မြန်မာ့ပညာရေးစနစ်တိုးတက်ဖို့ ဘာတွေလိုနေလဲ

‘‘ပညာရှင်ပေါ် အမြင်မှန်ဖို့လိုပါတယ်။ ပညာရှင်အခွင့်အရေးကို ပြည့်ပြည့်ပေးဖို့လိုပါတယ်”

‘‘ြမန်မာနိုင်ငံမှာ ကြီးမားတဲ့ ပြဿ      နာတွေထဲက တစ်ခုက ဘာလဲဆိုတော့ ပညာရေးကို လူမှုအဖွဲ့အစည်းနဲ့ ဆီလျော်အောင် ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ ဒါဟာ သော့ချက်ကျတယ်”

‘‘အရည်အသွေး (Quality) ညံ့တာကတော့ နိုင်ငံက မတတ်နိုင်လု့ိ ထားလိုက်တော့။ ဒါပေမဲ့ အထဲမှာပါတဲ့စာသားက မှားမှန်းသိရင်တော့ ပြင်ဖို့ကောင်းတာပေါ့”

‘‘ပိုက်ဆံဟာ သော့ချက်ကျတဲ့ အရာပဲလေ။ ဒါပေမဲ့ ပိုက်ဆံပမာဏ ဘယ်လောက်ဆိုတာတစ်ခုတည်းနဲ့တော့ မပြီးဘူး။ အရေးကြီးတာက အဲဒီပိုက်ဆံတွေကို ဦးစားပေးရွေးချယ်ထားတဲ့ နယ်ပယ်တွေမှာ ဘယ်လို ခွဲဝေအသုံးချသလဲဆိုတာပါပဲ”

‘‘ပညာရေးကို ကောင်းစေချင်တဲ့သူတွေချည်းပဲ။ အတိုက်အခံရော၊ တာဝန်ရှိသူတွေရော၊ သူတို့က ဆုံဖို့လိုတယ်။ အလယ် အလတ်ဆွေးနွေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးသလို နှစ်ဖက်က ပညာရှင်ဆန်ဆန်ဆုံကြဖို့လိုတယ်။ အဲဒီထဲမှာမှ ပညာရှင်တွေ ဝင်ပြီးအကြံပြုပါရစေလို့”

(အောက်ဖော်ပြပါဆောင်းပါးမှာ ၂၀၁၃ ခုနှစ်၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်းတွင် ပါရှိသည့် မျက်နှာဖုံးဆောင်းပါးကို အကျဉ်းခြုံး၍ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။ မူရင်းဆောင်းပါးမှာ မဂ္ဂဇင်းစာမျက်နှာ ၁၂ မျက်နှာရှိပါသည်။)

ရန်ကုန်၊ မေ ၂၀၁၃

ရုရှားနှင့် ဂျာမနီမှာ ပညာရေးပါရဂူဘွဲ့အတွက် ရှစ်နှစ်လေ့လာဆည်းပူးခဲ့သည့် ဒေါက်တာခင်ဇော်သည် ပညာရေးနယ်ပယ်တွင် ပြုပြင်ပြောင်းလဲရေးတွေလုပ်မည်ဆိုသည့်ခံယူချက်နှင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ အချိန်က ၁၉၇၄ ခုနှစ်။ ခေတ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်။

သို့သော်လည်း သူမှန်းထားသကဲ့သို့ဖြစ်မလာခဲ့ပါ။

သရုပ်ပြရာထူးအဆင့်ဖြင့် ၁၈ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ရာထူးအဆင့်ဆင့်သို့ တက်လှမ်းခဲ့သော်လည်း ပညာရေး သုတေသနနှင့် စီမံအုပ်ချုပ်မှုနယ်ပယ်များတွင်သာ တာဝန်ပေးခံရ သောကြောင့် လေ့လာဆည်းပူးထားသည့် ပညာရပ်များ ကို ပြည့်ဝစွာအသုံးမချခဲ့ရဟု သူကဆိုသည်။

‘‘ကျွန်တော်က ပညာရေးပညာရှင်၊ ပညာရေးအလုပ် သိပ်လုပ်ချင်တာ။ ဒါပေမဲ့လို့ ကျွန်တော်က အုပ်ချုပ်မှုပိုင်းဆိုင်ရာတွေပဲ လုပ်ရတယ်။ အဲဒီတော့ စီမံအုပ်ချုပ်ရေးပိုင်းမှာအားကောင်းလာပေမယ့် သင်ကြားရေးအပိုင်းနဲ့ ပညာရေးအပိုင်းမှာတော့ အားပျော့သွားတယ်” ဟု ပညာရေးနယ်ပယ်တွင် ၄၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၀၇ တွင် အငြိမ်းစားယူခဲ့သည့် ပညာရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာခင်ဇော်က ပြန်ပြောပြသည်။

ပညာရှင်ဆိုသော်လည်း လုပ်ပိုင်ခွင့်မည်မည်ရရမရှိဘဲ အထက်အမိန့်အတိုင်းသာ ဆောင်ရွက်ခဲ့ရသောကြောင့် မြန်မာ့ပညာရေးနယ်ပယ်မှ အမှားအယွင်းအချွတ်အချော်များအတွက်လည်း သူ့တွင်တာဝန်ရှိသည်ဟု ခံယူကြောင်း ဒေါက်တာခင်ဇော်က ဖွင့်ဟသည်။

ပညာရှင်များကို ပညာရှင်များနှင့်တန်သည့် နေရာမပေးခြင်း၊ ပညာရှင်လုပ်ပိုင်ခွင့်လွတ်လပ်စွာ (Professional Autonomy) မပေးခြင်းနှင့် ပညာရေးအသုံးစရိတ်လွန်စွာနည်းပါးခြင်းတို့ကြောင့် တဖြည်းဖြည်းနှင့် ယုတ်လျော့ကျဆင်းလာခဲ့ သည့် မြန်မာ့ပညာရေးစနစ်ကို တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်နေသည့် ယနေ့ခေတ်ကာလတွင် ခေတ်နှင့် လျော်ညီသည့် ပညာရေးစနစ်အဖြစ်သို့ ပြောင်းလဲရန် လွန်စွာအရေးကြီးကြောင်း ပညာရှင်များက ပြောဆိုလာကြသည်။

