ပြည်တွင်းစစ် ရပ်စဲရေး၏ ပုံရိပ်သစ်

မတ်လ-၂၀၁၃ထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၄)မှ သုံးသပ်ချက် ဆောင်းပါးဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

 

၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်၊ ခရစ်ယာန်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ခရစ်တော်မွေးနေ့က ခရစ်ယာန်ဘာ သာဝင်တွေ အများစုနေထိုင်တဲ့ ကချင်ပြည်နယ် အရှေ့မြောက် ဘက်ကKIA ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့လေးမှာ အကြီးအကျယ် ငလျင်လှုပ်နေခဲ့လို့ ဂဘူဂရာအီ (ပျော်ရွှင်စရာ) ခရစ္စမတ်ပွဲတော် ကို မနွှဲပျော်နိုင်ခဲ့ကြပါဘူး။ လိုင်ဇာမှာ ငလျင်လှုပ်တာ မြေပြင်တစ် ခုလုံး သိမ့်သိမ့်ခါနေခဲ့ပေမယ့် ပြီးခဲ့တဲ့ စစ်ကိုင်းတိုင်းငလျင်လို သဘာဝဘေးဒဏ်မဟုတ်တဲ့အတွက် ရစ်ချက်စတာစကေး မည် ရွေ့မည်မျှရှိမယ်ဆိုတာလည်း မှန်းဆလို့ မရခဲ့ကြပါဘူး။ တကယ် တော့ လိုင်ဇာငလျင်ဆိုတာ လူလုပ်တဲ့ ငလျင်ပါ။ ခရစ္စမတ်တစ်နေ့ လုံး တပ်မတော်က ပစ်ခတ်တဲ့ ၁ဝ၅ မမ၊ ၁၂ဝ မမ စတဲ့ ဗုံး၊ အမြောက်ဆန် (၅ဝ)ကျော်ခန့် ကျရောက်ပေါက်ကွဲနေလို့ လိုင်ဇာ တစ်မြို့လုံး တသိမ့်သိမ့်ခါ လှုပ်ယမ်းနေခဲ့ရတာပါ။ ဒါကြောင့် လိုင် ဇာမြို့သူမြို့သား ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ ခရစ္စမတ် ပွဲတော်ကို တုန်လှုပ်ချောက်ချားစွာ ဗုံးခိုကျင်းထဲမှာပဲ ဖယောင်း တိုင်ထွန်းပြီး ကျင်းပခဲ့ကြရရှာပါတယ်။

ကချင်ပြည်နယ်က ပြည်သူတွေ ဘဝကို ဒီလို တုန်လှုပ် ချောက်ချားစွာ ဖြတ်သန်းနေကြရတာ ဒီခရစ္စမတ်နေ့ တစ်နေ့ တည်းတော့ မဟုတ်ပါဘူး။ အနည်းဆုံး တစ်နှစ်ခွဲလောက်တော့ ကြာခဲ့ပါပြီ။ ၂ဝ၁၁၊ ဇွန်လောက်က စတင်ခဲ့တဲ့ တစ်နှစ်ခွဲကြာစစ်ပွဲ အတွင်း ကချင်ပြည်နယ်တစ်ဝှမ်းလုံးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ပေါင်းကလည်း ၂,၅ဝဝ နီးပါးလောက် ရှိပြီလို့ ဆိုပါတယ်။ ဒီတိုက် ပွဲတွေအတွင်းမှာ နှစ်ဖက် ကျဆုံး၊ ဒဏ်ရာရတဲ့ အရေအတွက်က လည်း ၁,၅ဝဝ ဝန်းကျင်လောက် ရှိမယ်လို့ လေ့လာသူတွေက ခန့်မှန်းခဲ့ကြပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်း မှာ စစ်ရှိန်ပိုမိုသည်းသန် မြင့်မားပြင်းထန်လာခဲ့ပါတယ်။ ဒီကာလ ပိုင်းအတွင်းမှာ နေ့စဉ် တစ်နေ့တည်းမှာတင် ပျမ်းမျှခြင်း တိုက်ပွဲ ခုနစ်ပွဲကနေ (၁ဝ)ပွဲအထိ ဖြစ်ပွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သုံးစွဲလာတဲ့ လက်နက်ကြီးတွေကလည်း ၁ဝ၅ မမ ဟောင်ဝင်ဇာ အမြောက်၊ ၁၂ဝ မမ စိန်ပြောင်းကြီးတွေအပြင် Carlgustave လို Missile  ဒုံးကျည်တွေအထိ ထုတ်သုံးလာခဲ့ကြပါပြီ။ ဒါထက် ပိုဆိုးတာကတော့ တိုင်းရင်းသားချင်းဖြစ်တဲ့ စစ်ပွဲမှာ တရုတ်ပြည်က ရယူထားတဲ့ Mi(24) လို တိုက်လေယာဉ်တွေ၊ Helicopter Gunship တွေအထိ ရက်ရက်စက်စက် သုံးစွဲ တိုက်ခိုက်လာခြင်းပဲ ဖြစ်ပါတယ်။  ဒီလိုပြည်တွင်းစစ်ပွဲကနေ နိုင်ငံချင်းစစ်ပွဲအသွင် ပြောင်းလဲတိုက်ခိုက်လာတာတော့ သိပ်ကြည့်မကောင်းဘူးပဲ ဆို ရတော့မှာပေါ့။

