မဘသကို ဆန်းစစ်ခြင်း အပိုင်း(၃)

Photo : Kyaw Zay Yar Htun       ကြာအင်းဆိပ်ကြီးမှ တရားပွဲကြော်ငြာပိုစတာများ

၂၀၁၅ ၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၃)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။

ခင်မောင်မြင့် နှင့် ကျော်ဇေယျာထွန်း ရေးသည်

ပဋိပက္ခတွေနဲ့ ၉၆၉ ဆက်စပ်မှုရှိလား

မဘသကို အခုလိုထောက်ပြစရာဖြစ်နေတာဟာ မဘသ အဖွဲ့ ဦးဆောင်ဆရာတော်တွေနဲ့ မသက်ဆိုင်ဘဲ တခြားသော မျိုး ချစ်အဖွဲ့တွေက မဘသအဖွဲ့အမည်ခံကာ တစ်သီးပုဂ္ဂလ ရေးသား၊ ပြောဆိုနေခြင်းတွေကြောင့် ဝေဖန်ချင်သူတွေအတွက် ထောက် ပြစရာတွေ ဖြစ်နေတယ်လို့ မဘသ(အထက်မြန်မာပြည်) ဦး ဆောင်ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။

တစ်ခါတစ်ရံမှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ ဦးဇင်းတစ် ပါးစသဖြင့် ပြောဟောသွားတာဖြစ်စေ၊ လူမှုကွန်ရက်စာမျက်နှာ မှာ ရေးသားထားတာဖြစ်စေ တချို့က မဘသအဖွဲ့လို့သာ ထင် မြင်ကြတယ်လို့ ဆရာတော်က မိန့်ပါတယ်။

”ဦးဇင်းရဲ့ ဖေ့စ်ဘွတ်ခ်မှာတက်နေတာက မဘသနဲ့ မဆိုင် ပါဘူး။ ဦးဇင်းတစ်သီးပုဂ္ဂလပါ။ ဝီရသူသဘောထားပါပဲ။ မဘသ ကလည်း မတားမြစ်ထားဘူး။ အဖွဲ့အစည်းအမည်မသုံးရင် ကြိုက် သလိုလုပ်ခွင့်ရှိတယ်”လို့ ဆရာတော်ဦးဝီရသူက ဆက်လက် မိန့်ပါတယ်။

မဘသအဖွဲ့ပေါ်လာတာ မကြာသေးတာကြောင့် စည်း ကမ်းပိုင်းဆိုင်ရာမှာ သေသပ်မှုမရှိသေးဘူးလို့လည်း ဆရာတော် က မိန့်ကြားပါတယ်။

ယခုနှစ် မတ်လ အတွင်း Justice Trust အဖွဲ့မှ ထုတ်ပြန်ခဲ့ တဲ့ အစီရင်ခံစာမှာ ၉၆၉ ခေါင်းဆောင် ဦးဝီရသူဟာ ရခိုင်၊ မိတ္ထီလာ၊ လားရှိုးနဲ့ မန္တလေးတို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ မှာ မွတ်ဆလင်မုန်းတီးရေးတရားတွေ ဟောပြီးဖြစ်စေ၊ လူမှုမီဒီ ယာမှာ လှုံ့ဆော်မှုတွေပြုလုပ်ပြီး ဖြစ်စေ တိုက်ရိုက်ပါဝင်ပတ် သက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

”သူရဲ့ ဟောပြောချက်တွေနဲ့ ရာဇဝတ်ကြောင်း အကြမ်း ဖက်မှုဖြစ်ရပ်တွေ ဆက်စပ်နေမှုဟာ လှုံ့ဆော်မှုအတွက် အဓိက သက်သေအကြောင်းရင်းဖြစ်တယ်”လို့ အစီရင်ခံစာက ဆက် လက်ဖော်ပြထားပါတယ်။

