၂၁ ရာစု ကမာၻဦးလူသား

၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၆) မှ အက်ဆေးဆောင်းပါး ဖြစ်ပါသည်။

ထွန်းဝင်းငြိမ်း ရေးသည်။

(တစ်)

 ‘ နော့နော့’ဆိုသည်မှာ လူတစ်ယောက်အမည် ဖြစ်သည်။

အတော်များများက သူ့ကို ‘နောက်နောက်’ဟုသာ ခေါ်ကြသည်။

ဆင်များကို ခိုင်းစေသော ဘာသာစကား ‘   နော့နော့ ‘ဟူသောစကားလုံးကိုသာ သူက နားလည်၍ သူ့ကို ‘   နော့နော့ ‘ သို့မဟုတ် ‘နောက်နောက်’ဟု ခေါ်ကြခြင်းလည်းဖြစ်သည်။ ‘အောင်းအောင်း’ဟု ပြောလျှင်လည်း ‘နောက်နောက်’က နားလည်သည်။ ထိုသို့ပြောသူအနားသို့ သွား၍ ထိုင်သည်။ ဆင်ထိန်းများပြောသော ဝေါဟာရ အတော်များများနှင့် ဆက်ဆံမှ သူနဲ့က အဆင် ပြေသည်။ သို့မဟုတ်လျှင် ဗမာလိုလည်း မတတ်။ ကရင်လိုလည်း မသိ။ ရှမ်းလိုလည်း မပေါက်။ အင်္ဂလိပ်လိုဆိုလျှင် ဝေးလာဝေး။

သူ၏ မိခင်ဘာသာစကားမှာ ဆင်ဘာသာ ဗေဒ ဖြစ်နေသည်။

ထိုသူကို လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်လောက်က တောင်ငူအကျဉ်းထောင်တွင် တွေ့ဖူးခဲ့ခြင်းဖြစ်သည်။ သူသည် လူသားစစ်စစ်တစ်ဦးဖြစ်သည်။ သူ့တွင် လိပ်စာမရှိ။ အဖေနာမည် မသိ။ အမေနာမည်မသိ။ ညီအစ်ကိုမောင်နှမ ရှိ၊ မရှိ မသိ။ မှတ်ပုံတင်မရှိ။ ပုံစံ ၁ဝ မရှိ။ အတန်းပညာရေးမသိရ။ လူမျိုး ခန့်မှန်းရ ခက်။ ကိုးကွယ်သည့်ဘာသာ မသိရပေ။

သူ့တွင် အိပ်မက်မရှိဟုတော့ ပြော၍မရ။

အဘယ်ကြောင့်ဆိုသော် သူသည် လေးဖက်နံရံအတွင်းတွင် ချုပ်နှောင်ခံနေရသော အကျဉ်းသားတစ်ဦးဖြစ်သည့်အတွက် သူ၏ အိပ်မက်မှာ အကျဉ်းသားဘဝမှ လွတ်မြောက်ရေးဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

(နှစ်)

နောက်နောက်သည် ဆင်ပစ်ရာတွင် လမ်းပြသောအမှုဖြင့်  ထောင်ငါးနှစ်ကျခဲ့ရသူဖြစ်သည်။ သူကိုယ်တိုင် ထောင်ကျသည် ဟူသောအသိ ရှိဟန်မတူပါ။ ထောင်ထဲသို့ အူကြောင်ကြောင်ဖြင့် ရောက်လာသော တောရိုင်းသတ္တဝါတစ်ကောင်နှင့် ပို၍တူပါသည်။

၁၉၉ဝ ပြည့်လွန်နှစ်များက ပဲခူးရိုးမသည် ယခုကဲ့သို့ သစ်တောများ ပြောင်သလင်းခါနေသော တောင်တန်းများ မဟုတ်ပါ။ တောအုပ်များနှင့် ညို့မှောင်စိမ်းမြနေကာ ကျား၊ ဆင်၊ ဒရယ်၊ ချေ၊ စိုင်၊ ဆတ် အစရှိသော တောရိုင်းသတ္တဝါများ ခိုအောင်းနေထိုင် နိုင်ကြသေးသည့်  နေရာဒေသကြီးလည်းဖြစ်သည်။ ထင်ရှား သည်မှာ ဆင်များအုပ်လိုက်သွားလာနေထိုင်ကြသည်ကို ရိုးမ အနီးမှ ဒေသခံများ အသိဆုံးဖြစ်ကြပါသည်။

နောက်နောက်တို့အမှုမှာ အမှုတွဲခြောက်ယောက်ရှိသည်။

တပ်ကြပ်ကြီးတစ်ဦး၊ တပ်သားတစ်ဦးနှင့် မုဆိုးတစ်ဦး၊ ရွာသားနှစ်ဦးနှင့် နောက်နောက်တို့ဖြစ်သည်။ သူတို့သည် ပဲခူးတိုင်း၊ အုတ်ဖိုမြို့အနောက်ဘက် ရိုးမအခြေတွင်ရှိသော ကျေးရွာတစ်ဝိုက်တွင် နေထိုင်ကြသူများဖြစ်သည်။ တပ်ကြပ်ကြီးနှင့် တပ်သားတို့မှာ ထိုရွာများအနီးတွင် လာရောက်ဖွင့်လှစ်သော ခြေလျင်တပ်ရင်းတစ်ခုမှ ဖြစ်ကြသည်။