အခုလို ကချင်ပြည်နယ်မှာ စစ်ရှိန်မြင့်မား၊ ပြန့်ပွားကျယ် ပြန့်လာတဲ့အတွက် ကြားထဲက မြေစာပင်ဖြစ်ကြသူတွေကတော့ ကချင်ပြည်သူတွေပါပဲ။ ဒီဇင်ဘာ ၂၇ ရက်က လဂျားယန်အနီး တွမ်ဖုံးကျေးရွာထဲကို တပ်မတော်က ပစ်ခတ်လိုက်တဲ့ ၁ဝ၅ မမ အမြောက်ဆန်ကျရောက်တဲ့အတွက် ရွာသားတစ်ဦးပွဲချင်းပြီး သေဆုံးပြီး သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ရတယ်။ ဒါ နမူနာများစွာထဲက လက်လှမ်းမီတဲ့ ဥပမာလေးတစ်ခုပါ။ ဒါ ကြောင့်လည်း အိုးပစ်၊ အိမ်ပစ်၊ ယာပစ် ထွက်ပြေးနေကြတဲ့ ကချင်ဒုက္ခသည်များရဲ့ အရေအတွက်ဟာ ယခုအခါ တစ်သိန်းဝန်း ကျင်အထိ တိုးလာခဲ့ပါပြီ။ ဒီလို ဒုက္ခသည်အရေအတွက် တိုးလာခဲ့ ပေမယ့် အကူအညီတွေက တိုးမလာခဲ့ပါဘူး။ ပြည်တွင်းလူမှု အဖွဲ့အစည်းတွေရဲ့ ဝိုင်းဝန်းပံ့ပိုးမှုက လွဲလို့ ဘာနိုင်ငံတကာ အကူ အညီမှ မှတ်မှတ်ရရ မရှိလှပါဘူး။ ဒါထက်ပိုဆိုးတာက လူသား ချင်းစာနာစိတ်ကင်းတဲ့ အိမ်နီးချင်းကြီးက အတင်းခြံစည်းရိုးခတ်၊ ဖြတ်လေးဖြတ်လုပ်နေတာပါပဲ။

နှစ်ပင်လိမ်သံသရာ

စစ်ပွဲအရှိန်မြင့်လာတာနှင့်အမျှ ဒဏ်ရာရသူတွေ များလာ နေတာမို့ နေ့မအား ညမနား ပြုစုကုသပေးနေရတဲ့ လိုင်ဇာ ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက စစ်ပွဲအနိဋ္ဌာရုံများနှင့် ပတ်သက် ပြီး အခုလို ကောက်ချက်ချပြလိုက်ပါတယ်။

‘စစ်ဆိုတာက ကြာလေ နာလေ၊ နာလေ ပိုဆိုးလေ၊ ပိုဆိုး လေ ပိုပျက်လေပဲသာ မှတ်’

