တေလာမိတ်မှသည် ကလိုသင်း ဒီမိုကရေစီသို့

၂၀၁၃၊မေလထုတ်၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၁၃) မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

ကျွန်တော်တို့ ငယ်စဉ်က အင်္ကျီ၊ လုံချည်အသစ်ဝတ်ချင်ရင် စက်ဆိုင်ကို ပြေးကြရတယ်။ စက်ဆရာက ပေကြိုးကို ပခုံးပေါ် လွှားတင်ထားပြီး ခန္ဓာကိုယ် အချိုးအစားတွေကို တိုင်းထွာတယ်။ပြီးမှ သူ့ရဲ့လယ်ဂျာစာအုပ်ကြီးထဲ ရေးမှတ်တော့တယ်။ အင်္ကျီ အသစ်၊ လုံချည်အသစ်ဝတ်ရဖို့ စက်ဆရာကို မျက်နှာချိုသွေးကြ ရချိန် ဆိုပါတော့။ အခုတော့ အဲဒီလောက် ကရိကထ မများတော့ ဘူး။ အင်္ကျီအသစ် ဝတ်ချင်ရင် စတိုးဆိုင်တွေ၊ ရှော့ပင်းမောလ် တွေ၊ စူပါမားကက်တွေတင်မကဘူး၊ ရပ်ကွက်ထဲက ကုန်စုံဆိုင်မှာ တင် ဝယ်ဝတ်လို့ရလာပါပကော။

ဘုရားပွဲ၊ ကျောင်းပွဲရှိရင်၊ အလှူ၊ မင်္ဂလာဆောင်ရှိရင် စက်ချုပ်ဆိုင်ကို သွားနေကျ။ ရယ်ဒီမိတ်တွေကလည်း ပေါပေါ လောလော မရှိသေးဘူး။ ကောင်စီဥက္ကဋ္ဌလည်း စက်ဆိုင်ကို သွားရတယ်။ သမစာရေးလည်း စက်ချုပ်ဆရာချုပ်ပေးတာ ဝတ် ရတယ်။ ကျောင်းဆရာတို့၊ ကုန်သည်ပွဲစားတို့မှသည် ရေထမ်းတဲ့ သူ၊ ဆိုက်ကားနင်းသူအဆုံး အင်္ကျီအသစ်ဝတ်ချင်ရင် စက်ချုပ် ဆိုင်ကို မဖြစ်မနေ သွားကြရတယ်။ စက်ဆရာရဲ့ ရက်ချိန်းပြည့်မှ စက်ဆိုင်ကို သွားရွေးဝတ်ကြရတာပါ။ တစ်ခါတစ်ရံ အလှူမင်္ဂလာ ဆောင်ရှိလို့ ရပ်ကွက်ထဲက လူတွေ လာအပ်တာများတဲ့အခါ ချိန်း ထားတဲ့ ရက် ကျော်သွားတာလည်း ရှိတတ်တယ်။

အင်္ကျီအသစ်ဝတ်ဖို့ဆိုရင် စက်ဆိုင်တစ်ခုတည်းနဲ့ ပြီးတာ တော့ မဟုတ်ဘူး။ အင်္ကျီစတွေ ရောင်းတဲ့ဆိုင်ကို သွားပြီး ဝယ်ကြ ရသေးတာပေါ့။ စီမံကိန်းစီးပွားရေးကာလာဖြစ်တော့ အင်္ကျီစ အဆင်ဒီဇိုင်းတွေကလည်း အခုခေတ်လို စုံစုံလင်လင်ရှိလှတာ တော့ မဟုတ်ဘူးပေါ့။ မော်လမြိုင်ဘက်က ဝင်တဲ့ အင်္ကျီစတွေကို အားထားဝတ်ကြရတယ်။ စီမံကိန်းစီးပွားရေးရဲ့ နေဝင်ချိန်တွေ မှာတော့ အရှေ့မြောက်ကုန်သည်လေတွေ တသုန်သုန်တိုက်ခတ် လာပြီး ဂန္ဓလရာဇ်အဝတ်အထည်တွေ မြေစမ်းခရမ်းပျိုးချိန်ဆိုပါ တော့။ တကယ်တော့ အဲဒီခေတ် အဲဒီအခါက အဝတ်အထည်ဆို တာ ကန့်သတ်ကုန်ပစ္စည်း၊ တစ်နိုင်တစ်ပိုင်သယ်တဲ့ အရပ်ထဲက ကုန်သည်လေးတွေက အဝတ်စတွေကို ပေါင်မှာ၊ ဝမ်းဗိုက်မှာ ပတ်ပြီး သယ်ကြရတာပါ။ အဝတ်အထည်သည်ပင် ဇိမ်ခံပစ္စည်း ဖြစ်ခဲ့ရတဲ့ ကာလတွေလေ။ အဝတ်အစားသယ်သူတွေက မှောင် ခိုသမားတဲ့။ အဝတ်အစားသယ်တာကို ဖမ်းလို့မိရင် ဥပဒေက ကြီးလေးသော ထောင်ဒဏ်။ နိုင်ငံတော်၏ စီးပွားရေးကို နှောင့် ယှက်ဖျက်ဆီးသူများ တားဆီးကာကွယ်ရေး ဥပဒေပါတဲ့။ ပြည်ပ က တင်သွင်းတဲ့ အဝတ်အစားမပြောနဲ့၊  ကိုယ့်လယ်ကိုယ့်ယာက ထွက်တဲ့ ကောက်ပဲသီးနှံကိုပင် ကြိုက်ရာဈေးကွက်ထဲကို စိတ် ကြိုက်တင်ပို့နိုင်ခွင့်မရှိဘူး။ အရာအားလုံးဟာ ကန့်သတ်။