၁၉၈၈ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ တောရောမြို့ပါ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဆင်နွှဲ၍ မဆလအစိုးရကို ဖြုတ်ချနိုင်လိုက်ကြသည်။ သို့သော် စစ်တပ်က အာဏာသိမ်းကာ တစ်နိုင်ငံလုံးကို စစ်အုပ်ချုပ်ရေးဖြင့် ကာလအတန်ကြာအုပ်ချုပ်ခဲ့သည်။ နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေးပုံသဏ္ဌာန်များ အပြောင်းအလဲဖြစ်ခဲ့ကြသည်။ စီးပွားရေးလုပ်ငန်းအတော်များများ လည်ပတ်နိုင်ရန်  အတော်အရှိန်ပြန်ယူနေကြရသောအချိန်တွင် နိုင်ငံရေးက လွဲ၍ ကြိုက်တာလုပ်ခွင့်ပေးထားသော စစ်အုပ်ချုပ်ရေးကာလ၌ ကောင်းရောင်းကောင်းဝယ်လုပ်ငန်းများဆိုသည်ထက် ဘယ်သူ သေသေငတေမာပြီးရောဆိုသည့် စီးပွားရေးလုပ်ငန်းများ တွင် ကျယ်ခဲ့သည်ကို မည်သူမျှ မငြင်းနိုင်ပါ။

ထိုအခြေအနေများ၏ ဂယက်သည် ပဲခူးရိုးမ၌ ကာတွန်းဆရာသော်ကရေးသော အရိုင်းဇာတ်ကောင်ကဲ့သို့ တောတွင်း နေထိုင်နေသော ‘နောက်နောက်’တို့ကို ရိုက်ခတ်ခဲ့ပါသည်။

‘နောက်နောက်’တို့ အမှုတွဲမှ ဦးအောင်ညွန့်မှာ မုဆိုးတစ်ဦးဖြစ်သည်။ ပဲခူးရိုးမအရှေ့ဘက်ခြမ်း တောတစ်ခွင်နှံ့သူဖြစ်သည်။ သမင်၊ ဒရယ်၊ ချေ၊ ဆတ်၊ ယုန် စသည့်သားကောင်များကို အဓိကထား ရှာဖွေဖမ်းဆီးလေ့ရှိသည်။ ရိုးမတောတစ်ခွင်ကို သူ့ထက် ကျွမ်းကျင်သူမှာ ‘နောက်နောက်’ဖြစ်သည်။ နောက်နောက်က ဆင်အုပ်များ၏ သွားလာလှုပ်ရှားမှုကို အသေးစိတ်သိသည်။ ဘယ်အချိန်မှာ ဘယ်ဆင်အုပ်က ဘယ်တောတွင်ရှိသည်။ ဘယ်နေရာတွင် အစာစားနေကြသည်ကို အတပ်ပြောနိုင်သည်ဟု ဦးအောင်ညွန့်ကပင် ဆရာတင်ထားရသည်။

ရွာထဲကို အရက်လာသောက်လေ့ရှိသော တပ်သားမောင်အေးနှင့် မုဆိုးကြီးဦးအောင်ညွန့်က ရင်းနှီးသည်။ ဆန်အရက်ချက် ရောင်းသော ရွာသားကိုစောမောင်တို့သားအဖ၏ ဘုံဆိုင်တွင် ပင်တိုင်အားပေးရာက သူတော်ကောင်းချင်းသတင်းလွေ့လွေ့ ဖြစ်သွားခြင်းပင်။ ကိုစောမောင်၏သား မောင်ခင်ညွန့်က မြို့ အရောက်အပေါက်များသည်။ တောသားလူလည်။ အထက်အညာက တရုတ်သူဌေးဆိုသူတွေကို ရွာသို့ သူပဲ မ,လာသူဖြစ် သည်။ လာရင်းအကြောင်းက ဆင်စွယ်၊ ဆင်ရိုးများ လိုချင်၍ဖြစ်သည်။ ပေါက်ဖော်ကြီးက ငွေထုတ်ပေးသည်။ ဆင်ပစ်ရန် အော်ပရေးရှင်း (စီမံချက်)ကို မောင်ခင်ညွန့်က ရေးဆွဲသည်။ ထိုစီမံချက်တွင် မုဆိုးကျော် ဦးအောင်ညွန့်၊ တပ်သားမောင်အေး၊ သူနှင့် သူ့အဖေ ကိုစောမောင်တို့ပါဝင်မည်။ သို့သော် မုဆိုးကျော်ကြီးက တောကောင်ငယ်များသာ သူ၏ ဒူးလေး၊ တူမီးသေနတ်များဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ဖူးသည်။ ဆင်ကိုတော့ ဒီလက်နက်လောက်ဖြင့် မရ။ ပေါက်ဖော်ကလည်း ဆင်အကောင်ရေများများရချင်သည်။ လက်နက်ကိစ္စကို တပ်သားမောင်အေးက ဖြေရှင်းပေးသည်။ သူ့ ဆရာ တပ်ကြပ်ကြီးအောင်သောင်းကို ဘုံဆိုင်ခေါ်လာပြီး အဖွဲ့သားများနှင့် တိုင်ပင်ကြသည်။ ပေါက်ဖော်က မက်လောက်တဲ့ငွေ ထုတ်ပေးသဖြင့် တပ်မှ ဂျီသရီးတစ်လက်၊ ဂျီဖိုးတစ်လက်နှင့် ကျည်ဆန်တစ်ရာလောက်ရရန် တပ်ကြပ်ကြီးအောင်သောင်းက အာမဘန္တေခံကာ တာဝန်ယူသွားသည်။ ထိုစီမံချက်တွင် အရေးကြီးဆုံးအချက်မှာ ရိုးမထဲတွင် ဆင်များ ဘယ်နေရာမှာ ရှိသလဲဆို သည့်အချက်ပင် ဖြစ်သည်။