ဘယ်လိုစတင်မလဲ

မြန်မာ့ပညာရေးတိုးတက်စေရန် ပညာရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (United Nations Educational, Scientific and Cultural Organization – UNESCO) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Program – UNDP) တို့ ပူးပေါင်း၍ မြန်မာ့ပညာရေးကဏ္ဍလေ့လာရေးအစီအစဉ်ကို ၁၉၉၀ ပြည့်နှစ်တွင် စတင်ခဲ့သည်။

၁၉၉၂ တွင် လေ့လာမှုအဆင့်(၁) နှင့် ၁၉၉၃ တွင် လေ့လာမှုအဆင့်(၂) တို့ ပြီးဆုံးခဲ့ကာ မြန်မာ့ပညာရေးကဏ္ဍအတွက် ပြင်ဆင်ရန်လိုအပ်သည့် အဓိကအချက်များကို သုံးသပ်တင်ပြခဲ့ ကြသော်လည်း အကောင်အထည်ပေါ်လာခြင်းမရှိခဲ့ကြောင်း ပညာရေးတက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခချုပ် ဦးဟန်တင်က ရေးသားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် သြစတြေးလျအမျိုးသား တက္ကသိုလ်မှ ထုတ်ဝေသော Dictatorship, Disorder and Decline in Myanmar စာအုပ်၊ အခန်း(၇)တွင် ဖော်ပြထားသည်။

ပြင်ဆင်ရန် လိုအပ်သည့် အဓိက အချက်အလက်များကို ပညာရေးကဏ္ဍ လေ့လာရေးအစီအစဉ်၏ ကြိုးပမ်းမှုဖြင့် သုံးသပ် တင်ပြခဲ့သော်လည်း အများစုမှာ အရာမထင် ဖြစ်နေဆဲပင်ဖြစ်သည်။

‘‘ပညာရေးကဏ္ဍ အဆင့်ဆင့်တွင် ပြဿ       နာများစွာ ရှိနေသည်။ မူလတန်းကြို (မူကြို) အဆင့်တွင်ပင် လျစ်လျူရှုမှုများ ရှိနေသည်”ဟု ဦးဟန်တင်က ရေးသားခဲ့သည်။

ပညာရေးဆွေးနွေးပွဲများတွင် ပညာရှင်များကို ပါဝင်ခွင့်ပေးသော်လည်း ဆုံးဖြတ်ချက်များချမည်ဆိုပါက ပညာရှင်များ ပေးသော အကြံဉာဏ်များကို လျစ်လျူရှုပြီး အာဏာပိုင်များ နဂို ကတည်းက လမ်းကြောင်းချထားသည့် ဆုံးဖြတ်ချက်များကို သာ ပြုလုပ်ခဲ့သောကြောင့် ပညာရေးပညာရှင်များမှာ သူတို့၏ အတွေ့အကြုံများကို ပေးရန် မဖြစ်နိုင်တော့ဘဲ တဖြည်းဖြည်း နောက်ရောက်သွားရကြောင်း ပညာရှင်များက ပြောသည်။

‘‘ဆွေးနွေးလည်း ဘာမှ မထူးပါဘူးဆိုပြီး ဘယ်သူမှ မဆွေးနွေးတော့ဘူး”ဟု ပညာရေးတက္ကသိုလ်၊ ပညာရေးစိတ်ပညာဌာနမှ အငြိမ်း စားပါမောက္ခ ဒေါက်တာသိန်းလွင်က ပြောပြသည်။

လွတ်လပ်ရေးရပြီးခါစ ၁၉၅၀ တစ်ဝိုက်တွင် ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှတွင်  အကောင်းဆုံး တက္ကသိုလ်တစ်ခုဖြစ်ခဲ့သော်လည်း ၁၉၆၂ တော်လှန်ရေးကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မှစတင်ကာ မြန်မာ့ပညာရေးစနစ်သည် တစ်စတစ်စနိမ့်ကျလာခဲ့ပြီး ၁၉၈၇ တွင် ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးနိုင်ငံများစာရင်းသို့ပင် ဝင်ခဲ့သည်။

ဘာအဓိက ပြင်ရမလဲ

မြန်မာပြည်တစ်ပြည်လုံးအတွက် အခက်အခဲက ပညာရှင်အစစ်အမှန်ကို မှန်သည့်နေရာတွင် သုံးနိုင်ရန်ဖြစ်သည်ဟု ဒေါက်တာခင်ဇော်က သုံးသပ်သည်။

‘‘ပညာရှင်ပေါ်အမြင်မှန်ဖို့လိုပါတယ်။ ပညာရှင်အခွင့်အရေးကို ပြည့်ပြည့်ပေးဖို့လိုပါတယ်” ဟု သူကဆိုသည်။

ပညာရှင်ဟုဆိုရာတွင် သဘောတရားရေးရာနှင့် လက်တွေ့ပိုင်း နှစ်ခုစလုံးပြည့်စုံသူကိုဆိုလိုပြီး ပညာရေးနယ်ပယ်တွင် ပါရဂူမြောက်အောင် လေ့လာခဲ့ကာ ပညာရေးနယ်ပယ်တွင်ပင် စိုက်လိုက်မတ်တတ် လေ့လာလုပ်ကိုင်သူဖြစ်ရန် အရေးကြီး ကြောင်း ဒေါက်တာခင်ဇော်က ဖွင့်ဆိုသည်။

‘‘ကျွန်တော်တို့ဆီမှာ ပထမဟာရှိရင် ဒုတိယဟာ မရှိဘူး၊ ဒုတိယဟာရှိရင် ပထမဟာ မရှိဘူးဖြစ်နေတယ်။ အင်ဂျင်နီယာက အင်ဂျင်နီယာပဲ၊ ဆရာဝန်က ဆရာဝန်ပဲ၊ ပညာရေးပညာရှင် မဟုတ်ဘူး”

ထို့ပြင် သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲရန်လည်း အလျင်အမြန်လိုအပ်လျက်ရှိပါသည်။

လက်ရှိ သင်ရိုးညွှန်းတမ်းများမှာ မှတ်သားစရာ အချက်အလက်များ အပေါ်တွင်သာ အခြေခံကာ အလွတ်ကျတ်မှတ်ဖြေဆိုခြင်း မှတ် ဉာဏ်ကိုသာ အားပေးရာရောက်သောကြောင့် တီထွင်ဖန်တီးမှု နှင့် တွေးခေါ်တီထွင်ကြံဆမှုများ အားနည်းလာစေသည့်အပြင် လွတ်လပ်စွာ ဆွေးနွေးပါဝင်နိုင်မှုကိုလည်း ဟန့်တားရာရောက် နေကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

