သားရဲတို့လက်ထဲမှ သင့်ကလေးကို ဘယ်လိုကာကွယ်မလဲ

ရုန်း

” ဒုံး…ဒုံး…ဒုံး…ဒုံး…ဒုံး…ဒုံး ”

မီးဖိုချောင်အခန်းတံခါးကို အပြင်က တဒုံးဒုံးနဲ့ ထုလိုက်တဲ့အသံကြောင့် အခန်းတွင်းရှိ ရုန်းရင်း ဆန်ခတ် အခြေအနေဟာ ရုတ်ခြည်းရပ်တန့်သွားတယ်။ စက္ကန့်ပိုင်း အတွင်းမှာပဲ မီးဖိုချောင် တံခါးဟာ ပွင့်လာပြီး အမျိုးသမီး ကြီးတစ်ဦး အခန်းထဲ ဝင်ရောက်လာတယ်။ ဒီအချိန်ဟာ အခန်းထဲမှ ထွက်ပြေးဖို့အကောင်းဆုံး အချိန်ရောက်ပြီဆို တာ သိလိုက်တာနဲ့ တပြိုင်နက် အသက် ခြောက်နှစ်ခွဲ အရွယ် ဒေစီ*ဟာအတင်း အဓမ္မဆွဲချွတ်ခံထားရတဲ့ သူ့ရဲ့ဘောင်းဘီ တိုလေးကို ပြန်ကောက်ဝတ်လိုက်ပြီး အပြင်ဘက်ကို ကြောက်လန့်တကြား၊ ဒရောသောပါးထွက်ပြေးခဲ့ပါတယ်။

ဖွင့်ပြောဖို့ခက်

ထိုနေ့က အင်္ဂါနေ့။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၈ ရက်။ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးအနီးမှာ ရှမ်းခေါက်ဆွဲ ဆိုင်ဖွင့်ထားတဲ့ အသက် ၃၇ နှစ်အရွယ် မအေးအေး*  ဟာ ညဘက် ၁၁ နာရီ ကျော်ရှိပြီမို့ ဆိုင်ကလေး ကိုသိမ်းကာ အိမ်ပြန်လာခဲ့တယ်။

အိမ်မှာက သမီးဒေစီတစ်ယောက်တည်း။ မအေးအေးတို့ မှာက အမေတစ်ခု၊ သမီးတစ်ခု။ သမီးတစ်ယောက်တည်း စောင့် နေရတာကို စိတ်မချတာကြောင့်လည်း မအေးအေးဟာ သူရဲ့ ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်တယ်။

အိမ်ရှေ့ရောက်တဲ့အခါမှာတော့ သမီးဒေစီက သူ့ကို စောင့် ကြိုနေတာကို မအေးအေးလှမ်းတွေ့လိုက် တယ်။ အဲဒီမှာ တစ်ခုခု ထူးခြားနေတာကို မအေးအေး သတိပြုလိုက်မိတယ်။

ခါတိုင်းဆိုရင် မအေးအေး အိမ်ပြန် လာရင် သမီးဒေစီက ပျော်ရွင်မြူးထူးစွာနဲ့ မိခင်ဖြစ်သူကို ကြိုဆိုလေ့ရှိတယ်။ ဒီနေ့ ကျတော့ဒေစီဟာ ပျော်ရွှင်မြူးထူးမှု မရှိသလို မျက်စိမျက်နှာ လည်း မကောင်းဘူး ဖြစ်နေတယ်။ မိခင်ကို နှုတ်ဆက်တဲ့ လေသံ ဟာလည်း ခါတိုင်းလို မလန်းဆန်း၊ အားမကောင်း။

မအေးအေးစိတ်ထဲမယ် တစ်ခုခု တော့၊ တစ်ခုခုပဲလို့ ထင် လိုက်မိတယ်။ ဒါပေမဲ့ အလုပ်ပင်ပန်းနေတာကြောင့် ဘာမှမေး မနေတော့ဘဲ သမီးဒေစီကို ခေါ်ပြီး အိမ်ထဲဝင်ခဲ့တယ်။

အိပ်မက်ဆိုး

အိမ်ထဲရောက်တော့ ဒေစီက သူ့အင်္ဂါဇာတ်က နာနေတယ် လို့ပြောတယ်။ မအေးအေးက ခပ်အေးအေးပဲတွေးလိုက်မိတယ်။ လှည့်မကြည့်မိဘူး။ အပေါ့အပါးသွားရင်း ဆေးကြောသန့်စင် လိုက်လို့ပဲ ခိုင်းလိုက်တယ်။

တအောင့်နေတော့ ဒေစီပြန်ထွက်လာတယ်။ ပြီးတော့ မသက်သာဘူးလို့ဆိုပြန်တယ်။ မအေးအေးကလည်း ပင်ပန်းနေ တာကြောင့် ဂရုမစိုက်အားဘဲ ဆရာခိုဆေးဘူးပေးလိုက်ပြီး လိမ်း ခိုင်းလိုက်တယ်။