အင်္ကျီ၊ ပုဆိုးတွေကို တစ်ခါတစ်ရံ ရပ်ကွက်သမဝါယမ အသင်းတွေက ပေးတာလည်း ရှိတယ်။ ပုဆိုးကလည်း အခုခေတ် လို ဘူးကလေးနဲ့ အသင့်ချုပ်ပြီးဆိုတဲ့ ပုဆိုးမဟုတ်သေးဘူး။ အင်္ကျီစတွေကလည်း တက်ထရွန်တို့၊ တက်ထရွက်တို့လို အစ ကောင်းတွေတော့ ဘယ်ဟုတ်မှာတုံး။ ပြည်တွင်းဖြစ်စက်ရုံတွေက ရက်တဲ့ ဆေးဆိုးပန်းရိုက်ထည်တွေလေ။ တစ်ခါတလေများ တိုက် ဆွေးတွေတောင် ပါသေးတယ်။ အစကောင်းရင် ပြည်သူလူထုထဲ ရောက်ခဲတယ်။ သမလူကြီးတို့၊ ကောင်စီဥက္ကဋ္ဌတို့သာ ပေါက် တတ်တာပေါ့။

အငြိမ့်လူရွှင်တော်တွေက အဲဒါမျိုးဆို ဘယ်နေမလဲ။ အငြိမ့်စင်ပေါ်မှာ ပြက်လုံးထုတ်ကြပြီ။ ‘အစကောင်းရင် အနှောင်း သေချာတယ်’ဆိုတဲ့ စကားပုံကို ‘အစကောင်းရင် လူကြီးအိမ်မှာ’ လို့ ပြက်လုံးထုတ်ကြပြန်တယ်။

ကျွန်တော်တို့ငယ်ငယ်က ခေတ်စားခဲ့တဲ့ ပုဆိုးက မလေး ရှားပုဆိုး၊ တစ်ထည်လုံးနိုင်လွန်ချည်တွေနဲ့ ရက်လုပ်ထားတာ။ နွေမှာဝတ်ရင် ပူတယ်။ ဆောင်းမှာဝတ်ရင် အေးတယ်။ ပိုးပုဆိုး ဖြစ်လို့ ခါးမှာလည်း မမြဲဘူး။ အဲ…ဒါပေမဲ့ ခိုင်ခန့်သလားတော့ မမေးနဲ့။ ကျွန်တော် အလယ်တန်းကျောင်းသားဘဝက ဝတ်ခဲ့တဲ့ ကျောင်းစိမ်းပုဆိုးက အခုအထိ ရေလဲပုဆိုးလုပ်လို့ရတုန်း။ ဆယ် စုနှစ်သုံးစုနီးပါးဆိုပါတော့။ မလေးရှားပုဆိုးမှာ အုန်းပင်တံဆိပ်နဲ့ ဝက်ဝံတံဆိပ်တွေဖြစ်တာ အခုအထိ မှတ်မိနေတယ်။

အဲဒီအချိန်လောက်မှာပဲ အိန္ဒိယဘက်က သော့တံဆိပ် ပလေကပ်ပုဆိုးတွေ ဝင်နေပါပြီ။ ချည်ချောလုံချည်စစ်စစ်ဖြစ်ပြီး ဝတ်လို့ကောင်းချိန်ရောက်ပြီဆိုရင် အထိုင်အထ သတိထားရပြီ။ အခန့်မသင့်ရင် ပုဆိုးက ချည်ပုဆိုးဆိုတော့ ပြဲသွားနိုင်တယ်လေ။

ပြည်တွင်းပုဆိုးတွေလည်း မရှိဘူးတော့ မဟုတ်ဘူး၊ ရှိ တယ်။ ဒါပေမဲ့ အခုခေတ်လို တအားမတွင်ကျယ်သေးဘူး။ ကချင် ပုဆိုးတွေ၊ ရခိုင်လုံချည်တွေ၊ ဂန့်ဂေါပုဆိုးတို့ရှိပေမယ့် အခုခေတ် လို ရယ်ဒီမိတ်ခေတ် မဟုတ်သေးဘူး။

မလေးရှားပုဆိုး တွင်ကျယ်ပုံကတော့ စာရေးဆရာမတစ် ယောက်ကတောင် ဝတ္ထုနာမည်ပေးရတဲ့အထိ အောင်မြင်ခဲ့တယ်။ ‘သောက်တော့ ဒူးယား၊ ဝတ်တော့ မလေးရှား’တဲ့။ မလေးရှားပု ဆိုးအဆင်တွေကိုပဲ သံကွင်းတွေနဲ့ ချုပ်ထားတဲ့ မိုက်ကယ်ဂျက် ဆင်အင်္ကျီဆိုတဲ့ ရှပ်အင်္ကျီတွေလည်း ခေတ်စားခဲ့သေးတယ်။ မိုက်ကယ်ဂျက်ဆင် လျှမ်းလျှမ်းတောက်ချိန်လေ။