မဘသဗဟိုအလုပ်အမှုဆောင် သုသတေသနနှင့် သမိုင်း မှတ်တမ်းဌာနအဖွဲ့ဝင် ဦးအောင်မြိုင်ကလည်း ၉၆၉ အဖွဲ့ဟာ အကြမ်းဖက်မှုတွေ ဖြစ်အောင်လုပ်ဆောင်နေတယ်ဆိုတဲ့ ပြော ဆိုချက်တွေကို လုံးဝလက်မခံပါဘူးတဲ့။

”၉၆၉ ဟောပြောချက်တွေကြောင့် အဓိကရုဏ်းတွေ ဖြစ် လာတယ်ဆိုတဲ့သတင်းက အမှားကြီးဗျ။ ဟောပြောပြီးမှ ပဋိပက္ခ ဖြစ်လာတာမဟုတ်ဘူး။ အဲဒီစကားကို ကျွန်တော်တို့ ပြတ်ပြတ် သားသားငြင်းဆိုပါတယ်”လို့ ဦးအောင်မြိုင်က ဆိုပါတယ်။

မဘသဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဒေါက်တာ အရှင်သောပါကကလည်း ၉၆၉ တွေ သွားဟောတဲ့အထဲမှာ ဘာ သာခြားတွေကို ထိခိုက်ဖို့၊ ဘာသာခြားတွေကို သတ်ဖြတ်အနိုင် ကျင့်ဖို့ ဟောပြောမှုဆိုတာ တစ်ခုမှ မရှိခဲ့ဘူးလို့ တုံ့ပြန်ပါတယ်။

”ရှိခဲ့လို့ရှိရင် ကြိုက်သလိုလာပြီးတော့ ဆွေးနွေးလို့ရတယ်။ ၉၆၉ ရဲ့ဟောပြောမှုက အကြမ်းဖက်တယ် ဟောတယ်ဆို ဘယ် စကားက ဟောလဲ၊ ဘယ်သူ့ကိုတိုက်ခိုက်အောင်ဟောလဲ”လို့ ဆရာတော်က မေးခွန်းထုတ်ပါတယ်။

၂ဝ၁၂၊ ဇွန်က ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနောက်ပိုင်းမှာ ၉၆၉ ကွန်ရက်လှုပ် ရှားမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ၉၆၉ ရဲ့ အဓိပ္ပာယ်က ဘုရား ဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါးနဲ့ သံဃာ ဂုဏ် တော် ကိုးပါးကို ရည်ညွှန်း ထားတာဖြစ်ပါတယ်။ လှုပ်ရှားတဲ့ ရည် ရွယ်ချက်ကတော့ ဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက် ကြရေးဖြစ်ပါတယ်။ အဲဒီထဲမှာ ဗုဒ္ဓဘာသာတွေ ညီညွတ်ကြဖို့၊ စီးပွားရေးလုပ်ငန်းတွေမှာလည်း ကိုယ့်ဘာသာဝင်အချင်းချင်း အားပေးကြဖို့ တိုက်တွန်းတာတွေ ပါပါတယ်။

ဒါပေမဲ့   ကမ္ဘာ့မီဒီယာစာမျက်နှာမှာတော့ ၉၆၉ လှုပ်ရှားမှု တွေဟာ အကြမ်းဖက်မှုတွေဖြစ်ပေါ်အောင် လှုံ့ဆော်တဲ့အဖွဲ့ အစည်းအဖြစ် ရေးသားကြတာတွေရှိခဲ့ပါတယ်။ အဓိက ထောက် ပြကြတာကတော့ မိမိဘာသာကို ကာကွယ်ထိန်းသိမ်းဖို့ လှုံ့ဆော် ရင်းနဲ့ အခြားဘာသာဝင်တွေကို ခြိမ်းခြောက်တဲ့အပြောအဟော တွေ ပါလာတယ်လို့ ဆိုကြပါတယ်။

နောက်ပိုင်းမှာတော့ ၉၆၉ လှုပ်ရှားမှုဟာ အမှတ်တံဆိပ် တစ်ခုအဖြစ်နဲ့သာကျန်ခဲ့ပြီး ၉၆၉ သံဃာတော်တွေလည်း မဘသ အဖွဲ့ထဲသို့ ရောက်လာခဲ့ကြပါတယ်လို့ ဦးဝီရသူက ရှင်းပြပါတယ်။