ကလေးက သူ့ဘာသာလူးပြီးနောက် မသက်သာဘူး၊ ပိုနာလာ တယ်လို့ပြောပြတယ်။ သူလည်း အဲဒီတော့မှ စိုးရိမ်လာတာနဲ့ သမီးကို ဘာဖြစ်တာလဲ မေးကြည့်တယ်။ ဒါပေမဲ့ ဒေစီက မဖြေဘူးတဲ့။

“ရပါတယ် အမေ၊ သမီးကြိတ်မှိတ်အိပ်လိုက်တော့မယ်။ မမေးနဲ့တော့”ဆိုပြီး ကလေးက အိပ်ရာထဲ ဝင်သွားတယ်လို့ မအေးအေးက ပြန်ပြောပြပါတယ်။

နောက်တစ်နေ့မနက်ကျတော့ သမီးဖြစ်သူက မသက်သာ ဘူးပြောတာနဲ့ အတင်းအကျပ်မေးတော့မှ ယမန်နေ့ညက အဖြစ် အပျက်ကို ဒေစီက မကွယ်မဝှက် ပြန်ပြောပြတယ်။

ယုံစားမိမှား

ယမန်နေ့ မနက် ၇ နာရီခွဲလောက်တုန်းက သူတို့လမ်းထဲက အသက် ၆၀ ကျော် လူကြီးတစ်ယောက်က သူ့မြေးမလေး မွေးနေ့ ရှိတာကြောင့် ဒေစီကို မအေးအေး ခေါက်ဆွဲဆိုင်ကနေ လာခေါ် သွားတယ်။ မအေးအေးကလည်း ယုံ ကြည်စွာ ထည့်ပေးလိုက်တယ်။

အဲဒီလို ယုံကြည်စွာ ထည့်ပေး လိုက်ခဲ့ခြင်းက သူ့ရင်ကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေနိုင်တဲ့ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့လိမ့်မယ်လို့ အဲဒီအချိန်က မအေးအေး မတွေးမိခဲ့။

ကလေးငယ်ရဲ့ပြောပြချက်အရ မအေးအေး သိလိုက်ရ တာက အဲဒီနေ့က လာခေါ်သွားတဲ့ လူကြီးတစ်ယောက်က သူ့မြေးမွေးနေ့ပွဲအပြီး ကလေးများ အားလုံး ပြန်တဲ့အချိန်မှာ သူ့မြေး အရွယ် ဒေစီကို မီးဖိုခန်းထဲသို့ ဆွဲခေါ်သွားခဲ့ ပါတယ်။

တံခါးကိုပိတ်၊ မီးကိုမှိတ်လိုက်ပြီးတော့ ကလေးရဲ့ဘောင်း ဘီကို ဆွဲချွတ်လိုက်တယ်။ လူကြီးကသူ့အကြံအစည်ကို အကောင်အထည်ဖော်တယ်။ ကလေးက ရုန်းကန်အော်ဟစ်တဲ့ အခါမှာ မီးဖိုချောင် သုံးဓားကို လက်ပေါ်တင်ပြီး ထပ်အော်ရင် သတ်ပစ်မယ်လို့ ခြိမ်း ခြောက်တယ်။ ကလေးက ကြောက်လန့် တကြားထပ်အော်တော့ တအောင့်အကြာမှာ အဲဒီလူကြီးရဲ့ မိန်းမ ဖြစ်သူက မီးဖိုခန်းတံခါး ကို အတင်းရိုက်ဖွင့်ဝင်လာပါတယ်။

“ဒုံး…ဒုံး…ဒုံး…ဒုံး…ဒုံး…ဒုံး”

မီးဖိုချောင်အခန်းတံခါးကို အပြင်က တဒုံးဒုံးနဲ့ ထုလိုက်တဲ့ အသံကြောင့် အခန်းတွင်းရှိ ရုန်းရင်းဆန်ခတ်အခြေအနေဟာ ရုတ်ခြည်းရပ်တန့်သွားတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ မီးဖိုချောင် တံခါးဟာ ပွင့်လာပြီး အမျိုးသမီးကြီးတစ်ဦး အခန်းထဲဝင်ရောက် လာတယ်။ ဒီအချိန်ဟာ အခန်းထဲမှ ထွက်ပြေးဖို့ အကောင်းဆုံး အချိန်ရောက်ပြီဆိုတာ သိလိုက်တာနဲ့ တပြိုင်နက် အသက် ခြောက်နှစ်ခွဲအရွယ် ဒေစီဟာ အတင်းအဓမ္မ ဆွဲချွတ်ခံထားရတဲ့ သူ့ရဲ့ဘောင်းဘီတိုလေးကို ပြန်ကောက်ဝတ်လိုက်ပြီး အပြင်ဘက် ကို ကြောက်လန့်တကြား၊ ဒရောသောပါး ထွက်ပြေးခဲ့ရတယ်။