အင်္ကျီအသစ်ချုပ်တဲ့ ရာသီက သီတင်းကျွတ်နဲ့ သင်္ကြန်ရာ သီတွေပဲ။ တစ်ခါတလေ ကျောင်းဖွင့်ရာသီမှာလည်း ဝယ်တတ် တယ်။ သီတင်းကျွတ်ကာလက ဘုရားပွဲ၊ လမ်းပွဲများတဲ့ ရာသီဆို တော့ မိဘတွေက သူတို့သားသမီးငယ်တွေကို ဘုရားပွဲမှာဝတ်ဖို့ ဝယ်ပေးလေ့ရှိတယ်။ သင်္ကြန်နားနီးတော့လည်း နှစ်သစ်ကူးမို့ဆို ပြီး ဝယ်ပေးကြပြန်ရော။ ကျွန်တော်တို့အမေကတော့ နှစ်သစ်ကူး မှာ သားသမီးတွေကို အင်္ကျီအသစ်၊ ဖိနပ်အသစ် နှစ်တိုင်း မပျက် မကွက်ဆင်လေ့ရှိတယ်။ အမေ့အလိုအရတော့ နှစ်သစ်မှာ အသစ်တွေနဲ့ မင်္ဂလာယူတာပေါ့လေ။ နှစ်သစ်ကူးတဲ့ နှစ်ဆန်းတစ် ရက်နေ့မှာ ဝတ်ဖို့ သင်္ကြန်မတိုင်မီကတည်းက ဈေးချိုမှာ အစတွေ ပြေးဝယ်ထားတယ်။ စက်ဆိုင်ကိုလည်း ဝီရိယကောင်းကောင်း ထားပြီး အစောကြီးကတည်းက အပ်တယ်။ စက်ဆိုင်ကလည်း တစ်ရပ်ကွက်လုံးမှာ တစ်ဆိုင်တည်းရှိတာကြောင့် စောစောကြို အပ်ရတာ။ တစ်ခါတလေ တစ်လကိုးသီတင်း စောအပ်ထားပေ မယ့် ရက်ချိန်းပြည့်တော့လည်း ရချင်မှ ရတတ်တာ။ ဘုရားပွဲမှာ ရက်ချိန်းမမှန်တာ အကြောင်းမဟုတ်ပေမယ့် သင်္ကြန်အင်္ကျီ ရက် ချိန်းမမှန်ရင် အဘွားက စိတ်ဆိုးတတ်တယ်။

သူ့မြေးကျွန်တော့်ကို နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အင်္ကျီ အသစ်ဝတ်စေချင်တာလေ။ ဆံပင်ကလည်း ညှပ်ထားရသေး တော့ နှစ်ဆန်းတစ်ရက်နေ့ ဘိုကေပြောင်ပြောင်မှာ အုန်းဆီရွှဲရွှဲ လိမ်းပြီး အင်္ကျီအသစ်ဝတ်၊ ဖိနပ်အသစ်စီးထားရင် အဘွားက လွှတ်သဘောကျတာကလား။ အခုတော့ အဘွားလည်း မရှိတော့ ဘူး။ နှစ်သစ်ကူးရောက်တော့လည်း ဖိနပ်အသစ်စီးတာတို့၊အင်္ကျီ၊ လုံချည်အသစ်ဝတ်တာတို့ မလုပ်ဖြစ်တော့ဘူး။ အသက်တွေ ကြီးလာပြီကိုး။

အင်္ကျီစတွေဝယ်ရင် ဈေးချိုတော် G ရုံတို့၊ H ရုံတို့မှာ အများအားဖြင့် ဝယ်ဖြစ်တယ်။ ကျောင်းဖွင့်ရာသီရောက်ရင် ကျောင်းအင်္ကျီအဖြူရောင်အတွက် တက်ထရွန်အဖြူစတွေ ဈေး ချိုမှာ သွားဝယ်ကြရတယ်။ ဈေးချိုရောက်ရင် မြောက်မလွယ်မှာ ခေါက်ဆွဲစား၊ ဈေးချိုအလယ်ပေါက်မှာ အုန်းနို့ကျောက်ကျော၊ ရွှေရင်အေးသောက်ရသေးတယ်။ ပြီးမှ J ရုံထဲ ငါးခြောက်ဝယ် ပြန်ကြတယ်။