မဘသမှ သံဃာအချို့ မိမိဘာသာကို ကာကွယ်ထိန်းသိမ်းရေး  လိုက်လံဟောပြောစည်းရုံးတဲ့နေရာမှာ အခြားဘာသာတွေကို ဆိုးဆိုးရွားရွား ပုတ်ခတ်ပြောဆိုတာတွေအပေါ်မှာလည်း ဝေဖန် ကြတာတွေရှိပါတယ်။

ဦးဝီရသူဆိုရင် သူ့ရဲ့တရားပွဲအချို့မှာ အစ္စလာမ်ဘာသာဝင် တွေကို ရင့်သီးကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ သုံးနှုန်းကာ ပုတ်ခတ် ပြောဟောနေတာတွေ ရှိခဲ့ပါတယ်။

တခြားသော ဘာသာခြားတွေကို ဝေဖန်ပုတ်ခတ်ခြင်း မပြုဘဲ ပြောဟောစည်းရုံးလို့ မရဘူးလားဆိုတဲ့ မော်ကွန်းမဂ္ဂဇင်း ရဲ့ မေးခွန်းကို ဦးဝီရသူက ”အဲဒါဆို ဂျပန်တော်လှန်ရေးကားတွေ၊ အင်္ဂလိပ်တော်လှန်ရေးကားတွေ မရိုက်နဲ့။ ကမ္ဘာမကြေသီချင်း မဆိုနဲ့။ သူများတွေ စော်ကားတာကို ပြောပြမှ မျိုးချစ်စိတ်ဆိုတာ ပေါ်မှာလေ။ အမှန်တရားကို မြတ်နိုးမှာလေ”လို့ တုံ့ပြန်ပါတယ်။

နိဗ္ဗာန်ရောက်ကြောင်းတရားဆိုတာ နူးညံ့သိမ်မွေ့စွာ တစ်ခွန်းချင်းဟောရတာဖြစ်ပြီး မိမိဟောကြားနေသည်မှာ နိဗ္ဗာန် ရောက်ကြောင်း တရားဟောနေတာမဟုတ်ဘဲ ဇာတိသွေး၊ ဇာတိ မာန်တွေ ကိန်းအောင်းလာအောင် ဆွပေးရ၊ နှိုးပေးရတာကြောင့် အခုလို နည်းဗျူဟာတွေကို အသုံးပြုနေရတာလို့ ဦးဝီရသူက မိန့်ပါတယ်။

”ဦးဇင်းတို့က သူတို့ကို စော်ကားနေတာ၊ တိုက်ခိုက်နေတာ မဟုတ်ဘူး။ ဦးဇင်းတို့က စော်ကားခံနေရတာကို ချပြတာ။ စော်ကားတဲ့သူက ကိုယ်ထိလက်ရောက်စော်ကားတာကို ဦးဇင်းတို့က နာမည်လေးတောင် မတပ်ရဘူးလား။ ဒီဘက်ကလည်း ထည့် တွက်ကြဦး”လို့လည်း ဦးဝီရသူက မိန့်ပါတယ်။

ဦးဝီရသူသုံးနှုန်းတဲ့ အသုံးအနှုန်းတွေထဲမှာ တစ်ကမ္ဘာလုံး က ရှုံ့ချရတဲ့အထိ ဖြစ်သွားတဲ့ အသုံးအနှုန်းကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးသံတမန် မစ္စရန်ဟီလီကို ‘ပြည့်တန်ဆာမ’နဲ့ နှိုင်း ပြီး ပြောဆိုခဲ့တဲ့ကိစ္စပါပဲ။