မဖူးခင်က အခြွေခံရ

မအေးအေးဟာ ခင်ပွန်းဖြစ်သူဆုံးပါးသွားကတည်းက အမေလိုတစ်မျိုး၊ အဖေလိုတစ်ဖုံ ဒေစီကို ပြုစုစောင့်ရှောက်ခဲ့တာ ပါ။ ခင်ပွန်းဖြစ်သူဆုံးသွားတုန်းက ဒေစီက ငါးလသမီးအရွယ်သာ ရှိသေးတယ်။

မုဆိုးမဘဝနဲ့ သားအမိနှစ်ယောက်စာအတွက် ရုန်းကန် လာခဲ့တာ သမီးလေး ခြောက်နှစ်ခွဲအရွယ်မှာ ဒီလိုဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့လိုက်ရတာဖြစ်ပါတယ်။

ကြေကွဲစရာထိုဖြစ်ရပ်ကို ပြန်ပြောင်းပြောပြနေတဲ့ မအေး အေးရဲ့ အသံဟာ တစ်ချက် တစ်ချက် တိမ်ဝင်သွားတယ်။ လက်ထဲ မှာ ခေါက်ထီးတစ်လက်ကို ကျစ်ကျစ်ပါအောင် တင်းတင်းဆုပ် ထားတဲ့ မအေးအေးရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ အိုင်ထွန်း         နေတယ်။

မအေးအေးရဲ့ သမီးဒေစီလို ကလေးသူငယ်အရွယ်မှာ အဓမ္မပြုကျင့်မှုခံရမှုတွေဟာ မြန်မာနိုင်ငံမှာ မြင့်တက်လာနေ တယ်လို့ အစိုးရမှတ်တမ်းမှတ်ရာတွေက ဆိုပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ တောင်းခံရရှိတဲ့စာရင်းတွေအရ ၂၀၀၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်၊ ဇူလိုင်အထိ ဆယ်နှစ်ကျော်ကာလ အတွင်း မုဒိမ်းမှုပေါင်း ၅,၄၀၁ မှုဖြစ်ပွားခဲ့တဲ့အထဲမှာ သက်ငယ် မုဒိမ်းမှုက ၂,၇၁၄ မှုရှိခဲ့တယ်လို့ဆိုပါတယ်။ သဘောကတော့ သက်ငယ်မုဒိမ်းမှုက ဖြစ်ပျက်သမျှ မုဒိမ်းမှုတွေအားလုံးရဲ့ ထက် ဝက်ကျော် (နှစ်မှုမှာ တစ်မှုနှုန်း) ရှိပါတယ်။

သက်ငယ်မုဒိမ်းမှုအပါအဝင် မုဒိမ်းမှုဖြစ်စဉ်တွေမြင့်တက်လာတာဟာ ပွင့်လင်းလာတဲ့ခေတ်မှာ ပိုပြီးထင်သာမြင်သာရှိလာ တဲ့အတွက် မီဒီယာစာမျက်နှာပေါ် ပိုပြီးရောက်လာခဲ့တာ ဖြစ် တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

အရင်တုန်းကဆိုရင် ဒီလိုဖြစ်စဉ်တွေရှိပေမယ့် မီဒီယာ မပွင့်လင်းတဲ့အချိန် ကျူးလွန်ခံရသူတွေဘက်ကလည်း ရှက်စရာ ကောင်းတဲ့ ဖြစ်စဉ်တစ်ခုအဖြစ် ခံယူထားတဲ့အတွက်ကြောင့် ပျောက်ပျက်သွားတဲ့ အမှုတွေရှိတယ်လို့ Rainfall Gender Studies Group တည်ထောင်သူ မဇင်မာအောင်က ပြောပြပါတယ်။

“အခုကျတော့ အယူအဆတွေက ပြောင်းလာကြတဲ့အခါ မှာ ဒါတွေဟာ Abuse လုပ်တာ၊ လိင်ပိုင်းဆိုင်ရာအရ စော်ကား တာ။ ဒါကို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ဒါတွေဟာ မရှိသင့်ဘူး လို့ လူတွေက ပြောင်းလဲလာတယ်”လို့ ပြောင်းလဲလာတဲ့ အတွေး အခေါ်တွေနဲ့ပတ်သက်ပြီး မဇင်မာအောင်က ရှင်းပြတယ်။