‘‘ဒီဥစ္စာကိုပဲ သင်၊ ဒီဥစ္စာကိုပဲ မေး၊ ဒီဟာကိုပဲ ဖြေဆိုတာ မျိုးတွေဖြစ်နေတယ်။ ဆိုလိုတာကတော့ Reproduction (ပုံတူ) ပေါ့။ သဘောက ကက်ဆက်တစ်ခုတည်းကိုထည့်ပြီး ပြန်ထုတ်လိုက်တဲ့သဘောပေါ့”ဟု အငြိမ်းစားပါမောက္ခ ဒေါက်တာသိန်းလွင်က မှတ်ချက်ပြုသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး ဒေါက်တာခင်အေး (မောင်ခင် မင်-ဓနုဖြူ)ကလည်း ယခုလို မှတ်ချက်ပေးသည်။

‘‘ကျွန်တော်တို့ဆီက ပညာရေးက ကြက်တူရွေးပညာရေး ဖြစ်နေတယ်။ ဆရာက ဒါသင်တယ်။ သင်တဲ့ဟာအတိုင်း ပြန် ကျက်တယ်။ ကျက်ထားတဲ့အတိုင်း ပြန်ရေးတယ်။ အဲဒါမျိုးက မူကြိုက စပြီး Ph.D အထိ မလွတ်ဘူး။ အဲဒါကို အခြေခံကျကျ မပြောင်းနိုင်သမျှ ကာလပတ်လုံး ပညာရေးရည်မှန်းချက် အောင် မြင်ဖို့ မလွယ်ပါဘူး”

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့်ကာလဟု အစိုးရကပြောနေသည့်အတွက် ဒီမိုကရေစီနှင့် လိုက်လျော ညီထွေဖြစ်မည့် ပညာရေးအတွေးအခေါ်များ ပါဝင်သည့် ပညာ ရေးသင်ရိုးညွှန်းတမ်းများကို အမြန်ဆုံး စတင်သင့်ပြီဖြစ်ကြောင်း လည်း ပညာရှင်များက ထောက်ပြကြသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ဆိုရှယ်လစ် အတွေးအခေါ်များဖြင့် ပညာရေးသင်ရိုးများကို ရေးဆွဲခဲ့ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီခေတ်များတွင် မည်သည့် အတွေးအခေါ်မှ ထည့်သွင်းခြင်းမရှိတော့ဘဲ မှတ်ဉာဏ်ကိုသာ အခြေခံသည့် အလွတ်ကျက်၊ ပြန်ဖြေစနစ်ကိုသာ ဦးစားပေးခဲ့ သည့်အတွက် ပညာရေးစနစ်နိမ့်ကျလာခဲ့သည်ဟု ပညာရေး ပညာရှင်များက ဆိုသည်။

‘‘အခုထိ (ပညာရေးဆိုင်ရာ) ဒဿ      နမပြတ်သေးဘူး”ဟု လက်ရှိသင်ရိုးညွှန်းတမ်းများနှင့်ပတ်သက်ပြီး ဒေါက်တာခင်ဇော်က ကောက်ချက်ချသည်။

ကျေးလက်အတွက် စဉ်းစား

မြန်မာနိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသ တွင်နေထိုင်ပြီး အများစုမှာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြ သောကြောင့် ကျေးလက်ဒေသနေ ကျောင်းသား၊ ကျောင်းသူ များ မူလတန်းပညာရေးမပြီးဆုံးမီ ကျောင်းမှ နုတ်ထွက်သွား ခြင်းကို တားဆီးနိုင်စေရန် ကျောင်းသင်ရိုးညွှန်းတမ်းများ၊ ကျောင်းဖွင့်ချိန်ကာလများနှင့် ကျောင်းသင်ခန်းစာများကို နေရပ်ဒေသပေါ်မူတည်၍ လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင် သင့်ကြောင်း ပါမောက္ခဦးဟန်တင်က ၎င်း၏ စာတမ်းတွင် ဖော်ပြထားသည်။

မြို့ပြသင်ကြားမှုစနစ်ပုံစံသည် ကျေးလက်အတွက် သင့်လျော်ခြင်းမရှိသည့်အတွက် ကျေးလက်ဒေသအတွက် အမှန် တကယ်လိုအပ်သည့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို အဆောတလျင် ဦးစားပေး ဆောင်ရွက်ရန် လိုအပ်နေပြီး ထိုသို့ မဟုတ်ပါက ‘‘လူအများစုအတွက်ပညာရေးမဟုတ်တော့ဘဲ လူ နည်းစုအတွက် ပညာရေးသာဖြစ်လာမည်ဖြစ်သည်” ဟု ပါမောက္ခဦးဟန်တင်က ၎င်းင်း၏စာတမ်းတွင် ထည့်သွင်းရေးသားခဲ့သည်။

၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံထားသည့် အစိုးရစာရင်းများကိုမူတည်၍ UNESCO ၏ ၂၀၁၀ ခုနှစ် အတွင်းက လေ့လာသုံးသပ်ချက်အရ မူလတန်းအဆင့် ကျောင်းနေအရွယ်ကလေးငယ်အားလုံး၏ ၈၄ ဒဿမ ၁ ရာခိုင်နှုန်းမှာ ကျောင်းအပ်ကြသော်လည်း ၅၄ ဒဿမ ၂ ရာခိုင်နှုန်းခန့်သာ မူလတန်းအဆင့်ပြီးကြသည်ဟု ဆိုသည်။‘‘မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ပြဿနာတွေထဲက တစ်ခုက ဘာလဲဆိုတော့ ပညာရေးကို လူမှုအဖွဲ့အစည်းနဲ့ ဆီလျော်အောင် ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ ဒါဟာ သော့ချက်ကျတယ်”ဟု UNESCO (မြန်မာ) ၏ အကြီးအကဲ မစ္စတာဆာဒါအူမာ အလမ်  (Sardar Umar Alam) က သုံးသပ်သည်။