ဘင်္ဂါလီတွေကို ရိုဟင်ဂျာအဖြစ် သတ်မှတ်ပေးဖို့ တောင်း ဆိုနေတာကို လက်မခံနိုင်တဲ့အကြောင်း ကမ္ဘာကသိအောင် အခု လို ပြောဆိုခဲ့ရတာပါလို့ ဦးဝီရသူက ဆိုတဲ့တိုင်အောင် ဒီအသုံး အနှုန်းကြောင့် ကမ္ဘာ့အမြင်မှာ ဗုဒ္ဓဘာသာရဲ့ဂုဏ်သိက္ခာကို ထိ ခိုက်စေတယ်လို့ ဆရာတော်တွေက ဝေဖန်ခဲ့ကြပါတယ်။

အစိုးရလက်ကိုင်တုတ်လား

မဘသအနေနဲ့ အမျိုး ဘာသာ သာသနာ ကာကွယ်ထိန်း သိမ်းနေတယ်ဆိုပေမယ့် အစိုးရပိုင်းနဲ့ ပတ်သက်နေတဲ့ ကိစ္စရပ် တွေအပေါ်မှာတော့ လက်ရှောင်နေတတ်ပြီး အစိုးရမကြိုက်တာ တွေကို မလုပ်ဘူးလို့ သံဃာတော်တချို့နဲ့ လူပုဂ္ဂိုလ်တချို့က ဝေ ဖန်ထောက်ပြတာတွေ ရှိပါတယ်။

ဝေဖန်သူတွေ ထောက်ပြတဲ့ အကြောင်းအရာတွေထဲမှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရှိ လယ်တီသိမ်တော်ကြီး ပြောင်းရွှေ့ခံရတဲ့ ဖြစ်စဉ်၊ ယင်းစီမံကိန်းလုပ်ငန်းခွင်အနီး သေ နတ်နဲ့ ပစ်ခံခဲ့ရတဲ့ ဒေါ်ခင်ဝင်းဖြစ်စဉ်တွေမှာ မဘသအဖွဲ့ဟာ ထိထိရောက်ရောက်ဘာမှ ဝေဖန်ကန့်ကွက်တာမျိုးမလုပ်ခဲ့ဘူးလို့ ထောက်ပြကြပါတယ်။

အလားတူ ရန်ကုန်မြို့ရှိ သန္တိသုခကျောင်းတိုက် ဝင်ရောက် စီးနင်းခံရမှု၊ သံဃာတော်တွေကို သင်္ကန်းအတင်းချွတ်ကာ တရားစွဲဆိုခံရမှု ဖြစ်စဉ်တွေမှာ မဘသအဖွဲ့က ပါဝင်ခဲ့ခြင်း မတွေ့ ခဲ့ပါဘူး။

”ဘာသာခြားက ကိုယ့်ဘာသာကိုလာစော်ကားမှ အမျိုး စောင့်မှာလား၊ ဘာသာအချင်းချင်းက အာဏာ၊ လုပ်ပိုင်ခွင့်၊ ရာ ထူးတွေနဲ့ မတရားအနိုင်ကျင့်တာကိုရော ထိန်းသိမ်းစောင့်ရှောက် ဖို့ မသင့်ဘူးလား”လို့ ဒယ်အိုးလေးဆရာတော် အရှင်တေဇနန္ဒ က မေးခွန်းထုတ်ပါတယ်။

အရှင်ဝီရသူကတော့ အထက်ပါ ဝေဖန်ထောက်ပြချက် တွေကို အခုလို ပြန်လည်တုံ့ပြန်ပါတယ်။

”လယ်တီသိမ်တော် ဖျက်တာက မဟနရဲ့ ခွင့်ပြုချက်နဲ့ ဖျက်တာဖြစ်ပြီး ဖျက်ဆီးတာမဟုတ်ဘဲ နေရာရွှေ့ပြောင်းဖို့ ဖျက် တာဖြစ်တဲ့အတွက် တရားနည်းလမ်းကျတယ်”လို့ မိန့်ကြားပါတယ်။