“နောက်တစ်ချက်က မီဒီယာတွေကလည်း အားကောင်း လာတာက တစ်ချက်။ နောက်တစ်ချက်က ဒီလိုဖြစ်တာများလာ တဲ့အခါ နိုင်ငံရေးအရလည်း လွှတ်တော်အမတ်တွေမှာ သူတို့ အတွက် ပြောစရာတာဝန်ရှိလာတယ်ပေါ့နော်”

ဒီလိုဖြစ်ပွားနှုန်းတွေ မြင့်တက်လာတာကြောင့် သက်ငယ် မုဒိမ်းမှုအတွက် သေဒဏ်အထိချမှတ်နိုင်တဲ့ ဥပဒေကို ပြဋ္ဌာန်း ပေးဖို့ ၂၀၁၃ ဇူလိုင် ၅ ရက်နေ့ ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးမှာ သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က အဆိုတင်သွင်းခဲ့ပါ သေးတယ်။ ဒါပေမဲ့  မအောင်မြင်ခဲ့ပါဘူး။

သေဒဏ်ချမှတ်ဖို့အရေးနဲ့ပတ်သက်ပြီး တချို့က အဲဒါကို ပြင်းထန်စွာ အပြစ်ပေးတဲ့အနေနဲ့ လက်ခံသူများရှိနေသလို လူ့ အခွင့်အရေးရှုထောင့်အရ သေဒဏ်မှာ ပြင်းထန်လွန်းပြီး မြန်မာ နိုင်ငံတွင် ရှိပြီးသားဥပဒေမှာ လုံလောက်တယ်လို့ ယူဆနေကြသူ တွေလည်းရှိပါတယ်။  ယနေ့အချိန်ထိလည်း အငြင်းပွားစရာ ကိစ္စ တစ်ခု အဖြစ်ရှိနေဆဲပါ။

ဘာကြောင့်ဖြစ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စစ်တမ်းများအရ သက်ငယ်မုဒိမ်းမှုများပြားလာခြင်းဟာ အရှက်တရားကင်းမဲ့လာခြင်း၊ အရက်နဲ့ မူး ယစ်ဆေးဝါးသုံးစွဲခြင်း၊ ညစ်ညမ်းခွေ၊ ဓာတ်ပုံများပေါများလာ ခြင်းနှင့် ကြည့်ရှုခြင်းတို့လည်းပါဝင်ပြီး ကျူးလွန်သူများမှာ ကိုယ့် စိတ်ဆန္ဒဖြေဖြောက်ဖို့ရာအတွက် မိမိကိုယ်ကိုယ် ကာကွယ်နိုင် စွမ်းနည်းပါးသော ကလေးအရွယ်တွေဆီ ဦးတည်လာတာ ဖြစ် တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ ကျူးလွန်သူတွေကို စိစစ်ရာမှာ အုပ်စုသုံးစုခွဲထားပါတယ်။ ပထမအုပ်စုက မိဘဆွေ မျိုးသားချင်း၊ ဒုတိယအုပ်စုက နီးစပ်ခင်မင်သော အသိုင်းအဝိုင်းနဲ့ တတိယအုပ်စုက သူစိမ်းတရံတွေဖြစ်တယ်လို့ဆိုပါတယ်။

မိဘအုပ်ထိန်းသူတွေ အနေနဲ့ကလည်း မိမိသားသမီးကို ရင်အုပ်မကွာစောင့်ရှောက်ဖို့ လိုအပ်ပြီး ကလေးသူငယ်တွေကို လူပြတ်သည့်နေရာများသို့ တစ်ယောက်တည်းစေလွှတ်ခြင်း၊ နေ အိမ်တွင် အဖော်မဲ့တစ်ဦးတည်းထားခဲ့ခြင်းနှင့် နောက်ဆုံး မိမိ ဆွေမျိုးသားချင်းဖြစ်စေ သမီးမိန်းကလေးများကို အလွယ်တကူ ထည့်ပေးခြင်း၊ အပ်နှံခဲ့ခြင်းတွေ မပြုလုပ်ဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သက်ငယ်မုဒိမ်းဖြစ်စဉ်တွေကို ကြည့်ပါက ၂၀၀၀ ခုနှစ်က နေ စတင်လုပ်ဆောင်လာခဲ့တဲ့ သုတေသနပြုချက်တွေအရ အနေနီးစပ်မှုကြောင့် အဖြစ်များတာကို တွေ့ရတယ်လို့ စိတ်ပညာ ရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာအောင်မြတ်ကျော်စိန်ကလည်း ဆိုပါတယ်။

“ဒီဟာက ကျွန်တော်တို့ထင်သလို သူစိမ်းလူ မဟုတ်ဘူး။ အများစုကတော့ သွေးရင်းသားရင်းတော်တဲ့လူဖြစ်ချင်ဖြစ်မယ်။ နောက်တစ်ခုက သူတို့(ကလေးတွေ)နဲ့ သိကျွမ်းရင်းနှီးတဲ့လူ၊ ယုံ ကြည်ရတဲ့လူ၊ အားကိုးရတဲ့လူတွေက လုပ်တာများတယ်”လို့ သူ က ရှင်းပြပါတယ်။