လက်ရှိအခြေခံပညာရေးစနစ်တွင် မူလတန်း ငါးနှစ်၊ အလယ်တန်း လေးနှစ်နှင့် အထက်တန်း နှစ်နှစ် (၅၊ ၄၊၂) စုစု ပေါင်း ၁၁ နှစ် ရှိနေသည့်နေရာတွင် ၁၂ နှစ် အနည်းဆုံးရှိသင့် ကြောင်းနှင့် သူငယ်တန်းအဆင့်သည် မူကြိုအဆင့်သာ ဖြစ်သင့် ကြောင်း အကြံပြုချက်များလည်း ရှိနေသည်။

မြန်မာနိုင်ငံ ပုဂ္ဂလိကဆရာများအသင်း ဥက္ကဋ္ဌ၊ ဒေါက်တာစိုးဝင်းဦး(ဒေါက်တာဘိုင်အို)က သူငယ်တန်းဆိုသည်မှာ မူကြို အဆင့်သာဖြစ်သင့်ကြောင်းကို ယခုလိုထောက်ပြသည်။

‘‘ဒသမတန်း ဆိုတာကို Grade – 11 ဆိုပြီး အတင်းပြောထား တယ်။ ပြောပုံပြောနည်းကတော့ သူငယ်တန်းကို Grade-1 လို့ သတ်မှတ်လိုက်လို့ပဲ။ ဒါ သတ်မှတ်ခွင့်မရှိပါဘူး။ ကမ္ဘာပေါ်မှာ သူငယ်တန်းဆိုတာ မူလတန်းပညာရေးမဟုတ်ဘူး။ သူငယ်တန်းဆိုတာ မူကြိုပညာရေးပဲ”

အောက်ခြေကစပြီးမပြင်ပါက မြန်မာ့ပညာရေးကဏ္ဍကြီးတစ်ခုလုံးပြုပြင်ပြောင်းလဲရန် မထိရောက်နိုင်ကြောင်းနှင့် အောက်ခြေမခိုင်ပါက အဆင့်မြင့်တန်းများ ရောက်လေလေ ပညာရေးကွာဟချက် ပိုများလေလေ ဖြစ်လာမည် ဖြစ်သော ကြောင့် အောက်ခြေမှစ၍ သေသေချာချာပြုပြင်ရန်လိုအပ်မည်ဖြစ်ကြောင်း အငြိမ်းစားပါမောက္ခ ဒေါက်တာသိန်းလွင်ကဆိုသည်။

မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ရန်ရှိသော်လည်း အားနည်းချက်များ၊ အားသာချက်များကိုချိန်ညှိနေရခြင်းကြောင့် အချိန်ယူရဦးမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက မော်ကွန်းမဂ္ဂဇင်းသို့ ပြောသည်။

‘‘သင်ရိုးဆိုတာ နှစ်နှစ်နဲ့ ရော့…အင့် ဆိုပြီး ပြင်လို့ မရဘူး။ ငါးနှစ်နဲ့ လုပ်မလား၊ သုံးနှစ်နဲ့ လုပ်မလား ချိန်ဆနေရတယ်။ တစ်ယောက်တည်းလည်း လုပ်လို့မရဘူး။ အားလုံးကို ချပြရမယ်။သက်ဆိုင်သူအားလုံးကိုပေါ့”ဟု ဦးအေးကြူက ရှင်းပြသည်။

အဆင့်မီဆရာများ မွေးထုတ်ရေး

သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲခြင်းကဲ့သို့ အရေးကြီးသောနောက်အချက်တစ်ချက်မှာ သင်ကြားမှုအရည်အသွေး ပြည့်ဝသည့် ဆရာ၊ ဆရာမများ လုံလောက်စွာရှိရန်ဖြစ်သည်။

အငြိမ်းစားပါမောက္ခ ဒေါက်တာသိန်းလွင်က ‘‘သင်ရိုး ညွှန်းတမ်းတွေကိုကမ္ဘာ့အဆင့်မီအောင် ဘယ်လောက်ပဲ ပြင်နေနေ၊ သင်တဲ့ဆရာက ကလေးတွေရဲ့ ရင်ထဲ၊ စိတ်ထဲကို ရောက် သွားအောင်၊ သဘောတရားနားလည်အောင်၊ ပြန်ပြီးဝေဖန် ပိုင်း ခြားတတ်လာအောင် မသင်နိုင်ဘူးဆိုရင် ကက်ဆက်နဲ့ သွားတူ တယ်။ ဒီအသံထည့်ထားပြီး ဖွင့်လိုက်တဲ့အခါ ဒီအသံပဲ ပြန်ထွက် တယ်ဆိုတာပေါ့”ဟု ကျောင်းဆရာ၊ ဆရာမများအဆင့်မီရေးနှင့် ပတ်သက်ပြီး သူ့အမြင်ကို ပြောသည်။

မြန်မာနိုင်ငံရှိ စာသင်ခန်းများသည် ကျောင်းသားများက ဆရာသင်ကြားပို့ချသမျှကိုသာ နာယူရသော အစဉ်အလာဖြစ်ပြီး စာပိုဒ်များကို အလွတ်ကျက်မှတ်ပြန်ဆိုရသည်။ ဆရာများသည် စာသင်ခန်းတွင် အာဏာပိုင်များဖြစ်ပြီး ကျောင်းသားများအား စည်းကမ်းသေဝပ်ရန်နှင့် သင်သမျှနာခံကြရန် လိုလားသည်။ မေးခွန်းထုတ်ခြင်း၊ ကျောင်းသားအချင်းချင်း ဆွေးနွေးခြင်းကို အားမပေးကြပါဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ပညာရေးကော်မတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(ယခုအခါ NLD နှင့် ပတ်သက်ခြင်းမရှိတော့။) ဒေါက်တာသိန်းလွင်က ၂၀၀၉ ခုနှစ်အတွင်း “မြန်မာနိုင်ငံပညာရေးနှင့် ဒီမိုကရေစီ” စာတမ်းတွင် ရေးသားခဲ့သည်။

UNESCO မှ ပညာရေးကျွမ်းကျင်သူ ဂျေမီဗင်ဆန် (Jamie Vinson) က ‘‘ကမ္ဘာတစ်လွှားက ဆရာတွေလိုပဲ မြန်မာနိုင်ငံက ဆရာတွေဟာလည်း သူတို့ရဲ့ အလုပ်မှာ စဉ်ဆက်မပြတ် တိုးတက်စေဖို့ တာဝန်မထမ်းဆောင်ခင်နဲ့ တာဝန်ဆောင်နေတဲ့ ကာလတွေမှာ အထောက်အပံ့တွေ၊ သင်တန်းတွေ လိုအပ်ပါ တယ်”ဟု မြန်မာကျောင်းဆရာ၊ ဆရာမများ စွမ်းရည်ပြည့်ဝစေရန် လိုအပ်လျက်ရှိကြောင်း ထောက်ပြသည်။