စက်ချုပ်ဆိုင်ကို သွားခဲ့ရတဲ့ အတွေ့အကြုံတွေက သေချာ တွေးကြည့်ရင် လွမ်းစရာကြီး။ ကျွန်တော်တို့ငယ်စဉ်က သွားခဲ့ရ တဲ့ စက်ချုပ်ဆိုင်တွေကတော့ ဆိုင်ရယ်လို့ အမည်တပ်ထားတာ မဟုတ်ဘူး။ စက်ဆရာအိမ်မှာ ချုပ်တာပါ။ အင်္ကျီလာအပ်တဲ့အခါ ပေကြိုး ပခုံးမှာတင်လို့ မျက်မှန်ကြီးတပ်လိုက်သေးတာ။ မီးသွေး တွေ ရဲနေအောင် ထည့်ထားတဲ့ ကြေးမီးပူကြီးကို သံကရွတ်ခွေ ပေါ်မှာ တင်ထားတယ်။ နီပြာခဲတံပြားပြားကြီးကို နားမှာ ညှပ် ထားသေးတာကလား။ လည်ပင်းတိုင်းလိုက်၊ ပခုံးတိုင်းလိုက်၊ လက်တိုင်းလိုက် လုပ်တော့တယ်။ စက်ဆရာရဲ့ အလုပ်စားပွဲပေါ် မှာ လေးညှင်းပွင့်တွေ ပါတဲ့ ကွမ်းယာထုပ်ရယ်၊ လက်ကိုင်ကွင်းကို အဝတ်စပတ်ထားတဲ့ မြေလတ်ဒေသထွက် ကတ်ကြေးတစ်လက် ရယ်၊ (အခုခေတ်တော့ ဂန္ဓလရာဇ်ဖြစ် စတီးကတ်ကြေးဖြစ်မှာ ပေါ့) သစ်သားကိုက်တံတစ်ချောင်းရယ်၊ ကင်းချည်စက်ရယ်၊ ခြေ နင်းဆင်းဂါးအပ်ချုပ်စက်ရယ်က သူ့နေရာနဲ့ သူ အံဝင်ခွင်ကျရှိ တတ်တယ်။

အခုခေတ်မှာတော့ အမျိုးသားတော်တော်များများ စက် ချုပ်ဆိုင်ဘက်ကို မသွားဖြစ်တော့ဘူး။ ရယ်ဒီမိတ်တွေက လက် တစ်ကမ်းအကွာမှာတင် ရေကန်အသင့် ကြာအသင့်။ ကျွန်တော် ကိုယ်တိုင်လည်း စက်ဆိုင်တွေဘက် ခြေဦးမလှည့်ဖြစ်တာ (တကယ်တော့ ဆိုင်ကယ်ခေါင်းမတည်ဖြစ်တာဆိုမှ ပိုမှန်မယ်။ ထားပါတော့) ဆယ်စုနှစ်မကတော့ဘူး။ အဲ…ဒါပေမဲ့ အမျိုးသမီး တွေကတော့ ရယ်ဒီမိတ်တွေ ပေါပေါလောလောရနေသည့်တိုင် စက်ဆိုင်တွေကို လက်မလွှတ်နိုင်သေးဘူး။ ပွဲလေးလမ်းလေးရှိလို့ မြန်မာဆန်ဆန်လေးဝတ်ဖို့ စက်ဆိုင်တွေကို သွားနေရသေးတယ်။ အမျိုးသမီးတစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ မတူညီတာ ရယ်၊ ကွဲပြားတဲ့ စိတ်ခံစားမှုတွေ၊ ဒီဇိုင်နာတွေရဲ့ ဆန်းသစ်တီထွင် မှုတွေနဲ့ စက်ဆရာမလေးတွေရဲ့ ကျွမ်းကျင်လိမ္မာမှုတွေအပေါ် မူ တည်ပြီး လက်ရာတွေက အမျိုးမျိုးအထွေထွေ ဖြစ်သွားနိုင်  တယ်လေ။

အမျိုးသားတွေအဖို့တော့ စက်ဆိုင်သွားတဲ့ အဓိကရည် ရွယ်ချက်ကိုက ရှပ်အင်္ကျီလောက်ချုပ်ဖို့ကိုး။ ရှပ်အင်္ကျီအဆင်တွေ ကလည်း ထူးထူးထွေထွေရှိနေတာတော့ မဟုတ်ဘူး။ ပြောင်ရယ်၊ အဆင်းရယ်၊ အကွက်ရယ်၊ ဒါပဲ။ ကြောင်ကြောင်ကျားကျားကြိုက် သူကတော့ အပွင့်အခက်တွေ ဝတ်ပေါ့။

အမျိုးသားဝတ်တွေအတွက် ရှပ်အင်္ကျီတွေက အဆင်စုံ၊ ဒီ ဇိုင်းစုံ ရယ်ဒီမိတ်တွေက အလွယ်တကူ ဝယ်ယူလို့ရနေပြီ။ လည် ကတုံးအင်္ကျီအဖြူ စတစ်ကော်လံတွေဆိုရင် ဝတ်ပေတော့ မစုတ် မချင်း။ စတစ်ကော်လံအဖြူတစ်ထည်လောက်ရှိပြီဆိုရင် အလှူ မင်္ဂလာဆောင်ဘုရားပွဲ၊ ကျောင်းပွဲ ဆယ့်နှစ်ရာသီစလုံး ဝတ်လို့ ရတယ်။ ရိုးသွားတယ်လည်း မရှိဘူး။ ဟောင်းသွားတယ်လည်း မရှိဘူး။ ဒီဇိုင်းလည်း ထူးပြီး ထွင်စရာမရှိဘူး။