“သူစိမ်းတစ်ယောက်က လုပ်လိုက်တာ သိပ်မရှိဘူး”

သွေးရင်းသားရင်းထဲက ပြုကျင့်သူများကတော့ စိတ်ပုံမှန် မဟုတ်တဲ့သူတွေဖြစ်တယ်လို့ ဒေါက်တာအောင်မြတ်ကျော်စိန်က ဆိုပါတယ်။

အရေးယူမှုလျော့ရဲ

သက်ငယ်မုဒိမ်းမှုဖြစ်လာရင် ဥပဒေအရ အရေးယူမှုတွေ လုပ်တဲ့အခါမှာ နှောင့်နှေးမှုတွေရှိနေတဲ့အပေါ်မှာလည်း ဝေဖန်မှု တွေရှိနေပါတယ်။

အချို့ဒေသတွေမှာ ဥပဒေနဲ့ အရေးယူမှု လျော့ရဲတဲ့အတွက် အမှုဖြစ်တဲ့အခါ တိုင်ကြားရကောင်းမှန်းတောင် မသိဘဲ တစ် ရှက်မှ နှစ်ရှက်မဖြစ်အောင် မျိုသိပ်ထားလိုက်ကြတဲ့ ဖြစ်စဉ်တွေ ရှိတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆိုပါတယ်။

အခုမုဒိမ်းမှုများလာတယ်ဆိုတဲ့ဟာကလည်း သက်ဆိုင်ရာ တရားရုံး၊ ရဲစခန်းကိုရောက်လာလို့ သိရတဲ့ အမှုတွေသာဖြစ် တယ်လို့ သူကဆိုတယ်။

“တရားရုံး၊ ရဲစခန်းတွေကို မရောက်တဲ့အမှုတွေ ဘယ် လောက်များလေမလဲ”လို့လည်း သူက ဆိုတယ်။

အချို့ဒေသတွေမှာ လိုက်ပါကူညီ မယ့်သူမရှိတဲ့အတွက် တိုင်ကြားချင် ပေမယ့် မတိုင်ကြားဖြစ်တဲ့ကိစ္စတွေ ရှိနိုင်တယ်လို့ လည်း ဆိုကြပါတယ်။

တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ တလိုင်းအိုင်ကျေးရွာက ဒေါ်သန်း*ဆို လျှင် ၁၄ နှစ်အရွယ် သမီးဖြစ်သူ အဓမ္မ ပြုကျင့်ခံရတာကို ရဲစခန်းသွားတိုင်မယ် လုပ်တော့ ဘယ်သူမှ လိုက်ပါကူညီ တာ မရှိလို့ တစ်ယောက်တည်း သွားတိုင်ရ တယ်လို့ သူ့အဖြစ်ကို ပြောပြတယ်။

ထန်းတပင်မြို့နယ်၊ သရက်တန်း ကျေးရွာ လူမှုအဖွဲ့အစည်းတစ်ခုရဲ့ ဥက္ကဋ္ဌပြောပြတာက သူတို့နယ်ဘက်က ဒီလိုဖြစ်စဉ် တချို့မှာ ရဲစခန်းမရောက် လိုက်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ တင် ပြီးသွားတတ်တဲ့ ဖြစ်စဉ်တွေရှိတတ်တဲ့ အတွက် ကာယကံရှင် က မကျေနပ်လို့ တိုင်ကြားလိုပေမယ့် လိုက်ပါကူညီ ဆောင်ရွက် ပေးနိုင်တဲ့ လူမှုအဖွဲ့အစည်းက မရှိသလောက်ပဲလို့ သူကဆိုတယ်။

“ပြဿ      နာတစ်ခုဖြစ်လာရင်တော့ အောက်ခြေမှာ အုပ် ချုပ်ရေးမှူးလောက်နဲ့ ပြီးသွားတာမဖြစ်သင့်ဘူး။ လျော်ကြေးနဲ့ ဖြေရှင်းတော့ လူတော်တော်များများက ပိုက်ဆံပေးရင် ရတယ် ထင်လာတယ်”လို့ သူ့အမြင်ကို ပြောပြပါတယ်။