ဆရာ၊ ဆရာမအချိုး

လက်ရှိတွင် အခြေခံပညာအဆင့်တွင် (၁၀တန်းအထိ) ကျောင်းသား၊ ကျောင်းသူပေါင်း ၈ ဒသမ ၄ သန်းရှိပြီး ဆရာ၊ ဆရာမ နှစ်သိန်း ရှစ်သောင်းရှိသည်ဟု ပညာရေးဝန်ကြီးဌာနစာရင်းများတွင် ဖော်ပြသည်။

၎င်းအရေအတွက်အရဆိုလျှင် ကျောင်းသား ၃၀ ဦးလျှင် ဆရာတစ်ဦး အချိုးကျဖြစ်သည်ကိုတွေ့ရသည်။ သို့သော် လက် တွေ့တွင်မူ မြို့ပေါ်ရှိ နာမည်ကြီးကျောင်းများတွင် ကျောင်းသား ခြောက်ဆယ်ထက်ပိုသော စာသင်ခန်းများရှိနေသလို အချို့ ကျေးလက်တောရွာများတွင် ကျောင်းသား ဆယ်ယောက်လောက်သာရှိသည့် စာသင်ခန်းများလည်း ရှိနေသည်ကို      တွေ့ရသည်။

UNESCO က ၂၀၁၀ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့်          “အားလုံးအတွက် ပညာရေး ကမ္ဘာလုံး ဆိုင်ရာ စောင့်ကြည့်ရေး အစီရင်ခံစာ” (Education For All Global Monitoring Report) အဆိုအရ မြန်မာနိုင်ငံရှိ ကျောင်းသားနှင့် ဆရာအချိုးမှာ မူလတန်းအဆင့် ၂၈ း ၁ ၊ အလယ်တန်းအဆင့်မှာ ၃၆ း ၁ ရှိပြီး အထက်တန်းမှာ ၄၀ း ၁ ရှိသည်ဟု ဆိုသည်။ အချို့နေရာများတွင် ကျောင်းသားအလွန်များသည့် စာသင်ခန်းများရှိနေသည်ဟု လည်း ဖော်ပြသည်။

နှစ်စဉ် ဆရာပေါင်း ကိုးထောင်ဝန်းကျင်ကို လေ့ကျင့်သင် တန်းပေးနေသော်လည်း ၇,၅၀၀ လောက်သာ ကျောင်းဆရာလုပ် ဖြစ်ကြသည်ဟု UNESCO မှ ပညာရေးကျွမ်းကျင်သူဂျေမီဗင်ဆန်က ဆိုသည်။

‘‘ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊ လူငယ်တွေကိုသာ ပညာရေးစနစ်ထဲကို ဆွဲခေါ်လိုက်မယ်ဆိုရင် (ဒါဟာ စိတ်ကူးယဉ် ကြည့်တာပါ) ဆရာများများ လိုပါလိမ့်မယ်”ဟု ပညာရေး ကျွမ်း ကျင်သူ ဂျေမီဗင်ဆန် ကပြောသည်။

ကျောင်းဆရာနှင့်ဆရာမအချိုးတွင်လည်း ဆရာမသာ များနေပြီး ဆရာအရေအတွက်မှာ သိသိသာသာပင် နည်းပါးနေ သည်ကို တွေ့ရသည်။

ပညာရေးတက္ကသိုလ်ဝင်ခွင့်အမှတ်များတွင် ယောက်ျား လေးများကို မိန်းကလေးများထက် အမှတ်လျှော့ပေးသော်လည်း ကျောင်းဆရာများမှာ ရှားပါးနေဆဲဖြစ်ပြီး အရည်အချင်းပိုမိုနိမ့် ကျလာသည်ဟု ဒေါက်တာခင်ဇော်က ပြောသည်။

ဆရာဦးရေဘာကြောင့်နည်း

‘‘ကျွန်တော့်ကိုမေးရင်တော့ ယောက်ျားအညံ့နဲ့ မိန်း ကလေး အတော်၊ မိန်းကလေး အတော်ပဲယူမယ်”ဟု ၎င်းကဆိုသည်။

ပညာရေးတက္ကသိုလ် တတိယနှစ်၊ စတုတ္ထနှစ်ရောက်မှ ကျောင်းထွက်၊ သင်္ဘောလိုက်ကာ ယခုအခါ ကြီးပွားနေသူများရှိပြီး ‘‘ကျောင်းဆရာလုပ်တဲ့သူတွေက အရင်အတိုင်းပဲ။ ယောကျ်ားလေးတွေအတွက် ပညာရေးမှာ နေရာနည်းတယ်”ဟု သူ၏အတွေ့အကြုံကို ပြန်ပြောပြသည်။

ယောကျ်ားအများစုမှာ အိမ်ထောင်ဦးစီးများ ဖြစ်နေကြပြီး အစိုးရပေးသောလစာမှာ အိမ်ထောင်တစ်ခုကို ထိန်းသိမ်းနိုင်ရန် မလွယ်သောကြောင့် အမျိုးသားကျောင်းဆရာများနည်းပါးရ ခြင်းဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။

ဒေါက်တာစိုးဝင်းဦးက ‘‘ဆရာတွေနည်းသွားရတာဟာ တိုင်းပြည်ရဲ့ စားဝတ်နေရေးပြဿနာတွေနဲ့ တိုင်းပြည်စီးပွားရေး ကြောင့်ပါပဲ”ဟုပြောသည်။ တစ်ပြည်လုံးရှိ ကျောင်းဆရာ၊ ဆရာ မများ၏ ငါးရာခိုင်နှုန်းခန့်သာ ကျောင်းဆရာများဖြစ်သည်ဟုလည်း ၎င်းက ခန့်မှန်းသည်။

လာမည့်စာသင်နှစ် (၂၀၁၃-၂၀၁၄) တွင် ကျောင်းပေါင်း ၄,၅၀၀ အထိတိုးချဲ့သွားမည်ဖြစ်ပြီး ဆရာ၊ ဆရာမအသစ် ငါး သောင်းခန့်အထိ ထပ်မံခန့်အပ်သွားရန်ရှိကြောင်းနှင့် ပညာရေး ကဏ္ဍတွင် ဝန်ထမ်းအပြည့်ခန့်အပ်ရန်လည်း  ခွင့်ပြုထားပြီးဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။