အမျိုးသမီးတွေကတော့ အဲဒီလိုမဟုတ်ဘူး။ ဘူးပါတိတ် ဝမ်းဆက်နဲ့ မင်္ဂလာဆောင်သွားထားရင် အလှူကျတော့ ဆွဲသား အင်္ကျီ၊ ဆိုင်ဖွင့်ပွဲကျပြန်တော့ ရယ်ဒီမိတ်၊ မွေးနေ့ပွဲကျတော့လည်း စီးကွင့်၊ အို…စုံလို့။ သူတို့ကတော့ စက်ချုပ်ဆိုင်တွေကို လက် မလွှတ်နိုင်ကြသေးဘူး။ စက်ချုပ်ဆိုင်တွေကလည်း အဲဒီအချက် ကို ကောင်းကောင်းသိတယ်။ ကြော်ငြာတာတောင်မှ ခေတ်မီ စင် တီမီတာနည်းဖြင့် ချုပ်လုပ်သည်တဲ့။ အံ့ရော…အံ့ရောဗျာ။ အရင် က လက်မဆိုတဲ့ အတိုင်းအထွာယူနစ်ကနေ အခု စင်တီမီတာဆို တဲ့ အတိုင်းအထွာနည်းပြောင်းတာကိုပဲ ခေတ်မီတဲ့ အတိုင်း အတာယူနစ်ပြောင်းရုံနဲ့ ခေတ်မီသွားရောလေသလား။ တစ်နာရီ မိုင် ၆ဝ နှုန်းထက် ပိုမမောင်းရဆိုတဲ့ အဝေးပြေးလမ်းပေါ်က ဆိုင်း ဘုတ်နေရာမှာ တစ်နာရီ ကီလိုမီတာ ၁ဝဝ နှုန်းထက် ပိုမမောင်းရ ဆိုတဲ့ ဆိုင်းဘုတ်ပြောင်းချိတ်တာပဲလေ။ ဘာများ ထူးခြားသွားလို့ လဲ။ ကျွန်တော်ကသာ အဲဒီလို မထူးလောက်ဘူးထင်နေတာ။ လက်တွေ့မှာတော့ ထူးခြားတယ်။ ခေတ်မီစင်တီမီတာနည်းဖြင့် ချုပ်သည်လို့ ကြော်ငြာလိုက်တော့ ကာစတန်မာတွေ ပိုရလာ သတဲ့။ သြော်…ခေတ်…ခေတ်…ခေတ်…။

စက်ချုပ်ဆိုင်က အင်္ကျီတွေနဲ့ လူလားမြောက်ခဲ့ရတဲ့ အကြောင်း စာရေးဆရာနေဝင်းမြင့်က သူ့ရဲ့ ဟောပြောပွဲတွေမှာ မကြာခဏထည့်ပြောလေ့ရှိတယ်။ ကုန်းဇောင်းသား ဆရာနေ ဝင်းမြင့်ရဲ့ ငယ်ဘဝတွေမှာလည်း စက်ချုပ်ဆိုင်နဲ့ မကင်းခဲ့ဘူး။ သူ တို့ရဲ့ စက်ဆရာက ဦးလေးသိန်းတဲ့။ ဒုတိယကမ္ဘာစစ်တုန်းက ကောက်ရခဲ့တဲ့ ဆင်းဂါးချုပ်စက်တစ်လုံးကို ဂျိုးဂျိုးဂျောင်းဂျောင်း နင်းရင်း ဆရာမရှိဘဲ စက်ချုပ်ဆရာဖြစ်လာခဲ့တဲ့သူ။ စတစ်ကော် လံလည်ကတုံးတစ်မျိုးတည်းကိုသာ ချုပ်တတ်သူ။ သူ့ဆီ အင်္ကျီ ချုပ်ဖို့ လာအပ်သူမှန်သမျှ ပုဆိုးခါးတောင်းကျိုက်ပြီး လက်နှစ် ဖက်ကို ဘေးဆန့်ပေးထားရတယ်။ သူကြီးမင်းအင်္ကျီလာချုပ်ရင် လည်း ခါးတောင်းကျိုက်လက်နှစ်ဖက်ဆန့်ရတာပဲ။ လယ်သူရင်း ငှား၊ မြင်းလှည်းဆရာ၊ ကပ္ပိယအကုန် ခါးတောင်းကျိုက်ကြရ တယ်။ အင်္ကျီအဟောင်းလေးယူလာပြီး မင်းချုပ်ပေးတဲ့ အင်္ကျီ လေးပါကွယ်၊ အဲဒီအတိုင်းသာ ချုပ်လိုက်ပါဆိုရင်လည်း မရဘူး။ အင်္ကျီစရဲ့ ဓာတ်၊ အင်္ကျီချုပ်မယ့် ကျုပ်ရဲ့ ဓာတ်၊ အင်္ကျီဝတ်မယ့် ခင်ဗျားခန္ဓာကိုယ်ဓာတ်၊ သုံးဓာတ်ပေါင်းဖို့ လိုသဗျလို့ စက်ဆရာ ဦးလေးသိန်းက အမြဲပြန်ပြောလေ့ရှိသတဲ့။

အင်္ကျီလာချုပ်သူတွေကို တိုင်းထွာပြီးရင် ဦးလေးသိန်းက သူ့မိန်းမကို ဘေးကနေ မှတ်ခိုင်းတယ်။ လက်ရှည်လေးဆယ်လို့ ဦးလေးသိန်းပါးစပ်က ထွက်ပေမယ့် စက်ဆရာကတော် တကယ် မှတ်လိုက်တာက လရှည်လေးသောင်း ဖြစ်ရင်ဖြစ်နေတတ်တာ။ ခါးသုံးဆယ်လို့ ဦးလေးသိန်းအော်ရင် သူ့မိန်းမက ခါသုံးသောင်း ဆိုပြီး မှတ်တာ။