ဤနေရာတွင် ‘နောက်နောက်’၏ အခန်းကဏ္ဍမှာ အရေး ပါလာခဲ့သည်။ ဦးအောင်ညွန့်က ရိုးမတောထဲသွားရင်းလာရင်း အမဲလိုက်ရင်း ချောင်းကမ်းစပ်တစ်ခု၏ ငှက်ပျောရုံနားတွင် နောက်နောက်ကို စတင်တွေ့ခဲ့ဖူးခြင်းဖြစ်သည်။ တွေ့ခါစက လူလို့ပင် မထင်။ ပိန်ရှည်ရှည်၊ လက်ပြင်ကိုင်းကိုင်း၊ ဆံပင်ဘုတ်သိုက်၊ ညှင်းသိုးသိုးနှင့် အဝတ်အစားပင်မပါသော နောက်နောက်ကို နာနာဘာဝလား၊ မျောက်လား၊ လူဝံပေါက်စလား စသည်ဖြင့် ဝေဝေ ဝါးဝါး မခွဲခြားနိုင်။ မုဆိုးတောင် မျက်စိလည်မိသည်။ ဦးအောင်ညွန့်က တောထုံးစံအတိုင်း ဝူး ဝူး ဝူး…နော့ နော့ နော့ဟု အသံပြု ကာ သူ့ကို ချဉ်းကပ်သည်။ လက်ထဲတွင်လည်း ဒူးလေးက အဆင်သင့်။ နောက်နောက်ကလည်း ဝူး ဝူး ဝူး…နော့ နော့ နော့ဟု ပြန် ပြီးအသံပြုကာ ဦးအောင်ညွန့်ကို လက်ထဲမှ ငှက်ပျောသီးတစ်ဖီး ပေးသည်။ ထိုအခါမှ မုဆိုးကျော်လည်း အနားကပ်သွားကာ တတ်သိသမျှ တောစကား၊ တောင်စကား လက်ဟန်ခြေဟန်များ နှင့် ပြောဆိုဆက်သွယ်ကြကာ ခင်မင်ရင်းနှီးသွားခဲ့သည်ဟု ဆိုပါသည်။ နောက်နောက်ကို တွေ့ချင်လျှင် ထိုချောင်းကမ်းစပ် ငှက်ပျောရုံလေးနားလာ၍ ဝူး ဝူး ဝူးဟု သံရှည်ဆွဲကာ နော့ နော့ နော့ ဟု အော်လိုက်လျှင် ခဏအကြာ၌ နောက်နောက်ရောက်လာ တတ်သည်။ သူနှင့် ဦးအောင်ညွန့်မှာ မကြာမကြာတွေ့ကြပြီး ရင်းနှီးသွားသည်။ သူတို့ချင်းသာသိသော ဘာသာစကားနှင့် ဆက်သွယ်ကာ ဘယ်တောကောင်တွေ ဘယ်မှာရှိလဲ၊ ဘယ်လောက်များလဲ စသဖြင့် ပြောဆိုဖြစ်ကြသည်။

နောက်နောက်နှင့် ရင်းနှီးလာသောအခါ ဦးအောင်ညွန့်က အဝတ်အစားများ ယူသွား၍ ဝတ်စေသည်။ ဘောင်းဘီ၊ အင်္ကျီ၊ စွပ်ကျယ်စသည်တို့ ဝတ်ပုံဝတ်နည်းဝတ်ပြ၍ သူ့ကို ဝတ်ခိုင်း သည်။ သူ့ရှေ့တွင် ခဏတော့ ဝတ်သည်။ နောက်နေ့များတွင် ယခင်အတိုင်း ကျောက်ခေတ်လူသားဒီဇိုင်းနှင့်ပင် နေသည်။ မင်း ဘယ်မှာနေတာလဲဟု မေးလျှင် သုံး၊ လေးနေရာလောက် လက်ညှိုးထိုးပြတတ်သည်။ အဓိပ္ပာယ်က ကျောက်ဂူထဲမှာ၊ သစ်ပင်ပေါ် မှာ၊ တောင်ထိပ်က ဝါးရုံပင်တွေကြားမှာဟု ပြောတတ်ကြောင်း သိရပါသည်။