‘‘ဇွန် ၃ ရက် ဖွင့်တာနဲ့ ဆရာ၊ ဆရာမအသစ်တွေ ခန့်တော့မယ်။ ဆရာတွေကို မူလတန်းစာပေးစာယူသင်တန်းပြန်တက်ခိုင်းမယ်။ ရှိသင့်တဲ့အရည်အချင်းမရှိလည်း လုံးလုံးမရှိတာနဲ့ စာရင်တော့ ဆရာ၊ ဆရာမတွေအပြည့်ရှိဖို့လိုဦးမယ်”ဟု ဒုတိယ ဝန်ကြီးက ပြောသည်။

လာမည့်နှစ်တွင် အစိုးရကျောင်းများ၌ မူလတန်းပြ ဆရာ၊ဆရာမအဖြစ် လျှောက်ထားလိုသူများသည် ယခင်နှစ်များ ကကဲ့သို့ ဆယ်တန်းရမှတ်ကို မူတည်မဆုံးဖြတ်တော့ဘဲ စိတ်ပါ ဝင်စားသူ မည်သူမဆို ဝင်ခွင့်လျှောက်ထားနိုင်ပြီဟု  အခြေခံ ပညာဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

ပညာရေးဘတ်ဂျက်

၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် အစိုးရအနေဖြင့် ပညာရေးအသုံးစရိတ်များကို တိုးမြှင့်ချထားပေးခဲ့သည်။ ယခင် နှစ်က ၄ ဒဿမ ၄ ရာခိုင်နှုန်းမှ ယခုနှစ်တွင် ၅ ဒဿမ ၈၄ ရာခိုင် နှုန်း ဖြစ်လာခဲ့ပြီး မြန်မာကျပ်ငွေ ၉၀၀ ဘီလီယံ သုံးစွဲခွင့်ရခဲ့သည်။

ပညာရေးဘတ်ဂျက်၏ ၉၀ ရာခိုင်နှုန်းကို ဝန်ထမ်းလစာ အဖြစ် အသုံးပြုနေရပြီး ကျောင်းသုံးစာအုပ်များနှင့် ကျောင်း အဆောက်အအုံတိုးတက်ရေးများတွင် အသုံးပြုမှု နည်းပါးနေ သေးသည်။‘‘ပိုက်ဆံဟာ သော့ချက်ကျတဲ့ အရာပဲလေ။ ဒါပေမဲ့ ပိုက်ဆံပမာဏ ဘယ်လောက်ဆိုတာတစ်ခုတည်းနဲ့တော့ မပြီးဘူး။ အရေးကြီးတာက အဲဒီပိုက်ဆံတွေကို ဦးစားပေးရွေးချယ်ထားတဲ့ နယ်ပယ်တွေမှာ ဘယ်လို ခွဲဝေအသုံးချသလဲဆိုတာပါပဲ”ဟု ပညာရေးကျွမ်းကျင်သူ ဂျေမီဗင်ဆန်က သုံးသပ်သည်။

အစိုးရအနေနှင့် ဘတ်ဂျက်ကို တိုးပေးရမှာဖြစ်သလို ဘတ် ဂျက်ကို ခွဲဝေသုံးစွဲရာတွင် ဝန်ထမ်းများ၏ လစာအတွက်ပဲ သုံးစွဲ နေတာမျိုးမဟုတ်ဘဲ အခြားအရေးကြီးသောကဏ္ဍများ (ဥပမာ- အရည်အသွေးနှင့် နည်းပညာ၊ သင်ကြားရေးနှင့် သင်ရိုးညွှန်း တမ်းများ တိုးတက်လာရေး)တွင်ပါ သုံးစွဲရန်လိုအပ်သည်ဟု ဒေါက်တာစိုးဝင်းဦးကလည်း အကြံပြုပါသည်။

ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ အရည်အသွေးမှာလည်းနိမ့်ကျလျက်ရှိပြီး အမှားအယွင်းများ ပါဝင်လျက်ရှိသောကြောင့် သင်ကြားရေး အထောက်အကူမဖြစ်စေသည့်အပြင် လူငယ်များအမှတ်မှားစေနိုင် ကြောင်း ပညာရှင်များက ဝေဖန်ကြသည်။

ပညာရေးအသုံးစရိတ်နည်းသောကြောင့် စာအုပ်အရည် အသွေးနိမ့်ကျသည်ကို လက်ခံနိုင်သော်လည်း အသစ်ထပ်မံရိုက် နှိပ်ထုတ်ဝေသည့် စာအုပ်များတွင်လည်း အချက်အလက်အမှား များကို ပြင်ဆင်ခြင်းမတွေ့ရဟု ပညာရေးစိတ်ပညာရှင် ပါမောက္ခ ဒေါက်တာသိန်းလွင်က ထောက်ပြသည်။

‘‘အရည်အသွေး (Quality) ညံ့တာကတော့ နိုင်ငံက မတတ်နိုင်လု့ိ ထားလိုက်တော့။ ဒါပေမဲ့ အထဲမှာပါတဲ့စာသားက မှားမှန်းသိရင်တော့ ပြင်ဖို့ကောင်းတာပေါ့။ ဒါတွေကိုကြည့်ခြင်း အားဖြင့် ပညာရေးမှာ သေသေချာချာ ကြီးကြပ်ခြင်းဆိုတာ မရှိ ဘူးလို့ နားလည်တယ်လေ”

၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ထုတ်ဝေထားသော သူငယ်တန်း အထွေထွေဘာသာ သဘာဝသိပ္ပံဖတ်စာအုပ်၌ အရောင်များခွဲခြားလေ့ကျင့်စေသည့် လေ့ကျင့်ခန်းများ ပါဝင် သော်လည်း ပုံနှိပ်စာအုပ်တစ်အုပ်လုံးမှာ အဖြူ၊ အမည်း အရောင် များဖြင့်သာ ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။ သရုပ်ဖော်ပန်းချီ များမှာလည်း လက်တွေ့ပြင်ပ၌ရှိသော အစစ်အမှန်များနှင့် မနီး စပ်ကြောင်း တွေ့ရှိရသည်။