အတော်မှတ်သားစရာကောင်းပါတယ်။ အမှန်ပဲ၊ မြန်မာ ပြည်မှာ ပြည်တွင်းစစ်ဟာ ကြာခဲ့ပြီဆိုတော့ နာခဲ့တာလည်း ကြာ ခဲ့ပါပြီ။ ကမ္ဘာမှာ ပြည်တွင်းစစ်နဲ့ ကြုံခဲ့ရဖူးတဲ့ တိုင်းပြည်တွေ အများကြီးပါ။ ဒါပေမဲ့ မြန်မာပြည်လောက် ပြည်တွင်းစစ်ရှည်ကြာ တဲ့ တိုင်းပြည်မျိုးတော့ ကမ္ဘာမှာ မရှိသလောက် ရှားပါတယ်။ တကယ်လို့များ ဂရင်းနစ်စံချိန်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲ ကို မှတ်တမ်းတင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ ထိပ်ဆုံးမှာ ရှိမယ် ထင်ပါတယ်။ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်က စပြီး အခု ၂ဝ၁၃ ခုနှစ်အထိ နှစ်ပေါင်း ၆၅ နှစ်တိုင်အောင် ရှည်ကြာတဲ့ သက္ကရာဇ် တွေအတွင်း မြန်မာပြည်မှာ ပြည်တွင်းစစ်မဖြစ်တဲ့ နှစ်ကာလဆို တာ မရှိသလောက်ပါပဲ။

တိုင်းပြည်တွေမှာ ပြည်တွင်းစစ်ဖြစ်ခဲ့ကြတယ်ဆိုတာ အရင်းခံအားဖြင့် အာဏာလုပွဲတွေကြောင့် ဖြစ်ခဲ့ကြတာချည်းပါ ပဲ။ ပဒေသရာဇ်ခေတ်ပဲဖြစ်ဖြစ်၊ အရင်းရှင်ခေတ်ပဲဖြစ်ဖြစ် အရင်း စစ်လိုက်ရင် ပြည်တွင်းစစ်ဆိုတာ အချင်းချင်းအာဏာလုကြတာ ပါပဲ။ ဒါပေမဲ့ စစ်ပြီးခေတ်နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် ကတော့ သဏ္ဌာန်အရ ပြောကြမယ်ဆိုရင် အဓိကအားဖြင့် နှစ် မျိုးပဲ ရှိတတ်ကြပါတယ်။ အယူဝါဒရေး ပြည်တွင်းစစ်နဲ့ လူမျိုးရေး ပြည်တွင်းစစ်တို့ပါပဲ။ ကိုရီးယားပြည်တွင်းစစ်ဟာ အယူဝါဒရေး စစ်ပွဲသ္ဌာန်ဖြစ်ပြီး အာဖရိကမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေ က လူမျိုးရေးပြည်တွင်းစစ်ပွဲသဏ္ဌာန်တွေပဲ များပါတယ်။ ဒါပေမဲ့ တိုင်းပြည်တစ်ပြည်တည်းမှာတင် အယူဝါဒရေးစစ်ပွဲရော လူမျိုး ရေးစစ်ပွဲပါ တစ်ပြိုင်တည်းဖြစ်နေကြတာမျိုးတော့ ရှားပါတယ်။ အဲဒီလို ရှားရှားပါးပါး ပြည်တွင်းစစ်ပွဲမျိုးကတော့ မြန်မာပြည် သမိုင်းမှာပဲ တွေ့ရနိုင်ပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး တာနဲ့ ဖဆပလနဲ့ အလံနီ၊ အလံဖြူဗကပတို့ ဦးစွာ အယူဝါဒရေး စစ်ခင်းခဲ့ကြပါတယ်။ တစ်ခါ ၁၉၄၉ ခုနှစ်မှာ ဆက်ပြီးတော့ ဖဆပလအစိုးရဟာ ကရင်အမျိုးသားတွေနဲ့ လူမျိုးရေးပြည်တွင်း စစ်ပွဲ နွှဲခဲ့ရပါတယ်။ ဒါကြောင့် မြန်မာပြည် ပြည်တွင်းစစ်ဟာ အယူဝါဒရေးနဲ့ လူမျိုးရေးတို့ ပူးတွဲရောယှက်နေတဲ့ နှစ်ပင်လိမ် ပြည်တွင်းစစ်ဖြစ်ခဲ့ရပါတယ်။ ဒီလို နှစ်ပင်လိမ်ဖြစ်နေလို့လည်း ခေတ်အဆက်ဆက် မြန်မာအစိုးရတွေဟာ တစ်ပင်နဲ့ မငြိ၊ တစ် ပင်နဲ့ ထိဆိုသလို ပြည်တွင်းစစ်ပွဲတွေကို အဆက်မပြတ် ဆင်နွှဲနေ ခဲ့ကြရတာဖြစ်ပါတယ်။