နောက်နောက်ကို ရွာဘက်သို့ ခေါ်သွားဖူးသည်။

ရွာအစပ်လယ်ကွင်းပြင်များထဲမှ ကောက်စိုက်သမများက  ”ဦးအောင်ညွန့်၊ ရှင့်သားကို ကျွန်မတို့နဲ့ထားခဲ့လေ” ဟု စကြ၊ နောက်ကြသည်။ ”မင်း သူတို့နဲ့ နေခဲ့ပါလား။ သူတို့က မင်းကို ခေါ်နေတယ်”ဟု နောက်နောက်ကို ပြောသောအခါ သူက ဘယ် လိုနားလည်သွားသည်မသိ။ ဝူးဝူးဝါးဝါးနှင့်အော်ကာ တောထဲသို့ တန်းနေအောင် ထွက်ပြေးလေတော့သည်။ နောက်နောက်တွင် ဘဝတူအဖော်များ ရှိသလားဟု ဦး အောင်ညွန့် မကြာခဏ စူးစမ်းဖူးသည်။ မေးလည်း မေးကြည့် သည်။ နောက်နောက်က သူ့ဘဝတွင် အဖော်သူငယ်ချင်း၊ မိတ် ဆွေ၊ မိဘ၊ ဆွေမျိုး၊ ညီအစ်ကိုမောင်နှမ စသည့် ဝေါဟာရများကို အဓိပ္ပာယ်အရ လုံးဝမသိ။ ထိုအရာများနှင့် အဆက်အစပ်မရှိသော ထူးဆန်းသည့် လူသားတစ်ဦး။ သူ၏ဘဝမှာ သနားဖွယ်ကောင်း သည့် အထီးကျန်သက်ရှိသတ္တဝါတစ်ကောင်ကဲ့သို့ပင် ဖြစ်နေပေတော့သည်။

(သုံး)

ဦးအောင်ညွန့်တို့အဖွဲ့ နောက်နောက်ကို လမ်းပြခိုင်းပြီး ရိုးမတစ်ခွင် ဆင်ပစ်ကြသည်။ နောက်နောက်က ဆင်အုပ်ရှိရာ ခြေရာခံ၊ အနံ့ခံလိုက်သည်။ သစ်ပင်များပေါ်၊ တောင်ကမ်းပါးယံ များပေါ်မှ တွယ်ကပ်တက်ကာ လှမ်းမျှော်ကြည့်၍ရှာသည်။ သူ့ကို ပျောက်မသွားအောင် မနည်းလိုက်ကြည့်ထားရသည်။ သူက အုပ်စုဖွဲ့ သွားလာတာမျိုး မလုပ်တတ်။ သူ့ဘာသာ လွတ်လွတ်လပ်လပ် သွားသည်။ သူရှာရမည့်အလုပ်ကို အသေအချာလုပ်သည်။ တောထဲ နှစ်ရက်၊ သုံးရက် ကြာချင်ကြာသည်။ ညဘက် ဘယ်သွားအိပ် သည် မသိ။ မီးဖို၍ ရွက်ဖျင်တဲထိုးပြီး အိပ်ရန်ခေါ်သော်လည်း လာမအိပ်။ မနက်မိုးလင်း၍ အော်ခေါ်လိုက်လျှင် နောက်နောက်ပြန် ပေါ်လာတတ်သည်။ သူသည် သရက်သီး၊ ပိန္နဲသီး၊ ဒူးရင်းသီး၊ သင်္ဘောသီး အစရှိသော အသီးအနှံများသာ စားသောက်လေ့ရှိ သည်။ အသားလုံးဝမစား။ ကြွပ်နေအောင်ကြော်ထားသော ငါး အခြောက်ကလေးများ၊ ပုစွန်ခြောက်ကလေးများကို မနည်းကျွေး ယူရသည်။ သူက မီးကိုကြောက်သည်။ သေနတ်သံ၊ ပေါက်ကွဲသံ များကို ကြောက်သည်။ ဆင်အုပ်ကို ပစ်စဉ်ကဆိုလျှင် နောက်နောက်ထွက်ပြေးသွားသည်မှာ သုံး၊ လေးရက်ကြာသည်။ စွယ်စုံ ဆင်ကြီး သုံးကောင်ရလိုက်၍ အစွယ်များကို နှာမောင်းအရင်း အထိ ပုဆိန်များနှင့် ခုတ်ဖြတ်နေရသည်မှာ သုံး၊ လေးရက်ကြာ သည်။ ဆင်စွယ်ကြီးများကိုထမ်း၍ ရွာသို့ပြန်မည့်နေ့မှ သူပြန်ပေါ် လာသည်။ သို့သော် သူမျက်စိမျက်နှာမကောင်း။ ဦးအောင်ညွန့် ကို သူက ခင်မင်တွယ်တာသည်။ ဦးအောင်ညွန့်က သစ်သီးတွေ ကျွေး၊ လက်ဖက်သုပ်၊ ချင်းသုပ်တွေ ကျွေးပြန်တော့ သူတို့နဲ့အတူ ပြန်လိုက်လာသည်။ ရွာသို့ပြန်သည့် အနီးဆုံးလမ်းကို ပြရှာသည်။ သည်လိုနှင့် ဦးအောင်ညွန့်တို့အဖွဲ့ ပေါက်ဖော်ကြီးထံမှ ငွေများ ခပ်မြက်မြက်ကလေးရလိုက်ကြသည်။ နောင် တစ်လခွဲ၊ နှစ်လ နေသောအခါမှ အရိုးကျနေသော ဆင်များရှိရာ တစ်ခေါက်သွား ၍ အရိုးများ စုပြုံသယ်ကြသည်။ ပစ်ပြီးမကြာခင်ရက်များတွင် ရွာ သားများ ဆင်သားသွားယူကြသည်လည်း ရှိကြသည်။ နောက်နောက်ကတော့ ရွာအထိလည်း မလိုက်၊ ဆင်သားလည်း မစား၊ လမ်းပြအတွက် စရိတ်စကလည်း မရရှာပါ။ ယူရကောင်းမှန်း လည်း မသိပါ။ သစ်သီးဝလံများ ပေါပေါသီသီစားနေရလျှင် ပျော်နေတတ်သည်။

