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဖို့ မောင်တိန်ဘိုက်စက်ဘီးတစ်စီး လည်း ပါတာပေါ့။ ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်းကို မဒမ်မောင်ဥယျာဉ် နဲ့ အပန်းဖြေခရီးထွက်တာလည်း ပါတာပေါ့။ လိုက်ဖ်ဂျက်ကက် လိမ္မော်ရောင်တောက်တောက် ဝတ်စုံကြီးတွေဝတ်ပြီး မော်တော် ဦးမှာ မတ်တတ်ရပ်၊ လက်နှစ်ဖက်ဆန့်တန်းထားတဲ့ပုံ ဖေ့စ် ဘွတ်ခ်ပေါ်မှာ မိတ်ဆွေတို့ မျက်စိနောက်လောက်အောင်  တင်ဦး မှာ။ အဲဒီကျရင် Like ပေးဖို့ မမေ့နဲ့နော်။ ကောင်းမှုကုသိုလ်တွေ လည်း စိတ်ကူးယဉ်တဲ့အထဲမှာ ပါပါတယ်ဗျ။ ကလေးတွေ ပညာ ရေးအတွက်လည်း လှူမယ်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေး တွေအတွက်လည်း လှူမယ်။ ရေရှားပါးတဲ့ဒေသတွေမှာ ရေ တွင်း၊ ရေကန်တွေလည်း လှူဦးမှာပါ။

ကျွန်တော့်မိတ်ဆွေတစ်ယောက်ကတော့ သူငယ်ချင်းတွေ ရဲ့ အိတ်ထောင်ထဲမှာ ထီလက်မှတ်တွေမြင်တိုင်း အမြဲပြောနေကျ စကားတစ်ခွန်းရှိတယ်။ ”ငါ့အဖြစ်ကလည်း သနားစရာပါကွာ၊ ဘုရားမှာ ဆုတောင်းတဲ့အခါ ကိုယ်ထီပေါက်ဖို့ ဆုမတောင်းဖြစ် ဘူး။ သူငယ်ချင်းအရင်းတွေ ထီဆုကြီးမပေါက်ပါစေနဲ့ ဆုတောင်း နေရတယ်”တဲ့။ သူက ထီထိုးပျင်းတဲ့သူဖြစ်တယ်။ စိတ်လိုလက်ရ ရှိလွန်းမှသာ သုံးစောင်တွဲ၊ ငါးစောင်တွဲလောက် ထိုးဖြစ်တဲ့သူ။ ဘာဖြစ်လို့ သူငယ်ချင်းတွေ ထီဆုကြီး မပေါက်စေချင်တာလဲလို့ စပ်စုကြည့်ရင် သူက စိတ်ပါလက်ပါ အမြဲရှင်းပြတယ်။ ထီဆုကြီး ကြီးပေါက်လို့ ကားကောင်းကောင်းစီး၊ တိုက်တွေ၊ ဘာတွေနဲ့ ဖြစ် သွားတာက အကြောင်းမဟုတ်ဘူး။ လူစည်စည် စကားကြီးစကား ကျယ်တွေ ပြောပြီး ဆုံးမမယ့်ဒဏ်ကို မခံနိုင်တာလို့ အရွှန်း  ဖောက်တယ်။

မိတ်ဆွေတို့ရော ထီပေါက်ခဲ့ရင် ဘာတွေလုပ်မယ် စိတ်ကူး ထားကြသလဲ။  အွန်လိုင်းပေါ်မှာတွေ့တဲ့ ကဗျာလေးတစ်ပုဒ်က…

‘စိတ်နာတယ်

အနာဂတ်ကို

ကဗျာစပ်လို့ မရတဲ့အခါမျိုးမှာ

ထီထိုးရတာလည်း အလုပ်တစ်ခု’တဲ့။

ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ ဝေငှလိုက်တယ်လို့ ဆိုပါရစေ။      ။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."