၁၉၉ဝ ခုနှစ်နောက်ပိုင်း စစ်အေးခေတ်ပြီးဆုံးချိန်မှာတော့ ကမ္ဘာပေါ်မှာ အယူဝါဒရေးစစ်ပွဲတွေရဲ့ အရှိန်အဟုန်ဟာ တစ်စုံ တစ်ရာ လျော့ကျလာခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ အယူဝါဒရေး တိုက်ပွဲ အရှိန်လျော့ကျမှုနဲ့ အချိုးညီစွာ ဘာသာရေးနဲ့ လူမျိုးရေးရောယှက်နေတဲ့ ယဉ်ကျေးမှုတွေ တိုးတိုက်မိတဲ့ အရှိန်အဟုန်က တစ်ဆင့်တိုး မြင့်မားလာပြန်ပါတယ်။ ယူဂိုဆလပ်နိုင်ငံ ပြိုကွဲမှု တွေ ကြားထဲကပဲ ကိုဆိုဗိုအရေးအခင်းလို လူမျိုးရေးပြည်တွင်း စစ်တွေ  အရှိန်မြင့်လာခဲ့ရပါတယ်။ မြန်မာပြည်မှာလည်း ဒီလို ပါပဲ။ ဗကပ ပြိုကွဲပြီးနောက်ပိုင်းမှာ အယူဝါဒရေးဆိုင်ရာ ပြည်တွင်းစစ်အရှိန်အဟုန်လျော့ကျသွားပြီး လူမျိုးရေးပြည်တွင်းစစ် သ္ဌာန်တွေ တစ်ကျော့ပြန်လာခဲ့ကြပြန်တာပါပဲ။ ဒီလို မြန်မာ ပြည်မှာ သဏ္ဌာန်အမျိုးမျိုးနဲ့ ပြည်တွင်းစစ်သံသရာလည်နေတဲ့  အခြေအနေအောက်မှာ တပ်မတော်ကို အင်အားတောင့်တင်း အောင် ထူထောင်တည်ဆောက်ရင်းနဲ့ပဲ ပြည်တွင်းနိုင်ငံရေးဘဝ အတွင်းမှာ ‘အရပ်ဘက်-စစ်ဘက်အုပ်စိုးမှု’သံသရာလည်နေခဲ့ရ ခြင်းဖြစ်ပါတယ်။ ဒီသံသရာတွေက လွတ်မြောက်ရာလွတ်မြောက် ကြောင်း ရှာဖွေအားထုတ်နိုင်မှလည်း မြန်မာပြည်ဟာ ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီလောကနိဗ္ဗာန်ကို ရောက်ရှိမှာ ဖြစ် ပါတယ်။ ဒီသံသရာမှာ တဝဲဝဲလည်နေသမျှတော့ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပါပဲ။ ဝေးနေသမျှတော့ ကြာဦးမယ်။ ကြာ နေသမျှလည်း နာကြရဦးမှာပါပဲ။