သို့နှင့် ဆင်စွယ်၊ ဆင်အရိုးများကို ကားကြီး၊ ကားငယ်များ ဖြင့် ပေါက်ဖော်ကြီးက သယ်သွားပြီး ဦးအောင်ညွန့်တို့အဖွဲ့အား ငွေစများ၊ စီးကရက်ဘူးများ၊ ဝီစကီပုလင်းများ ပေးအပ်ခဲ့သည်။ သည်လိုနှင့် လေး၊ ငါးကြိမ်လောက် ဆင်အုပ်များကို ပစ်ခတ်ပြီးသောအခါ အဖွဲ့သားများ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု ပိုပြီးရှိလာကာ တပ်ထဲမှ သေနတ်များမှာ ဦးအောင်ညွန့်နှင့် ကိုစောမောင် တို့သားအဖအိမ်တွင် လနဲ့ချီ၍ ထားသည်မှာ အဆန်းမဟုတ်တော့။ ဖြစ်ချင်တော့ တပ်ကြပ်ကြီးအောင်သောင်းတို့ တပ်တွင် တိုင်းမှူးရှောင်တခင်ဝင်လာပြီး လက်နက်တိုက်ကိုစစ်ရာ လက်နက်များ လျော့နေရာမှ ပြဿ      နာစတင်ပြီး ပေါ်လာခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် လက်နက်များကို လိုက်သိမ်းရာ ဦးအောင်ညွန့်၊     ကိုစောမောင်နဲ့ မောင်ခင်ညွန့်သားအဖ၊ တပ်ကြပ်ကြီးအောင် သောင်းနဲ့ မောင်အေးတို့ပါ အချုပ်ထဲရောက်ကြပြီး ရဲစခန်းက စစ်ချက်ယူသောအခါ ဆင်ပစ်တာတွေပါ ပေါ်ကုန်ပြီး နောက်နောက်ကိုပါ တောထဲသို့ သွားဖမ်းကာ လမ်းပြအဖြစ် အမှုဆင်ကာ ထောင်ထဲသို့ ရောက်လာကြခြင်းဖြစ်သည်။

(လေး)

နောက်နောက်မှာ အချုပ်ထဲ၊ ထောင်ထဲသို့ စရောက်ခါစ တွင် လုံးဝမနေတတ်ဟု ဆိုပါသည်။ ဦးအောင်ညွန့်မှာ သူ့တူ၊ သူ့ သားလို ဖြစ်နေသဖြင့် နောက်နောက်နှင့်ပတ်သက်သည့် အရာရာကို လိုက်ကြည့်ကာ ထိန်းနေရသည်။ ဦးအောင်ညွန့်တို့၊ တပ် ကြပ်ကြီးအောင်သောင်းတို့ တစ်ဖွဲ့လုံး ထောင်ကျသော်လည်း ပေါက်ဖော်ကြီးတို့ကို ဘယ်သွားဖမ်းရမှန်း မသိ။လိပ်စာလည်း မသိ။ ဖုန်းနံပါတ်လည်း မသိ။ အိမ်အမှတ်၊ လမ်းနံပါတ် မသိတာ ချင်းအတူတူ တောထဲက နောက်နောက်ကတော့ လေးဖက်နံရံထဲ  ရောက်သွားရသည်။

၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အင်းစိန်ထောင် မှ နိုင်ငံရေးအကျဉ်းသား အယောက် ၁ဝဝ တောင်ငူထောင်သို့ ရွှေ့သောအသုတ်တွင် ကျွန်တော်သည် တောင်ငူအကျဉ်းထောင် သို့ ရောက်ခဲ့ပြီး သုံးနှစ်လောက်အကြာတွင် နောက်နောက်နှင့် ဆုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ထောင်အတွက် ပထမဆုံးသော အခက်အခဲမှာ ထောင်ကျရုံး၌ နောက်နောက်ကို မှတ်ပုံတင်ရခြင်း  ဖြစ်သည်။ ဦးအောင်ညွန့်က ဘေးမှ ဝင်ပြော၍သာ ဘာအချက် အလက်မျှ ဖြည့်မရသော အကျဉ်းသားတစ်ဦး၏ ကိုယ်ရေးအကျဉ်း မှတ်ပုံတင်ခြင်း ပြီးမြောက်သွားရသည်။ အကျဉ်းသားများ မှတ်ပုံ တင်သောအခါ ထောင်ပုံစံရပ်၍ ဘေးမှတန်းစီးတစ်ယောက်က အော်မေးကာ အဆင်မပြေလျှင် ရိုက်နှက်ထုထောင်းသည်အထိ ရှိတတ်သည်။ ထိုအခြေအနေကို ဦးအောင်ညွန့်ကြားဝင်ပေး၍သာ နောက်နောက် သက်သာခွင့်ရသွားရသည်။ ထောင်မှူး၏ စားပွဲ ရှေ့တွင် ပုံစံရပ်ကာ နောက်နောက်ကို မေးဖြေလုပ်နေပုံကို ကြည့်လျှင် နောက်နောက်က ဘာမှမဖြေတတ်။ ဖြေစရာ ဘာသာစကား မတတ်။ ဦးအောင်ညွန့်၏ အဖြေများသာ တွေ့ရမည်ဖြစ်သည်။