ဘယ်လိုပြောပြော၊ ဘယ်လိုမှတ်မှတ် အချိန်တန်တော့ လည်း အင်္ကျီတစ်ထည်တော့ ရတာပါပဲ။ အဲ…ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ ရှပ်အင်္ကျီရဲ့ ရှေ့ဘက် အောက်စနှစ်ဘက်အညီလိုချင်ရင် လည်ပင်းမှာ ကြယ်သီးတစ်ပေါက်စာ လွဲမယ်၊ လည်ပင်းကို အညီ လိုချင်ရင် အောက်ဘက်နှစ်စက ကြယ်သီးတစ်ပေါက်စာလွဲမယ်၊ လည်ပင်းမှာလည်း အညီချပ်ချပ်ရပ်ရပ်၊ အောက်နားစတွေက လည်း ညီညီညာညာဆိုတာ ဦးလေးသိန်းစက်ဆိုင်မှာ ဘယ်တော့ မှ မရနိုင်ဘူးတဲ့။ ဦးလေးသိန်းစက်ဆိုင်က လွဲပြီး အခြားရွေးချယ် စရာမရှိတဲ့အခါ လည်ပင်းပေါက်ရင်လည်း ကြယ်သီးတစ်ပေါက် စာလွဲ၊ ဒါမှမဟုတ် လည်ပင်းကို အညီယူရင် အောက်နားစက ကြယ်သီးတစ်ပေါက်စာလွဲ၊ တောသူတောင်သားတွေဆိုတာ တစ်နှစ်နေလို့ အင်္ကျီတစ်ထည်ချုပ်ဖြစ်တာ မဟုတ်ပေမယ့် ချုပ် ဖြစ်တော့လည်း ကြယ်သီးတစ်ပေါက်စာလွဲတဲ့ စက်ဆိုင်က လွဲလို့ အခြားရွေးချယ်စရာ နောက်ထပ်စက်ဆိုင်မရှိတဲ့ ဘဝ။ အင်္ကျီ အသစ်တစ်ထည်ရဖို့ သုံး၊ လေး၊ ငါးလကြာရင် ကြာနေတတ်တာ မျိုး။ ရက်ချိန်းပြည့်လို့ သွားရွေးပြန်ရင်လည်း ရချင်မှ ရတာ။ တကယ်လို့ ရပြန်တော့လည်း ချပ်ချပ်ရပ်ရပ် မဟုတ်။ ပွတဲ့အခါ ပွ၊ ကျပ်တဲ့အခါ ကျပ်။ အင်္ကျီကျပ်သွားတဲ့အခါဆိုရင် စက်ဆရာ ဦးလေးသိန်းက ပြောသေးတယ်၊ နေဝင်းမြင့်ရာ၊ မင်းက အကြီးပဲ၊ အငယ်ကောင်ကို ညှာလိုက်ပါဟ ဆိုပြီး အကြီးခန္ဓာကိုယ်ကို တိုင်းထွာချုပ်တာပေမယ့် စက်ဆိုင်က ယူလာရင် ချုပ်တဲ့အစ်ကို က မဝတ်ရဘဲ ညီက ဝတ်ရတဲ့ အဖြစ်တွေလည်း ရှိတယ်။

စာရေးဆရာ (ဦး)နေဝင်းမြင့်က အရေးအဖွဲ့ကောင်းတဲ့ အပြင် အဟောကောင်း၊ အပြောကောင်းဆိုတော့ သူဟောတာ ကို နားထောင်တဲ့အခါ ဘိုင်စကုပ်ထဲက အနှေးပြကွက်တွေကို ကြည့် နေရသလို မြင်အောင် ဟောပြောနိုင်တယ်။

ကျွန်တော်တို့ရဲ့ ငယ်စဉ်ဘဝတွေကလည်း ဆရာနေဝင်း မြင့်ဟောတာတွေနဲ့ သိပ်ပြီး ကွာလှတာတော့ မဟုတ်။ မြန်မာ့ နည်း၊ မြန်မာ့ဟန် ဆိုရှယ်လစ်ခေတ်မှာ လူလားမြောက်ကြရသူ တွေဆိုတော့ ရန်ကုန်၊ မန္တလေး၊ ကုန်းဇောင်း ဘယ်နေရာမှာနေ နေ ရှားတောင့်ရှားပါးပစ္စည်းတွေနဲ့ချည်းပါပဲ။ ရန်ကုန်-မ္တနလေး ကတော့ နယ်မြို့တွေထက်စာရင် မြို့ကြီးပြကြီးဖြစ်လို့ ရွေးချယ် စရာ အနည်းငယ်တော့ ပိုတာပေါ့လေ။