နည်းပရိယာယ်မျက်နှာဖုံး

ဆရာကြီးသခင်ကိုယ်တော်မှိုင်းခမျာ ဒီပြည်တွင်းစစ် နှစ် ပင်လိမ်သံသရာက လွတ်ရာလွတ်ကြောင်းအတွက် ၁၉၄၈ ခုနှစ် ကနေ သူကွယ်လွန်တဲ့ ၁၉၆၄ ခုနှစ်အထိ ‘သူမနာ ကိုယ်မနာ’လမ်းစဉ်နဲ့ ‘ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး’လူထု လှုပ်ရှားမှုကြီးကို (၁၆)နှစ်တိုင် ဦးဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ ကွယ်လွန်ပြီးတာနဲ့ ‘ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်း ရေး’လှုပ်ရှားမှုကြီးလည်း အနိစ္စရောက်ခဲ့ရတာပါပဲ။ ကွယ်လွန်ခါ နီးအထိ ‘ငါမသေခင် ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်ကွာ’ လို့ တောင့်တခဲ့ရှာပေမယ့် ပြည်တွင်းစစ်ကတော့ သူကွယ်လွန်ပြီး နှစ်ငါးဆယ်နီးပါးတိုင်အောင် ဆက်တိုက်နေကြတုန်းပါပဲ။ ဒီလို ဖြစ်နေကြတာနဲ့ ပတ်သက်ပြီး ဆရာကြီးသက်ရှိထင်ရှားရှိစဉ်က တည်းက ‘ဘာဖြစ်လို့ ပြည်တွင်းစစ်ရပ်စဲအောင် မလုပ်နိုင်ခဲ့ကြ တာလဲ’လို့ ဆရာကြီးရဲ့  အမြင်သဘောထားကို တပည့်များက မေးမြန်းကြည့်တော့ ဆရာကြီးက လိုတိုရှင်းပဲ။ ‘ဟ…ဒီအစိုးရဆို တဲ့ကောင်တွေက ငြိမ်းချမ်းရေးမှ မရချင်ဘဲကွ’လို့ ဖြေကြားခဲ့ဖူး ပါတယ်။

ဆရာကြီး ဒီလိုကောက်ချက်ချခဲ့တာ အကြောင်းအချက်မဲ့ မဟုတ်ပါဘူး။ ၁၉၅၆ ခုနှစ်မှာ ဦးနုအစိုးရက အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့် ကြေညာပြီး ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့ဖူးပါတယ်။ ဗကပဥက္ကဋ္ဌ သခင်သန်းထွန်းကလည်း ဗိုလ်ရဲထွဋ်ကို ငြိမ်းချမ်း ရေးတမန်ခန့်ပြီး ပြည်တွင်းစစ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေး ကြဖို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက တစ်ဆင့် ပေးစာတစ် စောင်ပို့ခဲ့ပါတယ်။ ဒီလိုတစ်ဖက်က ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးကြဖို့ စီစဉ်နေကြတုန်းမှာပဲ အခြားတစ်ဖက်မှာ တပ်မ တော်က အင်အားတစ်ထောင်ကျော် ပါဝင်တဲ့ တပ်မဟာကြီးနဲ့ ဗကပဗဟိုစခန်းကို အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါ တယ်။ အစိုးရရဲ့ ဒီလို တစ်ဖက်မှာ ငြိမ်းချမ်းရေးဆွေးနွေး၊ တစ် ဖက်က ထိုးစစ်ဆင်ဖိအားပေးတတ်တဲ့ ‘မီးစတစ်ဖက်၊ ရေမှုတ်တစ် ဖက်’မူဝါဒကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြားခဲ့ရတာ ဖြစ်ပါတယ်။ ဒါ ဒီတစ်ကြိမ်တည်း မဟုတ်ပါဘူး။ သမိုင်းကြောင်း တစ်လျှောက်လုံး ဒီလိုလုပ်ခဲ့တာချည်းပါပဲ။ ဘာဖြစ်လို့လည်းဆို တော့ မြန်မာအစိုးရအဆက်ဆက်မှာ ‘သူမနာ ကိုယ်မနာ’သဘောထားနဲ့ ပြည်တွင်းစစ် ရပ်စဲ၊ ငြိမ်းချမ်းရေးရယူလိုတဲ့ သဘောထား မရှိခဲ့ကြပါဘူး။ ‘သောင်းကျန်းမှုအမြစ်ဖြုတ် ချေ မှုန်းရေး’ကြွေးကြော်သံနဲ့ အပြုတ်တိုက်ရေးသဘောထားပဲ ရှိကြ ပါတယ်။ ‘ငြိမ်းချမ်းရေးဆွေးနွေးပွဲ’ဆိုတာ လက်တွေ့အားဖြင့် အမြစ်ဖြုတ်ချေမှုန်းရေးအတွက် စစ်ရှိန်မြှင့်နိုင်ဖို့ အသုံးပြုနေတဲ့ နည်းပရိယာယ်မျက်နှာဖုံးသာ ဖြစ်ခဲ့ရပါတယ်။