– နာမည်

– နောက်နောက် (ဦးအောင်ညွန့်က ဘေးမှ ဝင်ဖြေပေးရသည်)

– အဖေနာမည်

– မသိ

– အမေနာမည်

– မသိ

– လိပ်စာ

– မသိ

– စာတတ်လား

– မသိ

– လွတ်ရင် ဘယ်ပြန်မလဲ

– တောထဲ (ဦးအောင်ညွန့်က ဝင်ရှင်းပြသည်)

– ပုဒ်မ

– ရဲစခန်းကထည့်တဲ့အတိုင်း (ဦးအောင်ညွန့် ဖြေပေး)

– ကျနှစ်

– ဝရမ်းမှာ ပါတဲ့အတိုင်း (ဦးအောင်ညွန့် ဖြေ)

– ဘာသာ

– မသိ

– လူမျိုး

– မသိ

ထို့ထက် အူကြောင်ကြောင်နိုင်သည်မှာ ထောင်ကျဆောင်တွင် မနက်ထချိန်ရောက်သည်နှင့် ဘုရားထ၍ ရှိခိုးရသည်။ နောက်နောက်က ဘယ်ဘုရားကို ရှိခိုးရမှန်းမသိ။ သူများတွေ အော်ပြီး ဘုရားရှိခိုးနေ၍ သူက ပါးစပ်မှ ဘာတွေမှန်းမသိ ရွတ်ဆို နေသည်။ ထောင်ဖွင့်သည်နှင့် ဆန်ပြုတ်လာဝေသည်။ တန်းစီ၍ ဆန်ပြုတ်ယူကြသည်။ နောက်နောက်က ဆန်ပြုတ်တော့ သောက်သည်။ ထမင်းစားလျှင် ငါးပိနှင့် တွေ့ကရာအရွက်များ ခူး ၍ စားသည်။ ဘယ်အရွက်မှမရှိလျှင် အလှစိုက်ထားသော ရွက်လှပင်များကို စားပစ်သည်။ တစ်ခါက နောက်နောက် ဝမ်းတွေသွား သဖြင့် ဘာစားလဲစုံစမ်းရာ ကစ်စမီကွစ်အပင်များ စားသော ကြောင့်ဟု သိရသည်။ ထောင်ထဲတွင် တစ်ပတ်မှ တစ်ကြိမ်သာ အသားကျွေးသောရက်တွင် သူ့အထာကို သိသော ခပ်လည်လည် အကျဉ်းသားများက သူ၏ အသားတုံးကို ယူပြီး နောက်နောက်ကို မုန်ညှင်း၊ မုန်လာဥ၊ ကန်စွန်းရွက်စသော ထောင်ထွက်သီးနှံများ နှင့်လဲကာ ယူသွားကြသည်။ ထိုအခါ နောက်နောက်က ပျော်၍ ပင်နေသည်ကို တွေ့ရသည်။

နောက်နောက်သည် စကားမပြောတတ်သူလည်း မဟုတ်ပေ။ သူစကားပြောသည်ကို ကျွန်တော်တို့ နားမလည်ခြင်းသာ ဖြစ်သည်။ သူပြောသည်မှာ မည်သည့်ဘာသာဗေဒမှန်းမသိ။ ဦးအောင်ညွန့်နှင့် ဆင်လိုပြောသည့်အခါ ချောနေသည်။ ဦးအောင်ညွန့်အပြောအရဆိုလျှင် နောက်နောက်သည် တောထဲ ၌ တစ်ခါတစ်ရံ မျောက်အုပ်များနှင့်အတူနေသည်။ မျောက်များကို ကွိကွိကွကွနှင့် စကားတွေပြောနေသည်ကို တွေ့ ဖူးသည်ဟု ဆိုသည်။ ဆင်များနှင့်တွေ့လျှင်လည်း သူ့အနံ့ရလျှင် ဆင်တွေက မပြေးကြ၊ ရန်မမူကြသည့်အပြင် ဆင်တစ်ကောင်ကောင်ပေါ်သို့  တက်ကာ ဆင်များနှင့်အတူ ဘာတွေအော်နေမှန်းမသိ အော်ကြ သည်ဟု ဆိုသည်။