ဘတ်ဂျက်ခွဲဝေသုံးစွဲရာတွင် အရည်အသွေးနှင့် နည်း ပညာ၊ သင်ကြားမှု၊ သင်ထောက်ကူနှင့် သင်ရိုးစာအုပ်များ၊ ဆရာ အရည်အချင်းမြှင့်တင်ရေးလုပ်ငန်းများတွင် သုံးစွဲမှုနည်းပါးနေ သေးသည်ဟု ဒေါက်တာစိုးဝင်းဦးက သုံးသပ်သည်။

‘‘တက္ကသိုလ်ပညာရေးမှာ ဘတ်ဂျက်ရဲ့ သုံးပုံတစ်ပုံသုံးရင် အခြေခံပညာမှာ သုံးပုံနှစ်ပုံလောက်အထိသုံးမှရမယ်”ဟု ၎င်းက ပြောသည်။

ဤသို့ဆိုလိုခြင်းမှာ တက္ကသိုလ်ပညာရေးကို ပစ်ပယ်ထား ရန် မဟုတ်ဘဲ တက္ကသိုလ်များကို ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်နှင့် ရန်ပုံငွေသီးသန့်ရှာဖွေစေကာ တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်စေရန် ထူထောင်ခွင့်ပေးရမည်ဟု ၎င်းက ဆက်ပြောသည်။

အစိုးရ၏ ပညာရေးအသုံးစရိတ်မှာ ယခင်နှစ်များကထက် တိုးမြင့်လာခဲ့သော်လည်း ပြည်သူလူထုသုံးစွဲနေရသော ပညာရေးအသုံးစရိတ်မှာလျော့နည်းသွားခြင်းမရှိသေးသည်ကို တွေ့    ရသည်။

ကျူရှင်ကို ဘာကြောင့် အားကိုး

ကျောင်းသားများနှင့် မိဘများမှာလည်း စာမေးပွဲတွင် အမှတ်ကောင်းကောင်းရရန်သာ ဦးတည်သောကြောင့် ကျောင်း ပြင်ပတွင် တက်ရောက်ရသည့် ကျူရှင်များကို အချိန်ကုန်၊ ငွေ ကြေးကုန်ကျခံကာ အားကိုးနေကြဆဲဖြစ်သည်။

ကျောင်းဆရာများမှာလည်း ခေတ်နှင့်လျော်ညီသည့် လူနေမှုစနစ်ကို မိမိတို့လုပ်ခလစာဖြင့် မကာမိသောကြောင့် လည်းကောင်း၊ မိဘများ၏ လိုအပ်ချက်အရလည်းကောင်း ကျောင်းပြင်ပတွင် ကျူရှင်များ သင်ကြားပေးကြရသည်။

အချို့ကျောင်းများတွင် သူငယ်တန်းအဆင့်ကိုပင် အတန်း ပိုင်ဆရာမကိုယ်တိုင် ဖွင့်ထားသော ကျူရှင်သို့ တက်ရောက်ခိုင်း သောကြောင့် မိဘများမှာ မိမိတို့ကလေး အတန်းအောင်စေရန် ၎င်းကျူရှင်သို့ မဖြစ်မနေ ပို့ဆောင်ပေးနိုင်ရန် အားထုတ်ရသည် ကို တွေ့ရသည်။

‘‘ကျွန်တော်တို့မှာ အောက်ဆိုက်(လခမဟုတ်သော ပြင်ပဝင်ငွေ)မရှိတဲ့အခါ အလိုလို အဲဒီရောက်သွားတယ်။

‘‘မိဘကလည်း ပြင်ရမှာပဲ၊ ကျောင်းသားကလည်း ပြင်ရ မှာပဲ။ ဆရာကလည်း ပြင်ရမှာပဲ။ သူတို့သုံးယောက်ပြင်တာက ဒုတိယပေါ့။ စစချင်းကတော့ တာဝန်ရှိသူတွေ ပြင်ရမှာပဲ”ဟု ဒေါက်တာခင်ဇော်က ပြောသည်။

ယခင်က ဆရာ၊ ဆရာမများ၏ ပို့ချမှုကိုမှတ်သားကာ စာ ကြည့်တိုက်တွင် မိမိသိလိုသည့်အချက်အလက်များကို ရှာဖွေစု ဆောင်းပြီး ကြိုးစားအားထုတ်ခဲ့ကြရသော်လည်း ယနေ့ခေတ် တွင် ကျူရှင်ဆရာ၊ ဆရာမ ပေးသည့် မှတ်စုများကိုသာ အလွတ် ကျက်ရန် အားသန်လာပြီး ဆရာ၊ ဆရာမများကလည်း သင်ကြား သူများ မဟုတ်တော့ဘဲ မှတ်စုပေးသူအဆင့်သာရှိတော့ကြောင်း ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) က ဝေဖန်ချက်ပေးသည်။

‘‘ဒီနေ့ ဆရာ၊ ဆရာမ တော်တော်များများသည် ဆရာ၊ ဆရာမအဆင့်ကနေ တန်းလျှောပြီးတော့ မှတ်စုပေးတဲ့အဆင့် ရောက်နေတယ်။ အခြေခံမှာရော၊ အဆင့်မြင့်မှာရော”ဟု ၎င်းက ဆိုသည်။

ကျောင်းသားမိဘများအနေဖြင့်လည်း မိမိကလေး အမှတ် ကောင်းကောင်းရရေးကိုသာ ဦးစားပေးကာ ကျူရှင်အပေါ်    အလွန်အကျွံမှီခိုနေခြင်းမှ ရှောင်ကြဉ်သင့်ပြီး အတွေးအခေါ် ပိုင်းနှင့် ခံစားမှုပိုင်းများ ပိုမိုအား ကောင်းလာစေရန် ဂရုပြုသင့် ကြောင်း ပညာရှင်များက အကြံပေးကြသည်။

အရည်အသွေး ဦးတည်ပေးပါ

မြန်မာနိုင်ငံသည် စာတတ်မြောက်မှုနှုန်း မြင့်မားသော နိုင်ငံတစ်ခုဖြစ်နေသော်လည်း အစစ်အမှန်အရည်အချင်း မရှိ သောကြောင့် ဘွဲ့ရများ အလုပ်အကိုင်ကောင်းကောင်းမရကြဟု ပညာရှင်များက ထောက်ပြကြသည်။