၂ဝ၁၁ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်က စစ်ပွဲ တွေအတွင်းမှာလည်း စစ်ရပ်စဲဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပခဲ့တာ (၁ဝ)ကြိမ်ထက် မနည်းတော့ပါဘူး။ ဒါပေမဲ့ စစ်ပွဲ တွေကို မရပ်စဲနိုင်ခဲ့တဲ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တစ် ကြိမ်ပြီးတိုင်း တိုက်ပွဲတွေ ပိုများလာပြီး စစ်ရှိန်တွေ ပိုမိုမြင့်မားလာ တာပဲရှိပါတယ်။ ဒီတစ်ကြိမ်မှာလည်း ၂ဝ၁၂၊ အောက်တိုဘာတုန်း က ရွှေလီမြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင် တဲ့နောက်ပိုင်းမှာ တဖြည်းဖြည်း စစ်ပွဲအရှိန်မြင့်တက်လာခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး ဖို့ KIA အဖွဲ့ကို ကမ်းလှမ်းခဲ့ပါသေးတယ်။ ဦးအောင်မင်း ငြိမ်း      ချမ်းရေးကမ်းလှမ်းပြီးနောက်ပိုင်းမှာမှ ထူးထူးခြားခြား စစ်ပွဲ အရှိန်က ပြည်တွင်းစစ်အသွင်ကနေ နိုင်ငံချင်းစစ်ပွဲအသွင် ကူး ပြောင်းခဲ့ရပါတယ်။ KIA ဌာနချုပ်ဝန်းကျင်ဖြစ်တဲ့ လိုင်ဇာမြို့ လေးတစ်ဝိုက်မှာ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေရဲ့ မြည်ဟည်း သံနှင့်အတူ အမြောက်သံ၊ စိန်ပြောင်းသံတွေ ဟိန်းညံနေပါတော့ တယ်။ ဒီလောက်သည်းသန်၊ ပြင်းထန်တဲ့ ထိုးစစ်အရှိန်အဟုန် အောက်မှာ ဌာနချုပ်ရှိ ဘယ်လိုခေါင်းဆောင်မျိုးက ငြိမ်းချမ်းရေး ကို စဉ်းစားနိုင်မှာလဲ။ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ ကမ်းလှမ်း တယ်ဆိုတာကို ဘယ်သူက ယုံကြည်နိုင်မှာလဲ။

ယုံကြည်မှုပြဿ      နာ

ယုံကြည်မှုဆိုတာ စကားလုံးနဲ့ တည်ဆောက်လို့ မရပါဘူး။ လက်တွေ့အပြုအမူနဲ့သာ တည်ဆောက်လို့ ရနိုင်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးစကားတွေ၊ ငြိမ်းချမ်းရေး စိတ်စေတနာ၊ ဆန္ဒတွေကို ဘယ်လောက် အမြှုပ်ထွက်အောင် ပြောနေ ပြောနေ လက်တွေ့က ထိုးစစ်အရှိန်အဟုန်တွေ မြှင့်တင်နေမယ်ဆိုရင် ငြိမ်းချမ်းရေးလို လားတယ်၊ တွေ့ဆုံဆွေးနွေးချင်တယ်ဆိုတာကို ဘယ်သူမှ ယုံ ကြည်မှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ အသာစီးရ အောင် စစ်ရေးအရ ဖိအားပေးတယ်လို့ပဲ မြင်ကြပါလိမ့်မယ်။ ဒီ အမြင်မျိုးတွေအောက်မှာ တွေ့ဆုံဆွေးနွေးနေလို့လည်း အကျိုး များနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် အကျိုးရှိနိုင်မယ့် တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်နိုင်ဖို့ ဦးစွာ ထိုးစစ်တွေ ရပ်ဆိုင်း ပေးဖို့ လိုပါလိမ့်မယ်။

