ထိုင်းငါးဖမ်းသင်္ဘောပေါ်တွင်အလုပ်လုပ်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သားများကိ
( ဓါတ်ပုံ : ဉာဏ်လင်း )
(၂၀၁၆၊ဇန်နဝါရီလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁) တွင် ပါရှိမည့် အယ်ဒီတာ့အာဘော်ဖြစ်ပါသည်။)
ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ လုံခြုံရေးအတွက် မကြာမီ အစိုးရဖွဲ့ စည်းခွင့်ရမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဘာလုပ်ပေးနိုင်မလဲဟူသော မေးခွန်းသည် အရေးတကြီးမေးမြန်းရ မည့် မေးခွန်းများထဲမှ တစ်ခုဖြစ်ပါသည်။
ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်းတွင် ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့်ပတ်သက်ပြီး အစွပ်စွဲခံနေရသော မြန်မာရွှေ့ပြောင်းလုပ် သားနှစ်ဦးအား ထိုင်းတရားရုံးက အငြင်းပွားဖွယ်တရားစီရင်မှုဖြင့် မကြာသေးခင်က သေဒဏ်ပေးလိုက်သည့်ဖြစ်ရပ်သည် အကာအကွယ်မဲ့သော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ မလုံခြုံသော ဘဝအခြေအနေကို အထင်ရှားဆုံးနှင့် အနီးကပ်ဆုံး မီးမောင်းထိုးပြလိုက်သည့်ဖြစ်ရပ်တစ်ခုဖြစ်ပါသည်။
လတ်တလောဖြစ်ပွားခဲ့သော ထိုဖြစ်စဉ်ကြောင့်လည်း အတိုက်အခံလုပ်လာသည့်ကာလတစ်လျှောက်လုံး လူ့အခွင့် အရေး၊ ဒီမိုကရေစီအရေး၊ တရားဥပဒေစိုးမိုးရေးတို့အား အစဉ်တစိုက်အရေးဆိုလာခဲ့သော NLD ပါတီ၏ ရွှေ့ပြောင်းလုပ် သားများနှင့်ပတ်သက်သည့် ရပ်တည်ချက်ကို မေးခွန်းထုတ်ရခြင်းဖြစ်ပါသည်။
ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) ၏အဆိုအရ နယ်စပ်ဖြတ်ကျော်နှင့် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားဦးရေသည် တစ်နိုင်ငံ လုံးလူဦးရေ၏ ဆယ်ရာခိုင်နှုန်း (ငါးသန်းကျော်) ရှိနိုင်သည်ဟုဆိုပါသည်။ ၎င်းတို့အနက် တရားဝင်စာရွက်စာတမ်း အထောက်အထားမရှိသူဦးရေမှာ အများဆုံးဖြစ်သည်ဟုလည်း ထိုအဖွဲ့ကဆိုသည်။
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားအများစုသွားရောက်လုပ်ကိုင်နေကြပြီး မလေး ရှားနိုင်ငံတွင်လည်း အမြောက်အမြားရှိသည်ဟု ရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက ဆိုသည်။ တရားဝင် အထောက်အထားမရှိသည့်အတွက်ကြောင့်လည်း အဆိုပါနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သမားအများစုမှာ လုပ်ငန်းခွင်ခေါင်းပုံဖြတ်ခံရခြင်း၊ ငွေညှစ်ခံရခြင်း၊ အကြွေးနှင့်ချည်နှောင်ခံရခြင်း၊ ခေတ် သစ်ကျေးကျွန်အဖြစ် အရောင်းခံရခြင်း အစရှိသည့် ပြဿ နာများနှင့် ရင်ဆိုင်နေရကြရသည်ဟုလည်း ဆိုပါသည်။
တပ်မတော်အုပ်ချုပ်ခဲ့သည့် ကာလတစ်လျှောက်လုံး လျစ်လျူရှုခံခဲ့ရသော မြန်မာရွှေ့ပြောင်းလုပ်သားများ၏အရေး ကိစ္စသည် ဦးသိန်းစိန်အစိုးတက်လာချိန်တွင် အထိုက်အလျောက်ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးမှုကို ခံခဲ့ရသော်လည်း လုံလောက်သော အနေအထားအထိ ရောက်မလာခဲ့ပါ။ မကြာသေးမီက ကျင်းပပြီးစီးသွားခဲ့သည့် ရွေးကောက်ပွဲတွင် NLD မဲအများစုဖြင့်အနိုင်ရရှိခဲ့ရာတွင်တော့ ရွှေ့ပြောင်းလုပ်သားများ၏ မျှော်လင့်ချက်ရောင်ခြည်တို့သည် ထွန်းလင်းတောက်ပ လာခဲ့သည်။ မျှော်လင့်သည့်အလျောက်လည်း NLD ကို မဲများ အားတက်သရောပေးခဲ့ကြပြီး ပြည်တွင်းသို့ ပြန်လာကာ အလုပ်လုပ်လိုသည်များလည်း ရှိပါသည်။
သို့သော် ဆယ်စုနှစ်များစွာ ယိုယွင်းပျက်စီးလာခဲ့သော မြန်မာ့စီးပွားရေးကို အစိုးရသစ် အနေနှင့် နေ့ချင်းညချင်းပြောင်းလဲပေးနိုင်လိမ့်မည်မဟုတ်ပါ။ သို့ဖြစ်ရာ ပြည်ပထွက်ခွာအလုပ်လုပ်နေကြသော ရွှေ့ပြောင်းလုပ်သားများသည်လည်း ပြည် တွင်းသို့ ချက်ချင်းပြန်လည် အခြေချနိုင်ကြလိမ့်မည်မဟုတ်ပါ။
ထို့ကြောင့် ပြည်ပသို့ ပြောင်းရွှေ့အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသူ၊ နိုင်ငံသား ငါးသန်းကျော်၏ ဘဝလုံခြုံရေးနှင့် လူမှု ဘဝ တိုး တက်ကောင်းမွန်လာအောင် နောက်တက်လာမည့်အစိုးရအနေဖြင့် ခိုင်မာသောမူဝါဒတို့ဖြင့် ဆောင်ရွက်ပေးရန် မဖြစ်မနေလိုအပ်လိမ့်မည် ဖြစ်ကြောင်း ကျွနု်ပ်တို့မော်ကွန်းက တိုက်တွန်းလိုက်ပါသည်။ ။ မော်ကွန်း်အယ်ဒီတာအဖွဲ့ ( editors@mawkun.com)