ပညာရေးဝန်ကြီးဌာန၏စာရင်းများအရ မြန်မာနိုင်ငံ၏စာတတ်မြောက်မှုနှုန်းမှာ ၉၅ ဒဿ       မ ၈ ရာခိုင်နှုန်းရှိသည်။

ပညာရေးကိုလက်လှမ်းမီအောင် လုပ်ပေးခြင်းသည် ကောင်းမွန်သော်လည်း အရေအတွက်သာများပြီး အရည်အသွေး နည်းခြင်းကြောင့် ‘‘ပညာမတတ်၊ တတတ်တွေပဲ ဖြစ်လာတာ ပေါ့”ဟုပါမောက္ခဟောင်း ဒေါက်တာသိန်းလွင်က မှတ်ချက်ပြုသည်။

ဒေါက်တာခင်ဇော်ကလည်း အရေအတွက်များပြီး အရည် အချင်းနည်းလာပုံကို ယခုလိုပြောသည်။

‘‘ကျွန်တော်တို့ဟာ အရေအတွက် (Quantity) လိုက်ရင်း နဲ့ အရည်အသွေး (Quality) လျော့နည်းလာတယ်။ ဒါပေမဲ့ ကျွန် တော်ပြောချင်တာက ဒီအချိန်ဟာ အရည်အသွေး (Quality) အချိန်ဖြစ်တယ်”

ပြီးခဲ့သည့် အနှစ်နှစ်ဆယ်အတွင်း အစိုးရ၏ပညာရေးမူဝါဒ များကို သုံးသပ်ရမည်ဆိုလျှင် အစိုးရသွားချင်သည့် လမ်းကြောင်း အတိုင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု သုံးသပ်ရ မည်ဖြစ်ကြောင်း ဒေါက်တာခင်ဇော်က ပြောသည်။

‘‘ကိုယ့်အတိုင်းအတာနဲ့ ကိုယ်ကြည့်ရင် အောင်မြင်တယ်။ စာတတ်မြောက်မှုနှုန်းက နိုင်ငံတကာမှာ နိမ့်တဲ့အထဲမပါဘူး။ တစ်ခုတော့ရှိတယ်။ နိုင်ငံတကာက စံနှုန်းတွေနဲ့ လာပြီးစစ်ဆေး ကြည့်မယ်ဆိုရင်တော့ အာမမခံနိုင်ဘူး။ သူတို့တိုင်းတာတဲ့ အညွှန်းကိန်း (Index) တွေက ကျွန်တော်တို့နဲ့မတူဘူး”ဟု ဒေါက်တာခင်ဇော်က သူ့အမြင်ကို ပြောသည်။

ပါမောက္ခဟောင်း ဒေါက်တာသိန်းလွင်ကမူ ယခုလို သုံး သပ်သည်။

‘‘ပညာရေးကို ကျွန်တော်တို့ဆီမှာ အားပေးတာမဟုတ် ဘူးလို့ ကျွန်တော်ထင်တယ်။ ပညာရေးကို စနစ်တကျ ဖျက်ဆီး လိုက်သလားလို့တောင် ကျွန်တော်ကတော့ အောက်မေ့တယ်”

အစိုးရသစ်နှင့်အတူ ယခင်ကထက် ပွင့်လင်းလာသည့် ခေတ်တွင် မြန်မာလူမျိုးများမှာလည်း ကမ္ဘာနှင့် ရင်ပေါင်တန်းပြီး မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်လာရတော့မည်ဖြစ်သောကြောင့် အရည်အသွေးမြင့်ပညာရေး လိုအပ်လာမည်ဟု ဂျေမီဗင်ဆန်က ဆိုသည်။

‘‘မြန်မာဟာ ဒေသတွင်းမှာ အရေးပါတဲ့ နိုင်ငံဖြစ်လာနေ တော့ အထက်တန်းပညာရေးမှာ အရည်အသွေး အာမခံနိုင်ရေး ဆိုတာက အာရုံစိုက်ရမယ့် ဧရိယာတစ်ခုပဲ”ဟု ဂျေမီဗင်ဆန်က သုံးသပ်သည်။

၂၀၁၃ နှစ်ကုန်တွင် နိုင်ငံလုံးဆိုင်ရာ ပညာရေးမူဝါဒ ပထမ မူကြမ်းနှင့် ၂၀၁၄ နှစ်ဆန်းတွင် ဒုတိယမူကြမ်းရေးဆွဲကာ လွှတ် တော်သို့ တင်ပြအတည်ပြုနိုင်ရန် ဆောင်ရွက်မည်ဟု ပညာရေး ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်က သတင်းထုတ် ပြန်ခဲ့သည်။

အမျိုးသားပညာရေးဥပဒေကြီးတစ်ခု အကောင်အထည် ပေါ်လာစေရန်လည်း လုပ်ရင်းကိုင်ရင်းနှင့် ပြုပြင်သွားဖို့ ကြိုးစား နေသည်ဟု ပညာရေး ဒုတိယဝန်ကြီးက ပြောသည်။

အစိုးရဝန်ကြီးဌာနအပါအဝင် နိုင်ငံရေးပါတီများနှင့် အရပ် ဘက်လူမှုအဖွဲ့အစည်းများ ဝိုင်းဝန်းအဖြေရှာနေခြင်းသည်      ကောင်းသောလုပ်ငန်းစဉ်များဖြစ်သော်လည်း တစ်စုတစ်စည်း တည်းတွေ့ ဆုံပြီး ပညာရေးပညာရှင်များ၏ အကြံဉာဏ်များနှင့် ပေါင်းစပ်ကာ ရင်းရင်းနှီးနှီးအဖြေရှာရန်မှာ အရေးတကြီး လိုအပ်နေသည်ဟု ဒေါက်တာခင်ဇော်က ယခုလိုအကြံပေးသည်။

‘‘ပညာရေးကို ကောင်းစေချင်တဲ့သူတွေချည်းပဲ။ အတိုက်အခံရော၊ တာဝန်ရှိသူတွေရော၊ သူတို့က ဆုံဖို့လိုတယ်။ အလယ် အလတ်ဆွေးနွေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးသလို နှစ်ဖက်က ပညာရှင်ဆန်ဆန်ဆုံကြဖို့လိုတယ်။ အဲဒီထဲမှာမှ ပညာရှင်တွေ ဝင်ပြီးအကြံပြုပါရစေလို့” ။        ။

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."