ဒါပေမဲ့ ထိုးစစ်တွေ ရပ်ဆိုင်းပေးတယ်ဆိုတာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးအတွက် အခြေခံလိုအပ်ချက်တစ်ရပ်အဖြစ် သာ ရှိပါသေးတယ်။ စစ်ဆင်ရေးအဆင့်အသီးသီးအတွင်း ကချင် ပြည်နယ်တစ်ဝှမ်းလုံးမှာ အပြန်အလှန် ထွေးရောယှက်တင် ဖြစ် နေတဲ့ နှစ်ဖက်တပ်အခင်းအကျင်းတွေကို ရှင်းလင်းနိုင်ဖို့ သင့် လျော်မျှတတဲ့ နှစ်ဖက်သဘောတူ လက်ခံနိုင်မည့် ‘စစ်ရပ်စဲရေး မျဉ်း’တစ်ရပ် ပူးတွဲရေးဆွဲနိုင်ဖို့ အရေးကြီးပါတယ်။ ဒီလို ‘စစ်ရပ်စဲ ရေးမျဉ်း’ရေးဆွဲနိုင်ရေးအတွက် နှစ်ဖက်စလုံးက အဆုံးအဖြတ် ပေးနိုင်တဲ့ စစ်ဘက်ဆိုင်ရာ အာဏာပိုင် (သို့) အခွင့်အာဏာလွှဲ အပ်ခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ မအောင်မြင်ရတဲ့ အရင်းခံအကြောင်း ဟာ ဒီလို အဆုံးအဖြတ်ပေးနိုင်တဲ့ အာဏာပိုင်တွေ မပါဝင်ခဲ့ကြလို့ သာ ဖြစ်ပါတယ်။

နောက်ဆုံးကျင်းပခဲ့တဲ့ ရွှေလီဆွေးနွေးပွဲမှာ ဦးအောင်မင်း က မြောက်ပိုင်း ကစထမှူး ဒု-ဗိုလ်ချုပ်ကြီးမြင့်စိုးကို ဆွေးနွေး ပွဲတက်ဖို့ ခေါ်လာခဲ့ပေမယ့်KIA ဘက်က ဒုစစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်မော် တက်ရောက်မလာခဲ့လို့ ဆွေးနွေးပွဲဖျက်သိမ်းခဲ့ရတယ်လို့ စွပ်စွဲပါတယ်။ ဗိုလ်ချုပ်ဂွမ်မော်ကလည်း သူဟာ ဆွေးနွေးပွဲအဖွဲ့ ဝင်အဖြစ် တစ်ကြိမ်မျှ ပါဝင်ခဲ့ဖူးခြင်း မရှိကြောင်း၊ ဆွေးနွေးပွဲ ကိုယ်စားလှယ်အဖွဲ့ကိုလည်း အာဏာအပြည့်အဝ အပ်နှင်းခဲ့ပြီး ဖြစ်ကြောင်း၊ ဒါ့အပြင် ဦးအောင်မင်းတို့အဖွဲ့က သူတို့အဖွဲ့ရဲ့ ဖွဲ့ စည်းပုံနှင့် သဘောထားကို ဘာမျှ ပွင့်ပွင့်လင်းလင်း ကြိုတင်ပြော ဆိုညှိနှိုင်းခဲ့ခြင်း မရှိကြောင်းကို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ အချုပ်ပြောရရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ခဲ့ရတာ တစ်ဖက် နှင့် တစ်ဖက် ပွင့်လင်းရိုးသားမှုမရှိလို့၊ အပြန်အလှန် ယုံကြည်မှု မရှိကြလို့ ဖြစ်ရတယ်ဆိုတာ ရှင်းပါတယ်။ ဒီလို ပွင့်လင်းရိုးသားမှု နဲ့ ယုံကြည်မှုမရှိကြလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ခဲ့တဲ့ အကျိုး ဆက်ကတော့ ကချင်ပြည်နယ်မှာ နေ့စဉ် တစ်နေ့လျှင် တိုက်ပွဲ ခုနစ်ပွဲခန့် ဖြစ်ပွားနေပြီး ယနေ့အထိ တိုက်ပွဲပေါင်း (၂,၃ဝဝ)နီးပါးရှိကာ နှစ်ဖက် သေကျေဒဏ်ရာရသူပေါင်း ၁,၅ဝဝ ဝန်းကျင် ခန့် ရှိမယ်လို့ မှန်းဆရပါတယ်။ ဒီအနေအထားအောက်မှာ စစ် ရှောင်ဒုက္ခသည်များအရေအတွက်ကလည်း သဘာဝကျစွာ တစ် သိန်းကျော်သွားခဲ့ပါပြီ။