လက်ပံတောင်းတောင်အရေးမှာ သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်း နဲ့ ပတ် သက်လို့လည်း ဦးဝီရသူက ”အစိုးရနဲ့ ပြည်သူက ဗုဒ္ဓဘာ သာအချင်းချင်းဖြစ်တာ။ (မဘသက ဝင်ပြီး)မပါဘူး။ လူမှုရေး အရတော့ ဗဟိုမဘသကလည်း ဒေါ်ခင်ဝင်းကို သွားလှူသလို မန္တလေးမဘသကလည်း ဒေါ်ခင်ဝင်းရော ဒဏ်ရာရ ရဲတွေကိုရော သွားလှူတယ်”လို့ မိန့်ဆိုပါတယ်။

ယင်းသို့ အစိုးရနဲ့ ထိပ်တိုက်တွေ့ရမယ့် ဖြစ်စဉ်တွေအပေါ် မှာ ဝေဖန်ထောက်ပြ၊ ကန့်ကွက်ပြောဆိုတာမျိုး မလုပ်တဲ့အတွက် မဘသအဖွဲ့ဟာ အစိုးရရဲ့ လက်ကိုင်တုတ်များဖြစ်လေမလားဆို တဲ့ အယူအဆမျိုးတွေနဲ့ ဝေဖန်ပြောဆိုကြတာတွေ ရှိပါတယ်။

”နိုင်ငံရေးအဖွဲ့အစည်းမဟုတ်တဲ့အတွက်ကြောင့် နိုင်ငံ ရေးမှာ၊ အစိုးရနဲ့ ဆန့်ကျင်တာတွေမှာ မပါဝင်ဖို့ (မဟန က) မေတ္တာရပ်ခံထားတယ်။ သံဃာ့မဟာနာယကကလည်း သူတို့ လုပ်ငန်းစဉ်မှာ ဝင်မပါဖို့ စည်းကမ်းသတ်မှတ်ပေးထားတယ်။ ဦးဇင်းတို့ က အမျိုး ဘာသာ သာသနာကာကွယ်ဖို့ အတွက်ပဲ လုပ်ပိုင်ခွင့်ရှိတယ်”လို့ ဆရာတော် ဦးဝီရသူက မိန့်ဆိုပါတယ်။

မဘသ (ရန်ကုန်တိုင်းဒေသကြီး)ဦးဆောင်ဆရာတော် ဦးပါမောက္ခကတော့ နိုင်ငံတော်သံဃာ့မဟာနာယကရဲ့ လုပ်ငန်း စဉ် သုံးရပ်ဖြစ်တဲ့ သာသနာသန့်ရှင်းရေး၊ သာသနာတည်တံ့ရေး၊ သာသနာပြန့်ပွားရေးမှာ နောက်က လုပ်ငန်းစဉ်နှစ်ခုဖြစ်တဲ့ တည်တံ့ရေးနဲ့ ပြန့်ပွားရေးတို့ကို ကူညီလုပ်ဆောင်ပေးတယ်လို့ ဆိုပါတယ်။

”ဘုန်းကြီးတို့က သန့်ရှင်းရေးဘက်မှာ ဝင်ပြီးတော့ မလုပ်ပါဘူး။ သန့်ရှင်းရေးဘက်မှာ ဓမ္မစက်နဲ့လုပ်လို့မရရင် အာဏာ စက်နဲ့ လုပ်ရတဲ့အတွက် နောက်က အာဏာပိုင်အဖွဲ့အစည်း လို အပ်ပါတယ်”လို့ ဆရာတော်က ရှင်းပြပါတယ်။

တခြားတစ်ဖက်ကလည်း မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာ သာရေး ပဋိပက္ခတွေဖြစ်ပွားနေတဲ့ အခြေအနေတစ်ခုမှာ  မဘသ အဖွဲ့မှ အချို့သံဃာတော်တွေက တခြားသောဘာသာဝင်တွေ အပေါ် အမုန်းပွားနိုင်စရာစကားတွေ ပြောဆိုနေပေမယ့် အစိုးရ က လျစ်လျူရှုထားသလိုဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေက လည်း ရှိနေပါတယ်။