လူသားတို့၏ ထူးခြားချက်မှာ ထောင်ကျနေသော်လည်း  ရသည့်အခြေအနေအပေါ်တွင် အကောင်းဆုံးဖြစ်အောင် နေထိုင် ကြခြင်းဖြစ်သည်။ လေးဖက်နံရံကြား ရောက်နေသော်လည်း ဂစ်တာမရှိ၍ သီချင်းမဆိုနိုင် မဖြစ်စေရ။ ပုံစံပန်းကန်ကို လက်ကွက်များပါသော သစ်သားဘားတန်းလို ကီးများတီထွင်၍ ကြိုးများ တပ်ကာ အသံညှိ၍ ရအောင်တီးသည်။ ပုံစံစောင်ကို သမံတလင်း ပေါ်တွင် ခပ်ထူူထူခေါက်၍ ပုံစံဒန်ပန်းကန်ပြားကို မှောက်လျက် အနေအထားတွင် စိပ်ပုတီးစွပ်ကာ လက်သီးဖြင့် ခပ်ဖွဖွထုပြီး သီချင်းဆိုကြသည်မှာလည်း ဒရမ်တီးနေသည်နှင့် မခြား စတီရီ ယိုသီချင်းသံများ ကြားလာရစေသည်။ ထိုသို့ ဝိုင်းဖွဲ့ တီးခတ် ကြလျှင် နောက်နောက်က ဘာအလုပ်ရှိရှိ မလုပ်တော့ပေ။ ဂီတ ဝိုင်းကို အစအဆုံးကြည့်သည်။ သူကိုယ်တိုင်ကလည်း ဘာတွေ အော်ဆိုမှန်းမသိ ပျော်နေတတ်သည်။

သူတစ်ချက်တစ်ချက် ဖောက်နေတတ်သည်မှာ တစ်ခါတစ် ခါ ပျောက်နေတတ်ခြင်းပင် ဖြစ်သည်။ နောက်နောက်တို့အဖွဲ့က ရက်ကန်းရုံတွင် အလုပ်ဆင်းရသည်။ ထိုအလုပ်ရုံကြီးများသည် ဘာယာတန်းဟုခေါ်သော လေးလက်မ၊ ခြောက်လက်မ သစ်သား တန်းကြီးများ ပတ်ပတ်လည် ခပ်စိပ်စိပ်ကာရံထားသောကြောင့် အပြင်မှ လှမ်းကြည့်လျှင် တိုးလျှိုပေါက် လှမ်းမြင်နေရသည်။ ရက်ကန်းစင်များမှာလည်း သိပ်အကြီးကြီးမဟုတ်သဖြင့် ပုန်း ကွယ်နေရန် မလွယ်ချေ။ ညနေအလုပ်သိမ်းချိန်တွင် လူစစ်သည်။ ထိုအခါများတွင် လူတစ်ယောက်လျော့နေလျှင် ‘နောက်နောက်’ပဲ ဖြစ်မည်ဟု အားလုံးက အတပ်သိနေကြတော့သည်။ ဝိုင်းရှာ ကြမှ တွေ့သည်။ ဒီလောက်ရှာလို့ လွယ်အောင်၊ ပုန်းလို့မရအောင် ဆောက်ထားသည့်နေရာတွင် မနည်းရှာယူရသည်။ ခေါင်မိုး ထုတ်တန်းများပေါ်တွင် ဘယ်အချိန်က တက်သွားလိုက်မှန်းမသိ တက်အိပ်နေတတ်သည်။ လိမ့်မကျအောင် ထုတ်တန်းကိုခွပြီး ခြေဖြင့်ချိတ်ကာ ပက်လက်လှန်၍ တန်းပေါ်တွင် အိပ်ပုံက အသည်းယားစရာကောင်းလှသည်။ သူက ထွက်ပြေးရန် မရိုး မသားကြံစည်နေသူ မဟုတ်ဟု ထောင်မှူး၊ ထောင်ပိုင်၊ ထောင် ဝါဒါ၊ တန်းစီးများက နားလည်နေ၍သာ တော်တော့သည်။ တန်း ပိတ်ချိန် လူပျောက်ခြင်းမှာ ထောင်ထဲတွင် အမှုကြီးသော ကိစ္စဖြစ်သည်။

နောက်နောက်၏ ထူးခြားမှုတစ်ခုမှာ သူသိပ်နေမကောင်း ဖြစ်နေလျှင် ကြက်ဟင်းခါးပင်စိုက်ထားသော စင်သို့သွားကာ ကြက်ဟင်းခါးအရွက်နှင့် အသီးများကို မကြာခဏဝါးစားနေခြင်း ဖြစ်သည်။ သူက ဘာလုပ်လုပ်၊ ဘာယူယူ ပိုင်ရှင်ဟု ယူဆသော သူကို ခွင့်တောင်းသည်။ ခွင့်မပြုလျှင်လည်း ယူ၍စားသည်။ ခွင့် တောင်းရမည်ဟု ဦးအောင်ညွန့်က သင်ထားပုံရသည်။ ခွင့်ပြု၊ မပြုလို့တော့ သူလည်းသိပုံမရ။ သူလုပ်စရာဆက်လုပ်တတ်သည်။သူက ဖျားနာလျှင် အခါးစားသည်။ ဆေးတိုက်လျှင် မသောက် တတ်။ ဒါပေမဲ့ ရှမ်းဆေးခါးကြီးတိုက်ကြည့်တော့ သောက်သည်။  ထိုဆေးက ခါးအန်နေသည်။ ဒါကို သူက ကြိုက်တာဖြစ်မည်။ ဦးအောင်ညွန့်ကတော့ သူ့ခန္ဓာကိုယ်က အခါးဓာတ်လိုနေလို့ ဓာတ်စာတောင်းတာထင်တယ်ဟု ပြောတတ်သည်။