အခုခေတ်လူတွေကတော့ စက်ချုပ်ဆိုင်သွားပြီး တစ်ခုတ် တရတိုင်းထွာ၊ ရက်ချိန်းပြည့်မှ သွားယူဆိုတာမျိုး လုပ်စရာမလို တော့ဘူး။ ရယ်ဒီမိတ်တွေက ဖောချင်းသောချင်းဖြစ်နေပြီ။ လည် ကတုံးအင်္ကျီအဖြူရောင်တစ်ထည် လိုချင်လို့ သွားဝယ်တယ်ဆို ရင်ပဲ ရွေးချယ်စရာတံဆိပ်တွေက များမှ များ။ ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌကြီး ဦးလူမင်းကြော်ငြာနေတဲ့ အိုင်မက်စ်ဆိုတာလည်း ဝတ်ချင်ရင်ရတယ်။ ရော့ခ်ကာအဆိုတော်ကြီး ကိုလေးဖြူကြော် ငြာနေတဲ့ စီအင်န်စီတွေလည်း ရှိပါ့။ ပျိုပျိုမေတို့ရဲ့ သည်းသည်း လှုပ် အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကြော်ငြာတဲ့ စတပ်တံဆိပ် စတစ်ကော်လံတွေလည်း ရှိတယ်။

ဖောရိန်းရှပ်လို့ခေါ်တဲ့ နိုင်ငံခြားဖြစ် အင်္ကျီတွေလည်း ဝယ် ဝတ်ချင်သေးရင် အလွယ်တကူ ဝယ်လို့ရနေပါပြီ။ ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်စတဲ့ အိမ်နီးချင်းနိုင်ငံတွေက အင်္ကျီတွေအပြင် ကမ္ဘောဒီးယားတို့၊ ဖိလစ်ပိုင်တို့၊ ဗီယက်နမ်တို့လို ဒေသတွင်းနိုင်ငံ တွေက အင်္ကျီတွေလည်း ဝယ်လို့ရတယ်။ မိတ်ဆွေက ပိုက်ဆံဝါ လားမို့ အီတလီ၊ ပြင်သစ်၊ အင်္ဂလန်စတဲ့ ဥရောပနိုင်ငံတွေက ထုတ်တဲ့ တံဆိပ်အမျိုးမျိုးသော အင်္ကျီတွေလည်း ဝယ်ချင်တယ် ဆိုရင် ဈေးကွက်ထဲမှာ ရောက်နေပါပြီ။ အမေရိကန်လုပ်မှ ကိုယ် ပေါ်တင်ချင်ရင်လည်း စတိုးဆိုင်တွေ၊ ရှော့ပင်းစင်တာတွေမှာ ဝယ်ချင်တိုင်း ဝယ်နိုင်ပါပြီ။

ဒါမှမဟုတ် တံဆိပ်ကောင်းကောင်းတော့ ကြိုက်တယ်၊ ငွေ လည်း ချွေတာချင်တယ်ဆိုရင် ဘေထုပ်တန်းသွား၊ လေဘေးရွေး ဝယ်ဝတ်လို့ရသေးတယ်။ အထည်များတော့ အယားပြေတာပေါ့။ စာရေးဆရာနေဝင်းမြင့်ကတော့ အဲဒီလိုရွေးချယ်စရာတွေ များ လွန်းတဲ့ ဝတ်စားဆင်ယင်မှုဖြစ်စဉ်ကို Clothing Democracy အဝတ်အစားဒီမိုကရေစီဖြစ်မှု၊ တစ်နည်းအဝတ်အစားရွေးချယ် နိုင်မှုလို့ ပညာရှင်တွေက သတ်မှတ်ကြောင်း သူ့ရဲ့ ဟောပြောပွဲ အချို့မှာ ထည့်ဟောတယ်။

အခုခေတ်မှာတော့ ရက်သား၊ လသားအရွယ်မှသည် ခုနစ် ဆယ်ကျော်၊ ရှစ်ဆယ်တွင်းအရွယ်အထိ ရယ်ဒီမိတ်တွေ ဝယ်လို့ရ နေပြီ။ ပုခက်တွင်းမှသည် ဂူတွင်းအထိ ဆိုပါတော့။ ပြည်တွင်းဖြစ် ရယ်ဒီမိတ်မျိုးစုံအပြင် နိုင်ငံခြားဖြစ် တံဆိပ်စုံလည်း ဝယ်ယူလို့ ရနေတယ်။ ပြည်တွင်းဖြစ်တံဆိပ် ရှပ်အင်္ကျီနဲ့ အိမ်နီးချင်းနိုင်ငံတွေ မှာ လုပ်တဲ့ ရှပ်အင်္ကျီတွေရဲ့ ဈေးနှုန်းတွေက ဈေးကွက်မှာ မတိမ်း မယိမ်းပါပဲ။ ပြည်တွင်းဖြစ် ရှပ်အင်္ကျီတစ်ထည်ရဲ့ ဈေးနှုန်းက ကျပ် တစ်သောင်းဝန်းကျင်၊ ထိုင်းနိုင်ငံလုပ်ရှပ်အင်္ကျီကိုပင် ပခုံးချင်း ယှဉ်နေပါပကော။ ကိုယ့်နိုင်ငံတွင်းမှာပဲ ကိုယ့်လုပ်သားတွေနဲ့ ချုပ်တဲ့အင်္ကျီတွေရဲ့ ဈေးနှုန်းက ထိုင်းနိုင်ငံဖြစ် အင်္ကျီတွေနဲ့ ဈေး နှုန်းမကွာတော့ဘူး။ ပြည်တွင်းဖြစ်တွေက နိုင်ငံခြားဖြစ်တွေထက် ဈေးသက်သာဖို့ ကောင်းပေမယ့် လက်တွေ့ဈေးကွက်ထဲမှာတော့ ဈေးနှုန်းမကွာခြားဘူး။ ကိုယ်ပိုင်တံဆိပ်နဲ့ ထုတ်လုပ်သည့်တိုင် ဈေးကွက်ထဲ မိတ်အင်မြန်မာရယ်လို့ ရဲရဲဝံ့ဝံ့ တံဆိပ်တပ်ဝံ့သူက ရှားနေသေးတယ်။ တချို့တလေကတော့ မိတ်အင်မြန်မာရယ်လို့ ဂုဏ်ယူဝံ့ကြွားစွာ တပ်ဆင်လာကြတာလည်း တွေ့ရပါတယ်။