ဒါကြောင့်လည်း မဘသဟာ အစိုးရရဲ့ဘက်မှာရှိတဲ့ အစိုးရ ရဲ့ လူတွေလားလို့တောင် ဝေဖန်ခံရတာတွေရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ မဘသအဖွဲ့ကိုယ်တိုင်ကလည်း မဘသအဖွဲ့ဟာ မည်သည့်နိုင်ငံရေးပါတီ၊ မည်သည့် နိုင်ငံရေးအသင်းအဖွဲ့နဲ့မျှ ဆက်စပ်ပတ်သက်မှုမရှိဘူးလို့ ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ ဦးဝီရသူက မိန့်ပါတယ်။

”ဒီအဖွဲ့အစည်းဖွဲ့ဖို့အတွက် အစိုးရ အကြံဉာဏ်ပေးတာ လည်း မဟုတ်ဘူး။ အကူအညီလည်း မယူဘူး။ ဆက်စပ်မှုလည်း မရှိဘူး”လို့ ဆရာတော် ဦးဝီရသူက မိန့်ကြားပါတယ်။

မဘသအနေနဲ့ အမျိုး ဘာာသာ သာသနာနဲ့ ပတ်သက်ရင် အစိုးရက လုပ်ဆောင်နေတဲ့တိုင် မကြိုက်ပါကလည်း ကန့်ကွက် ခဲ့တာတွေ များစွာရှိတယ်လို့ မဘသ ဦးဆောင်ဆရာတော်တွေက တုံ့ပြန်ပါတယ်။

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအတွက် ဖွဲ့ စည်းခဲ့တဲ့ မဘသဟာ ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတ ခန့်အပ်ခြင်းဆိုင်ရာ သတ်မှတ်ချက်ဖြစ်တဲ့ ၅၉(စ)ကို ပြင်ဆင်လို တဲ့ တောင်းဆိုမှုတွေကို ကန့်ကွက်ခဲ့ရာက နိုင်ငံရေးပါတီကြီးတစ် ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(ပြည်ခိုင်ဖြိုး) ပါတီနဲ့ နီးစပ်သူတွေဖြစ်တယ်လို့ ဝေဖန်စွပ်စွဲခံခဲ့ရပါသေးတယ်။

တစ်ဖက်မှာလည်း ၅၉(စ)ကို ပြင်ဆင်လိုတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်NLD နဲ့လည်း ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ် ခဲ့ပါတယ်။

တချို့သော နိုင်ငံရေးလေ့လာသူတို့က မဘသအဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လာမယ့် ၂ဝ၁၅ ရွေးကောက် ပွဲမှာ လူကြိုက်နည်းအောင် တမင်လုပ်တဲ့ အဖွဲ့သာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် လက်ရှိ အစိုးရရဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေကို ဖန်တီးပေးဖို့အတွက် ဖွဲ့စည်း ထားတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ်တောင် ရှုမြင်ကြပါတယ်။

မဘသဦးဆောင်ဆရာတော်တွေ တုံ့ပြန်တာကတော့ သူ တို့အနေနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ထောက်ခံသလို ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကိုလည်း ထောက်ခံတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးအတွက်တော့ စိုးရိမ်မှုရှိတယ်လို့ ဆို ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကြောင့် ၅၉(စ)ကို ပြင်မယ်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းကို ခြွင်းချက်အနေနဲ့ ခွင့်ပြုပြီး ကျန်တဲ့သူတွေ မပါဝင်စေရလို့ဆိုတဲ့ ကြေညာချက်ကို မဘသက ထုတ်ပြန်ခဲ့တယ်လို့ ဆရာတော်ဦးဝီရသူက မိန့်ပါတယ်။

အခြားတစ်ဖက်မှာလည်း အစိုးရက တချို့အခြေအနေတွေ မှာ ပြည်သူကို အာရုံလွှဲဖို့ မဘသကို ‘ဖမ်းစား’တဲ့ လုပ်ရပ်တွေရှိ နေတယ်လို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။