ပူးတွဲဓာတ်ပုံသစ်

မည်သို့ပင်ဆိုစေ တာဝန်ရှိသူ အာဏာပိုင်တစ်ယောက်၏ စကားတစ်ခွန်း၊ ဆုံးဖြတ်ချက်တစ်ရပ်အောက်တွင် သန်းပေါင်း များစွာသော ပြည်သူများ၏ ဘဝ၊ အသက်၊ သွေးများစွာတို့ စတေး တန်ဖိုးပေးခဲ့ရသည့် ခါးသီးနာကြည်း နောင်ကြဉ်ဖွယ်ရာ သမိုင်းသင်ခန်းစာကို အလေးအနက်ပြုသင့်ကြပါပြီ။ နှစ်ပေါင်း ၆ဝ ကျော် ကြာညောင်းခဲ့ပြီဖြစ်သည့် မြန်မာပြည် ပြည်တွင်းစစ် ဒဏ်ကြောင့် ပြည်သူများ၏ မည်မျှသော အသက်အိုးအိမ် စည်း စိမ် မည်ရွေ့မည်မျှ ဆုံးရှုံးကျေပြုန်းခဲ့ရသည်ကို ယနေ့တိုင် တွက် ချက်မှန်းဆနိုင်စွမ်း မရှိခဲ့ကြသေးပါ။ သို့တိုင် သမိုင်းအတွေ့အကြုံ အရ အသေအချာပြောနိုင်စွမ်းရှိသည်မှာ မြန်မာပြည်၏ ပြည် တွင်းစစ်ပြဿနာကို စစ်ရေးအင်အားသုံး၍ ဖြေရှင်းနိုင်စွမ်း မရှိ ပါ။ စစ်သည် နိုင်ငံရေး၏ အဆက်ဖြစ်သည့်အလျောက် နိုင်ငံရေး နည်းအရ ဆွေးနွေးဖြေရှင်းမှသာ မြန်မာပြည်၏ ပြည်တွင်းစစ် ပြဿနာကို အပြီးတိုင် ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။

ယင်းသို့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေးဆိုရာတွင်လည်း အယူဝါဒ၊ မူ၊ လမ်းစဉ်ပေါ်လစီပြဿနာများမှာ ဒုတိယအဆင့် ဖြေ ရှင်းရမည့် ပြဿနာများသာ ဖြစ်ပါသည်။ ဦးစွာ ပထမလိုအပ်သည် မှာ  ရိုးသားပွင့်လင်းစွာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေး ပင် ဖြစ်ပါသည်။ နှစ်ပေါင်း ၅ဝ ကျော်မျှ အပြန်အလှန် လက်နက် ကိုင် တိုက်ခိုက်လာကြသည့် အင်အားစုများအကြား နေ့ချင်းည ချင်း ယုံကြည်မှုတည်ဆောက်ရေးမှာ မလွယ်ကူလှပါ။ သို့တိုင် မဖြစ်နိုင်သည်တော့ မဟုတ်ပါ။ နှစ်ဦးနှစ်ဖက် နိုင်ငံရေးအရ ယုံ ကြည်စိတ်ချနိုင်သော ကြားခံပုဂ္ဂိုလ်မျိုး လိုအပ်ပါသည်။ မြန်မာ ပြည်တွင် တစ်ကမ္ဘာလုံးရော တစ်နိုင်ငံလုံးကပါ နိုင်ငံရေးအရ ယုံကြည်စိတ်ချခံထားရသူ ဒေါ်အောင်ဆန်းစုကြည်ရှိပါသည်။ ယနေ့ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ပြဿနာဖြေရှင်းရေးတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုပေးလျှင် အောင်မြင်မည် ဟု လုံးဝယုံကြည်ပါသည်။ ဤတွင် တစ်ခုသာ လိုအပ်ပါလိမ့်မည်။ အကယ်၍ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒု-ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သုံးယောက်တွဲ ဓာတ်ပုံကြီး သာ ထွက်ပေါ်လာနိုင်ခဲ့လျှင် ငြိမ်းချမ်းရေးအတွက် ပြည်သူ အပေါင်း နှစ်ထောင်းအားရ ဝမ်းမြောက်ကြမည်မှာ မြေကြီးလက် ခတ်မလွဲပါ။         ။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."