တစ်ကြိမ်က နှစ်ကြိမ် မုဒိမ်းမှုကျူးလွန်သူတွေကို အပြစ် ဒဏ်ချမှတ်တဲ့အပေါ်မှာလည်း ထောင်ဒဏ် တစ်သက်တစ်ကျွန်း လောက်နဲ့ မလောက်နိုင်ဘူး”လို့ ဦးခိုင်မောင်ရည်က ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင် မုဒိမ်းမှုအတွက် ၃၇၆ နှင့် ၃၇၇ ဆိုပြီး ပုဒ်မနှစ်ခုရှိပါတယ်။  ပုဒ်မ ၃၇၆ မှာ အမျိုးသမီးများကို အဓမ္မပြုကျင့်ပါက သတ်မှတ်သော ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါ က  ထောင်ဒဏ်ဆယ်နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။ ပုဒ်မ ၃၇၇ မှာ လိင်တူချင်း အဓမ္မပြုကျင့်မှုကို သတ်မှတ်သော ပုဒ်မ ဖြစ်ပြီး ထောင်ဒဏ်မှာ ၃၇၆ ကဲ့သို့ ဆယ်နှစ်ပဲဖြစ်ပါ တယ်။

ဦးခိုင်မောင်ရည်ကတော့ သက်ငယ်မုဒိမ်းမှုအတွက် သီး သန့်ဥပဒေပြဋ္ဌာန်းသင့်ပြီး သေဒဏ်အထိချမှတ်သင့်တယ်လို့  သူကဆိုပါတယ် ။

ဘာကြောင့်လည်းဆိုတော့ လူသတ်မှု၊ မုဒိမ်းမှု ကျူးလွန် သူများဆိုပါက သေဒဏ်ချမှတ်နိုင်ကြောင်း၊ သို့ပေမဲ့ ထောင်ဒဏ် က အနှစ်နှစ်ဆယ်ချမှတ်လိုက်ပြီး တရားရုံး၊ တရားသူကြီးသို့ ပိုက်ဆံနှင့် အမှုလိုက်သောကြောင့် ထိထိရောက်ရောက် အပြစ် ဒဏ်မခံစားရဘဲ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်မှုများ ရှိနေတယ်လို့ သူက ရှင်းပြပါတယ်။

အကြောင်းမှာ ထောင်ဒဏ်ပဲ ချမှတ်ပါက အပြစ်ပေးခံရသူ တွေအနေနဲ့ ငွေကြေးတတ်နိုင်ရင် တတ်နိုင်သ လောက် အသုံးပြုပြီး အမှုလိုက်တဲ့အခါ မှာ အပြစ်ဒဏ်မခံစားရတဲ့သူတွေရှိသလို လွတ်ငြိမ်းသာခွင့်နဲ့ လွတ်မြောက်သူတွေ လည်းရှိတဲ့အတွက်ကြောင့်လို့ ဆို ပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းလိုပဲ  လူဆိုးတွေကို ကာ ကွယ်ပေးနေရင် လူကောင်းတွေ နေစရာမရှိဖြစ်သွားမယ်။ ဆိုးတဲ့သူကို ဆိုးသူအလျောက် ပုဒ်မ တွေနဲ့ အရေးယူနိုင်အောင်၊ ဒီ လိုယုတ်ညံ့ ကြမ်းတမ်းတဲ့ လုပ်ရပ်(သက်ငယ်မုဒိမ်း မှု)တွေကို ပြစ် မှုပြင်းပြင်းထန်ထန်နဲ့ အရေးယူနိုင်အောင် ပြောင်းသင့်တဲ့ ပုဒ်မတွေကို ပြောင်းရမယ်။ ပြင်သင့်ပြင်ရမယ်”လို့ ဦးခိုင် မောင်ရည်က သူ့အမြင်ကို ပြောပြပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးကတော့ ပြစ်ဒဏ် ကြီးကြီးမားမားချမှတ်လိုက်ခြင်းအားဖြင့် ဒီလိုပြစ်မှုတွေ လျော့ နည်းသွားမှာမဟုတ်ဘဲ လက်ရှိပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၃၇၆ ဥပဒေ မှာ ထောင်ဒဏ်အနှစ် ၂၀ နဲ့ တစ်သက်တစ်ကျွန်း အထိပါချနိုင် တဲ့အတွက်ကြောင့် ဥပဒေမှာ လုံလောက်တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ အမှုဖြစ်ပွားလာပါက ထိုက်သင့်တဲ့ပြစ်ဒဏ်နဲ့အမြန် ဆုံးအရေးယူဆောင်ရွက်ဖို့ လိုတယ်လို့ သူက ဆိုတယ်။

“အခုက ဖြစ်နေတာတွေသာ ကြားတာ။ အရေးယူတာ ပျောက်ပျောက်သွားတယ်။ ဖြစ်တယ်၊ ဖမ်းတယ်၊ နောက်ပြီးတော့ ဘယ်အမှုကို ဘယ်လောက်နဲ့ချတယ်ဆိုတာ ပျောက်ပျောက်သွား တယ်”လို့  ဦးကျော်ဟိုးကဆိုတယ်။