စက်ဆရာတွေဆီမှာ စက်ချုပ်ဆိုင်အတွေ့အကြုံတွေထဲက လာတဲ့ သဘာဝကျကျဟာသတွေ ရှိတယ်။ လူတကာနဲ့ ဆက်ဆံ နေရတဲ့သူတွေ ဖြစ်လို့ စက်ဆရာတွေမှာ ဟာသဓာတ်ခံရှိကြ တယ်။ ပြဿနာပေါင်း သောင်းခြောက်ထောင်လည်း စက်ဆရာ တွေက ကြုံရတယ်။ လာအပ်တဲ့အထည်စချင်း ခပ်ဆင်ဆင်တူတဲ့ အခါ မှားယွင်းချုပ်မိတာမျိုးတွေလည်း ရှိတတ်တယ်။ တစ်ခါ တလေမီးပူတိုက်ခါနီးမှ ပြာတွေဖုံးပြီး မီးရှိန်မတက်ရင် ယပ် တောင်နဲ့ မီးရှိန်တက်အောင် တဖျပ်ဖျပ်ခဲ့ကြရသေးတယ်။ (အဲဒီ အချိန်က အခုခေတ်လို လျှပ်စစ်မီးပူတွေ မသုံးကြသေးဘူး။) အဲဒီ လိုယပ်ခတ်ရင် သတိထားရတယ်။ သတိမထားမိဘဲ ယပ်တောင် ခတ်မိရင် ပြာတွေတင်မကဘူး၊ မီးပွားတွေပါ လွင့်ပြီး အထည်စ တွေပေါ် ကျ၊ မီးလောင်ပေါက်တတ်တယ်။ အဲဒီလိုအခါမျိုးဆို အထည်လာအပ်တဲ့ ကပ်စတန်မာနဲ့ စက်ဆရာ ပြဿနာတက်ကြ ရတယ်။ တချို့ကပ်စတန်မာတွေကတော့ တစ်မျိုး၊ အပ်တုန်းက တော့ အရေးကြီးလို့ အမြန်ချုပ်ပေးပါဆိုပြီး စက်ဆရာကို အလောတကြီး နားပူနားဆာလုပ်ကြတယ်။

တကယ်ချုပ်ပြီးပြန်တော့လည်း တော်တော်နဲ့ လာမရွေး ကြဘူး။ အဲဒီလိုဖြစ်ရင် စက်ဆရာတွေက ဗီရိုထဲထည့်ပြီး သိမ်း ထားရတယ်။ ကပ်စတန်မာတချို့ကတော့ ဖုတ်ပူမီးတိုက်လာအပ် ကြတယ်။ အူယားဖားယားလာရွေးတယ်။ ပိုက်ဆံက ပါမလာဘူး။ နောက်အထည်တွေနဲ့မှ ပေါင်းရှင်းမယ်ဆိုတာတွေလည်း ရှိတယ်။ လူအမျိုးမျိုး စိတ်အထွေထွေလို့ ဆိုထားသကိုး။

သင်္ကြန်ပြီး နှစ်ဆန်းတစ်ရက်နေ့မှာ ဝတ်ဖို့ လည်ကတုံး အဖြူရောင်အင်္ကျီတစ်ထည်လောက် ချုပ်ဖို့ ဆုံးဖြတ်ထားတယ်။ ရယ်ဒီမိတ်အင်္ကျီတွေ အလွယ်တကူဝယ်ယူလို့ ရသည့်တိုင် အစ တစ်ထည်လောက်ဝယ်ပြီး စက်ဆိုင်သွားချုပ်ချင်သေးတယ်။ အစ ဝယ်ဖို့အတွက်တာ့ အရင်လို ဈေးချိုသွားဖို့ မလိုတော့ဘူး။ ရပ် ကွက်ထိပ်က ဆိုင်မှာတင် ဝယ်လို့ ရနေပြီ။ စက်ဆရာရဲ့ ပေကြိုးနဲ့ တိုင်းထွာမှတ်သားပြီး ရက်ချိန်းပြည့်တဲ့နေ့မှာ သွားရွေးမယ်။ စက် ဆရာရဲ့ ဆင်းဂါးအပ်ချုပ်စက်ကြီးတော့ ပင့်ကူအိမ်တွေ မဖွဲ့ လောက်သေးဘူး ထင်ပါရဲ့။ စက်ဆရာ ကျန်းမာချမ်းသာ လန်းဖြာ ပါစေ ။    ။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."