သူ့ကို ဘယ်သူက ခိုင်းခိုင်း မညည်းမညူ ကူညီလုပ်ကိုင်ပေး တတ်သည်။ တောင်ယာစိုက်ရန် မြေပေါင်အတွက် မြောင်းရှည် ကျင်းများတူး၍ မိလ္လာများထည့်ရန် ပတ်မဟုခေါ်သော စည်ပိုင်း ကို ထမ်းဖို့လိုလည်း သူက ထမ်းပေးသည်။ ထမင်းစားချိန်ထမင်း ပုံးထမ်းရန် ဖိုကြီးသွားရန်လိုသောအခါ၌လည်း နောက်နောက်ကို ထည့်သည်။ အလုပ်နားရ၍ အဆောင်တွင် နေရသောအချိန်များ တွင် ရေကန်ကို ရေဖြည့်ရန်အတွက် ရေငင်ရာတွင်လည်း အား လုံးအတွက် ‘နောက်နောက်’က တစ်ယောက်တည်း ဆက်တိုက် ငင်ချင်ငင်နေသည်။ အားလုံးက တော်ပါတော့ကွာဆိုပြီး ဝိုင်း တားလည်း ရပ်ချင်မှ ရပ်သည်။ သူက အလုပ်လုပ်နေရလျှင် ပျော်သည်။

အဆောင်တံခါးပိတ်ထားပြီး ဖွင့်ချိန်တန်မဖွင့်လျှင်၊ထောင် ဝန်ထမ်းများက အကျဉ်းသားများကို ရိုက်နှက်နေလျှင် သူသိပ် စိတ်ဆိုးကာ ဝူးဝူးဝါးဝါးတွေ အော်နေတတ်သည်။ ထိုအခါမျိုးတွင် မနည်းထိန်းရတတ်သည်။ မည်သို့သောသူပင်ဖြစ်စေ လူသားတစ် ဦးအနေဖြင့် လွတ်လပ်မှုကို မြတ်နိုးပြီး တစ်ဖက်သတ်အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်မှုကို လက်မခံသည်မှာ သဘာဝတရားဟု ဆိုရ မည်ဖြစ်သည်။

(ငါး)

နောက်နောက်၏ဘဝဖြစ်စဉ်ကို အမျိုးမျိုးတွေးဆကြည့်ကြ ဖူးသည်။ ထိုအထဲတွင် ဦးအောင်ညွန့်၏ အယူအဆမှာ စိတ်ဝင် စားဖွယ်ကောင်းသည်။ နောက်နောက်သည် ရိုးမရှိ ဆင်စခန်းတစ် ခုတွင် မွေးဖွားခဲ့သူဖြစ်မည်။ သူ၏ မိဘများသည် သူသိတတ်ခါစ အရွယ်လောက်တွင် အကြောင်းတစ်ခုခုကြောင့် ကွယ်လွန်သွား ကြပုံရသည်။ ငှက်ဖျားမိ၍သော်လည်းကောင်း၊ တောထဲခရီးသွား ရင်း တစ်ခုခုကြောင့် တိမ်းပါးခဲ့ရ၍ နောက်နောက်သည် သူ့နည်း သူ့ဟန်နှင့် တောထဲ၌ ဆက်ပြီးအသက်ရှင်နေထိုင်နိုင်အောင် ကြိုးစားခဲ့သူဖြစ်ပုံရသည်ဟု ဆိုပါသည်။ လူသူမနီးသောတောထဲ တွင် တစ်ယောက်တည်း နှစ်ပေါင်းများစွာ မည်သို့အသက်ရှင်နေ ထိုင်ခဲ့သည်ကို ကျွန်တော်တို့ မတွေးတတ်ကြပါ။

နောက်နောက်သည် လွတ်ခါနီးတစ်နှစ်နီးပါးလောက် အလိုတွင် ရဲဘက်စခန်းသို့ ပါသွားခဲ့သည်။ ထို့နောက်ပိုင်းတွင် သူ့ကို မတွေ့ရတော့ပေ။ သူ့ အကြောင်းလည်း မကြားရတော့ချေ။ သူလွတ်လျှင် ဘယ်ကိုပြန်မလဲ၊ ဘယ်သူတွေနဲ့ နေမလဲဟု ကျွန်တော်စဉ်းစားနေမိသည်။

ကျွန်တော်သည် ခရီးထွက်သည့်အခါ ပဲခူးရိုးမအနီးမှ ဖြတ် သွားရတိုင်း ခေါင်းတုံးဆံတောက်ပုံနှင့် ခပ်ပါးပါးသစ်ပင်စုစု ကလေးများသာ ကျန်တော့သည့် ရိုးမတောတန်းကိုကြည့်ကာ နောက်နောက်တစ်ယောက်တော့ ဒီတော၊ ဒီတောင်၊ ဒီတောင် ကတုံးတွေမှာ ဘယ်လိုများ နေနေပါသလဲဟူသော အတွေးစများ နှင့် ပျံ့လွင့်နေမိပါတော့သည်။    ။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."