လှည်းတန်းမှာဖြစ်ပွားခဲ့တဲ့ အမှုဆိုရင် အခုအချိန်အထိ ဆယ်လကျော်လာပြီဖြစ်ပါတယ်။ ရုံးချိန်းသုံးဆယ်ကျော်တွေ့ပြီး ဖြစ်သော်လည်း ယနေ့အချိန်အထိ အမိန့်ချမှတ်နိုင်ခြင်းမရှိသေးပါဘူး။

သူ့မှာ ဆိုင်တစ်ဖက်၊ သမီးဖြစ်သူတစ်ဖက်နဲ့ စီးပွားရေး ထိ ခိုက်လာတယ်လို့ မအေးအေးက ဆိုပါတယ်။ ဒါပေမဲ့လည်း သူ့ သမီးလေးကို ကျူးလွန်ထားတဲ့သူကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့ အတွက် အခက်အခဲတွေကြားထဲက အားတင်းထားပါတယ်။

မြန်မာနိုင်ငံမှာ အမှုအခင်းတစ်ခုဖြစ်ပါက ကြန့်ကြာမှုများ ရှိနေခြင်းမှာ တရားသူကြီးရဲ့ တာဝန်ဖြစ်တယ်လို့ ဦးကျော်ဟိုးက ထောက်ပြပါတယ်။

တရားသူကြီးတစ်ယောက်လုပ်ပိုင်ခွင့်အရ ရုံးချိန်းမလာ ရောက်သူကို ဝရမ်းထုတ်ဖမ်းဆီးနိုင်တဲ့ အခွင့်အာဏာရှိပါတယ်။  ဥပဒေက ထိုသို့ ခွင့်ပြုထားပေမယ့်လည်း လုပ်ဆောင်မှုအားနည်း နေသေးတယ်လို့ သူက ထောက်ပြပါတယ်။

ဘယ်လိုကာကွယ်မလဲ

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှုများ မြင့်တက်လာခြင်း နှင့် ပတ်သက်ပြီး  နိုင်ငံတော်အစိုးရအနေနဲ့ စီမံချက်တစ်ရပ်ထား ပြီး အရေးတကြီး ဆောင်ရွက်ရတော့မှာဖြစ်တယ်လို့ ဦးခိုင်မောင် ရည်က ဆိုပါတယ်။

၎င်းက စီမံချက်တွင် အရင်ဆုံး သက်ငယ်မုဒိမ်းမှု များလာ ရခြင်း အကြောင်းရင်းကို ရှာဖွေရမှာဖြစ်ပြီး ဘယ်နေရာ၊ ဘယ် ဒေသနှင့် ဘယ်လိုအခြေအနေတွေမှာ ဖြစ်ပွားကြောင်း သုတေ သနပြုရမည်ဖြစ်ကာ ထိုသို့ဆောင်ရွက်ရာတွင်လည်း အစိုးရ တစ်ရပ်တည်းမဟုတ်ဘဲ ပြည်သူလူထု၊ လွှတ်တော်၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်း အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မယ်ဆိုပါက မလျော့ကျနိုင် စရာအကြောင်းမရှိလို့ ဆိုပါတယ်။

ဒေါက်တာအောင်မြတ်ကျော်စိန်ကလည်း သက်ငယ်မှုဒိမ်း မှု ပပျောက်ဖို့အတွက် ပြစ်ဒဏ်ကြီးကြီးမားမား ချမှတ်ခြင်းထက်  ကြိုတင်ကာကွယ်သော နည်းလမ်းတွေနဲ့ ဆောင်ရွက်ပါက ပိုမိုထိ ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ရပ်ရွာမှာပဲဖြစ်ဖြစ်၊ ကျောင်းနေတဲ့အရွယ်မှာပဲဖြစ်ဖြစ် ဒီ ဟာ (သက်ငယ်မုဒိမ်းဖြစ်ရပ်) မျိုးအခြေအနေတွေ ဖြစ်တတ် တယ်။ ပညာပေးမှုတွေ အများကြီးလိုတာပေါ့။ ကလေးတွေရဲ့ လိင်အင်္ဂါတွေ ကာကွယ်ခွင့်နဲ့ တခြားလူက ထိတွေ့ခွင့်မရှိဘူးဆိုတဲ့ ကလေးတွေရဲ့ အခွင့်အရေးကို ကလေးတွေကိုယ်တိုင် သိသင့် တာပေါ့”လို့ သူက ဆက်လက်ပြောပြပါတယ်။

ပုဇွန်တောင်မြို့နယ်မှာ နေထိုင်တဲ့ အသက်ကိုးနှစ်အရွယ်ကျောင်းသူတစ်ဦး၏ ဖခင်ဖြစ်သူ ကိုသီဟကလည်း ကြိုတင်ကာ ကွယ်ခြင်းက ပိုမိုထိရောက်တယ်လို့ ယူဆပါတယ်။