အထူးသဖြင့် ပညာရေးဥပဒေပြင်ဆင်ရေးအတွက် ကျောင်းသားတွေ ဆန္ဒပြတောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတဲ့ တစ်ချိန်တည်းမှာပဲ အစိုးရက ယာယီနိုင်ငံသားမှတ် ပုံတင်ကိုင်ဆောင်ထားသူတွေအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိတယ်လို့ ရုတ်တရက် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီလိုဖြစ်လာတာဟာ ပညာရေးဥပဒေပြင်ဆင်ရေးအတွက် ကျောင်းသားတွေ ဆန္ဒပြတောင်းဆိုမှုတွေအပေါ်မှာ အာရုံ ပြောင်း၊ အရှိန်လျော့အောင် အစိုးရက တမင်လုပ်တာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

ဒီလိုထုတ်ပြန်လိုက်တဲ့အချိန်မှာ မဘသအဖွဲ့ဟာ ကန့်ကွက် ကြေညာချက်တွေ ထုတ်ပြန်ခဲ့သလို ဝှိုက်ကတ်ကိစ္စနဲ့ပတ်သက်ပြီး အစိုးရဘက်မှ တာဝန်ရှိတဲ့သူတွေကို မဘသ(ဗဟို)ကို ခေါ်ပြီး တော့ ဆွေးနွေးခဲ့တယ်လို့ မဘသ ဦးဆောင်ဆရာတော်တွေက မိန့်ပါတယ်။

မဘသ ဘာဆက်လုပ်မလဲ

ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဦးဝီရသူမှာ အဖြေရှိနှင့်နေပါတယ်။

အမျိုးစောင့်ဥပဒေလေးရပ်စလုံး ပြဋ္ဌာန်းပြီးရင်တော့ ”ထိုင်ပြီးတော့ ထောင်ချနေရုံပဲ။ ဘာတရားဟောစရာလိုသေး လို့တုံး။ ဒီဥပဒေမရှိလို့ ကုလားမယူနဲ့ ဟောနေရတာလေ”လို့ ဦးဝီရသူက ပြုံးပြုံးကြီးနဲ့ မိန့်ပါတယ်။

တစ်ဖက်မှာလည်း ယဉ်ကျေးလိမ္မာသင်တန်းတွေကို မြှင့် တင်သွားမယ်လို့ ဦးဝီရသူက မိန့်ပါတယ်။

မဘသအဖွဲ့ကို ဝေဖန်ထောက်ပြသူတွေကတော့ မဘသ အဖွဲ့ဟာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ သူတို့ထောက်ခံတဲ့ ပါတီအတွက် စည်းရုံးပေးတာမျိုး လုပ်ပေးလေမလား၊ သို့မဟုတ် နိုင်ငံရေးပြောင်းလဲမှုတွေကို နောက်ပြန်ဆွဲချင်သူတွေက မဘသ အဖွဲ့ကို ခုတုံးလုပ်ပြီး ပဋိပက္ခတွေဖန်တီးလေမလားဆိုတဲ့ သံသယစိတ်တွေက ရှိနေကြပါတယ်။

မဘသဦးဆောင်ဆရာတော်ဖြစ်တဲ့ ဒေါက်တာအရှင် သောပါကကသူတို့အဖွဲ့အနေနဲ့ နိုင်ငံရေးလုပ်သွားမှာ မဟုတ် ပေမယ့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကိုတော့ ဆက် လက်စောင့်ကြည့်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပါတီနိုင်ငံရေးလုပ်သူတွေအနေနဲ့ ”သူ့ပါတီနိုင်ငံရေး သူ့ ဘာသာလုပ်။ တိုင်းပြည်အတွက် သူတို့လုပ်ရင်တော့ တို့အားပေး တယ်။ ဒါပေမဲ့ ဘာသာ၊ သာသနာအတွက် ထိခိုက်တာတွေဖြစ် လာရင် တို့ မဘသကဝင်ပြီးတော့  ထိန်းကျောင်းပေးတာတွေ၊ ညှိနှိုင်းတာတွေ လုပ်ပေးဖို့တော့ ရှိပါတယ်”လို့ မိန့်ပါတယ်။          ။

 အပိုင်း(၂)

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."