“ကျွန်တော်ကတော့ ဖြစ်မှ အရေးယူတာထက်စာရင် မဖြစ်ခင် ကာကွယ်တာကို ပိုပြီးတော့ ဦးစားပေးချင်တာပေါ့”လို့ သူက ဆိုပါတယ်။

“မိဘအုပ်ထိန်းမှုစောင့်ရှောက်မှုအောက်မှာ ရှိနေတုန်း ဖြစ်သွားတယ်ဆိုရင် အဲဒါမိဘတွေမှာ တာဝန်ရှိတယ်။ မိဘတွေ ကို တရားစွဲပြီး အရေးယူလိုက်လို့ရှိရင် အဲဒါဆို မိဘတွေကိုယ်တိုင် က ဘာဖြစ်သွားမလဲဆိုတော့ သူတို့သားသမီးနဲ့ ပတ်သက်ပြီး ထိန်းသိမ်းစောင့်ရှောက်မှုပုံစံ အရင်ထက်မြင့်လာမှာပေါ့။ မိဘ တွေကလည်း ဒါကို အရေးစိုက်စရာ ကိစ္စတစ်ခုလို့ မြင်လာမယ်”လို့ ကိုသီဟက ရှင်းပြတယ်။

၎င်းအနေနဲ့ကတော့ သမီးဖြစ်သူကို ရင်အုပ်မကွာစောင့် ရှောက်ထားတယ်လို့ ဆိုတယ်။

“ကျွန်တော်ကတော့ (သမီးကို) အပြင်ကျောင်းမှာ ထား တာပေါ့။ ကျောင်းမှာက ဆရာ၊ ဆရာမတွေက လုပ်ထားပြီးသား။ ဥပမာ-ကျောင်းကားဆိုရင် ဘယ်သူခေါ်မှသွားရမယ်။ ဒီကားပေါ် က ကလေးက တစ်နေရာရာသွားရင် ကားပေါ်က တာဝန်ရှိတဲ့ လူတစ်ယောက်ယောက်က လိုက်ပေးရမယ်။ အဲဒီလို အားလုံး တိတိကျကျလုပ်ထားတဲ့အတွက် သိပ်တော့ ပြဿနာမရှိဘူး”

ဒါပေမဲ့ ကလေးငယ်တွေကို ရင်အုပ်မကွာ စောင့်ရှောက်နိုင် ဖို့ဆိုတာဟာလည်း စီးပွားရေးအခြေအနေတိုင်းအတာတစ်ခုရှိ တဲ့ မိဘတွေမှာပဲ အဆင်ပြေနိုင်မယ့် အစီအစဉ်မျိုးလို့ ကိုသီဟက ဆိုပါတယ်။

လှည်းတန်းက မအေးအေးတို့လို၊ ထန်းတပင်က ဒေါ်သန်း တို့လို စီးပွားရေးကို ကိုယ်တိုင်လုပ်ကိုင်နေရသူတွေအတွက် တော့ ကိုယ့်သားသမီးကို ရင်အုပ်မကွာစောင့်ရှောက်ဖို့ဆိုတာက ခက်ခဲလှပါတယ်။

အလုပ်ထဲမှာ တစ်ချိန်လုံးနှစ်နေရပေမယ့် မအေးအေးက တော့ သမီးဖြစ်သူအတွက် စိတ်မချနိုင်တော့ပါဘူး။ ဒေါ်သန်း လည်းပဲ နောက်ပိုင်း သူ့သမီးဖြစ်သူကို သူဘယ်သွားသွား ခေါ် သွားမှာ ဖြစ်တယ်လို့ သူစောင့်ရှောက်မယ့် ပုံစံကို ပြောပြပါတယ်။

သူ့အသုံးအနှုန်းအရ “ရွှေလို တန်ဖိုးထားရတဲ့၊ မြတ်နိုးရတဲ့”သမီး ဖြစ်သူကို မအေးအေးက မျက်စိအောက်ကကို အပျောက်မခံနိုင် တော့ပါဘူးလို့ဆိုတယ်။ အခုနောက်ပိုင်းတော့ သူရရှိလိုက်တဲ့ သင်ခန်းစာနဲ့ပတ်သက်ပြီး အခုလိုပဲ မှတ်ယူလိုက်တော့တာ။

“”ဘယ်သူ့ကိုမှ ယုံကြည်လို့မရတော့ဘူး””။

(*ပြထားသော အမည်များကို ကာယကံရှင်များ၏ ဆန္ဒအရ အမည်လွှဲထားပါသည်။)

 

စက်တင်ဘာလထုတ်-၂၀၁၄၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

 

သက်ဦးမွန် နှင့် ခင်မောင်မြင့် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."